ပထမဆုံး တည်ထောင်ခြင်း တာဝန်လား
Vol. 37 Ch. 549
"ကျေးဇူးပြုပြီး လက်ဖက်ရည် သုံးဆောင်ပါဦး မြောင်။"
ပိုလီယိုက သူ၏ သွေးဂန္ဓမာ လက်ဖက်ရည်ကို စိတ်ပျက်လက်ပျက် ဖြစ်နေသော ဂနိုမ်း ရှေ့တွင် ချထားလိုက်ပြီး ဘေးဝင် ထိုင်လိုက်သည်။
"မင်းရဲ့ ဇာတ်လမ်းကို နောက်တစ်ကြိမ် ထပ်ပြောပြလို့ ရမလား။" ဖီးနစ်က ဂနိုမ်းအား လေးလေးနက်နက် ပြောလိုက်သည်။
"ငါ ပြောပြီးပြီလေ။"
ဂနိုမ်းက ခေါင်းမော့ကာ ဖီးနစ်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ ပိုလီယိုက လက်မြှောက်ကာ ပြောလိုက်သည်။ "မြောင်၊ နားလည်မှု မလွဲပါနဲ့၊ ငါတို့ ပြဿနာ ရှာနေတာ မဟုတ်ဘူး။ မင်းရဲ့ ဇာတ်လမ်းက အရမ်း ... မြောင်၊ စိတ်ဓာတ်ကျစရာ ကောင်းတယ်။"
၎င်းမှာ အလွန် စိတ်ဓာတ်ကျစရာ ကောင်းသောကြောင့် ဇာတ်လမ်းကို နှစ်ကြိမ် ထပ်ပြောပြ ခဲ့ရသည်။ ဂနိုမ်းမှာ ဘာကြောင့်လဲ နားမလည်သော်လည်း ထာဝရတိုင်းပြည်သို့ ရောက်နေပြီ ဖြစ်နေသောကြောင့် အကူအညီ တောင်းခံနိုင်ရန် သူတို့ ပြောစကားကို နားထောင်ရ ပေလိမ့်မည်။
ဂနိုမ်း အသက်ပြင်းပြင်း ရှူကာ ထပ်ပြောပြ လိုက်သည်။ "ငါက သာမန် ရွာတစ်ရွာက လယ်ပိုင်ရှင် တစ်ယောက်ရဲ့ မြေးပါ။ မကြာသေးမီကမှ ငါ့ အဘိုးရဲ့ လယ်ထဲကို နတ်ဆိုးဘုရင် မမ်မွန်က ကျူးကျော်ခဲ့တယ်..."
"ဖလူး။"
ဖီးနစ် ထူးဆန်းသော အသံ တစ်ခု ပြုလုပ်လိုက်သည်။
"ဘာဖြစ်တာလဲ။"
ဂနိုမ်းက ပြောလက်စ စကားအား ရပ်လိုက်ကာ ဖီးနစ်ကို ဇဝေဇဝါ ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်၊ ငါ ဝမ်းသာစရာ ကိစ္စတစ်ခုကို စဉ်းစားမိ သွားလို့ပါ။"
"မင်းမိန်းမ ကလေး ရတော့မှာလား။" ပိုလီယိုက ဂနိုမ်း စကားဆက်ပြောရန် ပြင်နေတုန်း ဖြတ်ပြောလိုက်သည်။
"မင်း ဘယ်လို သိနေတာလဲ။ မင်း 'ရေသူမ'ကို ကြည့်ဖူးလို့လား။"
"အင်း။ အရှင်ရှားလော့ခ် ရုပ်ရှင်ကြည့်နေတုန်း ငါ သူ့ နောက်ကနေ ခိုးကြည့်နေခဲ့တာ မြောင်။"
"ငါ့ memeက ဘယ်လိုလဲ။ ငါ အမှတ် ပြည့်ရသလား။"
"မမိုက်ဘူး မြောင်။ ဒါက အရမ်း အပေါ်စားဆန်တယ်။ နောက်တစ်ကြိမ်ကျ ငါလုပ်ပြမှာ ကြည့်ထား မြောင်။"
ဖီးနစ်နှင့် ပိုလီယိုတို့က အချင်းချင်း စကားပြောဆို နေခဲ့ကြသည်။ နောက်ဆုံးတွင်မှ ဖီးနစ်က ဂနိုမ်း ကြောင်တောင်တောင် ဖြစ်နေသည်ကို သတိပြု မိသွားသည်။ သူက အတောင်ပံများကို နှစ်ကြိမ်မျှ ခတ်ကာ ချောင်းခြောက် တစ်ချက် ဆိုးလိုက်ပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ငါတို့ စကားလွဲသွားတယ်။ ကျေးဇူးပြုပြီး မင်းရဲ့ ဇာတ်လမ်းကို ဆက်ပြောပါ။"
