အခန်း (၁၁၆)
Vol. 11 Ch. 116
ဝူကျိတိုက်ကြီး၏ နိုင်ငံငါးနိုင်ငံတွင် နိုင်ငံတိုင်း၌ ကိုယ်ပိုင်ထူးခြားချက်များ ရှိကြသည်။
မဟာကျိုးသည် သိုင်းပညာကြောင့် ကျော်ကြားသော်လည်း မကြာသေးမီနှစ်များအတွင်း သိုင်းပညာပါရမီရှင်များ ရှားပါးလာခဲ့သည်။ တစ်ချိန်က ကျော်ကြားခဲ့သော သိုင်းသူတော်စင်
ဗိုလ်ချုပ် ယန်ပါးဟိုပင်လျှင် အိုမင်းလာပြီဖြစ်ရာ နိုင်ငံ၏အင်အားမှာ ဆုတ်ယုတ်လာသည့်လက္ခဏာများ ပြသနေသည်။
ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော ဖုန်းလိုက်နိုင်ငံမှာမူ ပင်လယ်ပြင်အကြားရှိ နိုင်ငံငယ်လေးတစ်ခုသာ ဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း လူသိများလာသည့် ဒဏ္ဍာရီလာ ဆင်ခေါ်သူအချို့ကြောင့် နိုင်ငံငါးနိုင်ငံအကြား အလျင်အမြန် အင်အားကြီးထွားလာခဲ့သည်။
ဖုန်းလိုက်နိုင်ငံမှ ဆင်ခေါ်သူများ အင်အားတောင့်တင်းရခြင်း၏ အကြောင်းရင်းမှာ သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကြောင့်သာမက ထူးခြားသော အချက်တစ်ချက်ကြောင့်လည်း ဖြစ်သည်။
ဆင်ခေါ်သူတစ်ဦး၏ စွမ်းရည်များ နိုးထလာသည်နှင့်အမျှ နိုင်ငံတော်၏ သတ်မှတ်
ချက်အရ ၎င်းတို့သည် အမျိုးသား ဝူတုခန်းမမှ သစ္စာရှိသော အစေခံစစ်သည်တော် တစ်ဦးကို ရရှိကြသည်။
ဤအစေခံစစ်သည်တော်သည် ဆင်ခေါ်သူနှင့် ခွဲမရအောင် အတူရှိနေပြီး ဆင်ခေါ်သူသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် အမှန်တကယ် ရပ်တည်နိုင်သည်အထိ သူတို့၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်ပေးသည်။
ရလဒ်အနေဖြင့် ဖုန်းလိုက်မှ ဆင်ခေါ်သူများ၏ အသက်လုံခြုံမှုမှာ များစွာခိုင်မာလာပြီး သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အထူးပင် လျင်မြန်လှသည်။
ယနေ့ခေတ် ဖုန်းလိုက်နိုင်ငံ၏ နောက်ကွယ်မှ အမှန်တကယ်အာဏာမှာ ဆင့်ခေါ်သူတရားရုံး ဖြစ်သည်ဟူသော ကောလာဟလများပင် ရှိနေသည်။
"ဒီလူက ဝမ်လုံလောင်းကစားရုံမှာ သေသွားတာ။ မဟာကျိုးအစိုးရကို ငါကိုယ်တိုင် ရှင်းပြမယ်။ လေလံကို ဆက်လုပ်ပါ"
ဆင်ခေါ်သူအမျိုးသမီးက မာနကြီးစွာ ပြောလိုက်သည်။
ဤဖြစ်ရပ်ဖြစ်ပွားပြီးနောက် မည်သူမျှ ထိုဆင်ခေါ်သူအမျိုးသမီးနှင့် လေလံပြိုင်ရန် မဝံ့ရဲကြတော့ပေ။ နောက်ဆုံးတွင် မြေကာလိပ်ကို သူမက ရွှေဒင်္ဂါး ၁၀,၀၀၀ တိတိ ဖြင့် လေလံအောင်သွားခဲ့သည်။
ဧည့်သည်အများစုမှာ ပြန်မသွားကြသေးပေ။ သင့်တော်သော နတ်ဆိုးသားရဲကို မရရှိခဲ့သူများစွာမှာလည်း စိတ်ပျက်ခြင်း မရှိကြပေ။
တကယ်တော့ ရောက်ရှိနေသည့် ဧည့်သည် ရာပေါင်းများစွာနှင့် ယှဉ်လျှင် သားရဲအကောင် နှစ်ဆယ်သာ ရှိခြင်းမှာ ဘုန်းကြီးများပြီး ဆွမ်းနည်းသည့်သာဓကပင် ဖြစ်သည်။
လူအများစုအတွက် ယနေ့ ကျောက်တုံးဖြတ်ပွဲကို တက်ရောက်ရသည့် အကြောင်းရင်းတစ်ခုမှာ ဤပွဲ၏ တကယ့်အထွတ်အထိပ်အခိုက်အတန့် ဖြစ်သော ကျောက်တုံးဖြတ်ခြင်းကို ကိုယ်တိုင်မြင်တွေ့ရန် ကျန်ရစ်နေခဲ့ကြခြင်း ဖြစ်သည်။
ယွင်ရှန်းနှင့် သူ၏အဖော်များသည်လည်း ခြွင်းချက်မဟုတ်ပေ။
ကျောက်တုံးဖြတ်ခြင်း….
