ဤကိစ္စကို ခွင့်မလွှတ်နိုင်ပေ
Vol. 37 Ch. 547
ဤသည်မှာ ထာဝရတိုင်းပြည်မှ စစ်သည်တော်များဘက်မှ ပက်ထရစ်စတားကို လာရှာဖွေသည့် ပထမဆုံးအကြိမ် ဖြစ်၏။ သူက သူတို့ အဘယ်ကြောင့် သူ့ကို ရှာဖွေနေကြသည်ကို သိချင် နေခဲ့သည်။
သူက ထိုစစ်သည်တော် နှင့်အတူ ထာဝရတိုင်းပြည်ရှိ အဆောက်အအုံ တစ်ခု ဆီသို့ လိုက်သွားသည်။ အဆောက်အအုံ အပြင်ဘက်တွင်တော့ ထူးဆန်းသော ပုံများနှင့် "ချန်အန်းမြို့" ဟူသော စာလုံးများ ပါဝင်သော ဆိုင်းဘုတ်ကြီး တစ်ခု ရှိနေသည်။
၎င်းမှာ ချန်အန်းမြို့ဟု ခေါ်သော အစည်းအရုံး၏ နယ်မြေ ဖြစ်၏။ ပက်ထရစ်စတားက ထာဝရတိုင်းပြည်တွင် အစည်းအရုံးများ ရှိနေသည်ကို မသိပေ။ သူက ချန်အန်းမြို့ ဆိုသည်မှာ ထိုအဆောက်အအုံအတွက် နာမည် တစ်ခု သက်သက်သာ ဖြစ်လိမ့်သည်ဟု ထင်ခဲ့သည်။ သူက ထိုအဆောက်အဦး အမည်မှာ အဘယ်ကြောင့် ဤမျှ ထူးဆန်းနေသည်ကို သိချင် နေခဲ့သည်။
ပက်ထရစ်စတားက ချန်အန်းမြို့၏ နယ်မြေအတွင်းသို့ ဝင်ရောက် သွားလိုက်သည်။ တခြား ဂိမ်းမာများမှာ တခြားသူပိုင် နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ခြင်း ခံထားရသော်လည်း ၎င်းမှာ ပက်ထရစ်စတား အတွက်တော့ အကျုံးမဝင်ခဲ့ပေ။
နယ်မြေပိုင်ရှင် ခွင့်ပြုထားသရွေ့ ပက်ထရစ်စတားမှာ အစည်းအရုံး၏ နယ်မြေအတွင်းသို့ အချိန်မရွေး ဝင်ရောက် နိုင်သည်။
ပက်ထရစ်စတားမှာ ဂိမ်းမာ တစ်ဦးနှင့် ခုနလေးတင်ကမှ အင်တာဗျူး ပြီးခဲ့ရာ ဒုတိယအကြိမ် အင်တာဗျူးနိုင်မည့် အခွင့်အရေးကိုလည်း လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။ အဆောက်အအုံမှာ အလွန် ခမ်းနားပြီး အထဲတွင် အဖွဲ့ဝင် များစွာ ရှိနေကြသည်။ ပက်ထရစ်စတားမှာ ၎င်းမှာ ရုံးကြီး တစ်ခု၊ ထာဝရတိုင်းပြည်ရှိ အရေးကြီး အဖွဲ့အစည်း တစ်ခု ဖြစ်လိမ့်သည်ဟု ယူဆလိုက်သည်။
သူက နေရာအနှံ့ ပြန့်ကျဲနေသော ပရိဘောဂများနှင့် ပျားအုံကဲ့သို့သော အခန်း တစ်ခုကို လှမ်းတွေ့နိုင်လိုက်သည်။ သူက ထိုမျှခမ်းနားသော အဆောက်အအုံ တစ်ခုထဲတွင် ဤမျှ ပရမ်းပတာဆန်ပြီး ညစ်ပတ်ပေရေနေသော အတွင်းပိုင်းအခန်း တစ်ခု ရှိနေ လိမ့်မည်ဟု မမျှော်လင့် ထားပေ။ ဝင်ပေါက်တွင် ထားထားသော အိုးတစ်လုံးမှာ အနံ့ဆိုးများ ထွက်နေပြီး အိုးထဲရှိ ရေမှာ အနက်ရောင်ပင် ဖြစ်နေလေပြီ။ ရေအိုးထဲမှ ရေဖြင့် မျက်နှာသစ်ရန် ထလာသော အဖွဲ့ဝင်များလည်း ရှိနေကြသည်။ ပက်ထရစ်စတားမှာ ပျို့တက်သွားတော့သည်။