ဂနိုမ်းက သူ၏ ဇာတ်လမ်းကို ဆက်ပြောပြလိုက်သည်။
"မမ်မွန်က ငါ့ အဘိုးကို သေအောင် ကျိန်စာ တိုက်ခဲ့တယ်။ ပြီးတော့ သူက ငါ့ အဘိုး ငါ့ အတွက် အမွေထားခဲ့တဲ့ လယ်ကို မရိုးမသား နည်းလမ်းတွေ သုံးပြီး သိမ်းပိုက်ခဲ့တယ်။ လယ်မြေထဲမှာ ရတနာ ပစ္စည်းတွေ မြှုပ်ထားတယ် ဆိုတာ ငါ သိပ်မကြာသေးမီကမှ သိခဲ့ရတာ။ မမ်မွန်က အဲ့ရတနာတွေနောက် လိုက်နေတာပဲ၊ ဒါကြောင့် သူက ငါ့ လယ်မြေကို လိုချင်နေတာ..."
"ဟားဟားဟား။ မြောင်။" ပိုလီယိုက မြေပြင်ပေါ်တွင် လူးလိမ့်ရယ်ရင်း ပြောလိုက်သည်။ "မမ်မွန်၊ လောဘကြီးတဲ့ နတ်ဆိုးဘုရင် မမ်မွန်က လယ်ကို လိုချင်လို့ သူ့အဘိုးကို သေအောင် ကျိန်စာ တိုက်ခဲ့တယ်တဲ့။ သူက လယ်ကို အပိုင်သိမ်းပိုက်ဖို့ မရိုးမသား နည်းလမ်းတွေ သုံးခဲ့တယ်။ ဟားဟားဟား။"
"ဟားဟားဟား။" ဖီးနစ်လည်း မြေပြင်ပေါ်တွင် လူးလိမ့် နေလေသည်။ သူက အတောင်ပံ ခတ်၍ ပြန်ထနိုင်ရန် ကြိုးစား ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူက ရယ်မောနေရင်း ပြောလိုက်သည်။ "မမ်မွန်က ဒေဝါလီ ခံလိုက်ရတာလား။ သူ့အခြေအနေကြီးက ဆိုးချက်ပဲ။ ဟားဟားဟား။"
"မရယ်နဲ့တော့ဟ။ မင်းတို့က ဘာဖြစ်လို့ ငါ့ကို ရယ်နေကြတာလဲ။ မင်းတို့ ငါ့ကို မမ်မွန်နဲ့ သူ့ လက်ပါးစေတွေကို မောင်းထုတ်ပြီး ငါ့ရတနာကို ပြန်ရနိုင်ဖို့ ကူညီပေးရင် ငါ အဲ့လယ်မြေကို ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို အပိုင်ပေးမယ်။" ဂနိုမ်းက ကျယ်လောင်စွာ အော်ဟစ် လိုက်သော်လည်း ဖီးနစ်နှင့် ပိုလီယိုတို့မှာ အရယ်မရပ်ခဲ့ပေ။ သူတို့ အတွက် ဂနိုမ်း၏ စကားများမှာ ယုံလောက်စရာ မရှိနေပေ။ မမ်မွန်က မည်သူနည်း။ သူမှာ ငရဲကို အုပ်ချုပ်ရသော နတ်ဆိုးဘုရင် ခုနစ်ပါးထဲမှ တစ်ပါး ဖြစ်၏။ သူက လောဘကြီးသည် မှန်သော်လည်း နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီမှ ချမှတ်ထားသော စည်းကမ်းချက်များကြောင့် ရတနာ တူးဖော်ယူရန် သက်သက်ဖြင့် လယ်တစ်ခုကို အဓမ္မသိမ်းပိုက်နေစရာ အကြောင်းမရှိပေ။ မမ်မွန်က နတ်ဆိုး စီမံခန့်ခွဲရေး ကော်မတီမှ အပြစ်ပေးလာမည်ကို မကြောက်သလော။
