← Chapters

ရန်သူကိုချေမှုန်းရန်

Vol. 7 Ch. 79

ရန်သူကိုချေမှုန်းရန်

Vol. 7 Ch. 79

ဖခင်ဖြစ်သူက ခေါင်းခါရမ်းလိုက်သည်။

“အစပိုင်းတော့ ငါတို့တွေ ချောက်နက်ထဲဝင်တဲ့ခရီးက ချောချောမွေ့မွေ့ပါပဲ...”

စကားပြောရင်း ဖခင်ဖြစ်သူက ချောင်းများဆိုးလာကာ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။

ခုန်ကျွင်းက သူ၏လက်ကိုင်ပုဝါကိုထုတ်ယူပြီး ဖခင်ဖြစ်သူ၏နှုတ်ခမ်းထက်မှ သွေးများကို သုတ်ပေးလိုက်သည်။

“အဖေ... စကားမပြောဘဲ ခဏလောက်အနားယူလိုက်ပါလား”

ဖခင်ဖြစ်သူက...

“ကျွင်းအာ... မင်းရဲ့အစ်ကိုရော မင်းရဲ့ညီရော နတ်သစ်သီးကို စားသုံးနိုင်ခဲ့ကြတယ် ၊ ဒါပေမဲ့ သူတို့ နေရာမှာခဏထိုင်ပြီး နတ်သစ်သီးရဲ့အာနိသင်ကို သန့်စင်နေတုန်းမှာပဲ ဘယ်ကမှန်းမသိတဲ့ မှော်ဝင်သားရဲတစ်ကောင် ရောက်လာခဲ့တယ်”

သူက အသက်ကိုခက်ခဲစွာရှူရင်း စကားဆက်ပြောလိုက်သည်။

“အဲဒီမှော်ဝင်သားရဲက ချောက်နက်အပြင်ဘက်ကနေ ရုတ်တရက် ရောက်လာတာ ၊ သူ့ရဲ့ပုံစံက အရမ်းထူးဆန်းတယ် ၊ သူ့ရဲ့စွမ်းအားက အဆင့်(၆) ရှိတယ် ၊ ဒီတော့ ငါတို့တွေ... ငါတို့တွေ... သူ့ကို လုံးဝ မယှဉ်နိုင်ခဲ့ဘူး”

ခဏနားပြီးမှ ဖခင်ဖြစ်သူက ဆက်ပြောလေသည်။

“အဲဒီသားရဲက ရူးသွပ်နေတဲ့ပုံစံမျိုးနဲ့ ငါတို့ကိုဝင်တိုက်တယ် ၊ အဖေ... အဖေ အတော်ကြိုးစားပြီးမှ လွတ်အောင်ရုန်းနိုင်ခဲ့တာ... ဒါပေမဲ့... ကျဲ့အာနဲ့ ကျီအာကတော့...”

ပြောရင်း သူ၏စကားသံက တိမ်ဝင်သွားသည်။

ဘာဖြစ်ခဲ့သည်ကို ရိပ်မိသွားသည့်တိုင် ခုန်ကျွင်း စိတ်ထဲ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နက်နေသည်။

သူက မျက်ရည်များဝဲလာပြီး...

“အဖေ... အစ်ကိုကြီးနဲ့ ညီ(၃) ... သူတို့တွေ...”

ဖခင်ဖြစ်သူက သက်ပြင်းတစ်ချက်ချရင်း ခုန်ကျွင်း၏လက်ကို ဆွဲကိုင်လိုက်သည်။

“သူတို့တွေ... ကံမကောင်းခဲ့ကြဘူး...”

ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။

“အဖေက မင်းအတွက် နဂါးတံခွန်သစ်သီးတစ်လုံး အရင်ခူးထားခဲ့တာ ၊ မဟုတ်ရင်... အဖေလွတ်လာရင်တောင် မင်း ဒီသစ်သီးကို စားခွင့်ရမှာမဟုတ်ဘူး...”

ဖခင်ဖြစ်သူကိုကြည့်ရင်း ခုန်ကျွင်း၏မျက်ဝန်းများမှ မျက်ရည်များစီးကျလာသည်။

“အဖေ...”

