အခန်း (၁၀၉)
Vol. 11 Ch. 109
ဂူဖုန်းသည် ထိုမှော်လှံတံကို မြင်လိုက်ရသောအခါ မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားပြီး သူ့လက်နှင့်ခြေထောက်များကို ဘယ်နားထားရမှန်းမသိအောင် နေရခက်သွားသည်။
သူ့မျက်စိအားနည်းသော်ငြားလည်း ဤမှော်လှံတံသည် သူ ယခင်က ဖျက်ဆီးပစ်ခဲ့သော တစ်ချောင်းထက် အများကြီး ပိုကောင်းနေသည်ကို သိလိုက်သည်။ ညတစ်ညတည်းအတွင်းမှာပင် ယွင်ရှန်းသည် ဤမျှ အဆင့်မြင့်သော မှော်လှံတံကို ဖန်တီးနိုင်ခဲ့သည်ကို တွေးမိသောအခါ အံ့ဩမိသည်။
ယွင်ရှန်း၏ စေတနာကို ငြင်းပယ်ရန် မသင့်တော်သဖြင့် ဂူဖုန်းသည် လှံတံကို ယူလိုက်သည်။ သူ၏လက်က မှော်လှံတံကို ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် နွေးထွေးမှုတစ်ခု သူ့ညာဘက်လက်မောင်းကို ဖြတ်စီးဆင်းသွားရာ ပုံမှန်အားဖြင့် မမြန်သော လက်ချောင်းများမှာ ထူးဆန်းစွာ ဖျတ်လတ်လာသည်။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး အဆိပ်ဖြေမှော်စာကို ရွတ်ဖတ်လိုက်သည်။
မှော်စွမ်းအင်များကို စုစည်းရသည်မှာ ယခင်ကထက် အများကြီး ပိုလွယ်ကူသည်ဟု ခံစားရသော်လည်း သူ၏ ထစ်ထစ်အအ ရွတ်ဆိုမှုက မှော်ပညာ၏ အစွမ်းထက်မှုကို တားဆီးနေဆဲ ဖြစ်သည်။
ယွင်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ ဂူဖုန်း၏ ထစ်ထစ်အအ ပြောဆိုမှုသည် တကယ်ကို အရေးပါသော ပြဿနာ ဖြစ်နေပုံပင်။
သို့သော် ဂူဖုန်းကိုယ်တိုင်ကမူ အလွန်ကျေနပ်နေပြီ။ ယခင်က မှော်လှံတံမပါဘဲ သူ၏ အဆိပ်ဖြေမှော်သည် ငါးကြိမ်ကြိုးစားလျှင် တစ်ကြိမ်သာ အောင်မြင်ခဲ့သော်လည်း ခုနက နှစ်ကြိမ်ကြိုးစားရုံဖြင့် အောင်မြင်သွားခဲ့သည်။ ဤမှော်လှံတံသည် အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။
သူ၏ အံ့ဩမှုများကြားတွင် ဝမ်းမြောက်ဝမ်းသာ ပီတိလှိုင်းလုံးကြီးတစ်ခု သူ့အား စီးဆင်းဖုံးလွှမ်းသွားသည်။
ယွင်ရှန်းသည် ဂူဖုန်း၏ မှော်စာရွတ်ဆိုပုံကို အနီးကပ် လေ့လာခဲ့ပြီးနောက် ဆရာမမေလီ ပြောခဲ့သလိုပင် ဂူဖုန်းတွင် မှော်ပညာပါရမီ လျော့နည်းနေခြင်းမဟုတ်ဘဲ ယုံကြည်မှုနှင့် တည်ငြိမ်မှုသာ လိုအပ်နေသည်ကို သိလိုက်ရသည်။
ပုံမှန်စကားပြောသည့်အခါ သူ၏ ထစ်ထစ်အအ ပြောဆိုမှုသည် အနည်းငယ်မျှသာ ရှိသော်လည်း မှော်စာရွတ်ဆိုသည့်အခါတွင် အလွန်ဆိုးရွားလာသည်။ ၎င်းသည် တိုက်ခိုက်ရေးတွင် အသက်အန္တရာယ်ရှိစေသည်။ သူ၏ ရွတ်ဆိုမှု မအောင်မြင်မီတွင် ရန်သူသည် ဂူဖုန်းအား အကြိမ်ပေါင်းများစွာ သတ်ပစ်ရန် အခွင့်အရေးရနိုင်သည်။