"ဘာက ဒီလောက် ရယ်စရာ ကောင်းနေ တာလဲ။" ရှားလော့ခ်က ဒန်ဂျင်အရှင် ခန်းမဆောင် ဝင်ပေါက်တွင် ရပ်ကာ မေးလိုက်သည်။ ဖီးနစ်နှင့် ပိုလီယိုတို့ နှစ်ဦးလုံးကတော့ အဆက်မပြတ် ရယ်မောနေကြဆဲပင်။
"မင်း ... မင်း မင်းရဲ့ ဇာတ်လမ်းကို နောက်တစ်ကြိမ် ပြန်ပြောပြ ရတော့မှာပဲ။ ဟားဟားဟား။"
...
"စိတ်မပူပါနဲ့၊ ငါတို့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေး လိုက်ပါ့မယ်။ ပရော်ဖက်ရှင်နယ် စွန့်စားသူ အစည်းအရုံး တစ်ခု အနေနဲ့ ငါတို့က မစ်ရှင် အမျိုးမျိုးကို လက်ခံပေးတယ်၊ ဒါပေမဲ့ မင်း စာချုပ် တစ်ခုတော့ လက်မှတ်ရေးထိုး ပေးရမယ်။ ငါတို့ မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးပြီးတဲ့ အခါကျ ငါတို့က လယ်ယာ၊ အဆောက်အအုံတွေနဲ့ ပရိဘောဂတွေ အပိုင်ရလိမ့်မယ်၊ မင်းကတော့ ရတနာသေတ္တာကို ရမယ်။" ရှားလော့ခ် ဂနိုမ်းကို ခေါ်ကာ ထွက်ခွာသွားရင်း ပြောလိုက်သည်။
"ဘယ်သူ ဒီဂနိုမ်းကို ဆောင်းတောင်ကုန်းမြို့ ရပ်ကွက်ဟောင်းကို လိုက်ပို့ပြီး စာချုပ်မှာ လက်မှတ် ရေးထိုးနိုင်အောင် အိဗလင်းကို ရှာပေးနိုင်မလဲ။"
ဂိမ်းမာ တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အမလေး။ ငါ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်ကို ရသွားတယ်။"
ဘေးမှ ဂိမ်းမာများက အားကျစွာ ပြောလိုက်သည်။
"အိုး ဘုရားရေ၊ ဘယ်လိုတောင် ကံကောင်းနေတာလဲ။ ငါ အရမ်း အားကျတာပဲ။"
"အမိုက်စားပဲ၊ အမိုက်စားပဲ။"
"ငါ ရှေ့တည့်တည့်မှာ ရပ်နေတာတောင် မစ်ရှင် မရဘူးလား။ ဒါကြီးက မတရားဘူး။"
"မင်း ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်ကို ရနိုင်ဖို့ ဆွဲဆောင်မှု ရှိတဲ့ မျက်နှာ တစ်ခု ရှိရမယ်။"
"မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်ပါတော့။ ငါ ဒုတိယ ဘီတာစမ်းသပ်မှု တစ်လျှောက်လုံး ကစားခဲ့တာတောင် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခုမှ မရဖူးဘူး။ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို စောင့်နေမယ့်အစား စွန့်စားသူ အစည်းအရုံးက မစ်ရှင်တွေကိုပဲ သွားလက်ခံလိုက်။ အဲ့ကဆုတွေက ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်တွေရဲ့ ဆုတွေ ထက်တောင် ပိုကောင်းတယ်။"
