ပက်ထရစ်စတား၏ သတင်းထုတ်ပြန်ချက်
Vol. 37 Ch. 546
"က က။"
မြေအောက်ပင့်ကူက သေခါနီး မြည်ဟီးလိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားသည်။
အနက်ရောင် ချပ်ဝတ် ဝတ်ဆင်ထားသော အော့ခ် တစ်ဦးက မြေအောက်ပင့်ကူ အရှေ့တွင် ရပ်နေသည်။ သူ၏ နောက်တွင်တော့ အဖော်လေးဦးနှင့် ဂိုဘလင် အုပ်စု တစ်စု ရှိနေသည်။
သူတို့ အားလုံး၏ ခေါင်းပေါ်တွင်တော့ အစိမ်းရောင် သင်္ကေတများ ရှိကြ၏။
မြေအောက်ပင့်ကူကို သတ်ခဲ့သော အော့ခ်၏ ခေါင်းပေါ်တွင်မူ "အာသာ" ဟူသော စကားလုံး ရှိနေသည်။
အာသာက ခေါင်းနောက် လှည့်ကာ စိတ်လှုပ်ရှား နေသော ဂိမ်းမာအသစ်များကို ကြည့်ရင်း သက်ပြင်း ချလိုက်သည်။
ပင့်ကူဂူ တစ်ခုလုံးတွင် ဂိမ်းမာများဖြင့် ပြည့်နေသည်။ သူ ရပ်ရန် နေရာပင် မရှိတော့ပေ။
အဖွင့်ဘီတာကြောင့် တရုတ် ဂိမ်းမာများ အားလုံးက "ဒန်ဂျင်"တွင် ပါဝင်လာနိုင်ကြသည်။
ဂိမ်းမာ အရေအတွက်က သန်းနှင့်ချီ၍ ရှိနေသည်။ ဂိမ်းမာ အရေအတွက် များပြား လွန်းနေသောကြောင့် ဂိမ်းမာ အသစ်များက သူတို့၏ ဇာတ်ကောင်များကိုပင် မဖန်တီးနိုင်တော့ပေ။ အကြောင်းမှာ ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်တွင် သူတို့ဇာတ်ကောင် ထွက်ပေါ်လာရန် နေရာလပ်ဟူ၍ မကျန်တော့သောကြောင့်ပင်။
ဂိမ်းမာ များစွာက ဇာတ်ကောင် ဒီဇိုင်း မျက်နှာပြင်တွင် စောင့်ဆိုင်း နေကြရသည်။ နေ့စဉ် မစ်ရှင် အားလုံးမှာလည်း ဒန်ဂျင်တွင် တူးဖော်ခြင်း၊ ဗစ်တိုးရီးယား တောအုပ်တွင် သစ်ပင်များ ခုတ်လှဲခြင်း သို့မဟုတ် နယ်မြေအသစ် တိုးချဲ့ခြင်းတို့သာ ဖြစ်ကြ၏။
နယ်မြေ အသစ် တစ်ခု ဖန်တီးပြီးသည့် အခါတိုင်း ဒန်ဂျင်အရှင် ခန်းမဆောင်ရှေ့မှ မြေနေရာကို လူသူ မကြပ်နေအောင် ရှင်းလင်း ပေလိမ့်မည်။ ဤဧရိယာများကို သိမ်းပိုက် ရယူထားသော ဂိမ်းမာများကို အရှင်ရှားလော့ခ်နှင့် ဘုရင်မ ဗစ်တိုးရီးယား သို့မဟုတ် သူတို့၏ ဝန်ထမ်းများမှ မောင်းထုတ် ပေလိမ့်မည်။
ဂိမ်းမာအသစ်များ ထွက်ပေါ်လာနိုင်ဖို့ နေရာလပ်များ ပြင်ဆင်ပေးနိုင်ရန် ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်မှ နေရာ ဧရိယာများကို စည်းကမ်း တင်းကျပ်စွာဖြင့် စီမံခန့်ခွဲ ခဲ့ကြသည်။
ဝါရင့်ဂိမ်းမာများ အတွက်မူ သူတို့ ဂိမ်းအတွင်းသို့ ဝင်ရောက် ဆော့ကစားနိုင်သရွေ့ ၎င်းမှာ ပြဿနာကြီးတော့ မဟုတ်ခဲ့ပေ။ ကံကောင်းထောက်မစွာပင် တန်းစီဇယားတွင် စောင့်ဆိုင်းရချိန်က အတော်အတန် တိုတောင်းခဲ့သည်။
အာသာနောက်မှ ဂိုဘလင်များမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သော သွေးသစ်လောင်း လူသစ်များ ဖြစ်ကြ၏။ အဖွင့်ဘီတာ စမ်းသပ်မှု စလိုက်ပြီးနောက် အစည်းအရုံးများ၏ အဖွဲ့ဝင် အရေအတွက်က အလျင်အမြန် တိုးလာခဲ့သည်။ အစည်းအရုံးများ အတွက် ဂိတ်ဆုံး ကန့်သတ်ချက်မှာ အဖွဲ့ဝင် ၅,၀၀၀ ဖြစ်ပြီး ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ ကဲ့သို့သော ကျော်ကြားသော အစည်းအရုံး တစ်ခုမှာ အဖွင့်ဘီတာ စတင်လိုက်ပြီး နှစ်နာရီအတွင်း ခွဲတမ်း ပြည့်သွားသည်။ သူတို့ထဲမှ လူအများစုမှာ အာသာကြောင့် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ထဲသို့ ဝင်လာကြခြင်း ဖြစ်၏။