ဤသည်မှာ သူရဲကောင်း အစစ်အမှန်များ၏ နေရာ တစ်ခု ဖြစ်၏။ ထာဝရတိုင်းပြည်ထဲတွင် ရစ်ခွေနေသော နဂါးများနှင့် ပုန်းအောင်းနေသော ကျားများ ရှိနေကြသည်။ သူတို့၏ နေထိုင်မှု အခြေအနေများမှာ သာမန် သတ္တဝါများ မနေနိုင်ဘဲ ရဲရင့်သော စစ်သည်တော်များသာ သည်းခံနိုင် ပေလိမ့်မည်။
ပက်ထရစ်စတားမှာ ချန်အန်းမြို့ရှိ စစ်သည်တော်များကို လုံးဝ လေးစား သွားသည်။ သူက သူ၏ လေးစားမှုကို ဖော်ပြရန် စကားလုံးများပင် ရှာမတွေ့တော့ပေ။
သူက မာနာမှတ်တမ်းတင် ကိရိယာကို ထုတိကာ ပုံများ စရိုက်ကူးလိုက်သည်။ အချိန်နည်းနည်း ကြာပြီးနောက်မှ သူက ပိုင်ရှင်ထံမှ ခွင့်ပြုချက် မတောင်းရသေးကြောင်း သတိရသွားသည်။ ထို့ကြောင့် သူက ဘေးမှ အော့ခ်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။ "ငါ ဓာတ်ပုံ နည်းနည်းလောက် ရိုက်လို့ ရမလား။"
အော့ခ်မှာ ပက်ထရစ်စတား ထိုသို့ ခွင့်တောင်း လာလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ အော့ခ်က ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ "ရတာပေါ့ကွာ။ မင်း ကြိုက်သလောက်သာ ရိုက်၊ ငါတို့ မင်းကို ခွင့်ပြုတယ်။"
ခွင့်ပြုချက် ရပြီးနောက် ပက်ထရစ်စတားက သူ၏ မာနာမှတ်တမ်းတင် ကိရိယာဖြင့် စရိုက်ကူးလိုက်သည်။ သိပ်မကြာမီ ချန်အန်းမြို့၏ သူဌေး ထွက်လာခဲ့သည်။
၎င်းမှာ အလွန် အရုပ်ဆိုးသော အော့ခ် တစ်ဦး ဖြစ်၏။ အတွေ့အကြုံရှိ ပက်ထရစ်စတားပင်လျှင် ထိုအော့ခ်က အရုပ်ဆိုးလွန်းသည်ဟု ခံစားရသည်။ ဘေးမှ အော့ခ်များမှာမူ အံ့ဩတကြီး ပြောလိုက်ကြသည်။ "အိုး ဘုရားရေ၊ မျက်နှာက တော်တော်လေးကို ဖြောင့်တာပဲ။"
"သူဌေးကြီးက ခန့်ညားတယ်။"
"မင်းမှာ မျက်နှာမော်ဒယ် အတွက် ပုံစံခွက် ရှိလား။ ငါရော မင်းလို မျက်နှာပေါက် လိုချင်တယ်။"
ပက်ထရစ်စတားမှာ သူတို့ ဘာပြောနေကြသည်ကို နားမလည်သော်လည်း ထိုဂိမ်းမာများ သူတို့၏ သူဌေးကို ချီးမွမ်းနေကြသည် ဆိုတာကိုတော့ သူ သိနိုင်ခဲ့သည်။