ဆိုလိုသည်မှာ နတ်ဆိုးသားရဲများ၏ ခန္ဓာကိုယ်အတွင်းမှ အဖိုးတန်ဆုံးသော ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူရန် ခွဲစိတ်ခြင်းကို ဝမ်လုံလောင်းကစားရုံက လုပ်ဆောင်ပေးခြင်းမှာ အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိနေသူများထဲတွင် ထိုအလုပ်ကို ကျွမ်းကျင်သူ အလွန်နည်းပါးပြီး ကျောက်တုံးဖြတ်ခအတွက် အပိုဆောင်း ၃၀ ရာခိုင်နှုန်း ပေးရခြင်းမှာလည်း အလွန်ဈေးကြီးသည်ဟု မယူဆကြသောကြောင့် ဖြစ်သည်။
နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်အတွင်း မည်သည့်နေရာတွင် ဝိညာဉ်ကျောက်တုံး တည်ရှိသည်ကို မည်သူမျှ မသိနိုင်ဘဲ အတွေ့အကြုံ အရှိဆုံးသော မုဆိုးစစ်သားများသာလျှင် ၎င်းကို မည်သို့ထုတ်ယူရမည်ကို သိကြသည်။
သို့သော် တန်ယု၏အလှည့်သို့ ရောက်သောအခါ သူက "ငါ သခင်လေးကိုယ်တိုင်ပဲ လုပ်မယ်" ဟု အော်ဟစ်ကာ ရှေ့ထွက်လာသည်။
သူသည် ခုနက ချီ၏ ခြောက်လှန့်မှုကို ခံထားရသဖြင့် အရှက်ရနေပုံရပြီး မျက်နှာပန်းလှရန်အတွက် ကျောက်တုံးကို ကိုယ်တိုင်ဖြတ်ပြလိုခြင်း ဖြစ်သည်။
ယွင်ရှန်းကတော့ စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောနေမိသည်။ ဒီတန်ယုသည် တကယ်ပင် ဦးနှောက်မရှိသူ ဖြစ်သည်။ သူ အရှက်ကွဲရသည်မှာ မလုံလောက်သေးသည့်အလား။
သူ၏သခင်လေးက ကျောက်တုံးကို ကိုယ်တိုင်ဖြတ်မည်ဟု ဇွတ်အတင်းပြောနေသဖြင့် ဗိုလ်ချုပ်အိမ်တော်မှ အစောင့်အချို့သည် ကျားသစ်ကို သားရဲခွဲစိတ်ရန် သတ်မှတ်ထားသော ခရစ္စတယ်စင်မြင့်ပေါ်သို့ မတင်ပေးလိုက်ရသည်။
လက်ထဲတွင် ထက်မြက်သော ဓားမြှောင်တစ်စင်းကို ကိုင်ထားပြီး အခြားသူများ၏ လမ်းညွှန်မှုအောက်တွင် တန်ယုသည် ကျားသစ်၏ အရေပြားကို စတင်ခွဲလိုက်သည်။
သွေးညှီနံ့များ လှိုင်တက်လာရာ တန်ယုမှာ အန်ပင်အန်ချင်သွားသော်လည်း သူသည် သိုင်းပညာမိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း သက်သေပြရန် အသက်ကို အောင့်ထားလိုက်ရသည်။
ပထမတစ်ချက် ခွဲလိုက်သော်လည်း သွေးများနှင့် အူများအပြင် သွေးစွန်းနေသော ရင်ဘတ်အတွင်း၌ မည်သည့် ဝိညာဉ်ကျောက်တုံးကိုမျှ မမြင်ရပေ။
"နှလုံးသားထဲမှာ ရှိနေနိုင်တယ်။ ကျားသစ်မျိုးနွယ် နတ်ဆိုးသားရဲတွေရဲ့ ဝိညာဉ်ကျောက်တုံးက အသက်အန္တရာယ်ရှိတဲ့ အရေးကြီးတဲ့ နေရာတွေမှာ ပေါက်လေ့ရှိတယ်လို့ ကြားဖူးတယ်"
