နယ်မြေငှားရမ်းခြင်း
Vol. 37 Ch. 548
"ထာဝရတိုင်းပြည်၏ အကျပ်အတည်း၊ ချန်အန်းမြို့ အစည်းအရုံး ပုန်ကန်နေသလော။"
ထိုအရာမှာ နောက်နေ့ထွက် သတင်းစာ၏ ခေါင်းကြီးပိုင်း ဖြစ်၏။
ဆောင်းတောင်ကုန်းမြို့ သတင်းစာများမှာ ရောင်းအားကောင်း နေခဲ့ကြသည်။ ဆောင်းတောင်ကုန်းမြို့ နေထိုင်သူများ အတွက် ထာဝရတိုင်းပြည်နှင့် ပတ်သက်သမျှ သတင်းတိုင်းမှာ အလွန် လူကြိုက်များကြသည်။ ထာဝရတိုင်းပြည် သို့မဟုတ် အရှင်ရှားလော့ခ်နှင့် သက်ဆိုင်သော မည်သည့် သတင်းမဆို လျှင်လျှင်မြန်မြန်ဖြင့် ရောင်းထွက်နိုင်သည်။
ဆောင်းတောင်ကုန်းမြို့ နေထိုင်သူများသာလျှင် သတင်းစာများ ဝယ်ယူ ဖတ်ရှုနေကြခြင်း မဟုတ်ပေ။ ထာဝရတိုင်းပြည်မှ စစ်သည်တော်များ တွင်လည်း သတင်းစာ မိတ္တူများ ရှိနေကြသည်။
"ဒီသတင်းက စိတ်ဝင်စားစရာပဲ။ အမ်ပီစီတွေက ဂိမ်းမာတွေ အကြောင်း သတင်းပို့နိုင်တာလား။" ဆယ်ဗားနပ်စ်က သတင်းစာကို ချလိုက်ရင်း ခပ်ထေ့ထေ့ ပြုံးကာ ပြောလိုက်သည်။ ချန်အန်းမြို့နှင့် ပတ်သက်သည့် ဤသတင်းမှာ ချီးမွမ်းနေခြင်း မဟုတ်ဘဲ ဂိမ်းအရာရှိများထံမှ ဝေဖန်မှု တစ်ခု ဖြစ်ကြောင်း လူတိုင်း သိကြသည်။
အပ်ဒိတ် ကြေညာချက်ထဲတွင် ဂိမ်းမာများက ကိုယ်ပိုင် နယ်မြေကို ဖန်တီးပြီး ဝန်ထမ်းများကို စုဆောင်း ခန့်အပ်လိုသည့်အခါ အရှင်ရှားလော့ခ် သို့မဟုတ် ဘုရင်မ ဗစ်တိုးရီးယားထံမှ ခွင့်ပြုချက် ရယူ ရမည် ဖြစ်ကြောင်း အသေးစိတ် ဖော်ပြ ထားသည်။ ထို့နောက် အရှင်ရှားလော့ခ်နှင့် ဘုရင်မ ဗစ်တိုးရီးယားတို့က သူတို့အား ဝန်ထမ်းများ စုဆောင်းနိုင်ရန် ကူညီပေး ပေလိမ့်မည်။ ဝန်ထမ်းများ၏ လစာကိုလည်း ဂိမ်းမာများက ပေးချေ ရမည် ဖြစ်ပြီး ဒန်ဂျင်အရှင်များထံ ပေးချေရမည့် အခကြေးငွေများ ကိစ္စလည်း ပါဝင်သေးသည်။
ချန်အန်းမြို့ အစည်းအရုံးမှာ ငွေချွေတာလိုခြင်း သို့မဟုတ် ထာဝရတိုင်းပြည်မှ ခွင့်ပြုပေးထားသော ဝန်ထမ်းစာရင်း အပေါ် မကျေမနပ် ဖြစ်နေခြင်း တို့ကြောင့် ထိုသို့ ပြုလာခြင်း ဖြစ်ရမည်။ သူတို့က အရှင်ရှားလော့ခ်ကို ကျော်ကာ ပက်ထရစ်စတားကို မိမိသဘောဖြင့် ဆက်သွယ်ပြီး ဝန်ထမ်း အလုပ်ခေါ်လွှာ ကြေညာစောင် တစ်စောင် ထုတ်ဝေခဲ့ကြသည်။
အကယ်၍ တခြား အွန်လိုင်းဂိမ်းများသာ ဖြစ်ခဲ့ပါက စည်းမျဉ်းများကို အသေသတ်မှတ်ထားခြင်း ဖြစ်သောကြောင့် ၎င်းက မဖြစ်နိုင်ပေ။ သို့သော် ဤခေတ်လွန်ဂိမ်းတွင်တော့ ဂိမ်းမာများက စည်းမျဉ်းများကို လှည့်စားပြီး စည်းကမ်း ဖောက်ကာ သူတို့ဆန္ဒရှိသည်ကို လုပ်နိုင်ပေသည်။