ဤနေထိုင်သူ နိုင်ငံသားများ၏ အလှအပတန်ဖိုးမှာ မြေအောက်လောကနှင့် အဘယ်ကြောင့် ဤမျှတောင် ကွာခြား နေရသနည်း။
ပက်ထရစ်စတားမှာ ဤမေးခွန်းအကြောင်း မစဉ်းစားမိဘဲ မနေနိုင်ပေ။ ထိုအရုပ်ဆိုးသော အော့ခ်က လက်ဆန့်တန်းကာ ပြောလိုက်သည်။ "ချန်အန်းမြို့ရဲ့ ခံတပ်ကနေ ကြိုဆိုပါတယ်။ ငါက ဥက္ကဌ၊ လျှို့ဝှက် လူသားပါ။"
"နာမည် မိတ်ဆက်ပေးပါလား။ မင်းက ငါ့ကို အစီရင်ခံစာ တစ်ခု ရေးခိုင်းချင်တယ်လို့တော့ ငါ သိထားတယ်။ အစီရင်ခံစာ တစ်ခုကို အမည်မဖော်ဘဲ ရေးနိုင်တယ် ဆိုတာတော့ ငါလည်း သိပါတယ်၊ ဒါပေမဲ့ ငါ လူချင်း တွေ့ဆုံမေးမြန်းမှု လုပ်တုန်းမှာတော့ အချင်းချင်း နာမည် သိထားချင်လို့ပါ။" ပက်ထရစ်စတားက ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
"ငါ မင်းကို မိတ်ဆက် ပေးထားတယ်လေ၊ ငါ့ နာမည်ကိုက လျှို့ဝှက် လူသားပါ။" အော့ခ်ကပြုံးကာ သူ၏ နာမည်ကို ထပ်ပြောလိုက်သည်။
ပက်ထရစ်စတားမှာ သဘောပေါက်သွားခဲ့သည်။ လျှို့ဝှက် လူသား ဆိုသည်က သူ၏ အထောက်အထားကို ဖုံးကွယ်ရန် သုံးထားသည့် အမည်ပြောင် တစ်ခု မဟုတ်ပေ။ အော့ခ်၏ နာမည်ကိုက လျှို့ဝှက် လူသား ပင်။ ပက်ထရစ်စတားမှာ ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ၎င်းက သူ့ အင်တာဗျူးကိုတော့ အနှောင့်အယှက် မဖြစ်စေခဲ့ပေ။
လျှို့ဝှက် လူသားမှာ အမ်ပီစီ တစ်ယောက်တွင် ထိုမျှသော အားကောင်းသော သတိပြုစွမ်းရည် ရှိနေလိမ့်မည်ဟု မမျှော်လင့် ထားသဖြင့် အံ့ဩသွားသည်။
"သတင်းထောက် ပက်ထရစ်စတား၊ ကျေးဇူးပြုပြီး ငါတို့နောက် လိုက်ခဲ့ပေးပါ။ ငါတို့က အဖွဲ့ဝင်တွေ စုဆောင်းချင်တယ်၊ ဒါကြောင့် ငါတို့အကြောင်း လူသိများလာအောင် လုပ်ဖို့ မင်း အကူအညီ လိုလို့ပါ။" လျှို့ဝှက် လူသားက ပက်ထရစ်စတားကို အိမ်ထဲသို့ ဦးဆောင် ခေါ်သွားရင်း ပြောလိုက်သည်။
ပက်ထရစ်စတားက စားပွဲ တစ်ခုဆီသို့ ရောက်သွားပြီး ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။ သူက မျက်မှောင် ကြုတ်ကာ ပြန်ပြောလိုက်သည်။ "ထာဝရတိုင်းပြည်က ဝန်ထမ်းသစ်တွေ စုဆောင်း နေတာလား။ ပြဿနာ မရှိပါဘူးဗျာ။ အရှင်ရှားလော့ခ်က ဘာလိုအပ်လို့လဲ။ ငါတို့ အရှင်ရှားလော့ခ်အတွက် အကောင်းဆုံး အရာတွေ ထောက်ပံ့ ပေးပါ့မယ်။"