တစ်စုံတစ်ယောက်က ပြောလိုက်ရာ တန်ယုသည် နှစ်ခါမစဉ်းစားတော့ဘဲ ဓားမြှောင်ကို ကျားသစ်၏နှလုံးသားထဲသို့ ထိုးစိုက်လိုက်သည်။
"ဖွတ်" ကနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
နှလုံးသားမှာ ပေါက်ထွက်သွားပြီး တန်ယု၏ မျက်နှာပေါ်သို့ သွေးများ ပန်းထွက်ကုန်တော့သည်။
ထိုတန်ယုမှာ ပါးစပ်ရော မျက်နှာပါ သွေးများပေပွသွားပြီး ငိုနေသည်ထက်ပင် ပို၍ ကြည့်ရဆိုးနေတော့သည်။
ယန်ချန်ယွဲ့၏ မျက်နှာမှာလည်း ဆက်၍ အောင့်မထားနိုင်တော့ပေ။ သူမဘေးရှိ အစောင့်
တစ်ဦးမှာ ဆက်ကြည့်မနေနိုင်တော့ဘဲ တိုးတိုးလေး သတိပေးလိုက်သည်။
"သခင်မကြီး အဲဒါက သာမန် မြေကျားသစ်တစ်ကောင်ပါပဲ။ သခင်လေးကို ဆက်ပြီး အရှက်မကွဲခိုင်းပါနဲ့တော့"
"မင်းရဲ့ ခွေးမျက်လုံးတွေကို ဖောက်ထုတ်လိုက်မယ်။ သာမန်သားရဲနဲ့ နတ်ဆိုးသားရဲကိုတောင် မခွဲခြားတတ်ဘူးလား။ မင်းကို ဗိုလ်ချုပ်အိမ်တော်မှာ ဆက်ထားတာ ဘာအသုံးကျလို့လဲ"
ယန်ချန်ယွဲ့က ထိုအစောင့်ကို ပါးရိုက်လိုက်သည်။
ထိုလူရှုပ်လေး တန်ယုမှာလည်း အရှက်ပြေရန် အခွင့်အရေးရသွားပြီး "မျက်လုံးမပါတဲ့ကောင် ငါ့ကို ရွှေဒင်္ဂါးတွေအများကြီး အကုန်ခံပြီး သာမန် မြေကျားသစ်တစ်ကောင်ကို ဝယ်ခိုင်းရတယ်လို့" ဟု ဆဲရေးလိုက်သည်။
မြေကျားသစ်နှင့် မြေပုံမှာ အမှန်တကယ်ပင် လိုက်ဖက်ညီလှသည်။
သိုင်းသူတော်စင်ဗိုလ်ချုပ်အိမ်တော်မှ ထိုသားအမိ၏ အောက်တန်းကျသော လုပ်ရပ်များကို မြင်တွေ့ရသောအခါ သူတို့ကိုယ်တိုင် နတ်ဆိုးသားရဲနှင့် တောရိုင်းတိရစ္ဆာန်ကို မှားယွင်းစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း အပြစ်အားလုံးကို အစောင့်အပေါ် ပုံချနေကြသည်မှာ ကြည့်နေသူများကို ခေါင်းတခါခါ ဖြစ်စေသည်။
လူတိုင်းက စိတ်ထဲတွင် တိတ်တဆိတ် တွေးနေကြသည်မှာ ဗိုလ်ချုပ်ကြီး ယန်ပါးဟို တစ်သက်လုံး တည်ဆောက်ခဲ့သော ကျော်ကြားမှုမှာ နှမြောစရာပင်။ သူ၏ခြေရာကို နင်းမည့်သူ တစ်ဦးမျှ မရှိတော့ချေ။
တန်ယုသည် အရှက်ရစွာဖြင့် ဘေးတွင် ရပ်နေရပြီး သူကိုယ်တိုင် ကျောက်တုံးဖြတ်ခြင်း မအောင်မြင်သောကြောင့် အခြားသူများကိုလည်း သူကဲ့သို့ပင် ကံဆိုးစေချင်နေသည်။