နတ်ဆိုးသားရဲဝိညာဉ်ကျောက်တုံးက ဂူဖုန်း၏ ဤအားနည်းချက်ကို ပြင်ဆင်ပေးနိုင်လိမ့်မည် ထင်သည်။
ဂူဖုန်းအတွက် မည်ကဲ့သို့သော နတ်ဆိုးသားရဲ ဝိညာဉ်ကျောက်တုံးမျိုးကို ရှာဖွေပေးရမလဲဟု ယွင်ရှန်းသည် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေသည်။ ထိုနတ်ဆိုးသားရဲသည် အလွန်
အစွမ်းထက်ရန် မလိုအပ်သော်လည်း မှော်စာရွတ်ဆိုရာ၌ ထူးထူးခြားခြား လျင်မြန်ရပေမည်။
မည်သို့ဆိုစေကာမူ အလင်းစွမ်းအင်ပညာရှင်တစ်ဦးအား တိုက်ပွဲနယ်မြေထဲသို့ ပြေးဝင်တိုက်ခိုက်ရန် မည်သူမျှ မျှော်လင့်မည် မဟုတ်ပေ။
ယွင်ရှန်းက သူ့အတွက် ဝိညာဉ်ကျောက်တုံး နောက်ထပ်တစ်တုံး ရှာဖွေပေးရန် စီစဉ်နေသည်ကို ကြားလိုက်သည်နှင့် ဂူဖုန်းသည် ဒိုးပတ်တစ်လုံးကဲ့သို့ ခေါင်းကို ခါယမ်းကာ "မဖြစ်ဘူး... ဝိညာဉ်ကျောက်တုံးတွေက အရမ်းဈေးကြီးတယ်... ငါ... ငါ မတတ်နိုင်ဘူး" ဟု ပြောဆိုသည်။
ဝိညာဉ်ကျောက်တုံးများကို ရရှိရန်မှာ ဝယ်ယူခြင်း သို့မဟုတ် လိုက်လံဖမ်းဆီးခြင်းဟူ၍ နည်းလမ်းနှစ်ခုသာရှိသည်။ ဆရာမမေလီသည် လက်ရှိတွင် မှော်ဆေးရည်အသစ်များ ဖော်စပ်
နေသည် ဖြစ်၍ ဂူဖုန်းအတွက် သင့်လျော်သော နတ်ဆိုးသားရဲတစ်ကောင်ကို လိုက်လံရှာဖွေပြီး ဝိညာဉ်ကျောက်တုံးရယူရန် စိတ်အာရုံပျံ့လွင့်အောင် မတတ်နိုင်ပေ။ ထို့ကြောင့် ခရစ္စတယ်ကျောက်တုံး သို့မဟုတ် မှော်လှံတံဆိုင်များမှ ဝယ်ယူခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။
သို့သော် ထိုသို့ရရှိသော ဝိညာဉ်ကျောက်တုံးများ၏ အစွမ်းထက်မှုက အလွန်လျော့နည်းသွားမည်ဖြစ်ပြီး ၎င်းတို့၏ ဈေးနှုန်းကြီးမြင့်မှုသည် ဂူဖုန်းကဲ့သို့သော ဆင်းရဲသားတစ်ဦး တတ်နိုင်သည့်အရာ မဟုတ်သည်မှာ သေချာသည်။
"ဈေးချိုပြီး အရည်အသွေး ကောင်းမွန်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ရနိုင်တဲ့နေရာကို ငါသိတယ်"
ချီက ခပ်အက်အက်အသံဖြင့် ကြားဝင်ပြောဆိုလိုက်သည်။
ဆရာမမေလီ၏ မျှော်လင့်ချက်အရ မှော်ဆေးရည်အဖွဲ့ ဆယ့်သုံးမှ အဖွဲ့ဝင်များသည် နောက်ဆုံးအကဲဖြတ်စစ်ဆေးမှု အတွင်းတွင် ကောက်ရိုးတစ်ချောင်းတည်း၌ ချည်နှောင်ထားသော နှံကောင်သုံးကောင်ပမာ အတူတကွ တိုးတက်ရမည်ပင်။
ထိုသို့သော ဖိအားအောက်တွင် ချီသည် ယွင်ရှန်းနှင့် ဂူဖုန်းတို့နှင့် အဆင်ပြေအောင် ပေါင်းသင်းရတော့မည် ဖြစ်သည်။
ချီသည် ဂူဖုန်း ယခုလေးတင် မှော်လှံတံအသစ်ကို အသုံးပြုနေသည်ကို မြင်တွေ့ခဲ့ရသည်။
ယွင်ရှန်းနှင့် ဂူဖုန်းတို့ နှစ်ဦးစလုံးသည် ချီအား အံ့အားသင့်စွာ စိုက်ကြည့်နေကြရာ သူ၏ ဦးဆောင်၍ စကားပြောဆိုမှုသည် ကောင်းကင်တွင် မိုးနီရွာသွန်းခြင်းကဲ့သို့ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်နေသည်နှင့် တူနေသည်။
