ကြိုးစားအလုပ်,လုပ်ချိန် ရောက်ပြီ။
Vol. 37 Ch. 554
မှော်ကျောက်တုံး တစ်ထောင် အကောင့်ထဲသို့ ဝင်လာသည်။
ရှားလော့ခ်က မှော်ကျောက်တုံးကတ်မှ အသိပေးချက်ကို ကြည့်လိုက်သည်။ ၎င်းမှာ သူ့ရှေ့မှ အော့ခ်က လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်၏။
အာသာထံမှ မှော်ကျောက်တုံးများမှာ သူ တစ်ဦးတည်းပိုင် မဟုတ်ကြောင်း ရှားလော့ခ် သိသည်။ ဂိမ်းမာများက နေရာရွှေ့ပြောင်း ဝင်ပေါက် တည်ဆောက်ရန် မှော်ကျောက်တုံး ၁၀,၀၀၀ သုံးစွဲခဲ့ပြီး သူ့အား မှော်ကျောက်တုံး ၁,၀၀၀ ပေးခဲ့ခြင်း ဖြစ်၏။
ဂိမ်းမာများမှာ မှော်ကျောက်တုံးများ အကြောင်း စသိခဲ့သည်မှာ ငါးလအောက်သာ ရှိသေးသည်။ သူတို့တွင် ၎င်းတို့ကို ရယူရန် မည်သည့် ပရော်ဖက်ရှင်နယ် စွမ်းရည်မျှ မရှိကြပေ။ ထို့အပြင် ရှားလော့ခ်က အခွန် အမျိုးမျိုးနှင့် အခကြေးငွေများ ချမှတ်ထားခြင်းဖြင့် ဂိမ်းမာများထံမှ မှော်ကျောက်တုံးများ သဲ့ယူခဲ့သေးသည်။ သို့တိုင်အောင် သူတို့က ထိုမျှ များပြားသော မှော်ကျောက်တုံးများကို ထုတ်ပေး နိုင်ကြသေးသည်။
အကယ်၍ သူသာ ထိုဂိမ်းမာများ အားလုံးကို ကုန်သည် မဟာမိတ် အဖွဲ့ပိုင် ဒန်ဂျင်များသို့ သွားရောက်ပြီး မှော်ကျောက်တုံး ရှာဖွေခွင့် ပေးခဲ့ပါက သို့မဟုတ် သူတို့ကို လုယက်ရန် ခွင့်ပြုချက် ပေးလိုက်ခဲ့ပါက... ရှားလော့ခ်မှာ ဖြစ်နိုင်ခြေ ရှိသော အကျိုးဆက်များကို မြင်ယောင် နေမိသည်။ သူက ထိုအန္တရာယ် အတွေးများကို ဖယ်ရှားပစ်ရန် ခေါင်းခါလိုက်သည်။
အကယ်၍ သူသာ ထိုအရာကို ခွင့်ပြုလိုက်ပါက လောကသစ်ပင်မှာ လုံးဝ မာနာ စုပ်ယူခြင်း ခံရပြီး ညှိုးနွမ်းသွား ပေလိမ့်မည်။ ရှားလော့ခ် ပင်လျှင် မာနာစွမ်းအင် ခြောက်သွေ့သွားသည့် နတ်ဆိုး တစ်ပါး ဖြစ်လာ ပေလိမ့်မည်။
ထိုအရာမှာ အလွန် ဖြစ်နိုင်ချေ ရှိ၏။
"ငါ မင်းတို့ကို နေရာရွှေ့ပြောင်း ဝင်ပေါက် ချိတ်ဆက်ဖို့ ကူညီပေးမယ်။ မင်းတို့ ကံကောင်းပါစေလို့ ငါ ဆုတောင်းပါတယ် စစ်သည်တော်တို့။"