"ဘာဖြစ်လို့ မင်းကျ စွန့်စားသူ အစည်းအရုံးမှာ မစ်ရှင်တွေ သွားမစောင့် နေတာလဲ။"
"ဂိမ်းမာ တစ်ယောက်မှာ အိပ်မက် တစ်ခု ရှိရမယ်လေ။ ငါ မတော်တဆ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် ရသွားရင် ဘယ်လို လုပ်မလဲ။"
ရှားလော့ခ်မှာ ဂိမ်းမာများကို စိတ်မဝင်စားခဲ့ပေ။ ဂနိုမ်းကို လိုက်ပို့ပြီးနောက် သူက ဒန်ဂျင်အရှင် ခန်းမဆောင်သို့ ပြန်သွားသည်။
တံခါး ပိတ်လိုက်သည်နှင့် အပြင်ဘက်မှ ဆူညံသံမှာ ငြိမ်ကျသွားသည်။ အော့ခ်အုပ်စု တစ်စုကတော့ တဖြည်းဖြည်း အဝေးသို့ ပျောက်ကွယ်သွားသည့် ဂနိုမ်း၏ နောက်ကျော မြင်ကွင်းကို လှမ်းကြည့်နေသည်။
"အရှင်ရှားလော့ခ်၊ အဲ့ဒီဂနိုမ်းက မသင်္ကာစရာကြီး။ သူ့ ဇာတ်လမ်းက ဟာသဆန်ပေမဲ့ သူမှာ ရည်ရွယ်ချက်ကောင်း မရှိနေလောက်ဘူး။ ကျွန်တော်တို့ သူ့ကို သတ်ပစ်သင့်တယ်လို့ ထင်တယ်။ မြောင်။"
ပိုလီယိုက ရှေ့တိုးလာပြီး ရှားလော့ခ်အား လေးလေးနက်နက် အကြံပြု လိုက်သည်။ ဖီးနစ်သည်လည်း ရှားလော့ခ် အနီးသို့ ချဉ်းကပ်လာကာ သူ့ ပခုံးပေါ်တွင် နားပြီး လေးနက်စွာ ပြောလိုက်သည်။ "မမ်မွန်က သူ့ကို လုယက်မှာတဲ့လား။ အဲ့ဟာကြီးက မိုက်ကယ်အိန်ဂျယ်လိုက သာမန် လူသား တစ်ဦးကို ဓားပြတိုက်ပါတယ်လို့ ပြောနေသလိုပဲ... ဟာသကြီး။ အရှင်ရှားလော့ခ်၊ သူ့ဇာတ်လမ်းက ကျွန်တော်တို့ရဲ့ ဉာဏ်ရည်ကို ဟာသ, လာလုပ်သလို ခံစားရတယ်။ ကျွန်တော်လည်း သူ့ကို သတ်ပစ်ဖို့ တိုက်တွန်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီမစ်ရှင် ပေးလိုက်ပါ။"
ရှားလော့ခ်က သူတို့၏ အကြံပြုချက်များကို လက်မခံပေ။
"သူ ငါတို့ကို လာလှည့်စားနေသည် ဖြစ်စေ၊ မလှည့်စားနေသည် ဖြစ်စေ ငါတို့က စာချုပ် တစ်ခု လက်မှတ်ထိုးခဲ့ပြီးပြီပဲ၊ ဒါကြောင့် ငါတို့ စာချုပ်ပါ အတိုင်း လိုက်နာ ကြမယ်။ ငါတို့ အဲ့ဒီ ဓားပြတွေကို မောင်းထုတ်လိုက်သရွေ့ လယ်ယာနဲ့ ရတနာကို ရလိမ့်မယ်။ ရတနာ တကယ် မရှိရင်လည်း ဂနိုမ်းက ငါတို့ကို လျော်ကြေး ပေးရမှာပဲ။ ငါတို့ဘက်က အရှုံးမရှိနေဘူး။"
ပိုလီယိုက အံ့ဩတကြီး မေးလိုက်သည်။ "နေပါဦး အရှင်ရှားလော့ခ်၊ ဂနိုမ်းက ရတနာသေတ္တာ ရပြီး ကျွန်တော်တို့က လယ်ကို ရမယ်လို့ အရှင် စာချုပ်ချုပ်ခဲ့တာ မဟုတ်ဘူးလား။"
"ဟုတ်တယ်လေ၊ ဂနိုမ်းက ရတနာသေတ္တာကို ရမှာပါ။"
ပိုလီယို သဘောပေါက်သွားသည်။
"အရှင်က တကယ့် အရှင်ရှားလော့ခ်ပဲ။"
...