"အရှင်ရှားလော့ခ်က စုဆောင်းနေတာ မဟုတ်ဘူး။ ငါတို့ရဲ့ အစည်းအရုံး၊ ချန်အန်းမြို့က အဖွဲ့ဝင်တွေ စုဆောင်း နေတာ။" လျှို့ဝှက် လူသားက ပက်ထရစ်စတားအား ပြောလိုက်သည်။
"နေပါဦး၊ မင်း ချန်အန်းမြို့ အစည်းအရုံးလို့ ပြောလိုက်တာလား။"
ပက်ထရစ်စတားမှာ သတိဝင်သွားသည်။ သူတို့က ထာဝရတိုင်းပြည်မှ အဖွဲ့ဝင်များ ဖြစ်ကြ၏။ အရှင်ရှားလော့ခ်၏ အမိန့်မရှိဘဲ သူတို့က တခြား အဖွဲ့ဝင်များကို မည်သို့ စုဆောင်း နိုင်ကြမည်နည်း။ တစ်ခုတည်းသော ရှင်းပြချက်မှာ သူတို့ ထာဝရတိုင်းပြည်မှ ခွဲထွက် လိုနေကြခြင်းပင်။
သူတို့က ပုန်ကန်ပြီး ထွက်ပြေးကြတော့မို့လား။ သူတို့က အလုပ်က နုတ်ထွက်ပြီး အပြင် ထွက်သွားကြမှာလား။ ပက်ထရစ်စတားမှာ တိတိကျကျ သေချာ မသိသော်လည်း သူက မည်သည့် ဒန်ဂျင်အရှင်ကမျှ သူတို့၏ ဝန်ထမ်းများ နုတ်ထွက်ခြင်း သို့မဟုတ် ပုန်ကန်ခြင်းကို မလိုလားကြောင်းကိုတော့ သိနေသည်။
ပက်ထရစ်စတားမှာ ကန့်ကွက်လို ခဲ့သော်လည်း ပတ်ဝန်းကျင်မှ ခက်ထန် အရုပ်ဆိုးသော အော့ခ်များကို တစ်ချက် ကြည့်လိုက်သည့် အခါ...
ပက်ထရစ်စတားက သူတို့၏ တောင်းဆိုချက်များကို လိုက်လျောပေးရန် ဆုံးဖြတ်လိုက်သည်။ သူ ထိုနေရာမှ ဘေးကင်းစွာဖြင့် ပြန်ထွက်ခွာနိုင်သည့် အခါမှသာ အရှင်ရှားလော့ခ်အား သူတို့၏ ပုန်ကန်မှု အကြောင်း သတင်းပေး ပေလိမ့်မည်။
"ဟုတ်ပါတယ်။ ငါတို့ မြို့တံတိုင်းတွေနဲ့ ခံတပ်တွေ တည်ဆောက် ပေးနိုင်တဲ့ ပရော်ဖက်ရှင်နယ် စစ်သည်တော်တွေနဲ့ ဆောက်လုပ်ရေး လုပ်သားတွေ လိုချင်တယ်။ ငါတို့က စွမ်းဆောင်ရည် ကောင်းကောင်းရှိတဲ့ ပန်းပဲဆရာ တစ်ယောက်လည်း လိုတယ်။ အဲ့ဒီသူက ဒဏ္ဍာရီအဆင့် လိမ္မော်ရောင် ပစ္စည်း ကိရိယာတွေ ထုလုပ် ပေးနိုင်ရမယ်။"
ပက်ထရစ်စတားမှာ စိတ်လေးသွားခဲ့သည်။
သူတို့က စစ်သည်တော်များ၊ ခံတပ်များနှင့် ပစ္စည်း ကိရိယာများ လိုချင်နေကြသည်။ ၎င်းမှာ ပုန်ကန်မှု တစ်ခုသာ ဖြစ်ရတော့မည်။
ယခင်က ပက်ထရစ်စတားမှာ သံသယများသာ ရှိနေခဲ့သည်။ ယခုတော့ သူက ဤသတ္တဝါများ ပုန်ကန်ရန် စီစဉ်နေကြောင်း သေချာသွားလေပြီ။
ပက်ထရစ်စတားမှာ အရှင်ရှားလော့ခ်အား အလျင်အမြန် အကြောင်းကြားနိုင်ရန် ဘေးကင်းစွာဖြင့် ပြန်ထွက်ခွာ ချင်နေလေပြီ။
...