၎င်းမှာ အစည်းအရုံး၏ အကျိုးမဲ့သည့် ကြိုးပမ်းမှု ဖြစ်ခဲ့ရပြီး သူတို့ကို အရှင်ရှားလော့ခ်က ပုန်ကန်သူများအဖြစ် သတ်မှတ်ခြင်းသာ ခံခဲ့ရသည်။ အရှင်ရှားလော့ခ်က ချန်အန်းမြို့မှ အဖွဲ့ဝင်များနှင့် တွေ့သည့်အခါ သူ သူတို့နှင့် စကားမပြောပေ။ သူတို့ကို ရှုံ့ချသည့် အကြည့်ဖြင့်ပင် ကြည့်ခဲ့သေးသည်။
အစည်းအရုံးမှ အဖွဲ့ဝင်များမှာ တခြား နစ်နာသွားသည်တော့ မရှိဘဲ သူတို့၏ နေ့စဉ် မစ်ရှင်များကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ပြီး သူတို့၏ ဆုလာဒ်များကိုလည်း ရနေသေးသည်။ သို့သော် အရှင်ရှားလော့ခ်ထံမှ ထိုသို့သော ဆက်ဆံမှုကို ခံနေရခြင်းမှာ သည်းမခံနိုင်စရာပင်။ အထူးသဖြင့် သူက ဒန်ဂျင်အရှင် ဖြစ်နေသည့် အခါမျိုးတွင် ပိုဆိုး၏။
"သူတို့က တော်တော်လေး ဉာဏ်ပြေးကြတယ်ပဲ။ ငါတောင် သတင်းစာမှာ ကြော်ငြာထည့်ဖို့ မစဉ်းစားမိဘူး။"
ရင်မွှေးမီးလောင်က ချန်အန်းမြို့၏ အကွက်ရွှေ့ပုံကို လေးစားရင်း ခေါင်းညိတ် ပြောလိုက်သည်။ အာသာက တစ်ချက် စဉ်းစားကာ ပြောလိုက်သည်။ "ဒါက အကြံကောင်း ဖြစ်နိုင်လောက်တယ်။ ငါတို့ကျ ဝန်ထမ်း စုဆောင်းရေး အတွက် မကြော်ငြာဘဲ နယ်မြေဝယ်ယူရေး အတွက် ကြော်ငြာရအောင်။"
"နယ်မြေဝယ်ယူရေးလား။ နေပါဦး အာသာ၊ မင်းက တခြားသူတွေရဲ့ နယ်မြေတွေ ဝယ်ဖို့ စဉ်းစား ထားတာလား။ ငါတို့ သက်ပြင်းချ လွင်ပြင်မှာ ကိုယ်ပိုင်နယ်မြေ တည်ဆောက်မယ်လို့ ဆုံးဖြတ်ထားတယ် မလား။" ဘောင်းဘီမဝတ်သူက အံ့ဩတကြီး မေးလိုက်သည်။
ယခင်က ထာဝရတိုင်းပြည် အတွင်း သို့မဟုတ် ဗစ်တိုးရီးယားမြို့ အပြင်ဘက်ရှိ အစည်းအရုံးများ၏ ခံတပ်များကို နယ်မြေများအဖြစ် မယူဆ ထားခဲ့ကြပေ။ ယင်းတို့က အဖွဲ့ဝင်များ ယာယီနေထိုင်ရန် ခိုလှုံရာများ သက်သက်သာ ဖြစ်၏။ နယ်မြေ သတ်မှတ်ခြင်း စနစ်အသစ်တွင်မူ ဂိမ်းမာများက သူတို့၏ ကိုယ်ပိုင် တိုင်းပြည်များ၊ ဥပဒေများ ဖန်တီးနိုင်ပြီး သူတို့၏ ကိုယ်ပိုင် နေထိုင်သူများကိုပင် အစစ်အမှန် နိုင်ငံ တစ်နိုင်ငံ ကဲ့သို့ ရွေးချယ် နိုင်သည်။
၎င်းက ဂိမ်းမာများ လိုချင်ခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်၏။ ဂိမ်းမာများမှာ ထာဝရတိုင်းပြည် သို့မဟုတ် ဗစ်တိုးရီးယားမြို့သို့ အခွန်များ ပေးချေရန်သာ လိုပေလိမ့်မည်။ တခြား အားနည်းချက်များ မရှိပေ။