"ငါတို့ မှော်ကျောက်တုံးတွေ သုံးပြီး ထုတ်ပြန်ခဲ့ရတဲ့ ကြော်ငြာက ဘယ်လိုလုပ် စွန့်စားသူ အစည်းအရုံး မစ်ရှင် ဖြစ်သွားတာလဲ။ ဒါက ဒေါသထွက်စရာပဲ။ ဂိမ်းက ငါတို့ကို လာနောက်နေတာလား။"
ဆယ်ဗားနပ်စ်မှာ ဆံပင်များ ထောင်တက်နေသည်အထိ အလွန် ဒေါသထွက် နေသည်။ အာသာက သူတို့ တတ်နိုင်သော မြေနေရာ ရှာဖွေနိုင်ရန် သတင်းစာတွင် ကြော်ငြာ ထည့်ဖို့ မှော်ကျောက်တုံး ၁၀၀ သုံးခဲ့ရသည်။ ဂနိုမ်း တစ်ဦး ရောက်လာသော်လည်း သူက အရှင်ရှားလော့ခ်နှင့်သာ စာချုပ် ချုပ်ဆိုခဲ့သည်။ စွန့်စားသူ အစည်းအရုံး၏ မစ်ရှင်စာရင်းတွင် ထိုမစ်ရှင် ထွက်ပေါ် လာခဲ့ပြီး အခက်အခဲ အဆင့်မှာ S-Level အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ထိုမစ်ရှင်အတွက် ဆုမှာ လယ်ယာမြေပင်။
မစ်ရှင်အဆင့်က မစ်ရှင်၏ အခက်အခဲပေါ်တွင်သာ မမူတည်ပေ။ ဆု ပိုကောင်းလေလေ မစ်ရှင်အဆင့် ပိုမြင့်လေလေပင်။ ထို့ကြောင့် မစ်ရှင်ကို လက်ခံရန် ဘေးကင်းရေး အပ်ငွေ များများစားစား ပိုလိုသည်။
၎င်းက ဘေးကင်းရေး အပ်ငွေ ဟု ဆိုသော်လည်း ပြန်တော့ မအမ်းပေ။
"ဘယ်တတ်နိုင်မှာလဲ။ ဒါက စနစ်ရဲ့ ဟာကွက်တွေကို အသုံးချသွားလို့ ငါတို့ကို ဒဏ်ခတ်တာလည်း ဖြစ်နိုင်တယ်။ ငါတို့က ချန်အန်းမြို့ အစည်းအရုံးထက်တော့ အခြေအနေ ပိုကောင်းသေးတယ်။ သူတို့ဆို သတင်းစာမှာ လူသိရှင်ကြား ဝေဖန်ခံခဲ့ရတာ၊ ငါတို့ကတော့ မှော်ကျောက်တုံး ၁၀၀ပဲ ဆုံးရှုံးခဲ့ရတယ်လေ။"
ရင်မွှေးမီးလောင်က လူတိုင်းကို နှစ်သိမ့် ပေးခဲ့သော်လည်း ဘောင်းဘီမဝတ်သူက အလျင်အမြန် တုန့်ပြန်လိုက်သည်။ "ငါတော့ မှော်ကျောက်တုံး ၁၀၀ အဆုံးရှုံး ခံရမယ့် အစား သတင်းစာမှာသာ ဝေဖန်ခံရချင်ပါတယ်ကွာ။"
တခြား ဂိမ်းမာများလည်း သဘောတူ ခေါင်းညိတ် လိုက်ကြသည်။
မှော်ကျောက်တုံး တစ်ရာ ဟူသည့် ပမာဏမှာ မနည်းပေ။