"ဒါက ဒီလိုပါ အရှင်ရှားလော့ခ်။ အရှင့် နိုင်ငံသား လျှို့ဝှက် လူသားနဲ့ သူ့အဖွဲ့ဝင်တွေက ပုန်ကန် နေကြပါတယ်။"
လျှို့ဝှက် လူသား၏ တောင်းဆိုချက်များကို လိုက်လျောပြီး သူ၏ ဝန်ထမ်းစုဆောင်းရေး ကြော်ငြာများကို ထုတ်ဝေပေးရန် ကတိပေးပြီး နောက်တွင် ပက်ထရစ်စတားက ချန်အန်းမြို့ ခံတပ်မှ ပြန်ထွက်ခွာ လာနိုင်ခဲ့သည်။ သူက ချက်ချင်းဆိုသလို ဒန်ဂျင်အရှင် ခန်းမဆောင်သို့ အလျင်အမြန် သွားပြီး ရှားလော့ခ်အား ထိုပုန်ကန်မှုအကြောင်း တိုင်ကြားလိုက်သည်။
"လျှို့ဝှက် လူသားတဲ့လား။" ရှားလော့ခ်က ပက်ထရစ်စတား စကားဆုံးသွားနောက် မေးလိုက်သည်။ သူက "လျှို့ဝှက် လူသား"ဟု ခေါ်သော ဂိမ်းမာ တစ်ဦး ရှိ၊ မရှိကို သေချာ မမှတ်မိပေ။ သူတို့၏ နာမည်များကို မှတ်သားထားရန် ဂိမ်းမာများ အလွန် များပြား နေခဲ့သည်။
"ချန်အန်းမြို့ အစည်းအရုံးရဲ့ ဥက္ကဌတဲ့။ သူကတော့ အဲ့လို ပြောခဲ့တာပဲ။ သူ့ပုံစံက ဒီလိုပါ။"
ပက်ထရစ်စတားက အဒါမန်တိုင်း ကျောက်ဝိုင်းတုံး တစ်တုံးကို ထုတ်ယူကာ မာနာစွမ်းအင် သွင်းလိုက်သည်။ ကျောက်တုံးမှ ပုံရိပ် တစ်ခု ထွက်ပေါ်လာပြီး ၎င်းက အော့ခ်အုပ်စု တစ်စုနှင့် အရပ်ပုပု ဂနိုမ်း ပက်ထရစ်စတားကို ဖော်ပြလိုက်သည်။
ပက်ထရစ်စတားက ဆိုဖာ တစ်ခု ပေါ်တွင် ထိုင်နေပြီး အော့ခ်များက သူ့ နောက်တွင် ရပ်နေကြသည်။ ပက်ထရစ်စတား၏က အရေပြားမှာ ယှဉ်ကြည့်လျှင် ပိုဖြူနေသယောင်ပင်။ (ဘာနဲ့တူနေလဲ သိတဲ့သူ ဆရာကြီးပဲ)
"အဲ့ဒါက လျှို့ဝှက် လူသားပဲ။"
ပက်ထရစ်စတားမှာ အရှင်ရှားလော့ခ်က လျှို့ဝှက် လူသားကို မမှတ်မိမည် စိုးသောကြောင့် အော့ခ် တစ်ဦးကို ထောက်ပြ လိုက်သည်။ ထို့နောက် ပက်ထရစ်စတားက ဆက်ပြောလိုက်သည်။ "အဲ့ထဲက အရုပ်အဆိုးဆုံး အော့ခ်က လျှို့ဝှက် လူသားပဲ။"
"ဘာဖြစ်လို့ ဒီဓာတ်ပုံက အရမ်း ထူးဆန်းနေတာလဲ။" ဘရုက ဇဝေဇဝါဖြင့် ရှားလော့ခ်အား ပြောလိုက်သည်။
"ဘာမှားနေလို့လဲ။" ရှားလော့ခ်က မေးလိုက်သည်။
"ဓာတ်ပုံက ပြဿနာ မဟုတ်ဘူး၊ ဒါပေမဲ့... ဒါက အရမ်း ထူးဆန်းနေတယ်။ ကျွန်တော် မပြောပြတတ်ဘူး။"
ဘရုမှာ ဝေဝေဝါးဝါး ဖြစ်နေခဲ့ပြီး ရှားလော့ခ်မှာလည်း ထပ်မမေးနေတော့ပေ။
၎င်းက ပြဿနာကြီး တစ်ခု ဖြစ်၏။ ဂိမ်းမာများက အရှင်ရှားလော့ခ်၏ လုပ်ပိုင်ခွင့်ကို ကျော်ကာ ဝန်ထမ်းများ စုဆောင်း ယူတော့မည်။
ထိုအရာကို ခွင့်မလွှတ်နိုင်ပေ။