ရုပ်ရှင်ပြီးစီးခြင်း
Vol. 37 Ch. 542
လုံခြုံရေး ခမောက်များ ဝတ်ဆင်ထားသော ဂိမ်းမာများက တည်ဆောက်ရေး လုပ်ငန်းခွင် တစ်ခုသို့ ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင် နေခဲ့ကြသည်။
"ရိုက်ကွင်းကို မြန်မြန် ဆောက်ကြ။ ငါတို့ အချိန်ကုန် တော့မယ်။"
မာနာစွမ်းအင်၏ အကူအညီ ရှိနေသဖြင့် ရိုက်ကွင်းများ ဆောက်လုပ်ရခြင်းမှာ လျင်မြန်လှ၏။ မြေအောက်လောကရှိ စွန့်စားခန်း တစ်ခုအတွက် ရိုက်ကွင်း တစ်ခု ဆောက်လုပ်ရန်က အတော်အတန် ရိုးရှင်းလှ၏။ ဥပမာအားဖြင့် ပင့်ကူဂူကို ရိုက်ကွင်း တစ်ခု အဖြစ် တိုက်ရိုက် အသုံးချနိုင်ပေသည်။
ပထမဆုံး ရုပ်ရှင်ဇာတ်ကွက်ကို ထိုနေရာတွင် ရိုက်ကူးရမည် ဖြစ်သောကြောင့် ဂိမ်းမာများမှာ ပင့်ကူဂူတွင် တပ်စွဲ ထားခဲ့ကြသည်။
"နောက်ပိုင်းမှာ အမျိုးသမီး အော့ခ်တစ်ယောက် ဒီမှာ လဲနေလိမ့်မယ်၊ ပြီးတော့ ငါ မြေအောက်ပင့်ကူ တစ်ကောင်ကို လွှတ်ပေးလိုက်မယ်။ မင်းရဲ့ မစ်ရှင်က အဲ့ဒီပင့်ကူ အော့ခ်ကို မစားခင် ပင့်ကူကို သတ်နိုင်ဖို့ပဲ။ ငါတို့ရဲ့ ကင်မရာက ဟိုးနေရာကနေ ဒီကို ရွှေ့လာလိမ့်မယ်။"
အော်စကာက ဇာတ်ညွှန်း တစ်အုပ်ကို ကိုင်ဆောင်ရင်း အဝေးရှိ လမ်းကြောင်း တစ်ခုကို ညွှန်ပြလိုက်သည်။
အော်စကာက လမ်းကြောင်း တစ်ခုကို ညွှန်ပြ လိုက်စဉ် မိုရိုးစ်က နားလည်ကြောင်း ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် မိုရိုးစ်က သူ့ အဝတ်အစားများကို အဆင်မပြေစွာ ကြည့်ကာ မေးလိုက်သည်။ "ငါ တကယ်ပဲ ဒီဝတ်စုံကို ဝတ်ထားရမှာလား။ ငါ စွန့်စားခန်း ထွက်နေတယ်ဆိုရင် ချပ်ဝတ်တွေ ဝတ်ဆင်ထားတာက ပိုမသင့်တော်တယ် မဟုတ်ဘူးလား။"
မိုရိုးစ်မှာ ပိုးမျှင်ဝတ်ရုံ တစ်ထည်နှင့် အလယ်ခေတ် သူကောင်းမျိုးဝတ် ဘောင်းဘီရှည် တစ်ထည်ကို ဝတ်ဆင် ထားသည်။ သူ၏ ခါးတွင်မူ အနက်ရောင် ခါးပတ် တစ်ခု ရှိနေပြီး သူ၏ အဝတ်အစားများမှာ ကြည့်ပျော်ရှုပျော် ရှိသည်။
သို့သော် သူ ဤအဝတ်အစားများဖြင့်တော့ မတိုက်ခိုက်နိုင်ပေ။
"မင်းက သံဘူးခွံ တစ်လုံး ဝတ်ထားချင်လို့လား။ ငါတို့က ရုပ်ရှင် ရိုက်နေကြတာကွ။ မင်းသာ ချပ်ဝတ် ဝတ်ထားရင် ဘယ်သူ မင်းကို မှတ်မိဦးမှာလဲ။ မင်းရဲ့ ဇနီးကို သံဘူးခွံ တစ်လုံးကို ထိုင်ကြည့်စေချင်လို့လား။ ကျေးဇူးပြုပြီး ပရော်ဖက်ရှင်နယ် ပီသစမ်းပါ။ မင်း ငါ့ကို ခက်ခဲအောင် လာလုပ်နေတယ်။" အော်စကာ မိုရိုးစ်အား မကျေမနပ် ပြောလိုက်သည်။