ဂိမ်းမာများက ဂိမ်းတစ်ခုထဲတွင် ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ အတော်အံ့ဩဖွယ် ကောင်းလှ၏။ ထိပ်တန်း ချမ်းသာသော ဂိမ်းမာ တစ်ဦး ဖြစ်သည့် အာသာက အင်အားနှင့် ဘဏ္ဍာရေးအရ ထိပ်တန်း အစည်းအရုံးဝင် ဖြစ်သော ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို တာဝန်ယူ ထားသည်။ သူက ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို ထာဝရတိုင်းပြည်ထဲ ဆက်နေထားခိုင်းမည် မဟုတ်ပေ။ ထိပ်တန်းအစည်းအရုံး၏ ဥက္ကဌ တစ်ဦး အနေဖြင့် သူက တိုင်းပြည်ကြီး တစ်ခု ဖန်တီးရပေမည်။
သူတို့က တိုင်းပြည် တစ်ခု ဖန်တီးရန် ခွင့်ပြုချက် လျှောက်ခဲ့သည်။
ဂိမ်းမာများက ကိုယ်ပိုင်နယ်မြေကို စိတ်ရှိသလို သတ်မှတ်နိုင်ခြင်းတော့ မရှိပေ။ သို့မဟုတ်ပါက ဂိမ်းမာများ သက်သက်ဖြင့် ဆောင်းတောင်ကုန်းမြို့တွင် ပရမ်းပတာ ဖြစ်သွားလိမ့်မည်။ သူတို့က အရှင်ရှားလော့ခ် သို့မဟုတ် ဘုရင်မ ဗစ်တိုးရီးယားထံသို့ ခွင့်ပြုချက် အရင် လျှောက်ထားရမည်။
လျှောက်လွှာ တင်သွင်းခြင်း စံသတ်မှတ်ချက်များမှာ တင်းကျပ် လှ၏။ အစည်းအရုံးမှာ နယ်မြေ လျှောက်ထားခြင်း မပြုမီ အဖွဲ့ဝင် ၅,၀၀၀ ရှိရမည် ဖြစ်၏။ ဒုတိယအချက် အနေဖြင့် အစည်းအရုံးမှာ များပြားလှသော မှော်ကျောက်တုံးများကို ပေးချေ ရမည် ဖြစ်၏။ ပမာဏမှာ အစည်းအရုံး တစ်ခုစီ၏ နယ်မြေ အရွယ်အစား၊ ဝန်ထမ်းများ ပမာဏနှင့် စုဆောင်းထားသော အမ်ပီစီများ အပေါ်တွင် မူတည် ပေလိမ့်မည်။ အာသာက လျှောက်ထားရန် တစ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ သူ့ တွက်ချက်မှုအရ ပန်းပဲဆရာ၊ အစွမ်းသွင်းသူ၊ မာနာအင်ဂျင်နီယာနှင့် လစ်ခ်ျ တစ်ဦး ငှားရမ်းခမှာ ကြောက်လန့်ဖွယ်ရာ မှော်ကျောက်တုံး ၁၀၀,၀၀၀ ပင် ကုန်ကျ ပေလိမ့်မည်။
မည်သူက ထိုမျှပမာဏကို တတ်နိုင်လိမ့်မည်နည်း။ အစည်းအရုံးဝင် အများစုမှာ ကြေးဒင်္ဂါးများပင် မရှိကြသော ဂိမ်းမာအသစ်များ ဖြစ်ကြ၏။ အကယ်၍ ထိုပမာဏကို အဖွဲ့ဝင် အားလုံးအား ညီတူညီမျှ ခွဲဝေ တာဝန်ယူပါက တစ်ဦးလျှင် မှော်ကျောက်တုံး ၂၀စီ ထုတ်ပေးရလိမ့်မည်။
အာသာပင်လျှင် မှော်ကျောက်တုံး ၁၀၀,၀၀၀အား ပေးချေရန် မတတ်နိုင်ပေ။
အကယ်၍ သူတို့သာ နယ်မြေကို တခြား နည်းလမ်းများဖြင့် ရနိုင်ပါက ယင်းက သူတို့ကို ငွေအချို့ သက်သာ စေပေလိမ့်မည်။ စနစ် ကြေညာချက်ထဲတွင် သူတို့က အမ်ပီစီများကို မိမိကိုယ်တိုင် အလုပ်မခန့်နိုင်ကြောင်းသာ ဖော်ပြထားပြီး နယ်မြေနှင့် ပတ်သက်၍ ဘာမှ မဖော်ပြထားပေ။ အကယ်၍ သူတို့သာ နယ်မြေကို တခြားရင်းမြစ်များမှ ရနိုင်ခဲ့ပါက ၎င်းမှာ အရှင်ရှားလော့ခ်၏ စည်းမျဉ်းများကို ချိုးဖောက် မိလိမ့်မည် မဟုတ်ပေ။
အာသာက ခေါင်းမော့ကာ အစည်းအရုံးဝင်များကို ကြည့်ရင်း ပြောလိုက်သည်။ "ငါတို့ ပက်ထရစ်စတားကို သွားရှာရအောင်။"
...