ဘောင်းဘီမဝတ်သူက အစည်းအရုံးထဲသို့ ဝင်ရောက်ခဲ့သော အဖွဲ့ဝင်များကို စိစစ်ရွေးချယ်ပေးခဲ့သူ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာသာက အစည်းအရုံး စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သော မည်သည့် အရာကိုမျှ တာဝန်ယူ ကိုယ်တွယ်ခြင်း မရှိသောကြောင့်ပင်။
"အစ်ကို အာသာက မိုက်တယ်။ သူက တကယ့်ကို ကျိကျိတက် ချမ်းသာတဲ့ ဂိမ်းမာ တစ်ယောက်ပဲ။"
"ငါ အာသာရဲ့ တပည့် ဖြစ်လာနိုင်မလား။"
"အိပ်မက် မမက်နေနဲ့။ အစ်ကို အာသာရဲ့ တပည့် ဖြစ်လာဖို့က အဲ့လောက် မလွယ်နေဘူး။"
ရင်မွှေးမီးလောင်က လက်ပိုက်ကာ ပြုံးရင်း ဂိမ်းမာ အသစ်များအား ပြောလိုက်သည်။ "ပင့်ကူတွေကို ဘယ်လို အနိုင်ယူလိုက်လဲဆိုတာ မင်းတို့ တွေ့လိုက်လား။ မင်းတို့ ခြေထောက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ရမယ်၊ အဲ့ဒါက ပင့်ကူတွေရဲ့ အစွမ်း အထက်ဆုံး အစိတ်အပိုင်းပဲ။"
"ရင်မွှေး၊ ငါတို့ အဲ့ဒါကို မြင်လိုက်ပါတယ်၊ ဒါပေမဲ့ ငါတို့မှာ တိုက်ခိုက် စမ်းသပ်ကြည့်ဖို့ မွန်းစတားတွေ မရှိနေဘူး..." ဂိမ်းမာအသစ် တစ်ဦးက ထပြောလိုက်သည်။
ထာဝရတိုင်းပြည် ပတ်လည်မှ ဧရိယာ တစ်ခုလုံးမှာ ဂိုဘလင် အသစ်များဖြင့် ပြည့်နှက်နေသည်။ သက်ပြင်းချ လွင်ပြင် နှင့် ရေနေဖားမွန်းစတားများ၏ မြေများတွင်ပင်လျှင် ဂိုဘလင်များဖြင့် ပြည့်နှက်နေ၏။ ဂိုဘလင်များမှာ သက်ပြင်းချ လွင်ပြင်နှင့် ရေနေမြေများ၏ အန္တရာယ် ရှိသော မြေပုံနေရာများတွင် အချည်းနှီး သေဆုံးကြရလိမ့်မည် ဖြစ်သော်လည်း ဂိမ်းမာများမှာ ခေါင်းမာမာဖြင့် ဆက်သွားနေနေကြဆဲသာ။
ဤသည်မှာ ဂိမ်းမာများ အရေအတွက် အလွန် များနေသောကြောင့်ပင်။ အကယ်၍ သူတို့သာ ထိုကဲ့သို့သော နယ်စွန်နယ်ဖျား ဧရိယာများသို့ မသွားပါက သူတို့ ဂိမ်းကစားနိုင်တော့မည် မဟုတ်ပေ။
သူတို့ ဒန်ဂျင်တွင် မတ်တပ်ရပ်ကာ ဟိုငေးဒီငေး တူးဖော်နေရုံသာ မလုပ်ချင်ကြပေ။ ဂိမ်းမာများက နေ့စဉ် မစ်ရှင်များဆိုသည်မှာ အလွန် အရေးကြီးကြောင်း သိထားကြသည်။ သို့သော်လည်း သူတို့က ဂိမ်းအတွင်းသို့ ဝင်ဝင်လာချင်းတွင် ဒန်ဂျင်၌ လုံ့လဝီရိယရှိစွာဖြင့် အလုပ်,လုပ်လိမ့်မည်တော့ မဟုတ်ပေ။
ရက်အနည်းငယ် ကြာပြီးနောက် သူတို့၌ ငွေ၊ ပစ္စည်း ကိရိယာများ သို့မဟုတ် သူငယ်ချင်းများ မရှိတော့သည့် အခါမှသာ သူတို့က သတ္တုရိုင်းများကို လုံ့လဝီရိယရှိစွာဖြင့် သွားတူးဖော် ကြပေလိမ့်မည်။ ဤဂိမ်းတွင် သတ္တုရိုင်းများ တူးဖော်ခြင်းမှာ မိမိကိုယ်ကို အဆင့် မြှင့်တင်ရန် အလွယ်ကူဆုံး နည်းလမ်း ဖြစ်၏။ ၎င်းမှာ သာမန် ဂိမ်းမာများအတွက် အကျိုးအမြတ် အများဆုံး လုပ်ငန်း တစ်ခုလည်း ဖြစ်၏။