အစိမ်းရင့်ရောင် မှော်ဝတ်ရုံအောက်၌ ချီသည် သူတို့၏ စိုက်ကြည့်ခြင်းကြောင့် အနည်းငယ် နေရခက်သလို ခံစားလိုက်ရပြီး "ဝမ်လုံ လောင်းကစားရုံ" ဟု ပြောလိုက်သည်။
ညနက်ပိုင်းတွင် ချီသည် မကြာခဏ ပျောက်ကွယ်သွားပြီး နေ့ဘက်တွင် သင်တန်းအချိန်မှလွဲ၍ ဘယ်နေရာတွင်မှ ရှာမတွေ့ရသည်မှာ အဘယ်ကြောင့် ဟူ၍ ယွင်ရှန်းသည် နောက်ဆုံးတွင် နားလည်သွားလေတော့သည်။
ဤ ကလေူလေးသည် ကျောင်းပြင်ပတွင် အချိန်ပိုင်းအလုပ်တစ်ခု လုပ်ကိုင်နေပြီး ထိုနေရာမှာ ယွီကျင်းမြို့ရှိ အကြီးဆုံး လောင်းကစားရုံ ဖြစ်နေသည်။
သာမန်ကျောင်းသားများ ငွေကြေးချို့တဲ့ခြင်းမှာ ပုံမှန်အခြေအနေ တစ်ရပ်ပင်။ ဆေးပညာကျွမ်းကျင်မှုရှိသော ယွင်ရှန်းကဲ့သို့သူမျိုးအတွက် အစားအသောက် ပြဿနာကို စိုးရိမ်စရာမလိုသော်လည်း အများစုသော သာမန်ကျောင်းသားများ အတွက်မူ ငွေကြေးရှာဖွေခြင်းက ဖြေရှင်းရန် အမြဲတစေ အရေးပါသော ပြဿနာ ဖြစ်သည်။
မှော်လှံတံ ပြုပြင်ခြင်းဖြစ်စေ၊ ဝိညာဉ်ကျောက်တုံး ဝယ်ယူခြင်းဖြစ်စေ၊ မှော်ဆေးများ ဖော်စပ်ရန် ပစ္စည်းများ ဝယ်ယူခြင်းဖြစ်စေ၊ အားလုံးက ငွေကုန်ကျစရိတ်ရှိသည်။
ချီသည် မိသားစု၏ ထောက်ပံ့မှုမရှိသော မိဘမဲ့တစ်ဦး ဖြစ်သဖြင့် အကယ်ဒမီကျောင်းမှ သာမန်ကျောင်းသားများအတွက် ပေးသော အသေးစားထောက်ပံ့ကြေးသည် သူ၏ ကုန်ကျစရိတ်များကို လုံလောက်အောင် မကာမိသည်မှာ ထင်ရှားသည်။
ညနေစောင်းပြီးနောက် ယွီကျင်းမြို့၏ အစည်ကားဆုံး လောင်းကစားဝိုင်းဟု လူသိများသော ဝမ်လုံ လောင်းကစားရုံသည် စတင်လှုပ်ရှားမှုများဖြင့် ဆူညံ လာသည်။
မြို့ထဲတွင် ငွေများကို မျိုချနေသည့် နာမည်ဆိုးဖြင့်ကျော်ကြားသောနေရာ ဖြစ်သည့် ဝမ်လုံ လောင်းကစားရုံသည် လေးထပ်အမြင့် ရှိပြီး သာမန်ပြည်သူများမှစ၍ မင်းမျိုးမင်းနွယ်များနှင့် မှူးမတ်များ၊ ချမ်းသာသော နိုင်ငံခြားကုန်သည်များ၊ မှော်ဆရာများ၊ သိုင်းသမားများနှင့် ဆင်ခေါ်သူများ အထိ ဧည့်သည်များကို ဖျော်ဖြေပေးနေသည်။
တလက်လက်တောက်ပနေသော ကြွေပြားများ၊ ရွှေချထားသည့် တိုင်များ၊ သန့်စင်သောရွှေခင်းထားသည့် ကြမ်းပြင်များနှင့် အလင်းရောင်မှော်ခင်းကျင်းမှုများ ထွင်းထုထားသည့် နံရံများဖြင့် ၎င်းသည် တစ်ညလုံး လည်ပတ်နေပြီး လောင်းကစားသမား ထောင်ပေါင်းများစွာ ဝင်ထွက်သွားလာလျက်ရှိသည်။
လောင်းကစားရုံသို့ သွားမည်ဟု ပထမဆုံးကြားလိုက်ရသည့်အခါ ဂူဖုန်းသည် ပထမ၌ ထိတ်လန့်ခဲ့သည်။ သို့သော် ယွင်ရှန်း၏ ဇွဲရှိရှိ ချော့မော့မှုနှင့် တွန်းအားပေးမှု အပြီးတွင် သူသည် စိတ်မပါ့တပါဖြင့် ဝမ်လုံ လောင်းကစားရုံသို့ နောက်လိုက်ခဲ့ရသည်။