"မစ်ရှင်က ခဏနေရင် လူသိရှင်ကြား တက်လာတော့မယ်။ ငါတို့ မစ်ရှင်ကို မြန်မြန် လုရမှာ။ ဒါက ပထမဆုံး နယ်မြေတည်ထောင်ခြင်း တာဝန်နဲ့ တူတယ်။" ဂနိုင်သားက စွန့်စားသူ အစည်းအရုံး စနစ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေရင်း စိုးရိမ်တကြီး ပြောလိုက်သည်။ သူက S-Level မစ်ရှင် တက်လာသည်နှင့် ချက်ချင်း လက်ခံလိုခဲ့သည်။
ဤမစ်ရှင် အတွက် ဆုမှာ မြေကွက်ကြီး တစ်ကွက် ဖြစ်၏။ ၎င်းက ပုံမှန် အွန်လိုင်းဂိမ်းများ၏ ပထမဆုံး နယ်မြေတည်ထောင်ခြင်း တာဝန်နှင့် အတူတူပင်။
ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှ၏။ အကယ်၍ ဆောင်းတောင်ကုန်းမြို့ ရပ်ကွက်ဟောင်းသာ လုံခြုံရေးဇုန် တစ်ခု မဟုတ်နေပါက ထိုနေရာမှာ စစ်မြေပြင် တစ်ခု ဖြစ်သွား ပေလိမ့်မည်။
အစည်းအရုံးကြီး အားလုံးက ဒန်ဂျင်နှင့် လွင်ပြင်တွင် ကိုယ်ပိုင်ခံတပ်များ ရှိကြသော်လည်း ယင်းတို့က စတုရန်းမီတာ ရာဂဏန်းမျှသာ ကျယ်သော အဆောက်အအုံများ ဖြစ်ကြ၏။ ယင်းတို့ကို နယ်မြေများအဖြစ် မယူဆနိုင်ပေ။ နယ်မြေ သတ်မှတ်ခြင်း စနစ်မှာ ဂိမ်းဗားရှင်း ၀.၉ ကတည်းက စတင် မိတ်ဆက်ပေးခဲ့သည်။ အဖွင့်ဘီတာ စမ်းသပ်မှု ကာလကျမှ နောက်ဆုံး နယ်မြေသတ်မှတ်ခြင်း စနစ် ပြီးသွားသော်လည်း အစည်းအရုံးများက အရှင်ရှားလော့ခ် သို့မဟုတ် ဘုရင်မ ဗစ်တိုးရီးယားထံ များပြားလှသော မှော်ကျောက်တုံးများ ပေးချေရန် လိုပေမည်။ ၎င်းမှာ လတ်တလောတွင် မဖြစ်နိုင်သေးပေ။ ဤမစ်ရှင်ဖြင့် ဆိုလျှင် ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ မြေကွက် အသစ် တစ်ခု ရလာနိုင်ပြီး သူတို့၏ ကိုယ်ပိုင်တိုင်းပြည် တည်ထောင်နိုင်ရန် အခွင့်အရေး ရှိနေသည်။