ဖခင်ဖြစ်သူက...

“ကျွင်းအာ... အဖေ့အတွက် အချိန်မကျန်တော့ဘူး... အိမ်တော်ကိုရောက်အောင်ပြန်ပါ ၊ ပြီးတော့... ပြီးတော့... နဂါးတံခွန်သစ်သီးက ငါတို့မျိုးနွယ်အတွက် တန်ဖိုးမဖြတ်နိုင်ဘူးဆိုပေမယ့်... မြူခိုးသစ်တောကတော့ အရမ်းအန္တရယ်များတယ်”

“မင်းရဲ့အဘိုး အရင်နှစ်ခေါက်သွားတုန်းက အောင်မြင်ခဲ့တယ်ဆိုတာက ကံကောင်းလို့ပဲ ၊ ဒါကြောင့် နောင်မျိုးဆက်တွေ ဒီနေရာကိုလာမယ်ဆိုရင် အရမ်းအန္တရယ်များတယ် ၊ အသက်ဆုံးရှုံးနိုင်တယ် ၊ ဒါကြောင့်... ခုန်အိမ်တော်မှာ ဒြပ်စင်စွမ်းအားအရှင်သခင် နှောင်းပိုင်းအဆင့် ဒါမှမဟုတ် အဲဒီထက် အဆင့်မြင့်တဲ့သူ ထွက်ပေါ်မလာဘဲနဲ့ နောင်မျိုးဆက်တွေ မြူခိုးသစ်တောထဲ မဝင်ရောက်ပါစေနဲ့ ၊ သား... ကျွင်းအာ... မင်းက ဒါကို တင်းတင်းကျပ်ကျပ်တားမြစ်ထားရမယ် ၊ အလကားသက်သက် အသက်တွေပေးဆပ်ရတာမျိုး မဖြစ်စေနဲ့”

ထို့နောက်...

ဖခင်ဖြစ်သူ သေဆုံးသွားခဲ့သည်။

ဖခင်ဖြစ်သူသာမက အစ်ကိုဖြစ်သူနှင့် ညီဖြစ်သူသည်လည်း တောရိုင်းဒေသမှာပင် အသက်ဆုံးခဲ့ရလေသည်။

***

စကားဆုံးသွားသည်နှင့် ခန်ုကျွင်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ သူ၏မျက်နှာသည်လည်း ပြိုတော့မည့်မိုးပမာ အုံ့မှိုင်း၍နေပေသည်။

“အဖေက မြူခိုးသစ်တောရဲ့တည်နေရာကိုသိပေမယ့်... ကိုယ်တိုင်တစ်ခါမှ မဝင်ဖူးခဲ့ဘူး ၊ ဒါပေမဲ့ မင်အာ ဆွဲထားတဲ့မြေပုံအရဆိုရင်... ပတ်ဝန်းကျင်တစ်ခုလုံး သစ်ပင်မြင့်ကြီးတွေ ဝိုင်းရံထားတဲ့နေရာဆိုတော့ မြူခိုးသစ်တောအပြင်ဘက် သီးခြားကမ္ဘာကို ရေးဆွဲထားတဲ့ မြေပုံဖြစ်နိုင်တယ် ၊ ဒါပေမဲ့ မြူခိုးသစ်တောဆိုတာက... သိပ်ကိုလျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆလို့မရတဲ့နေရာပါ ၊ ဘယ်သူကများ ဒီလိုနေရာရဲ့မြေမျက်နှာသွင်ပြင်ကို အသေးစိတ်မြေပုံဆွဲထားနိုင်ရတာလဲ”

ခုန်မင်က ခဏမျှစဉ်းစားလိုက်ပြီး...