အော်စကာမှာ ညလုံးပေါက် ဇာတ်ညွှန်း ရေးသား ခဲ့ရသောကြောင့် စိတ်မကြည်နေပေ။။ ရုပ်ရှင် ထုတ်လုပ်ရေး အတွက် နှစ်ရက်သာ အချိန်ရသည်။ အဖွင့်ဘီတာ မစမီ သူက မိုရိုးစ် အတွက် ရုပ်ရှင်ကို ပြီးမြောက်အောင် ရိုက်ကူး ပေးရမည်။ အချိန်မှာ တိုတောင်းသည် ဆိုသော်လည်း ကံကောင်းထောက်မစွာပင် မြေအောက်လောက၏ မြေမျက်နှာသွင်ပြင်က ရိုက်ကွင်းများနှင့် အသုံးအဆောင် ပစ္စည်းများကို သဘာဝကျကျ ထောက်ပံ့ပေးထားသည်။ ထို့အပြင် ဂိမ်းမာများက မာနာစွမ်းအင် အသုံးပြု နိုင်သောကြောင့် အထူးပြုလုပ်ချက်များလည်း မလိုအပ်ခဲ့ပေ။
မိုရိုးစ်မှာ ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း သူက အော်စကာ၏ အကြံပြုချက် အတိုင်း လိုက်နာခဲ့သည်။ သူက ရယ်စရာ ကောင်းသော အဝတ်အစားများ ဝတ်ဆင်ကာ ရုပ်ရှင်မင်းသား တစ်ဦး အဖြစ် သူ၏ အသက်မွေးဝမ်းကျောင်းကို စတင်လိုက်လေပြီ။
"ယူနစ် အားလုံး အဆင်သင့် ဖြစ်ပြီလား။ ငါတို့ ကင်မရာ စလိုက်တော့မယ်။" အော်စကာက နောက်မှ ဂိမ်းမာများအား အော်ပြော လိုက်သည်။
"နေဦး၊ နေဦး။ ဒါရိုက်တာ၊ ငါ ဒါကို ဘယ်လိုသုံးရမှာလဲ။"
အော့ခ် တစ်ဦးက မာနာမှတ်တမ်းတင် ကိရိယာ တစ်လုံးကို ကိုင်ဆောင်ရင်း ပြေးဝင် လာသည်။ ထိုကိရိယာ၏ အမည်ကိုလည်း ဂိမ်းမာများမှ ပေးအပ်ခဲ့ခြင်း ဖြစ်၏။ အကြောင်းမှာ ၎င်းက လျှပ်စစ်ဓာတ်အား အစား မာနာစွမ်းအင်ကို အသုံးပြု၍ အလုပ်လုပ်သောကြောင့်ပင်။ ၎င်း၏ လုပ်ဆောင်ချက်များမှာ ပုံရိပ်များ ဖမ်းယူ မှတ်တမ်းတင်နိုင်သော ဗီဒီယို ကင်မရာ တစ်လုံးနှင့် ဆင်တူ၏။
"လျှော်ကြိုးနည်းပညာရှင်က မင်းကို သင်ပေးခဲ့တာ အကြိမ်ရေ မနည်းဘူး။ လျှော်ကြိုးနည်းပညာရှင်ကိုသာ ဒီကို ခေါ်ခဲ့လိုက်တော့။ သူတစ်ယောက်တည်းပဲ အဲ့စက်ကို သုံးတတ်တယ်။" အော်စကာ အော်ပြော လိုက်သည်။
ကင်မရာသမားက ပြန်ချေပလိုက်သည်။ "မင်းရော ဒါကို ဘယ်လို သုံးရမလဲဆိုတာ မသိဘူးမလား။"
"ဝါး၊ ငါ ညလုံးပေါက် ဇာတ်ညွှန်း ရေးခဲ့ရတယ်ကွ။ ငါ့မှာ မာနာမှတ်တမ်းတင် ကိရိယာကို အသုံးပြုနည်း သွားသင်ဖို့ အချိန် ဘယ်လိုလုပ် ရှိမှာလဲ။ အာသာကလည်း ရိုက်ကူးရေး အပြီးသတ်ဖို့ နှစ်ရက်ပဲ အချိန်ပေးထားတာ။ မင်းကို မစ်ရှင်တာဝန် ခွဲပေးထားတယ် မဟုတ်လား၊ ဒါကြောင့် လာညီးနေတာ ရပ်လိုက်တော့။" အော်စကာက ပြောလိုက်ရာ ဂိမ်းမာများ အားလုံး ရိုက်ကူးရေး အတွက် ပြင်ဆင်ကြတော့သည်။