ဂိမ်းမာများ ခရီးလှည့်လည် သွားလာပြီး မြင်ကွင်းကို ခံစားရင်း သက်သက်ဖြင့် မည်သို့ ရှင်သန် နိုင်မည်နည်း။
အာသာက သူ့ပတ်ဝန်းကျင်တွင် မြေအောက်ပင့်ကူ များများစားစား မတွေ့ရပေ။ ယင်းအစား အဆုံးမရှိသော အစိမ်းရောင် ဂိုဘလင်များနှင့် သူတို့၏ ကျယ်လောင်သော စကားသံများသာ ရှိနေသည်။ ကံကောင်းသည်က ဂိမ်းထဲတွင် စကားပြောစနစ် အကောင်အထည် ဖော်ပေးထားခဲ့သည်။ စကားပြောစနစ်သာ မရှိခဲ့ပါက ပင့်ကူဂူမှာ စကားပြောသံ သက်သက်ဖြင့် မိုးခြိမ်းသံကဲ့သို့ ဆူညံ ပေါက်ကွဲ ထွက်သွား ပေလိမ့်မည်။
"ဂိမ်းမာ အသစ်တွေ ဘယ်လောက်တောင် များတာလဲ။ အဖွင့်ဘီတာမှာတင် ဂိမ်းမာတွေ အရမ်း များလွန်းနေပြီ။ ဆာဗာတွေက ဂိမ်းမာတွေကို ထောက်ပံ့ ပေးထားနိုင်ပါ့မလား။" ဆယ်ဗားနပ်စ်က လူအုပ်ကို ကြည့်ရင်း မကျေမနပ် မြည်တွန်လိုက်သည်။ ယခင် လူကြိုက်များခဲ့သော အွန်လိုင်းဂိမ်းများတုန်းက အတွေ့ရများသည့် တိုင်ကြားချက်မှာလည်း ဂိမ်းမာများ အလွန် များပြားခြင်းပင်။ ယခု "ဒန်ဂျင်"မှာလည်း တူညီသော ပြဿနာကို ရင်ဆိုင်နေရသည်။
"ငါလည်း မသိဘူး။ ဖိုရမ်ပေါ်မှာတော့ ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်းစက် သန်းဆယ်ဂဏန်းလောက် ရောင်းပေးခဲ့တယ်လို့ ဖတ်ခဲ့ရတယ်။"
"ဂိမ်းလှဲလျောင်း ထိန်းချုပ်ခန်းစက် သန်းဆယ်ဂဏန်း တောင်မှလား။ အိုး ဘုရားရေ။ ဂိမ်းမာ သန်းဆယ်ဂဏန်းတောင်မှ ရှိနေတာလား။"
"ဟုတ်လောက်တယ်။ ငါ ဖိုရမ်ပေါ်မှာ ဗစ်တိုးရီးယား တောအုပ်ရဲ့ စခရင်ရှော့တွေကို မြင်လိုက်သေးတယ်။ သစ်တော တစ်ခုလုံးက ဂိမ်းမာတွေနဲ့ ပြည့်နေတာ။ သစ်တောရဲ့ အရွယ်အစားက မြို့တစ်မြို့နဲ့ သိပ်မကွာ လောက်ဘူးလို့ငါ ခံစားရတယ်၊ အဲ့ဒါတောင် တောအုပ်က ဂိမ်းမာတွေနဲ့ ပြည့်နေတာပဲ။ အရေအတွက်က ကြောက်ဖို့တောင် ကောင်းတယ်။"
"ငါတို့ ထာဝရတိုင်းပြည် မှာလည်း ဂိမ်းမာတွေ အများကြီးပဲ။ ငါတို့ အရင်တုန်းက တူးဖော်ခဲ့ရတဲ့ နေရာလွတ်တွေဆို အဆောက်အအုံတွေနဲ့ ပြည့်နေပြီ။ အစည်းအရုံး တော်တော်များများက သူတို့ရဲ့ အဆောက်အအုံတွေကို သက်ပြင်းချ လွင်ပြင်နဲ့ ရေနေဖား မွန်းစတားတွေရဲ့ ရေနေမြေ တွေမှာတောင် တိုးချဲ့ပြီး တည်ဆောက်နေကြပြီ။"
ဂိမ်းမာများမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ စကားပြောချန်နယ်တွင် ဂိမ်းမာအသစ် အရေအတွက် အကြောင်းကို ဆွေးနွေး နေကြသည်။
သူတို့က အသစ် ထည့်သွင်းပေးထားသော စကားပြောစနစ်၊ အထူးသဖြင့် အစည်းအရုံးချန်နယ်ကို အသုံးပြု နေကြသည်။
ဂိမ်းမာအရေအတွက်ကြောင့် စကားပြောသံက အလွန် ကျယ်လောင် နေခဲ့သည်။ အကယ်၍ သူတို့သာ သူတို့အသံများကို အသုံးပြု၍ စကားပြောဆို နေရပါက ဂိမ်းမာ များစွာက ဤစကားဝိုင်းများကို ကြားနိုင်လောက်မည် မဟုတ်ပေ။