ရှားလော့ခ်က အာသာနှင့် တခြား အစည်းအရုံး ဥက္ကဌများအား ပြောလိုက်ရင်း မှော်ကျောက်တုံးများ လက်ခံလိုက်သည်။ ရှားလော့ခ်က ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ပုံစံကို ဖွင့်ထားသောကြောင့် ဂိမ်းမာများ စကားမပြော နိုင်ခဲ့ကြပေ။
ဂိမ်းမာများ၏ အကြည့်များ အောက်တွင် ရှားလော့ခ်က နေရာရွှေ့ပြောင်း ဝင်ပေါက် ပင်မခန်းမဆောင် ဆီသို့ လျှောက်သွားလိုက်သည်။ လအနည်းငယ်ကြာ တိုးချဲ့ တည်ဆောက်ပြီးနောက်တွင် နေရာရွှေ့ပြောင်း ဝင်ပေါက် ပင်မခန်းမဆောင်မှာ ထာဝရတိုင်းပြည်ရှိ အကြီးဆုံး အဆောက်အအုံ ဖြစ်နေလေပြီ။ ဂိမ်းမာများ၏ အနာဂတ် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် နေရာရွှေ့ပြောင်း ဝင်ပေါက် ပင်မခန်းမဆောင်ကို ဆက်တိုးချဲ့ တည်ဆောက်နေဆဲပင်။ ယခင် နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ကြိမ်လျှင် သတ္တဝါရာပေါင်း များစွာ ပို့ဆောင်ပေးနိုင်သော အဆင့်မြင့် အုပ်စုလိုက် နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု ဖြစ်လာသည်။
နေရာရွှေ့ပြောင်း ဝင်ပေါက်ကို အသုံးပြုနေရသော ဂိမ်းမာများ အလွန် များပြားသည်။ အကယ်၍ အုပ်စုလိုက် နေရာရွှေ့ပြောင်း ဝင်ပေါက်များကိုသာ အသုံးမပြုခဲ့ပါက ၎င်းက ဂိမ်းမာများ အတွက် မလုံလောက်နိုင်ပေ။
အုပ်စုလိုက် နေရာရွှေ့ပြောင်း ဝင်ပေါက်များပင်လျှင် အဆက်မပြတ် အသုံးပြုခြင်း ခံနေရသည်။
တိုးပွားလာသော ဂိမ်းမာ အရေအတွက်,အတွက် ဖြည့်ဆည်းပေးနိုင်ရန် နယ်မြေတိုးချဲ့မှုနှုန်းက လိုက်မမှီနိုင်ခဲ့ပေ။ ပိုအရေးကြီးသော ကိစ္စမှာ ဒန်ဂျင်စီမံကိန်းနှင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းပင်။ ကံကောင်းထောက်မစွာပင် ဤနယ်ပယ်တွင် ကျွမ်းကျင်သော ဂိမ်းမာ များစွာ ရှိနေကြသည်။
ရှားလော့ခ်မှာ ဖိုရမ်ပေါ်တွင် ပိုစ့် တစ်ခု ဖန်တီးပြီး ငွေနှင့် ပစ္စည်း ကိရိယာများကို ဆုများအဖြစ် ပေးအပ်မည်ဟု ကမ်းလှမ်းလိုက်ရန်သာ လိုသည်။ ဂိမ်းမာများက သူ့အတွက် အရာအားလုံး စီစဉ်ပေး ပေလိမ့်မည်။ ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို သင့်တော်သလို စီမံပြီး အမြန်ဆုံး အကောင်အထည် ဖော်ခဲ့ရသည်။