"ပထမ ဇာတ်ကွက် အတွက် အသင့်ပြင်ပါ။" အော်စကာက အော်ပြော လိုက်သည်။ အမျိုးသမီးအော့ခ် တစ်ဦးက သတ်မှတ်ထားသော နေရာတွင် လဲချလိုက်သည်။
"အသင့်ပဲ။"
နောက်ထပ် ဂိမ်းမာ တစ်ဦးကမူ သတ်မှတ်ထားသော နေရာတွင် မြေအောက်ပင့်ကူ တစ်ကောင်ကို ကြိုးဖြင့် ချည်နှောင် ထားခဲ့သည်။
"အက်ရှင်။"
မာနာမှတ်တမ်းတင် ကိရိယာက စတင်လည်ပတ် လာခဲ့သည်။ အမျိုးသမီး အော့ခ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "ကယ်ကြပါဦး။ ကယ်ကြပါဦး ရှင်။ ကျွန်မကို တစ်ယောက်ယောက် လာကယ်ပေးကြပါ။"
"ရပ်။" အော်စကာက အော်ဟစ်ကာ အမျိုးသမီးအော့ခ် ဆီသို့ လမ်းလျှောက် သွားရင်း ပြောလိုက်သည်။ "မဟုတ်သေးဘူးနော် ဘရားသား၊ ငါ့ စကား သေချာနားထောင်။ မင်း သရုပ်ဆောင်တာက အရမ်း ပိုလွန်းနေတယ်။ မင်းက ပင့်ကူဂူထဲမှာ ရောက်နေတာလေ၊ ရင်ပြင် တစ်ခုမှာ မဟုတ်ဘူး။ မင်းရဲ့ အော်သံက ပင့်ကူတွေ ပိုများလာအောင် ဆွဲဆောင်မိမှာကို မင်း မကြောက်ဘူးလား။ မဟုတ်ဘူး၊ မဟုတ်သေးဘူး။ မင်း ပိုပြီး ထိတ်လန့်နေပုံ ပေါက်ပြီး အသက်ရှု မမှန် ဖြစ်နေရမယ်။ ထပ်ကြိုးစားကြည့်လိုက်။"
အော်စကာက ကတ်ပြားငယ် တစ်ချပ်ကို မြှောက်ကိုင်ရင်း သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ပထမ ဇာတ်ကွက်၊ ဒုတိယအကြိမ်။"
လူတိုင်း တိတ်ဆိတ် သွားခဲ့ကြသည်။
အမျိုးသမီး အော့ခ်က ပြန်လဲလိုက်သည်။ မာနာမှတ်တမ်းတင် ကိရိယာက သူမအပေါ် အာရုံစိုက်လိုက်သည့်အခါ သူမက ထိတ်လန့်တကြား ဖြစ်နေသည့် မျက်နှာအမူအရာမျိုး ဖော်ပြလိုက်သည်။ ထို့နောက် သူမ ထရပ်ရန် ဆုံးဖြတ် ခဲ့သည်။
"မင်း အဆင်သင့် ဖြစ်ပြီလား။"
တခြားတစ်ဖက်တွင်တော့ ဒါရိုက်တာ လက်ထောက် တစ်ဦးက မိုရိုးစ်အား ပြောလိုက်သည်။ "နောက်ပိုင်းကျ ငါတို့က မြေအောက်ပင့်ကူကို လွှတ်ပေးလိုက်မယ်။ အဲ့ဒီအခါကျ မင်း ပြေးဝင် တိုက်ခိုက်ပြီး ဒဏ်ရာရနေတဲ့ အော့ခ်ကို ကယ်တင် ပေးရမယ်။ ဒါက သူရဲကောင်း တစ်ယောက်က ဒုက္ခရောက်နေတဲ့ အမျိုးသမီးကို ဝင်ကယ်တင်တဲ့ ဇာတ်ကွက်ပဲ။ ငါတို့က ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီ။ မြေအောက်ပင့်ကူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးပြီး ဆိုတော့ သိပ်ကြာကြာ ခံမှာ မဟုတ်ဘူး။ မင်း များများစားစား အားစိုက်ထုတ်စရာ မလိုဘဲ အဲ့ကောင်ကို သတ်နိုင်လိမ့်မယ်။"
