ဂိမ်းမာများ၏ ရုပ်ရှင်အစီအစဉ်
Vol. 37 Ch. 541
မိုရိုးစ်မှာ သူ၏ အိမ်ထောင်ရေးကို ပြန်ကယ်တင်နိုင်ရန် ဂိမ်းမာများအား တောင်းဆို ခဲ့သော်လည်း ဂိမ်းမာများက ယုံကြည် စိတ်ချရခြင်း မရှိသောကြောင့် သူ စိုးရိမ် နေခဲ့သည်။
ဂိမ်းမာများအပေါ် အားကိုးလိုက်ခြင်းမှ လွဲ၍ မိုရိုးစ်မှာ ဘာဆက်လုပ်ရမည်ကို မသိတော့ပေ။ ထို့အပြင် ဂိမ်းမာများ၏ စွမ်းဆောင်ရည်မှာလည်း အတော်အတန် ကောင်းမွန်၏။
မိုရိုးစ်က သူ စုဆောင်းထားသော ငွေအားလုံးကို ထုတ်ယူလိုက်ပြီး ဂိမ်းမာများအား အကူအညီ တောင်းပြီးနောက် ဂိမ်းမာ အုပ်စု တစ်စုက ညတွင်းချင်း သူ့ဆီ လာလည်ပတ်ပြီး နည်းလမ်းအမျိုးမျိုးကို ဆွေးနွေးခဲ့ကြသည်။
"မင်း ငါတို့ အစီအစဉ် အတိုင်း သေချာ လိုက်နာရင် ရုပ်ရှင်က နှစ်ရက်အတွင်း ပြီးသွားလိမ့်မယ်။ အရှင်ရှားလော့ခ် ရောင်းခဲ့တဲ့ အင်တာနက်တီဗီက ဆောင်းတောင်ကုန်းမြို့မှာ အရမ်း လူကြိုက်များတယ် မဟုတ်လား။ ငါတို့က အဲ့ရုပ်ရှင်ကို အင်တာနက်တီဗီကနေ ထုတ်လွှင့်လိုက်ရင် မင်းရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေက လူသိရှင်ကြား ဖြစ်သွားလိမ့်မယ်။ မင်းရဲ့ ဇနီးကလည်း မင်းရဲ့ စွန့်စားခန်း ဇာတ်လမ်းတွေကို တွေ့ရင် သူ စိတ်ပြောင်းသွားပြီး မင်းဆီ ပြန်ခွင့်လွှတ်ဖို့ လာတောင်းပန်လိမ့်မယ်။ မင်း တခြား အပိုအကျိုးကျေးဇူး တွေတောင်မှ ရနိုင်သေးတယ်။" ဂနိုင်သားဟု ခေါ်သော အော့ခ် တစ်ဦးက မိုရိုးစ်ဘေးတွင် ရပ်ကာ လေးနက်စွာ ပြောလိုက်သည်။
"အကျိုးကျေးဇူးတွေတောင် ရလာမှာလား။"
မိုရိုးစ်မှာ အံ့ဩ သွားခဲ့သည်။ သူက ဂနိုင်သား ဘာပြောနေသည်ကို နားမလည်ပေ။ ဆယ်ဗားနပ်စ်ဟု ခေါ်သော အမျိုးသမီး အော့ခ် တစ်ဦးက ဂနိုင်သားကို ခေါင်းဖြတ်ရိုက်ကာ မိုရိုးစ်အား ပြောလိုက်သည်။ "သူ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ နားမထောင်နေနဲ့။ ငါတို့က သူမ မင်းကို ပိုချစ်လာလိမ့်မယ်လို့ ပြောနေတာ။ အမျိုးသမီး တစ်ယောက် အနေနဲ့ သူမ ဘယ်လို စဉ်းစားနေလဲ ဆိုတာ ငါ နားလည်နိုင်တယ်။ ငါတို့က ရဲရင့်တဲ့ စွန့်စားသူတွေကို အမြဲတမ်း အားကိုးမှီခို တတ်ကြတယ်လေ။"
ဆယ်ဗားနပ်စ် အာသာကို ရှက်ရွံ့စွာ ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။
ဘောင်းဘီမဝတ်သူမှာ ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ချောင်းခြောက် ဆိုးလိုက်သည်။ သူက ဆယ်ဗားနပ်စ် အကြည့်ကို မမြင်ယောင် ဆောင်ကာ မိုရိုးစ်အား လှမ်းပြောလိုက်သည်။ "ငါတို့ ပြောခဲ့သလိုပဲ၊ မင်း ငါတို့နဲ့ နှစ်ရက် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ရင် ငါတို့ မင်းကို ပြဿနာ ဖြေရှင်းဖို့ ကူညီပေးမယ်။"
မိုရိုးစ်မှာ သိလိုစိတ် ရှိနေသည်။ သူ့တွင် တခြား ရွေးချယ်စရာများလည်း မရှိနေသောကြောင့် ပြတ်သားစွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကောင်းပြီလေ၊ ငါ မင်းတို့ကို ယုံလိုက်မယ်။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးကြပါ။"
...