သို့သော် နောက်ပိုင်းလူများ အလှည့်ကျသောအခါ သူတို့ဝယ်ထားသော နတ်ဆိုးသားရဲများသည် သတ်မှတ်ချက်နှင့် ကိုက်ညီနေကြသည်။ ဝမ်လုံလောင်းကစားရုံ၏ ကျောက်တုံးဖြတ်ပေးမှုကြောင့် သူတို့သည် တတိယအဆင့်နှင့် စတုတ္ထအဆင့်ရှိသော ဝိညာဉ်ကျောက်တုံးများကို အသီးသီး ရရှိသွားကြသည်။
နောက်ဆုံးတွင် ဆင်ခေါ်သူအမျိုးသမီး၏ မြေကာလိပ်အလှည့်သို့ ရောက်လာသည်။
နတ်ဆိုးသားရဲများထဲတွင် လိပ်မျိုးနွယ်ဝင်များသည် အခွံမှာ အလွန်မာကျောပြီး ခံစစ်စွမ်းအား အတောင့်တင်းဆုံး ဖြစ်သည်။ ၎င်းကို ခွဲရန်အတွက် မည်သို့သော လက်နက်မျိုး လိုအပ်မည်နည်း။
ရောက်ရှိနေသူအားလုံးက ထိုသို့ပင် တွေးတောနေကြသည်။
အမှန်တကယ်တော့ လိပ်ပုံစံ နတ်ဆိုးသားရဲများတွင် နောက်ထပ် ထူးခြားချက်တစ်ခု ရှိသည်။ ၎င်းတို့သည် ခံစစ်ကောင်းရုံသာမက အထူးသဖြင့် သေဆုံးသွားပြီးနောက်တွင် ၎င်းတို့၏ အခွံမှာ အေးစက်လာပြီး အလွန်တရာ မာကျောသွားတတ်သည်။ သာလွန်သော အင်အားရှိသည့် သိုင်းပညာရှင် သို့မဟုတ် မိုးကြိုးဓာတ်မှော်ပညာကို ကျွမ်းကျင်သော မှော်ဆရာတစ်ဦးသာလျှင် ၎င်းကို ခွဲထုတ်နိုင်သည်။
ယေဘုယျအားဖြင့် ဆင့်ခေါ်သူသားရဲနှင့် ဆင်ခေါ်သူ၏ မှော်ဂုဏ်သတ္တိမှာ တူညီကြသည်။ ထိုဆင်ခေါ်သူအမျိုးသမီးသည် အစောပိုင်းက ရေခဲဂုဏ်သတ္တိရှိသော သားရဲကို ခေါ်ယူခဲ့ခြင်းကြောင့် သူမကိုယ်တိုင်မှာ ရေဓာတ်မှော်ဆရာ တစ်ဦး ဖြစ်ကြောင်း ဖော်ပြနေသည်။
"ဆင်ခေါ်သူ သခင်မလေး စိတ်မကောင်းစွာနဲ့ပဲ အသိပေးပါရစေ။ ဒီမြေကာလိပ်ကိုတော့ ကျွန်တော်တို့ အောင်မြင်အောင် ခွဲစိတ်ပေးနိုင်ဖို့ အာမမခံနိုင်ပါဘူး"
လုံဟော့သည် ဤလိပ်၏ အခက်အခဲကို ကြိုတင်သိရှိထားပုံရပြီး ဆင်ခေါ်သူ အမျိုးသမီး စကားမပြောမီမှာပင် တိုက်ရိုက် ငြင်းဆိုလိုက်သည်။
"ရပါတယ် ကျွန်မဘာသာပဲ ကိုင်တွယ်မယ်"
ဆင်ခေါ်သူ အမျိုးသမီးသည် အသင့်ပြင်ထားပုံရသည်။ သူမသည် ဝမ်လုံလောင်းကစားရုံ၏ ကွင်းအတွင်း၌ လူသတ်ခဲ့သူဖြစ်ရာ လောင်းကစားရုံဘက်ကလည်း သူမကို ကောင်းသောမျက်နှာပြမည် မဟုတ်သည်မှာ သဘာဝပင်။
သူမသည် သူမ၏လက်ကို မြှောက်လိုက်ရာ အပြာရောင်သန်းသော ခရမ်းရောင် ပုတီးစေ့တစ်စေ့ ပေါ်လာသည်။
ထိုပုတီးစေ့မှာ မကြီးမားသော်လည်း ၎င်း၏ကိုယ်ထည်ပေါ်တွင် ခရမ်းပြာရောင် မိုးကြိုးသင်္ကေတတစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ မိုးကြိုးလျှပ်စီးမှာ သက်ရှိတစ်ခုအလား ပုတီးစေ့အတွင်း၌ အဆက်မပြတ် ခုန်ပေါက်နေသည်။