"သူမကရော အန္တရာယ် ရှိမှာလား။"
မိုရိုးစ်မှာတော့ ထိုရိုက်ကွင်းမှာ အန္တရာယ်ရှိပုံ ရသောကြောင့် အော့ခ်အတွက် စိုးရိမ် နေသည်။
"စိတ်မပူပါနဲ့၊ သူမ အဆင်ပြေ ပါလိမ့်မယ်။ ငါတို့ ကြိုတင် ကာကွယ်မှုတွေ လုပ်ထားပေးပြီးပြီ။"
"ကောင်းပြီ၊ ငါ နားလည်ပါတယ်။"
မိုရိုးစ်က စိုးရိမ်တကြီး ခေါင်းညိတ် လိုက်သည်။ လက်ထောက်က မိုရိုးစ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "အခုပဲ၊ ဝင်တိုက်ခိုက်တော့။"
မိုရိုးစ်က အသက်ပြင်းပြင်း ရှူကာ သူ၏ ဓားတိုကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပြေးဝင်သွားသည်။ ဇာတ်ညွှန်းအရ ဆိုလျှင် သူ လမ်းတစ်ဝက် ရောက်သည်နှင့် ပင့်ကူအား ကြိုးလွှတ်ပေး လိုက်ပေမည်။ ထို့နောက် မိုရိုးစ်က ကင်မရာ ရှိရာဘက် ပြေးဝင်သွားပြီး ပင့်ကူကို တိုက်ခိုက်ရင်း အမျိုးသမီး အော့ခ်အား သူ၏ ဒိုင်ယာလော့ဒ်ကို လှမ်းပြော ပေလိမ့်မည်။ မိုရိုးစ်က သူ၏ ဒိုင်ယာလော့ဒ်ကို မေ့နေလုနီးပါးပင်။ သူက "ပြေး" သို့မဟုတ် "အမလေး" ကဲ့သို့သော စကားမျိုး ပြောရမည်ဟုသာ ယူဆလိုက်တော့သည်။
ထိုအရာမှာ မိုရိုးစ် ထင်ထားခဲ့သော အရာပင်။
သို့သော် မတော်တဆမှုများမှာ အမြဲတမ်း ဖြစ်ပွားလာတတ်၏။ မိုရိုးစ် ပြေးဝင် တိုက်ခိုက်သည့် အခါတွင် မြေအောက်ပင့်ကူက အမျိုးသမီးအော့ခ်ဆီ ပြေးဝင်သွားကာ သူမ၏ ရင်ဘတ်ကို သူ၏ လက်သည်းဖြင့် ထိုးဖောက်လိုက်သည်။
အခြေအနေမှာ ပရမ်းပတာ ဖြစ်သွားခဲ့သည်။
"ဘာ သောက်ကျိုးနည်းလဲဟ။ ငါ မင်းကို ခြေထောက်တွေ ဖြုတ်ထားဖို့ ပြောခဲ့တယ်မလား။"
"အမလေး၊ ငါတို့လည်း သူ့ ခြေထောက်တွေ ဖြုတ်ခဲ့ပါတယ်ဟ၊ သူကိုက အပြေးမြန်နေတာ။"
"ဟာသဟေ့ ဟာသ။ သရုပ်ဆောင် မင်းသမီးက သေသွားပြီ။"
"ကြောင်မနေနဲ့ဟ။ မိုရိုးစ်ကို ကာကွယ်ဦး။"
ဂိမ်းမာ အများအပြားက ကျယ်လောင်စွာ အော်ပြော လိုက်ကြသည်။ ဘာပဲ ဖြစ်ဖြစ် ရိုက်ကူးရေးမှာ ဆက်လက် လုပ်ဆောင် ရပေမည်။
...
မိုရိုးစ်မှာမူ လုံးဝ ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ အိမ်သို့ ထော့နဲ့ထော့နဲ့ ပြန်ရောက် လာခဲ့သည်။ မည်သို့ဆိုဆို သူက ဤတစ်နေ့တာအတွက် ရိုက်ကူးရေးကိုတော့ ပြီးမြောက်အောင် လုပ်ပေးခဲ့သည်။