မည်သူမျှ ဂိမ်းမာအသစ် အရေအတွက်၏ အတိအကျ ပမာဏကို မသိကြပေ။ ၎င်းမှာ ဂိမ်းမာများအတွက် အပျင်းပြေဆွေးနွေးစရာ သတင်းတိုတစ်ပုဒ်မျှသာ ဖြစ်၏။ အမှန်အားဖြင့်လည်း သူတို့က လူအရေအတွက် အတိအကျကို တကယ် စိတ်မဝင်စားပေ။
အာသာ အစည်းအရုံး စကားပြောချန်နယ်ရှိ အကြောင်းအရာများကို စစ်ဆေး ကြည့်ရှုလိုက်သည်။ ရုတ်တရက် သူက အော်သံ တစ်ခုနှင့် ခန္ဓာကိုယ် ထိုးဖောက်ခြင်း ခံလိုက်ရသော အသံတစ်ခုကို ကြားလိုက် ရသည်။
ဂိမ်းမာ တစ်ဦးက စကားပြောချန်နယ်ကို အသုံးပြု နေသဖြင့် နောက်ထပ် ထွက်လာသော မြေအောက်ပင့်ကူများကို မတွေ့လိုက်မိပေ။
သူ၏ ရင်ဘတ်က မြေအောက်ပင့်ကူ တစ်ကောင်၏ ခြေထောက်ဖြင့် ထိုးဖောက်ခြင်း ခံခဲ့ရသည်။ မြေအောက်ပင့်ကူ အုပ်စု တစ်စု ထွက်လာပြီး ဖြစ်ရာ တစ်ယောက်ယောက်က အော်လိုက်သည်။ "မွန်းစတားတွေနဲ့ တိုက်ခိုက်ဖို့ အချိန်ရောက်ပြီ။ မွန်းစတားတွေနဲ့ တိုက်ခိုက်ဖို့ အချိန်ရောက်ပြီဟေ့။"
"အမလေး၊ ငါနဲ့ လာမလုနဲ့။ ငါ ပင့်ကူတွေကို အရင်တွေ့တာ။"
"ဘရားသားတို့၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပင့်ကူတွေ ပေးသတ်ပါဗျာ။ ကျွန်တော် ဒီမစ်ရှင် ပြီးဖို့ ပင့်ကူ နှစ်ကောင်ပဲ လိုတော့တယ်။"
"ငါ ပင့်ကူမျှင် ဝယ်နေတယ်။ ငါ ပင့်ကူမျှင် ဝယ်နေတယ်နော်။"
အော်ဟစ်သံ မျိုးစုံတို့က ပင့်ကူဂူထဲ ပဲ့တင်ထပ်သွားသည်။
ဂိမ်းမာများက ပင့်ကူများကို သတ်နေစဉ် လစ်ခ်ျ တစ်ဦးက တူးဖော်ထားသော ဂူအနက်ပိုင်း နေရာများတွင် ပင့်ကူဘုရင်များ လွှတ်ပေး နေခဲ့သည်။
ထိုလစ်ခ်ျမှာ ခေါင်းပေါ်တွင် မည်သည့် အစိမ်းရောင် သင်္ကေတမျှ မရှိပေ။ သူက ထာဝရတိုင်းပြည်၏ ဝန်ထမ်း တစ်ဦး ဖြစ်ပြီး သူ၏ အမည်မှာ ဖိုးဉာဏ်ကျယ် ဖြစ်၏။ သူမှာ နှစ်တစ်ထောင်မှာ တစ်ကြိမ် ထွက်ပေါ်လာသော ပါရမီရှင် လစ်ခ်ျ တစ်ဦးလည်း ဖြစ်၏။
ဖိုးဉာဏ်ကျယ်မှာ ပင့်ကူဂူတွင် ပင့်ကူဘုရင်မ အရေအတွက် တိုးမြှင့်ပေးရန် ဆိုသည့် ရှားလော့ခ်၏ အမိန့်ကို ဆောင်ရွက် နေသည်။
ရှားလော့ခ်က အဖွင့်ဘီတာ မတိုင်မီ သုံးရက်အလိုက ပင့်ကူဘုရင်မ အုပ်စုလိုက်ကြီး တစ်ခုကို ဖြန့်လွှတ် ခဲ့သော်လည်း ပင့်ကူဘုရင်မများက ဂိမ်းမာတို့၏ လိုအပ်ချက်များကို အမှီ မလိုက်နိုင်ခဲ့ကြပေ။ အသစ် လွှတ်ပေးထားသော ပင့်ကူတို့မှာ အမဲလိုက် ထွက်နေသော ဂိမ်းမာများအတွက် အရေအတွက် မလုံလောက်ခဲ့ပေ။ ထို့ကြောင့် ပင့်ကူဂူ တစ်ခုလုံးက ဂိမ်းမာများ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။ အကယ်၍ ရှားလော့ခ်သာ ပင့်ကူဘုရင်မဂူကို မချိတ်ပိတ် ထားခဲ့ပါက ဂိမ်းမာများမှာ ရှားလော့ခ် ငွေအမြောက်အမြား သုံးစွဲ၍ ဝယ်ယူခဲ့ရသော ပင့်ကူဘုရင်မများကို ဝင်ရောက် သတ်ဖြတ် ကြပေလိမ့်မည်။