ပက်ထရစ်စတားမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ၏ အဆက်မပြတ် လိုက်နှောင့်ယှက်ခြင်းကို ခံနေရသည်။ ပက်ထရစ်စတား ကဲ့သို့သော အခြားသော သတင်းထောက်များမှာလည်း ထာဝရတိုင်းပြည်မှ ဂိမ်းမာများ၏ အနှောင့်အယှက် ပေးခြင်းကို ခံနေရသည်။
ဂိမ်းမာများမှာ သတင်းထောက်များအား အောက်ဖော်ပြပါ ကဲ့သို့သော သတင်းဆောင်းပါးများ ထုတ်ပေး စေလိုကြသည် -
"ငါတို့ အစည်းအရုံးက အဖွဲ့ဝင် အသစ်တွေ စုဆောင်း နေတာ၊ ဒါပေမဲ့ ငါတို့က တခြား အစည်းအရုံးတွေနဲ့ ပြိုင်ဆိုင်နေရတယ်။ ဒါကြောင့် ငါတို့ သတင်းဆောင်းပါး တစ်ပုဒ် ထုတ်ဝေချင်တယ်။ ခေါင်းစဉ်က 'စပရင်းဖီးလ် ပန်းပွင့် သူငယ်တန်းကျောင်း လူစုဆောင်းရေး'ပဲ။ ငါတို့မှာ အပတ်စဉ် လစာ၊ အစည်းအရုံး ရန်ပုံငွေ ဒါမှမဟုတ် ချမ်းသာတဲ့ သူဌေးတွေတော့ မရှိဘူး၊ ဒါပေမဲ့ ငါတို့မှာ ချစ်ခြင်းမေတ္တာ၊ ကောင်မလေးတွေနဲ့ ပျော်ရွှင်မှုတွေ ရှိတယ်။ ငါတို့မှာ ဓားနဲ့ မာနာစကြဝဠာရဲ့ စွန့်စားခန်းတွေလည်း ရှိတယ်... ဘာလဲ။ မင်းက ငါ့ကြော်ငြာက အဓိပ္ပာယ် မရှိဘူးလို့ ပြောနေတာလား။ ဒါက ဘယ်လိုလုပ် အဓိပ္ပာယ်မရှိ ဖြစ်နိုင်မှာလဲ။ ဘာလဲ။ မင်း မှော်ကျောက်တုံး တောင်းနေတာလား။ ငါတို့မှာ မှော်ကျောက်တုံးတွေ ဘယ်ရှိမှာတုန်း။ ငါတို့ ရုပ်ကိုလည်း တစ်ချက် ကြည့်ဦး။ အိုက်ယား၊ မင်း ငါ့ကို တွန်းထုတ်နေတာလား။"
ပက်ထရစ်စတားမှာ ပြီးခဲ့သော ရက်အနည်းငယ် အတွင်း ထိုသို့သော ဂိမ်းမာများနှင့်သာ ကြုံနေရသည်။ ဂိမ်းမာများ ထုတ်ဝေလိုသော ဆောင်းပါးများမှာ အဓိပ္ပာယ် မရှိဘဲ သူတို့က မှော်ကျောက်တုံးများလည်း မပေးချေ လိုကြပေ။ ဆောင်းပါးများ ထုတ်ဝေနိုင်ရန် မှော်ကျောက်တုံး ပေးချေရသည်က လုပ်ရိုးလုပ်စဉ် ဖြစ်၏။ ပက်ထရစ်စတားက ထုတ်ဝေရေး စာနယ်ဇင်းတိုက်၏ ပိုင်ရှင် မဟုတ်နေပေ။