မိုရိုးစ်မှာ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို အာသာနှင့် သူ၏ အဖော်များအား ပေးအပ်လိုက်သည်။
အာသာ၏ ဖြေရှင်းချက်မှာ မိုရိုးစ်အတွက် စိတ်ကြိုက် ပြုလုပ်ထားသော စွန့်စားခန်း ရုပ်ရှင် တစ်ခု ဖန်တီးလိုက်ရန်ပင်။ ပါရမီရှင် ဂိမ်းမာ တစ်ဦးက အင်တာနက်တီဗီကို မိုရိုးစ်၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် အတွက် ဖန်တီး ထားခြင်း ဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။ အင်တာနက်တီဗီ ရောင်းချခြင်း နှင့် မိုရိုးစ်၏ အိမ်ထောင်ရေး ပြဿနာတို့ တစ်ချိန်တည်းတွင် ဖြစ်ပွားခဲ့ခြင်းမှာ တိုက်ဆိုင်လွန်းနေသည်။ မိုရိုးစ်က သူ၏ ပုံရိပ်ကို မြှင့်တင်ရန် လိုအပ်ပြီး ရုပ်ရှင် တစ်ခုက သူ၏ အခြေအနေကို အလျင်အမြန် တိုးတက် စေနိုင်ပေသည်။
ရုပ်ရှင် တစ်ခု ဖန်တီးရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်နေပေ။ ကံကောင်းထောက်မစွာပင် ပရော်ဖက်ရှင်နယ် ရုပ်ရှင် ထုတ်လုပ်သူများ ဖြစ်ကြသည့် ဂိမ်းမာ များစွာလည်း ရှိနေကြသည်။
"ဇာတ်ညွှန်းနဲ့ အသုံးအဆောင် ပစ္စည်းတွေက အဆင်သင့် ဖြစ်နေပြီ။ ငါတို့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အခက်အခဲ အချို့ ကြုံနေရတယ်။"
သူ၏ ခေါင်းပေါ်တွင် "အော်စကာ" ဟူသော အစိမ်းရောင် သင်္ကေတများ ရှိသည့် သာမန်ရုပ်ရည်ဖြင့် ဂနိုမ်း တစ်ဦးက ဇာတ်ညွှန်း စာအုပ် အထူတစ်အုပ်ကို ကိုင်ဆောင်ကာ အာသာအား မျက်မှောင် ကြုတ်ရင်း ပြောလိုက်သည်။ "ငါတို့ ဗစ်တိုးရီးယားမြို့ကနေ မဟာမှော်အရှင်တစ်ပါး သွားရှာလို့ ရနိုင်တယ်၊ ဒါပေမဲ့ ငါတို့က မဟာနဂါး တစ်ကောင်တော့ ရှာလို့ တွေ့မှာ မဟုတ်ဘူး။"
ဂနိုင်သားက စကားဖြတ်ပြောရန် ကြိုးစား လိုက်ခဲ့သော်လည်း အော်စကာက သူ့ကို ဟန့်တားရန် လက်မြှောက်လိုက်သည်။ အော်စကာက ပြောလိုက်သည်။ "စကားတစ်ခွန်းမှ မပြောနဲ့ဦး။ မင်း ဘာပြောချင်လဲ ဆိုတာ ငါ သိတယ်။ မင်းက ငါ့ကို ကြက်ဥခေါင်းကို သွားရှာခိုင်းချင်နေတာ။ ကြက်ဥခေါင်းရဲ့ ခန္ဓာကိုယ်နဲ့ ဇာတ်ကောင်က သင့်တော်၊ မသင့်တော်ကို တစ်ချက် ဘေးဖယ်ထားလိုက်ဦး။ ငါတို့ ကြက်ဥခေါင်းကို သွားရှာပြီးပြီ။ ဒါပေမဲ့ သူက အလုပ် အလုပ်ရတာကို အရမ်း စွဲလမ်းနေတယ်။ သူ့မှာ ငါတို့ကို ကူညီဖို့ အချိန်မအားဘူးတဲ့။ သူ အဲ့လို ပြောခဲ့တာပဲ။"