ရှားလော့ခ်မှာ နောက်ထပ် ပင့်ကူဘုရင်မ အုပ်စုကြီး တစ်ခုအား ထပ်ဝယ်ယူရန် ဖိအားပေး ခံလိုက်ရပြီး ဖိုးဉာဏ်ကျယ်မှာတော့ ရှားလော့ခ် ပင့်ကူဂူကို တိုးချဲ့နေစဉ် ပင့်ကူတို့အား နေရာအနှံ့ ဖြန့်ကျက်ပေးရန် တာဝန်ရှိခဲ့သည်။
ပင့်ကူဘုရင်မက အလွန် နယ်မြေအစွဲကြီးသော သတ္တဝါ ဖြစ်၏။ ပင့်ကူဂူကြီး တစ်ခုတွင် အများဆုံး ပင့်ကူဘုရင်မ သုံးကောင်မျှသာ ရှိနိုင်ပေသည်။ ပုံမှန်အားဖြင့်တော့ ပင့်ကူဂူ တစ်ခုတွင် ပင့်ကူဘုရင်မ တစ်ကောင်သာ ရှိတတ်၏။ သို့သော် ဤပင့်ကူဂူမှာမူ ပင့်ကူဘုရင်မ ရာပေါင်း များစွာဖြင့် ပြည့်နှက် နေခဲ့သည်။ အကယ်၍ အပြင်ဘက်တွင် ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် အန္တရာယ်ကောင်များသာ မရှိနေ ခဲ့ပါက ပင့်ကူဘုရင်မများမှာ အချင်းချင်း ပြန်သတ်ဖြတ် ကြပေလိမ့်မည်။
သို့သော် လောလောဆယ်တော့ သူတို့ အချင်းချင်း ပြန်သတ်ဖြတ်ကြမည် မဟုတ်သေးပေ။ ယင်းအစား သူတို့က အချင်းချင်း မဟာမိတ် ဖွဲ့ရန် သဘောတူလုနီးပါး ဖြစ်နေကြသည်။
ဖိုးဉာဏ်ကျယ်က ပင့်ကူဘုရင်မများ အပေါ်တွင် သုတေသန တချို့ ပြုလုပ်ကာ လေ့လာခဲ့သေးသော်လည်း ၎င်းက အသေးစိတ် လေ့လာမှု တစ်ခုတော့ မဟုတ်ခဲ့ပေ။ သူ့တွင် သုတေသန ပိုမို ပြုလုပ်ရန် အခွင့်အရေးများ ရှိနေပုံ ရ၏၊ အထူးသဖြင့် ပင့်ကူဘုရင်မများ အုပ်စုလိုက် နေထိုင်ရန် အတင်းအကျပ် ဖိအားပေးခြင်း ခံရသည့် အခါမျိုးတွင်ပင်။ ဤသို့သော လူမှုရေး အပြုအမူမျိုးအား ယခင်က ဘယ်တုန်းကမျှ မလေ့လာခဲ့ရဖူးပေ။
ဖိုးဉာဏ်ကျယ်က အလုပ်ပြီးစီးမှာသာ သုတေသနကို ပြုလုပ်ခွင့် ရှိသည်။ သို့သော် ဤသည်က သူ့ကို ဂျာနယ်ထဲ သတင်း အချက်အလက်များ မှတ်တမ်း တင်ခြင်းကိုတော့ မတားဆီး ထားခဲ့ပေ။
သူက ဂျာနယ်ကို ထုတ်ယူကာ ရူးသွပ်စွာ ရေးမှတ်လိုက်သည်။ သူ၏ ဂျာနယ်မှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများနှင့် အရှင်ရှားလော့ခ် အကြောင်း သုတေသန လေ့လာတွေ့ရှိချက် များဖြင့် ပြည့်နေခဲ့လေပြီ။
ဖိုးဉာဏ်ကျယ်မှာ ထာဝရတိုင်းပြည်တွင် ရှိနေစဉ် ကာလတစ်လျှောက်လုံး သုတေသန လေ့လာတွေ့ရှိချက်များကို မှတ်သားထား နေခဲ့သည်။
ဖိုးဉာဏ်ကျယ်က သူ ရှာဖွေ တွေ့ရှိ ခဲ့သော အချက်အလက်များမှာ မယုံနိုင်ဖွယ် ကောင်းလှသောကြောင့် အကယ်၍ ဂျာနယ်ပါ အကြောင်းကိစ္စများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါက ၎င်းမှာ ကြီးမားသော နောက်ဆက်တွဲ ဂယက်များ ဖြစ်လာစေလိမ့်မည်ဟု ယုံကြည် နေခဲ့သည်။
သို့သော် ဖိုးဉာဏ်ကျယ်က အရှင်ရှားလော့ခ်နှင့် လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက် တစ်ခုအား လက်မှတ်ရေးထိုး ထားသောကြောင့် ၎င်းမှာ လက်တွေ့တော့ မဖြစ်လာနိုင်ပေ။ သူက ထိုအချက်အလက်များကို ဘယ်တော့မှ ဖွင့်ဟသွားမည် မဟုတ်ဘဲ သူ့တွင် ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ချက်လည်း မရှိနေပေ။