သို့သော် အော့ခ် အာသာ ကဲ့သို့သော ကျိုးကြောင်းဆီလျှော်သည့် ထာဝရတိုင်းပြည်မှ စစ်သည်တော်များလည်း ရှိကြသေးသည်။ အာသာကမူ သူ့အား မှော်ကျောက်တုံး ၁၀၀ ပေးကာ ပြောသည်။ "ဒါက ပေါက်ဈေး အခကြေးငွေပဲ။ ငါတို့ ကြော်ငြာ တစ်ခုကို သုံးရက်အတွင်း ဖြန့်ဝေဖို့ လိုနေတယ်။ ကြော်ငြာ ခေါင်းစဉ်က 'ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့က မြေလွတ် ရှာဖွေနေသည်'ဆိုတာပါ။"
မြေလွတ်လား။ ဘာကြီးလဲ။ နယ်မြေတိုးချဲ့မှုက ဒန်ဂျင်အမြုတေ အဆင့်အတိုင်း မဟုတ်ဘူးလား။
ပက်ထရစ်စတားမှာ နားမလည် နိုင်တော့ပေ။ ၎င်းကိစ္စက ထာဝရတိုင်းပြည်နှင့် ပတ်သက်နေသောကြောင့် သူ ပိုသိထားရန် လိုအပ်သည်။
အာသာမှာ အမ်ပီစီ တစ်ဦးက ဤမျှအထိ အသေးစိတ် မေးမြန်း လိမ့်မည်ဟု မထင်ထားပေ။ အာသာက ချန်အန်းမြို့ အဖြစ်အပျက်ကို ခဏပြန် စဉ်းစားပြီး ဖြေလိုက်သည်။ "ငါတို့က ယာယီစခန်း တစ်ခု တည်ဆောက်ချင်လို့ပါ။ ထာဝရတိုင်းပြည်ထဲမှာ လူအရမ်း များလွန်းနေလို့ ငါတို့ ဒန်ဂျင်ထဲမှာ ဆက်နေဖို့ အဆင်မပြေတော့ဘူး။"
ပက်ထရစ်စတား နားလည်သွားသည်။ သူက စခန်း တစ်ခု တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးနှင့် ယင်းက လူဦးရေထူထပ်မှု ပြဿနာကို ဖြေရှင်းပေးနိုင်မည် မနိုင်မည်ကို မသိပေ။ သူ ၎င်းကြော်ငြာကို ထုတ်ဝေရန် အဓိပ္ပာယ်ရှိ၊ မရှိ စဉ်းစားလိုက်သည်။
၎င်းက အရှင်ရှားလော့ခ် အပေါ် ပုန်ကန်မှု တစ်ခု မဟုတ်သလို မှော်ကျောက်တုံးများလည်း ပေးချေထားသဖြင့် ပက်ထရစ်စတားမှာ များများစားစား မစဉ်းစား နေတော့ပေ။
"ငါ နားလည်ပါတယ်။ ငါ မနက်ဖြန် မင်းအတွက် စီစဉ်ပေးထားလိုက်မယ်။ မင်းရဲ့ မြေနေရာ လိုအပ်ချက် ဆိုတာကို အသေးစိတ် ဆွေးနွေးကြတာပေါ့..."
...
"ထိတ်လန့်ဖွယ် သတင်း။ ထာဝရတိုင်းပြည်မှ နေထိုင်သူများ၏ အကျိုးခံစားခွင့်များ ယိုယွင်း ပျက်စီးနေသလော။ စစ်သည်တော် ငါးထောင်က စခန်းနေရာ အသစ် တစ်ခု ရှာဖွေနေကြသည်။ ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ..."