လူအာရုံစိုက်မှု မခံရစေရန် ယွင်ရှန်းနှင့် ဂူဖုန်းတို့သည် ချီနှင့် တူညီသော မှော်ဝတ်ရုံများကို ဝတ်ဆင်ကာ ဝမ်လုံ လောင်းကစားရုံထဲသို့ ဝင်ရောက်သွားကြသည်။
လောင်းကစားရုံထဲသို့ ဝင်လိုက်သောအခါ ယွင်ရှန်းသည် အမျိုးမျိုးသောလူတို့ဖြင့် ပြည့်နှက်နေသည့် လူအုပ်ကြီးကို သတိထားမိလိုက်သည်။ ချီ၏ ထင်ရှားသော အစိမ်းရင့်ရောင် မှော်ဝတ်ရုံ သည် လောင်းကစားသမားများကြားတွင် သိပ်အာရုံစိုက်မှု မခံရ ပေ။
"ချီ မင်းရောက်လာပြီပဲ"
ဝမ်လုံ လောင်းကစားရုံမှ ဝန်ထမ်းတစ်ဦးက ချီကို မြင်သည်နှင့် ရင်းနှီးစွာ နှုတ်ဆက်သည်။
ဝမ်လုံ လောင်းကစားရုံကဲ့သို့သော လူမျိုးစုံ ရောနှောနေသည့်နေရာတွင် ငွေရှုံးပြီးနောက် ပြဿနာရှာတတ်သူများပင် ပါဝင်သည့်အတွက် ၎င်း၏ ယွီကျင်းမြို့ရှိ ရပ်တည်မှုသည် နေရာအား ကြီးကြပ်ကွပ်ကဲနေသည့် ကြောက်မက်ဖွယ်ကောင်းသော အစောင့်အရှောက်အဖွဲ့ ကြောင့်လည်း ဖြစ်သည်။
အစောင့်အရှောက်အဖွဲ့၏ အများစုမှာ သိုင်းပညာရှင်များ ဖြစ်ကြပြီး မှော်ဆရာများနှင့် ဆင်ခေါ်သူများလည်း ၎င်းတို့အထဲတွင် ပါဝင်သည်။
ချီသည် ဝမ်လုံအစောင့်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ထိုနှစ်အစပိုင်းတွင် အချိန်ပိုင်းအလုပ်ရှာရန် လောင်းကစားရုံသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က အစောင့်အဖွဲ့ဝင်များသည် သူ့အား ငယ်ရွယ်လွန်းကာ သာမန်မှော်ဆရာ တစ်ဦးမျှသာ ဖြစ်သည်ဟု လှောင်ပြောင်ခဲ့ကြပြီး သူသည် မိမိအတွက် ကောင်းရာကို မသိဘူးဟု ကဲ့ရဲ့ခဲ့ကြသည်။
သူတို့မသိလိုက်သည်မှာ သူ၏ မြွေလှံတံကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့ကို အကျယ်လောင်ဆုံး ရယ်မောပြောင်လှောင်ခဲ့သူမှာ ပြည်အိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။
ထိုဖြစ်ရပ်အပြီးတွင် ချီသည် ဆက်လက်ရှိနေခဲ့သည်။
ထိုလူငယ်သည် စကားသိပ်မပြောတတ်သလို သူ၏ နောက်ကြောင်းရေရာမှာလည်း နက်နဲဆန်းကြယ်ဆဲ ဖြစ်သည်။ အများစုက သူသည် မှော်အကယ်ဒမီကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်နေဦးမည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် လောင်းကစားရုံတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားတိုင်း သူသည် အမြဲတစေ အလျင်အမြန်ဆုံး လှုပ်ရှားသူဖြစ်ပြီး သေစေလောက်သော တိကျမှုဖြင့် တိုက်ခိုက်လေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် အစောင့်အဖွဲ့အတွင်းတွင် နာမည်ကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့သည်။