သူက ထာဝရတိုင်းပြည်သို့ ရောက်လာသော နေ့ကို ပြန်စဉ်းစား ကြည့်သော် ၎င်းက မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့ သကဲ့သို့ ခံစားနေရသည်။ အရှင်ရှားလော့ခ်အတွက် အလုပ် လုပ်ရင်း တစ်နှစ်တာ ကုန်လွန် သွားလေပြီ။
တစ်နှစ်ပြည့်သည့်အခါ သူက ထာဝရတိုင်းပြည်တွင် နေထိုင်ရန် စာချုပ်ဖြင့် ချည်နှောင်ခြင်း ခံထားရတော့မည် မဟုတ်တော့ပေ။ ထို့နောက် သူက သူ၏ ဂျာနယ်မှတ်စုပါ ကိစ္စရပ်များကို သုတေသန ပြုလုပ်ခြင်း ကဲ့သို့သော သူဆန္ဒရှိသည့် ကိစ္စများကို လုပ်ဆောင်နိုင် ပေလိမ့်မည်။
ဂိမ်းမာများ အပေါ် စမ်းသပ်မှုများ ပြုလုပ်ရန်က မခက်ခဲပေ။ သူက သူတို့ကို အကျိုးကျေးဇူး အချို့ ပေးအပ်လိုက်ရုံမျှဖြင့် စမ်းသပ်မှုများ ပြုလုပ်နိုင်ပြီး သူတို့ကိုပင် မည်သည့် ပြဿနာမျှ မရှိဘဲ သတ်ဖြတ်ပစ်နိုင်ကြောင်း တွေ့ရှိ ခဲ့ရသည်။
ဖိုးဉာဏ်ကျယ်က ထာဝရတိုင်းပြည်တွင် ဆက်နေထိုင်ရန် မလိုအပ်တော့ပေ။ ယခင်က နေထိုင်ခဲ့သည်မှာလည်း သုတေသန အတွက်သာ ဖြစ်၏။ သို့သော် စာချုပ် သက်တမ်း ကုန်ဆုံးသွားပါက သူ့တွင် ဆက်နေထိုင်စရာ အကြောင်း မရှိတော့ပေ။
သူက တစ်ရက်လျှင် ၂၄ နာရီ အလုပ်,လုပ်ရပြီး လစာနှင့် အားလပ်ရက်များလည်း မရှိပေ။ တစ်ခါတစ်ရံတွင် သူက ထာဝရတိုင်းပြည်တွင် အသုံးပြုသော ပစ္စည်းများ ဝယ်ယူရန် အတွက် သူ၏ ငွေကိုပင် ထုတ်သုံးပေးရသေးသည်။
သူက နေ့စဉ်နေ့တိုင်း ဂိမ်းမာများ၏ အနှောင့်အယှက် ပေးခြင်းကို ခံခဲ့ရသည်။ သူက ခံစားချက် ကင်းမဲ့သော်လည်း ထိုလုပ်ရပ် အားလုံးကို စိတ်ထဲမထားဟုလို့တော့ ဆိုလိုခြင်း မဟုတ်ပေ။
ထိုသို့သော ဆက်ဆံမှုမျိုးကို ခံရပါက တခြား သတ္တဝါများဆိုလျှင် ဤဒန်ဂျင်မှ အရင်ကတည်းကပင် ပြန်ထွက်သွား ကြပေလိမ့်မည်။
အထူးသဖြင့် ဖိုးဉာဏ်ကျယ်က သူ့ဆရာထံမှ စာတစ်စောင် ရရှိခဲ့သောကြောင့်ပင်။
ပရော်ဖက်ဆာဘေကွန်က ဝိညာဉ်ကောလိပ်၏ ကျောင်းအုပ်ကြီး ဖြစ်လာသဖြင့် အလုပ် များစွာကို ကိုင်တွယ်ရန် လိုအပ်နေပြီး စွမ်းဆောင်ရည် ရှိသော လက်ထောက် တစ်ဦး ရှာဖွေနေရသည်။ ဖိုးဉာဏ်ကျယ်က သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။
ဖိုးဉာဏ်ကျယ်က သူ့ဆရာ၏ ဝိညာဉ်ကောလိပ်သို့ ပြန်လာရန် တောင်းဆိုချက်ကို သဘောတူ လိုက်သင့်သလော။ သူ လွန်ခဲ့သော တစ်နှစ်ကဆိုလျှင် ထိုသို့သော အတွေးမျိုး ဝင်ဖူးသည်။ ကောလိပ်တွင်သာ သူ၏ သုတေသနကို ငြိမ်းချမ်းစွာဖြင့် ပြုလုပ် နိုင်ပေမည်။
သို့သော် ယခုတော့ သူ ထာဝရတိုင်းပြည်မှ ထွက်သွားရန် စဉ်းစားကြည့်သည့် အခါတွင် ခေါင်းထဲ ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရသည်။
ဖိုးဉာဏ်ကျယ် သူ၏ အစီအစဉ်မကျသည့် အတွေးများကို ဖယ်ရှားရန် ခေါင်းခါလိုက်ပြီး အလုပ်ကိုသာ ဆက်လုပ်နေတော့သည်။ သူက သတိလစ်နေသော ပင့်ကူဘုရင်မ တစ်ကောင်ကို ပင့်ကူဂူ အထဲသို့ ပစ်ချလိုက်သည်။
သူ နောက်ထပ် ပင့်ကူဂူ တစ်ခု ဖန်တီးလိုက်လေပြီ။
...