"ဝါး၊ ကြက်ဥခေါင်းက အဲ့လောက်တောင် ဒုက္ခ ပေးတတ်တာလား။ မဟုတ်မှလွဲရော ကြက်ဥခေါင်းမှာ အထူး လျှို့ဝှက် မစ်ရှင် တစ်ခုများ ရှိနေတာလား။" ရင်မွှေးမီးလောင်က အံ့ဩတကြီး မေးလိုက်သည်။
အာသာက မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။ "မင်း အရှင်ရှားလော့ခ်ကိုရော မေးခဲ့သေးလား။"
"အရှင်ရှားလော့ခ်ကို မေးတာလား။ မင်း ပြောချင်တာက..."
အော်စကာက အာသာကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူ အရှင်ရှားလော့ခ်ကို မေးမြန်းရန်တော့ မစဉ်းစားခဲ့ဖူးပေ။
"ငါ အရှင်ရှားလော့ခ်က ကြက်ဥခေါင်းကို အမိန့်ပေးနေတာကို မြင်ဖူးတယ်၊ နောက်ပြီး ကြက်ဥခေါင်းက အရှင်ရှားလော့ခ် အမိန့်ကို နာခံတတ်ပုံ ရတယ်။ ငါတို့ အရှင်ရှားလော့ခ်ကို နောက်ကျ မေးကြည့်ကြတာပေါ။ တခြား ထူးဆန်းတဲ့ တွေ့ကြုံမှု တစ်ခု ရှိနေ နိုင်လောက်တယ်။"
ဆယ်မိနစ်မျှ အကြာတွင်။
"အိုး ဘုရားရေ။ အရှင်ရှားလော့ခ်က ငါတို့ကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်ဟ။"
"ဒါက ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ရမယ်။ မဟုတ်ရင် ရှားလော့ခ်ဆီက အကူအညီ ရဖို့ လွယ်ကူနေမှာ မဟုတ်ဘူး။"
"ဖြစ်နိုင်တယ်။"
"ဒီသတင်းကောင်းကို မိုရိုးစ်ဆီ သွားပြောပြ လိုက်ပါဦး။ တခြား ဂိမ်းမာတွေ ငါတို့ထက် အရင် မရောက်စေနဲ့။"
"စိတ်မပူပါနဲ့၊ မိုရိုးစ်က ဒီမစ်ရှင်ကို ငါတို့ဆီ ပေးပြီးသားပဲဟာ။"
အာသာနှင့် သူ၏ အဖော်များက ဒန်ဂျင်အရှင် ခန်းမဆောင်မှ စကားပြောဆိုရင်း ပြန်ထွက်သွား ခဲ့ကြသည်။ ဒန်ဂျင်အရှင် ခန်းမဆောင်ရှိ အခြား ဂိမ်းမာများမှာမူ အာသာနှင့် သူ၏ အဖော်များအား တလေးတစား စိုက်ကြည့်နေကြသည်။ သူတို့ကလည်း ထိုကဲ့သို့သော ပါးနပ်သည့် အကြံအစည်မျိုး မတွေးခဲ့မိသည့်အတွက် နောင်တရ နေခဲ့ကြသည်။
ရှားလော့ခ်မှာမူ ဒန်ဂျင်အရှင် ခန်းမဆောင်၏ ဝင်ပေါက်ဝတွင် ရပ်ကာ အာသာနှင့် သူ၏ အဖော်များကို စိုက်ကြည့် နေသည်။