"မိုးကြိုးပုတီးပဲ။ မိုးကြိုးပုတီးလို့ခေါ်တဲ့ အလယ်အလတ်အဆင့် မှော်ကိရိယာတစ်ခုပဲ။ အဲဒီပုတီးစေ့ရှိရင် မိုးကြိုးမှော်ဆရာ မဟုတ်ရင်တောင် မိုးကြိုးနဲ့ လျှပ်စီးစွမ်းအားကို ခေါ်ယူအသုံးပြုနိုင်တယ်လို့ ဆိုကြတယ်"
ဆင်ခေါ်သူ အမျိုးသမီးက ထိုပုတီးစေ့ကို ထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ဆူညံပွက်လောရိုက်သွားသည်။
အလယ်အလတ်အဆင့် မှော်ကိရိယာတဲ့လား။
ယွင်ရှန်းသည် ဟော်ရန်ရွာတွင် ရှိစဉ်က တိန့်လိုင်၏ အနိမ့်စားမှော်ကိရိယာဖြင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ဖူးသည်။ အနိမ့်စားမှော်ကိရိယာများသည် အလယ်အလတ်အဆင့် မှော်ကိရိယာများလောက် စွမ်းအားမရှိပေ။ အလယ်အလတ်အဆင့် မှော်ကိရိယာများတွင် ပါဝင်သော စွမ်းအားမှာ အလယ်အလတ်အဆင့် မှော်ပညာနှင့် မခြားနားပေ။
ထို့အတူပင် အလယ်အလတ်အဆင့် မှော်ကိရိယာများ၏ ဈေးနှုန်းမှာလည်း များစွာ ပိုမိုမြင့်မားလှသည်။
မိုးကြိုးပုတီးဟု ခေါ်သော ဤပုတီးစေ့မှာ အလယ်အလတ်အဆင့် မှော်ကိရိယာ တစ်ခု ဖြစ်သည်။ သို့သော် ဆင်ခေါ်သူ အမျိုးသမီးသည် ဤအချိန်တွင် ထိုပုတီးစေ့ဖြင့် ဘာလုပ်ရန် ရည်ရွယ်သည်ကို မည်သူမျှ မသိကြပေ။
ဆင်ခေါ်သူ အမျိုးသမီးသည် မိုးကြိုးပုတီးကို လက်ထဲတွင် ကိုင်ကာ သူမ၏ မှော်လှံတံကို မြှောက်လိုက်သည်။ သူမသည် တိုးတိုးလေး ဂါထာရွတ်လိုက်သည်။
ပုတီးစေ့သည် လေထဲတွင် လွင့်ပျံလာပြီး မိုးကြိုးမှော်စွမ်းအင်များ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ လက်မောင်းခန့် တုတ်သော လျှပ်စီးတန်းတစ်ခု ပုတီးစေ့ထဲမှ ပွင့်ထွက်လာသည်။
ထိုလျှပ်စီးတန်းသည် ခရမ်းရောင် ကင်းခြေများတစ်ကောင်ကဲ့သို့ မြေကာလိပ်၏ ကျောကုန်းပေါ်သို့ တိကျစွာ ကျရောက်သွားသည်။
အလွန်မာကျောသော လိပ်ခွံပေါ်တွင် မိုးကြိုး၏ဒဏ်ကြောင့် အက်ကြောင်းတစ်ခု ပေါ်လာသည်။
မိုးကြိုး သုံးကြိမ်ဆက်တိုက် ပစ်ချလိုက်ရာ တစ်ကြိမ်စီတိုင်းသည် ထိုအက်ကြောင်းပေါ်သို့ တိကျစွာ ကျရောက်ပြီး နောက်ဆုံးတွင် မာကျောသော အခွံမှာ ကွဲအက်သွားကာ ဝိညာဉ်ကျောက်တုံးတစ်တုံး လိမ့်ထွက်လာသည်။
ဆင်ခေါ်သူ အမျိုးသမီးသည် ဝမ်းသာအားရဖြင့် ဝိညာဉ်ကျောက်တုံးကို ကောက်ယူရန် ရှေ့သို့ ပြေးထွက်သွားသည်။