ကံကောင်းထောက်မစွာပင် လူဦးရေ ထူထပ်မှုနှင့် နေရာမလုံလောက်မှုကြောင့် ဆူပူမှုများတော့ မရှိခဲ့ပေ။ ဂိမ်းမာများက သူတို့၏ နေ့စဉ် မစ်ရှင်များ လုပ်ဆောင်ခြင်း၊ ပစ္စည်း ကိရိယာများ စုဆောင်းခြင်းနှင့် ရန်သူများအား တိုက်ခိုက်ခြင်းတို့ အပေါ်တွင်သာ အာရုံစိုက် နေကြသည်။ သူတို့က ညအချိန်တွင် အိပ်စက်ရန် နေရာ အလုံအလောက် ရှိ၊ မရှိ သို့မဟုတ် အစားအစာ အလုံအလောက် ရှိ၊ မရှိကို ဂရုမစိုက်ပေ။
ဂိမ်းမာများအဖို့ အော့ဖ်လိုင်း ဆင်းပြီး အနားယူရန် ထောင့်တစ်နေရာ ရှာရန်သာ လိုသည်။ သို့မဟုတ် သူတို့ အော့ဖ်လိုင်း ဆင်းပြီး အနားယူခြင်း မပြုမီ အစည်းအရုံး ခံတပ် တစ်ခုကို ရှာနိုင်သည်။
လူဦးရေထူထပ်မှုမှာ တစ်သမတ်တည်း ဆက်ဖြစ်ပွားနေမည်တော့ မဟုတ်ပေ။ ထာဝရတိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု အသစ်နှင့် စီမံကိန်းမှာ အချိန်အတော် ပေးရပေလိမ့်မည်။ သို့သော် လောလောဆယ် ရှားလော့ခ်မှာ နေရာရွှေ့ပြောင်း ဝင်ပေါက် ဖွင့်လှစ်ပေးပြီးနောက် ဖြစ်လာမည့် လယ်ယာရှိ ဖွံ့ဖြိုးတိုးတက်မှုကို ပိုစိုးရိမ် နေသည်။
လယ်ယာရှိ နေရာရွှေ့ပြောင်း ဝင်ပေါက်မှာ ထာဝရတိုင်းပြည်နှင့်သာ တိုက်ရိုက် ချိတ်ဆက်ထားခြင်းမျိုး မဟုတ်ပေ။ ၎င်းက ထာဝရတိုင်းပြည်နှင့် မချိတ်ဆက်မီ ဗင်းနစ်နှင့် ဆောင်းတောင်ကုန်းမြို့သို့ လမ်းကြောင်း ပြောင်းထားခဲ့သည်။ ရှားလော့ခ်မှ နေရာရွှေ့ပြောင်း ဝင်ပေါက် သတ်မှတ်ချက်များ သတ်မှတ်စဉ် နေရာရွှေ့ပြောင်း ဝင်ပေါက်အား လမ်းကြောင်း အလိုအလျောက် ပြောင်းပေးရန် စီရင်ခဲ့သည်။ ထို့ကြောင့် ဂိမ်းမာများက နေရာရွှေ့ပြောင်းစဉ် ဗင်းနစ်နှင့် ဆောင်းတောင်ကုန်းမြို့၏ ရှုခင်းများကို မြင်တွေ့ နိုင်ပေသည်။
ရှားလော့ခ်က နေရာရွှေ့ပြောင်း ဝင်ပေါက် ချိတ်ဆက် ပေးပြီးသည်နှင့် စိတ်မရှည်သော ဂိမ်းမာများ ဝင်ပေါက်မှ ထွက်လာကြသည်။ သူတို့က လယ်ယာသို့ နေရာရွှေ့ပြောင်း လာခဲ့သော ပထမဆုံး ဂိမ်းမာအသုတ် ဖြစ်၏။
သူတို့ ချက်ချင်း အော်ဟစ်လာကြသည်။
"အမလေး။ လာကူဦးဟ။ ငါတို့ ဟိုမှာ အကူလိုတယ်။"