အဖွဲ့အစည်းမဲ့ ဂိမ်းမာများ ပင်လျှင် ဤမစ်ရှင်အပေါ် စိတ်ဝင်စားနေကြသည်။ ဂိမ်းမာအသစ်များမှာမူ လူဦးရေ များပြားလွန်းသောကြောင့် ဆောင်းတောင်ကုန်းမြို့ ထဲသို့ ဝင်ရောက် နိုင်ခြင်း မရှိကြပေ။ ရှားလော့ခ်က အနိမ့်ဆုံး ဂုဏ်သတင်း အဆင့် ၅ မရှိသော ဂိမ်းမာများအား ဆောင်းတောင်ကုန်းမြို့သို့ လွတ်လွတ်လပ်လပ် သွားရောက် လည်ပတ်ခွင့် မပြုထားပေ။ ဤဂိမ်းမာများမှာမူ ထိုမစ်ရှင်၏ သတင်းကို ဖိုရမ် သို့မဟုတ် ဒန်ဂျင်ရင်ပြင်ရှိ စကားဝိုင်းများမှ တစ်ဆင့်သာ ရနိုင်တော့သည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများလည်း ပါဝင်လို ခဲ့ကြသော်လည်း သူတို့က ဆောင်းတောင်ကုန်းမြို့ထဲသို့ မဝင်ရောက် နိုင်ကြပေ။ ထို့ကြောင့် သူတို့က ဖောက်သည် ဝန်ဆောင်မှု အရာရှိ ကြက်ဥခေါင်းကို သွားရှာကာ တိုင်စာ ပစ်တော့သည်။
ဂိမ်းမာ များစွာမှာ S-Level မစ်ရှင် တက်လာသည့်အခါ ဇဝေဇဝါ ဖြစ်သွားတော့သည်။
[စွန့်စားသူ အစည်းအရုံး S-Level မစ်ရှင် - မမ်မွန် ကျူးကျော်သော လယ်ယာ
မစ်ရှင်ဖော်ပြချက် - ဂနိုမ်း တစ်ဦးက နတ်ဆိုးဘုရင် မမ်မွန် သူ၏ လယ်ယာကို ကျူးကျော်ခဲ့ကြောင်း အခိုင်အမာ ပြောကြားပြီး ယင်းကို ပြန်လည် ရယူနိုင်ရန် အကူအညီ လာတောင်းခဲ့သည်။ သင်၏ မစ်ရှင်မှာ ကျူးကျော်သူများကို မောင်းထုတ်ပစ်ပြီး သူတို့ ပြန်မလာကြောင်း သေချာစေရန်ပင်။ သို့မဟုတ် ၎င်းမှာ ဂနိုမ်း၏ လုပ်ကြံဇာတ်လမ်း သက်သက်သာ ဖြစ်နေသလော။
မစ်ရှင်ရည်မှန်းချက် - "မမ်မွန်"၏ လက်ပါးစေများကို ဖယ်ရှားပြီး လယ်ယာနှင့် ဂနိုမ်း လယ်ယာပိုင်ရှင်ကို ကာကွယ်ပါ။
မစ်ရှင်ဆု - အစည်းအရုံး သို့မဟုတ် ဂိမ်းမာမှာ အနည်းဆုံး စတုရန်းမီတာ ၅,၀၀၀ ကျယ်သော လယ်ယာ မြေကွက်ကြီး တစ်ကွက် ရရှိ ပေလိမ့်မည်။ လယ်ယာမြေ၏ နေရာပတ်ဝန်းကျင်မှာ လူသူ ကင်းမဲ့သောကြောင့် အနီးအနားရှိ မြေများမှာလည်း ပိုင်ရှင်မဲ့ မြေများ ဖြစ်ကြ၏။
မစ်ရှင် အခြေအနေများ - ဤမစ်ရှင်မှာ အုပ်စုမစ်ရှင် တစ်ခု ဖြစ်၏။ ထာဝရတိုင်းပြည်ရှိ ဂိမ်းမာများ သို့မဟုတ် အစည်းအရုံးများ အားလုံးက ဘေးကင်းရေး အပ်ငွေ မှော်ကျောက်တုံး ဆယ်တုံး ပေးချေလိုက်သည်နှင့် ဤမစ်ရှင်အား လက်ခံနိုင်ပေမည်။]