ပက်ထရစ်စတားမှာ အလွန် အလုပ်ရှုပ် နေခဲ့သည်။ သူက အင်တာဗျူးများ ပြုလုပ်ရန် ထာဝရတိုင်းပြည်တွင် အချိန်တော်တော် ကုန်ခဲ့ရသည်။ အရှင်ရှားလော့ခ်နှင့် ရင်းနှီးသော ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်ရန် သူ တော်တော်လေး ဆင်းရဲ သွားခဲ့သည်။ သို့သော် ဤသည်က သူ၏ ပျော်ရွှင်မှုနှင့် စိတ်အားထက်သန်မှုကိုတော့ မလျော့ကျ သွားစေခဲ့ပေ။ လတ်တလော ထာဝရတိုင်းပြည်တွင် စိတ်လှုပ်ရှားဖွယ် သတင်းကောင်း များစွာ ရှိနေသည်။
[အော့ခ် တစ်ဦးက ခြေလက်များ ဖြတ်တောက်ခြင်း ခံခဲ့ရသော်လည်း အဘယ်ကြောင့် ပျော်ရွှင်စွာ ရယ်မော နေနိုင်သနည်း။ ၎င်းမှာ နိုးထခြင်း၏ လက္ခဏာ တစ်ခုလား သို့မဟုတ် လူ့အဖွဲ့အစည်း ပြိုကွဲစ ပြုလာခြင်းလား။]
[ပွဲချင်းပြီးသေ ဆေးရုံမှ သူတို့က ထာဝရတိုင်းပြည်မှ နေထိုင်သူများ၏ စိတ်ပိုင်းဆိုင်ရာ ရောဂါကို မကုသ ပေးနိုင်ကြောင်း ဖော်ထုတ် ပြောဆိုခဲ့သည်။ အကြီးတန်း သမားတော်က ဆို၏။ "ဒါက ဆေးဘက်ဆိုင်ရာ ပြဿနာ မဟုတ်ဘူး။ ငါတို့က သူတို့ရဲ့ ပြဿနာ ရှိတဲ့ ဦးနှောက်တွေကို ခွဲစိတ် ဖယ်ထုတ်ခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ရက်ကျ သူတို့ ပျော်ပျော်ကြီး ပြန်ရောက်လာပြီး ထပ်ကုသပေးဖို့ လာတောင်းဆိုကြ... ငါ့ကို လွှတ်။ ငါ မရူးနေဘူး။ ငါ့ ဦးနှောက်ကို မခွဲစိတ်ကြနဲ့။" (ကူညီပါဦး၊ တစ်ယောက်ယောက် သူ့ကို လာထိန်းထားလိုက်ပါ။ အကြီးတန်း သမားတော် ရူးသွားပြီဗျ။ သူ့ အသက် ကယ်နိုင်အောင် ဦးနှောက် ဖယ်ထုတ်ရေး ခွဲစိတ်မှု ပြင်ထားလိုက်ပါ။)]
ဤအရည်အသွေးမြင့် သတင်းကိုလည်း ပက်ထရစ်စတား ထာဝရတိုင်းပြည်ကို သွားရောက် လေ့လာတုန်းက ရေးသားခဲ့ခြင်း ဖြစ်၏။ ဤသတင်းမှာ မြေအောက်လောက နေထိုင်သူများ ကြားတွင် အလွန် လူကြိုက်များခဲ့သည်။ ပက်ထရစ်စတားက မြောက်ပိုင်း မြေအောက်လောကတွင် အထင်ရှားဆုံးနှင့် စွမ်းဆောင်ရည် အရှိဆုံး သတင်းထောက် တစ်ဦး ဖြစ်လာသည်။
ပက်ထရစ်စတားက ကျော်ကြားမှု နှင့် ငွေကို စိတ်မဝင်စားပေ။ သူ၏ ဉာဏ်အလင်း ရအပြီးတွင် သူ၏ ဘဝရည်မှန်းချက်မှာ အဓိပ္ပာယ် ရှိသော သတင်းများကို သတင်းပို့ တင်ဆက်နိုင်ရန်ပင်။
ထာဝရတိုင်းပြည်နှင့် ပတ်သက်သည့် သတင်းတစ်ပုဒ် ကြားနေရသည်။ ဂိုဘလင် များစွာ နေ့ချင်းညချင်း ထာဝရတိုင်းပြည်ထဲ ရောက်လာကြသည်။ အရှင်ရှားလော့ခ်က ထိုဂိုဘလင်များကို မည်သို့မည်ပုံ စုဆောင်း ခဲ့သည်ကိုတော့ မည်သူမျှ မသိကြပေ။ မြောက်ပိုင်း မြေအောက်လောကရှိ ဂိုဘလင်များ အားလုံးအား သူက အလုပ်ခန့် ထားလိုက်ပုံ ရ၏။ ပက်ထရစ်စတားက ဂိုဘလင်သမဂ္ဂနှင့် ပူးပေါင်း စစ်ဆေး ခဲ့ကြည့်သေးသော်လည်း အရှင်ရှားလော့ခ်က ထိုဂိုဘလင်များအား မည်သည့်နေရာမှ ရှာဖွေလာခဲ့သည် ဆိုသော မှတ်တမ်းမှတ်ရာများ မရှိနေပေ။