"မှော်ကျောက်တုံးတွေ အများကြီး ရှိနေတယ်ဟေ့။ လာယူကြ။"
ဝင်ပေါက်မှ ထွက်လာသော ဂိမ်းမာ အနည်းငယ်သာ ရှိသည်။ သူတို့က ထိုစကားများ အော်ပြောပြီးနောက် လယ်ယာဆီသို့ ပြန်ဝင်သွားကြသည်။
ဂိမ်းမာများမှာ မှော်ကျောက်တုံးများဟု ကြားလိုက်သည်နှင့် စိတ်လှုပ်ရှားလာ ကြသည်။ သူတို့ ဝင်ပေါက်ထဲ ဝင်ရန် တန်းစီလိုက်ကြသည်။
ရှားလော့ခ်က မျက်မှောင် ကြုတ်လိုက်သည်။ ဖြစ်နိုင်သည်မှာ လယ်ယာတွင် ရတနာ ရှိနေသလော။ လယ်ယာအောက်တွင် မှော်ကျောက်တုံးတွင်း တစ်ခုများ ရှိနေသလော။
ရှားလော့ခ်က တိတိကျကျ သိရန် လယ်ယာသို့ နေရာရွှေ့ပြောင်းသွားရန် မလိုပေ။ သူက ထိုဂိမ်းမာများ ဘာလုပ်နေကြသည်ကို လေ့လာရန်သာ လိုခဲ့သည်။
သူက မှော်ဖန်လုံး တစ်လုံး ထုတ်ယူကာ မာနာစွမ်းအင် သွင်းလိုက်ပြီး ဂိမ်းမာများကို စလေ့လာလိုက်သည်။
ဖန်လုံးပေါ်ရှိ ပုံရိပ်တွင် အော့ခ် ဂနိုင်သားက အဝါရောင် ဘေးကင်းရေး သံခမောက် ဝတ်ထားပြီး နေရာရွှေ့ပြောင်း ဝင်ပေါက်မှ ထွက်လာသော ဂိမ်းမာများကို ညွှန်ကြား နေသည်။ ဂိမ်းမာများက တန်းစီ၊ မှတ်ပုံတင်ပြီး သူတို့၏ ဘေးကင်းရေး သံခမောက်များနှင့် အလုပ်ဝတ်စုံများကို ထုတ်ယူရန် ဖြစ်၏။
ရှားလော့ခ် မျက်မှောင် ကြုတ်ကာ မာနာစွမ်းအင် ပိုသွင်းလိုက်သည်။ မကြာမီ အသံများ ကြားလာရသည်။
"သေသေချာချာ တန်းစီကြ။ တန်းမကျော်ကြနဲ့။ မဟုတ်ရင် မင်းတို့ အလုပ်,လုပ်ဖို့ အခွင့်အရေး ရမှာ မဟုတ်ဘူး။ အော့ခ်တွေနဲ့ ဂနိုမ်းတွေက ဘယ်ဘက်ခြမ်းမှာ၊ ဂိုဘလင်တွေနဲ့ ခွေးခေါင်းလူသားတွေက ညာဘက်ခြမ်းမှာ။ လူတိုင်း ဘေးကင်းရေး သံခမောက် ဝတ်ရမယ်။ မဟုတ်ရင် မင်းတို့ကို ဝင်ခွင့်မပြုဘူး။" ဂနိုင်သား နေရာတကျ စည်းကမ်းထိန်းသိမ်းရင်း ကျယ်လောင်စွာ အော်ပြော လိုက်သည်။
"တန်းမကျော်ကြနဲ့။ တန်းမကျော်ကြနဲ့ဟ။ အလုပ်သမား အများကြီး လိုတယ်။ စိတ်မရှည် မဖြစ်ကြနဲ့။"
"လူတိုင်း တစ်ရက် အလုပ်,လုပ်ချိန် အတွက် ကန့်သတ် ထားတယ်။ မင်းတို့ ဆက်လုပ်ချင်ရင်တောင် မလုပ်နိုင်ဘူး။"
"တစ်ရက် အလုပ်,လုပ်ချိန် အတွက် မှော်ကျောက်တုံး နှစ်တုံး တောင်လား။ ဒါက တကယ်လား။"
...