"ကျစ်၊ ဒါက မကောင်းဘူး။ ဂိုဘလင် ရွှေ့ပြောင်းအခြေချမှုက မကျေနပ်မှုတွေ ဖြစ်လာစေလိမ့်မယ်။"
ထာဝရတိုင်းပြည်၏ ဒန်ဂျင်အရှင် ခန်းမဆောင်တွင် ပိုလီယိုက "ဆောင်းတောင်ကုန်းမြို့ နေ့စဉ် အနှစ်ချုပ်" သတင်းစာကို ဖတ်နေသည်။
ထိပ်တန်း ခေါင်းကြီးပိုင်းမှာလည်း နောက်ထပ် ထာဝရတိုင်းပြည်နှင့် သက်ဆိုင်သည့် သတင်းတစ်ပုဒ်ပင်။
"ဘာဖြစ်လို့ သူတို့က ထာဝရတိုင်းပြည်ကို အရမ်း စပ်စုနေကြတာလဲ။ ပုံစံမကျသေးတဲ့ ဂိုဘလင် အသစ်တွေ အများကြီး ရောက်လာကြတယ်လေ။ ဒန်ဂျင် ပရမ်းပတာ ဖြစ်နေတာက ပုံမှန်ပဲ မဟုတ်ဘူးလား။"
ဖီးနစ်က လေထဲတွင် ခပ်မြင့်မြင့် ချိတ်ထားသော ခြေကုပ်တန်းတစ်ခုပေါ် ရပ်ကာ သူ၏ အမွှေးအတောင်များကို သ,လိုက်သည်။ သူက ပိုလီယိုအား ဆက်ပြောလိုက်သည်။ "ပက်ထရစ်စတားက အဓိပ္ပာယ် မရှိတဲ့ ဆောင်းပါးတွေ ရေးနေတာပဲ။ အရှင်ရှားလော့ခ်က စိတ်မကွက်ဘူးလား။"
"မြောင်၊ မြောင်။"
ပိုလီယိုက တခြား သတ္တဝါများ မရှိကြောင်း သေချအောင် ခေါင်းလှည့်ကာ ပတ်ပတ်လည် ကြည့်လိုက်သည်။ အရှင်ရှားလော့ခ် အနားတွင် မရှိနေကြောင်း သေချာမှသာ သူက ဖီးနစ်အား ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါ ပက်ထရစ်စတားက အရှင်ရှားလော့ခ်ကို မှော်ကျောက်တုံးကတ် တစ်ခု ပေးနေတာကို မြင်လိုက်တယ်။ အရှင်ရှားလော့ခ်က မှော်ကျောက်တုံးတွေ ရထားမှတော့ ပက်ထရစ်စတားကို စိတ်ထဲထားတော့မှာ မဟုတ်ဘူး။"
ဖီးနစ်က မျက်ခုံး ပင့်ကာ နားလည်မှု ရှိရှိ ခေါင်းညိတ်လိုက်သည်။
သူတို့ စကားပြောနေစဉ် တံခါးက တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ ဖီးနစ်က သူ၏ ခေါင်းကို ခွေချကာ အိပ်ပျော်ဟန် ဆောင်လိုက်သည်။ ပိုလီယိုကမူ သတင်းစာကို လိပ်ကာ ပါးစပ်ထဲသို့ ညှစ်ထည့်လိုက်သည်။ သို့သော် သူ့ပါးစပ်မှာ သတင်းစာ ဝင်ဆံ့နိုင်ရန် အလွန် သေးငယ် နေသည်။
ဒန်ဂျင်အရှင် ခန်းမဆောင်၏ တံခါး ပွင့်သွားပြီး ဂိမ်းမာများ၏ ဆူညံသံများ ဝင်ရောက် လာသည်။ ဂိမ်းမာထဲမှ အသံတစ်ခုက အားနည်းစွာဖြင့် မေးလိုက်သည်။ "ဒါက ထာဝရတိုင်းပြည်လား။ ငါက မြေငှားရမ်းခြင်း အကြောင်း ဆွေးနွေးဖို့ ဒီကို လာခဲ့တာပါ။ ငါ သတင်းစာထဲက ဆောင်းပါးကို တွေ့လိုက်လို့ပါ..."
ဂနိုမ်း တစ်ဦးက လက်ထဲတွင် ကိုင်ထားသော သတင်းစာကို မြှောက်ပြလိုက်သည်။ ၎င်းမှာ ပိုလီယို ဖတ်ရှုနေသော သတင်းစာနှင့် အတူတူပင်။ ထိုဂနိုမ်း၏ ခေါင်းပေါ်တွင် မည်သည့် အစိမ်းရောင် သင်္ကေတမျှ မရှိနေသဖြင့် ထိုသူက ထာဝရတိုင်းပြည်မှ နိုင်ငံသား တစ်ဦး မဟုတ်ကြောင်း သိသာနေသည်။