ပက်ထရစ်စတားက အင်တာဗျူးကြေး ပေး၍ ဤကိစ္စရပ်အကြောင်း မေးမြန်းကြည့်ရာ အရှင်ရှားလော့ခ် ပြန်ဖြေပေးသည်။ "ဒါက မေးသင့်မေးထိုက်တဲ့ မေးခွန်းတစ်ခုပဲ။ ငါ့ ဂိုဘလင်တွေက မြောက်ပိုင်း မြေအောက်လောက လာကြတာ မဟုတ်ဘူးလို့ ငါ မင်းကို အာမခံ ပေးနိုင်တယ်။ သူတို့က တရားမဝင် ဒါမှမဟုတ် သူတို့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး စုဆောင်း ခံခဲ့ခဲ့ရတာလည်း မဟုတ်ဘူး။ မင်းက ဂိုဘလင် တစ်ယောက်ယောက်ကို ကျပန်းရွေးပြီး သူတို့ ပျော်၊ မပျော်ကို မေးကြည့်နိုင်တယ်။ ငါ့ ဒန်ဂျင်စီမံခန့်ခွဲမှုက တရားဝင်ပြီး ကိုယ်ချင်းစာတရား ရှိတယ်။ ငါက အထက်တန်းစား နတ်ဆိုး တစ်ပါး ဖြစ်ပေမဲ့ အဆိုးမမြင်ကြနဲ့။ ငါက စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတဲ့ နတ်ဆိုး တစ်ပါးပါ။"
ထိုအရာမှာ အရှင်ရှားလော့ခ် ဖြေကြားခဲ့သော အရာပင်။
ပက်ထရစ်စတားက ထိုဂိုဘလင်များကို အင်တာဗျူးကြည့်ရန် သွားရှာသော အခါတွင်လည်း သူတို့က အမှန်ပင် ပျော်နေကြသည်။
"ဘာလဲ။ မင်းက ငါတို့ကို တရားမဝင် အလုပ်သမားတွေလားလို့ မေးနေတာလား။ ဟုတ်တယ်လေ၊ ငါတိုေက..."
ထိုဂိုဘလင်က စကားမဆုံးမီမှာပင် မြေပြင်ပေါ်သို့ လဲကျသွားပြီး အိပ်စက်သွားသည်။
တခြား ဂိုဘလင်များက ထိုအခြေအနေကို မြင်လိုက်ရသည်နှင့် သူတို့က ပက်ထရစ်စတားအား လေးနက်စွာ ပြန်ပြောလိုက်ကြသည်။ "တရားမဝင် အလုပ်သမားတွေတဲ့လား။ မင်း လာနောက်နေတာလား။ ငါတို့က ဘယ်လိုလုပ် တရားမဝင် အလုပ်သမားတွေ ဖြစ်နိုင်မှာလဲ။ ငါတို့က တရားမဝင် အလုပ်သမားတွေ မဟုတ်ဘူးနော်။ ငါတို့က ထာဝရတိုင်းပြည်ကို တရားဝင် လာခဲ့ကြတာ။ ကောလာဟလတွေကို နားယောင်ပြီး သွားပုပ်လေလွင့် လျှောက်လျှောက် မပြောနဲ့။ ငါ၊ ဂျီယာဘန်ယင်း သေဆုံးရမယ်ဆိုရင် ငါ့ ချစ်လှစွာသော ထာဝရတိုင်းပြည်မှာပဲ သေဆုံးလိမ့်မယ်။"
ပက်ထရစ်စတားမှာ ထိုကိစ္စကို သေချာပေါက် သတင်းပို့ ပေလိမ့်မည်။ သူက ဤခေါင်းစဉ်ဖြင့် သတင်းရေးသားရန် ဆုံးဖြတ်လိုက်သည် -
[ဂိုဘလင် ရာပေါင်း များစွာ ပျော်ပျော်ရွှင်ရွှင် အလုပ်,လုပ် နေကြသည်။ သူတို့ ဤမျှ စိတ်အားထက်သန်မှု ရှိနေစေရန် မည်သို့သော အကျိုးကျေးဇူးများ ပေးထားသနည်း။ ငါတို့ မယုံနိုင်ဖွယ်ရာ ထာဝရတိုင်းပြည်ကို လေ့လာကြည့်ကြစို့။]
ပက်ထရစ်စတားက သူ၏ သတင်းခေါင်းစဉ်မှာ စာဖတ်သူများအား ဆွဲဆောင်နိုင်မည်ကို သိနေသည်။ ခေတ်စနစ်ကြီးက ခက်ခဲပြီး အကျိုးကျေးဇူးကောင်းများ ရှိသော အလုပ်တစ်ခု ရှာဖွေနိုင်ရန်မှာ မလွယ်ကူ ခဲ့ပေ။ အကယ်၍ ထာဝရတိုင်းပြည်ကသာ အကျိုးကျေးဇူးကောင်းများ ပေးအပ် နေခဲ့ပါက စာဖတ်သူများမှာလည်း ထာဝရတိုင်းပြည်တွင် ဝင်အလုပ်လုပ်ရန် စိတ်ဝင်စား ကြပေလိမ့်မည်။
ပက်ထရစ်စတား ပြန်လာပြီး သတင်းအစီရင်ခံစာကို တည်းဖြတ်ရန် ပြင်လိုက်စဉ် အော့ခ် တစ်ဦးက လူအုပ်ထဲမှ ထွက်လာပြီး သူ့အား အော်ပြော လိုက်သည်။ "မင်း။ မင်း ဒီကို တစ်ချက်လာခဲ့နိုင်မလား။ ငါ့ သူဌေးက မင်းကို ရှာနေတယ်။"