"အရှင်ရှားလော့ခ်၊ အရှင်က ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးမှာ ဝင်ပါခဲ့တာလဲ။ အရှင် မိုရိုးစ်ရဲ့ အိမ်ထောင်ရေးကို ကူညီချင်တယ် ဆိုတာတော့ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ရုပ်ရှင် တစ်ကားက မိုရိုးစ်ကို သူ့ ပြဿနာ ဖြေရှင်းဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး။ သူတို့က မိုရိုးစ်ကို ရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်စေ ချင်နေကြတာလား။ မြေအောက်လောက သတ္တဝါတွေရဲ့ အလှအပ စံနှုန်းက ဂိမ်းမာတွေနဲ့ မတူဘူးလေ။ သူတို့အမြင်မှာ မိုရိုးစ်ကို ခန့်ညားတယ်လို့ ထင်နိုင်ပေမဲ့ မြေအောက်လောက သတ္တဝါတွေ အတွက်တော့ မိုရိုးစ်က ရုပ်ဆိုးတယ်ဗျ။"
ဘရုက သူ၏ ထင်မြင်ချက်ကို ဖော်ပြလိုက်ရာ ရှားလော့ခ် ပြုံးကာ ပြန်ပြောသည်။ "မင်း ပြောသွားတာ သဘာဝကျပေမဲ့ အားလုံး မှန်နေတာတော့ မဟုတ်ဘူး။ ငါ တခြားလောကရဲ့ ရုပ်ရှင်ယဉ်ကျေးမှုကို နားလည်နိုင်အောင် ကြိုးစား လေ့လာခဲ့သေးတယ်။ အဲ့ဒီရုပ်ရှင်တွေက မြေအောက်လောကမှာလည်း လူကြိုက်များ လာလိမ့်မယ်လို့ ငါ ခံစားရတယ်။ သူတို့က ရုပ်ရှင်ကောင်းတွေ ထုတ်လုပ်နိုင်၊ မထုတ်လုပ်နိုင်ကို ငါ သိချင်ရုံပါ။"
ဘရုက အံ့ဩတကြီး မေးလိုက်သည်။ "နေပါဦး အရှင်ရှားလော့ခ်၊ အရှင်က ဂိမ်းမာတွေ ဘယ်လို ရုပ်ရှင်မျိုး ထုတ်လုပ်နိုင်လဲ ဆိုတာ သိချင်နေတာလား။"
"ဟုတ်တယ်၊ တကယ်ပဲ။ ဒါက အကျိုးအမြတ်များတဲ့ စိတ်ကူးစိတ်သန်း တစ်ခု ဖြစ်လာနိုင်တယ်လို့ ငါ ခံစားနေရတယ်။ ဘာဖြစ်လို့ ငါ သူတို့ကို စမ်းသပ်ခွင့် မပေးဘဲ နေရမှာလဲ။ ကြက်ဥခေါင်းက ပိုဝလာပုံ ရတယ်။ ဒါက သူ့ကို လေ့ကျင့်ခန်း နည်းနည်းပါးပါး လုပ်ခိုင်းနိုင်မယ့် အခွင့်အရေးကောင်း တစ်ခုပဲ။ ဒါက အကြံကောင်း တစ်ခုလို့ ငါတော့ ထင်တယ်။"
"အရှင်ရှားလော့ခ် ခွင့်ပြုတဲ့အတွက် ကျွန်တော် ဘာမှ အတွန့်တက် မနေတော့ပါဘူး။ ကျွန်တော် သူတို့ ပြဿနာ မရှာနိုင်အောင် ဂိမ်းမာတွေကို ကြီးကြပ်ရာမှာ အရှင့်ကို ကူညီ ပေးပါ့မယ်။" ဘရုက ခေါင်းညိတ်ရင်း ပြောလိုက်သည်။