ရှားလော့ခ်က မှော်ဖန်လုံးအတွင်းမှ မာနာစွမ်းအင် စီးကြောင်းကို ဖြတ်လိုက်သည်။ အသံများနှင့် ပုံရိပ်များ ပြန်ပျောက်ကွယ် သွားသည်။ သူ ဘာမှ မမေးမြန်းနိုင်မီ ဘရု ပြောလာသည်။ "အရှင်ရှားလော့ခ်၊ ကျွန်တော် ပုံရိပ်တွေကို မှတ်တမ်း တင်ထားပါတယ်။ ကျေးဇူးပြုပြီး ကြည့်ပါဦး။"
ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များက ဂိမ်းမာ ရာပေါင်း များစွာနှင့် မိုရိုးစ်တို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝင်ပေါက်တွင် ရွှံ့ဗွက် မွန်းစတား လုံခြုံရေးအစောင့် သုံးဦးကို ဝန်းရံထားသည်ကို ဖော်ပြနေသည်။ ထို့နောက် ဘေးကင်းရေး သံခမောက် ဝတ်ထားသော ဝံပုလွေလူသား တစ်ဦး ရောက်လာပြီး ဂိမ်းမာများအား အလုပ်သမား လိုနေကြောင်း ပြောခဲ့သည်။ သူက တစ်ရက် အလုပ်,လုပ်ချိန် အတွက် မှော်ကျောက်တုံး နှစ်တုံး ပေးရန် ကမ်းလှမ်းခဲ့သည်။ ဂိမ်းမာများက လျှောက်လွှာပုံစံများ ဖြည့်စွက်ပြီး ဘေးကင်းရေး သံခမောက်များကို ယူလိုက်ကြသည်။ ဂိမ်းမာ အနည်းငယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်ဝင်လုပ် လာကြသည်။
မိုရိုးစ်မှာလည်း ဘေးကင်းရေး သံခမောက် တစ်ခု ရလာပြီး ရွှံ့ဗွက် မွန်းစတားသုံးဦး နှင့်အတူ ကြောင်တောင်တောင် ထိုင်နေသည်။ သူက ဆောင်းတောင်ကုန်းမြို့ရှိ အလုပ်ဟောင်း ကဲ့သို့ပင် လုံခြုံရေးအစောင့် တစ်ဦး ဖြစ်လာသည်။
ဝံပုလွေလူသား မန်နေဂျာက သူ လုပ်သားများ ပိုလိုသေးကြောင်း ထုတ်ပြောခဲ့သည်။ ဂိမ်းမာများက သူ့အား နေရာရွှေ့ပြောင်း ဝင်ပေါက်အကြောင်း ပြောပြပြီးနောက် ဝံပုလွေလူသားမှာ အကူအညီ ပိုတောင်းခံပေးရန် တောင်းဆိုခဲ့သည်။
နောက်ပိုင်း မြင်ကွင်းများမှာ ရှားလော့ခ် မြင်တွေ့ခဲ့သော ကိစ္စပင်။
"အရှင်ရှားလော့ခ်၊ စိတ်မပူပါနဲ့။ ကျွန်တော် သူတို့ကို သူတို့ လုပ်စရာရှိတာ လုပ်ခိုင်းဖို့ ဖိအားပေး မစ်ရှင်တွေ သတ်မှတ် ပေးလိုက်ပါ့မယ်။"
ဘရုမှာ ဂိမ်းမာများက တစ်ရက်လျှင် မှော်ကျောက်တုံး နှစ်တုံး လစာဖြင့် လာဘ်ထိုးခြင်း ခံလိုက်ရသောကြောင့် အရှက်ရ နေသည်။ ရှားလော့ခ်က ဘရုကို တားဆီးကာ ပြောလိုက်သည်။ "မလိုဘူး၊ သူတို့ကို အလုပ်,လုပ်ခွင့် ပေးလိုက်ပါကွာ။ ဒါက အကျိုးအမြတ် ရှိတယ် မဟုတ်ဘူးလား။"
ဂိမ်းမာ တစ်ဦး တစ်ရက်လျှင် မှော်ကျောက်တုံး နှစ်တုံး ရသောကြောင့် ဂိမ်းမာ ၁၀,၀၀၀မှာ တစ်ရက်လျှင် မှော်ကျောက်တုံး ၂၀,၀၀၀ ရပေလိမ့်မည်။
"ဘာမှမပြောနေနဲ့။ သူတို့ကို အလုပ်လုပ်ခွင့် ပေးထားလိုက်တော့။"