ယခုအခါတွင် မည်သူမျှ ချီအား သူ၏ ငယ်ရွယ်နုနယ်မှုအတွက် မလှောင်ပြောင်ဝံ့တော့ပေ။
ဝူကျိတိုက်ကြီးပေါ်တွင် ခွန်အားသည်သာ အရာအားလုံး ဖြစ်သည်။ သက်ကြီးပိုင်းပညာရှိဖြစ်စေ၊ အတွေ့အကြုံနည်းသော ကလေးတစ်ဦးဖြစ်စေ၊ ကိုယ်စွမ်းကိုယ်စက သာလွန်နေသရွေ့သူတို့သည် လူကြီးသူမ အဖြစ် ခေါ်ဝေါ်ခံရမည့် အခွင့်အရေးကို ရရှိပေသည်။
"ကျွန်တော် သူငယ်ချင်းနှစ်ယောက်ကို ခေါ်လာတာ။ သူတို့ ကျောက်တုံး လောင်းကစားပွဲကို ဝင်ဖို့အတွက် စတုတ္ထထပ်ကို တက်ချင်ကြတယ်"
ချီက အမြဲတမ်းလိုပင် ခံစားချက်ကင်းမဲ့သောအသံဖြင့် ပြောသည်။
ဝမ်လုံ လောင်းကစားရုံတွင် လေးထပ် ရှိသည်။ ပထမထပ်သည် သာမန်အရပ်သားများအတွက် ဖွင့်ထားပြီး ဒုတိယထပ်သည် အနည်းဆုံး ရွှေဒင်္ဂါး တစ်သောင်းဖိုး ရှိသော ချစ်ပ်ပြားများ ကိုင်ဆောင်ထားသည့် ချမ်းသာသော ဧည့်သည်များအတွက် ဖြစ်သည်။ တတိယထပ် ကိုမူ မင်းမျိုးမင်းနွယ်များ၊ မှူးမတ်များနှင့် ထင်ရှားသော စာပေပညာရှင်များအတွက် ရည်ရွယ်သည်။
စတုတ္ထထပ်ကိုမူ စိန့်ကျင်းမြို့သူမြို့သား အများစုသည် မည်မျှပင် ချမ်းသာစေကာမူ ခြေချခွင့်မရှိပေ။
သက်ဆိုင်ရာ သက်သေခံကတ်ပြားများကို ပြသခြင်းဖြင့် သိုင်းပညာရှင်များ၊ မှော်ဆရာများ၊ သို့မဟုတ် ဆင်ခေါ်သူများသာလျှင် စတုတ္ထထပ်သို့ တက်ရောက်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အလွန်ထူးခြားသော လောင်းကစားနည်း တစ်မျိုးဖြစ်
သည့် ကျောက်တုံးလောင်းကစားဟု လူသိများသည့်အရာက ဖြစ်ပွားနေသောကြောင့်ပင်။
ဝူကျိတိုက်ကြီး၏ ကျောက်တုံးလောင်းကစားသည် ယွင်ရှန်းသိရှိသော ခေတ်ပြိုင် ကျောက်စိမ်း၊ ပတ္တမြား စသည်တို့ကို လောင်းကစားခြင်းမျိုး မဟုတ်ပေ။ ဤနေရာတွင် ဝိညာဉ်ကျောက်တုံးများကို ရည်ညွှန်းခြင်းပင်။
ဝိညာဉ်ကျောက်တုံးများ အသုံးပြုရန် အရည်အချင်းပြည့်မီသူများ သာလျှင် ဝမ်လုံအိမ်တော်၏ စတုတ္ထထပ်သို့ တက်၍ သူတို့နှင့် လောင်းကစားရန် ခွင့်ပြုထားသည်။
လောင်းကစားနည်း အသေးစိတ်ကိုမူ ချီသည် မသိရှိခဲ့ပေ။ ကံကောင်းပါက ဝမ်လုံ လောင်းကစားရုံတွင် ဈေးပေါပေါဖြင့် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများ ဝယ်ယူနိုင်ကြောင်းကို အစောင့်များ ပြောဆိုသည်ကိုသာ ချောင်းမြောင်းကြားခဲ့ဖူးသည်။
ထို့ကြောင့် သူသည် စိတ်ရှုပ်ထွေးနေသော ယွင်ရှန်းနှင့် ဂူဖုန်းတို့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။