“အဖေ... အဲဒီနေ့က လေလံပွဲမှာ ဒီ ‘ရတနာမြေပုံ’ ကို ရောင်းချခဲ့တဲ့ ပိန်ပိန်ပါးပါး အဘိုးကြီးကို မှတ်မိသေးလား ၊ သူပြောတာက... ဒီမြေပုံက နဂါးအရေခွံနဲ့ပြုလုပ်ထားတာနဲ့ ၊ ပြီးတော့ နဂါးမျိုးနွယ်တွေရဲ့ ရတနာပစ္စည်းတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ပြောသေးတယ်…”

ခဏနားပြီးမှ ခုန်မင်က ဆက်ပြောလိုက်သည်။

“ကျွန်တော့်အထငတော့... အဲဒီအဘိုးကြီးက အခြေအမြစ်မရှိဘဲ လျှောက်ပြောတာ မဖြစ်နိုင်ဘူး ၊ နဂါးတံခွန်သစ်ပင်ဆိုတာ နဂါးတံတွေးကြောင့် ပေါက်ဖွားကြီးပြင်းလာတာ မဟုတ်လား ၊ ဒါဆို ဒီမြူခိုးသစ်တောက နဂါးမျိုးနွယ်တွေနဲ့ သေချာပေါက်ဆက်စပ်နေရမယ်”

ဤမြေပုံက ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ ၏ အရေခွံဖြင့် ပြုလုပ်ထားကြောင်း နတ်မျက်စိစွမ်းအားမှတစ်ဆင့် ခုန်မင် သိရှိထားပြီးဖြစ်သည်။

သို့သော် ထိုအကြောင်းများကို ဖခင်ဖြစ်သူအား ပြောပြ၍မဖြစ်ပေ။

ယခု ဆက်စပ်မိသလောက် အဆိုပါမြူခိုးသစ်တောက လျိုဖုန်းရွှမ်းနေထိုင်ရာနေရာ ဖြစ်နိုင်ခြေရှိသည်။

ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ က မိုးကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော နတ်ဘုရားစွမ်းအားများပိုင်ဆိုင်သည်ဟု ဒဏ္ဍာရီများတွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ သူနေထိုင်ရာနေရာတွင် နဂါးတံခွန်သစ်ပင်ကဲ့သို့ ကောင်းကင်ရတနာများရှိနေခြင်းမှာ အံ့သြစရာမဟုတ်ပေ။

နောက်တစ်ချက်မှာ အဘိုးဖြစ်သူ နောက်ဆုံးမှာကြားခဲ့သည့်စကားများက အလွန်အဓိပ္ပါယ်ရှိလှသည်။

အနည်းဆုံး ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် နှောင်းပိုင်းအဆင့် သို့မဟုတ် ထို့ထက်မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်မရှိဘဲ မြူခိုးသစ်တောထဲဝင်ရောက်ပါက အခွင့်အရေးထက် အန္တရယ်သာတွေ့ရှိလိမ့်မည်။

ခုန်သခင်ကြီးက ခုန်မင်၏စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒီ ရတနာမြေပုံမှာ ဖော်ပြထားတဲ့နေရာက တကယ်ပဲ မြူခိုးသစ်တောကိုရည်ညွှန်းတာဆိုရင် နဂါးမျိုးတွေနဲ့ပတ်သက်နေဖို့ ဖြစ်နိုင်ခြေများတယ် ၊ ဒါပေမဲ့ ရတနာတွေက ဘယ်လောက်ဆွဲ‌ဆောင်မှုရှိရှိ ကိုယ့်အသက်ထက် အရေးမကြီးပါဘူး ၊ အဲဒီတုန်းက အဖြစ်ဆိုးကြီးနဲ့ရင်ဆိုင်ရပြီးတဲ့နောက် အဖေလည်း အဲဒီနေရာကို ထပ်မသွားရဲတော့ဘူး ၊ ထပ်ပြီး မစွန့်စားရဲတော့ဘူး”

ခုန်ကျောင်းက...

“ဒါဖြင့်... အဘိုးဆုံးသွားတော့ အဖေတစ်ယောက်တည်း အိမ်တော်ကို ပြန်လာတာ‌ပေါ့...”

ခုန်ကျွင်းက...

“အဲဒီတုန်းက ငါ့ရဲကျင့်ကြံကြံခြင်းအဆင့်နဲ့ တောရိုင်းဒေသကိုဖြတ်ပြီး ခွန်းကာမြို့ရောက်အောင်တောင် မနည်းပြန်ခဲ့ရတာ ၊ မင်းတို့အဘိုးရုပ်အလောင်းကို ဘယ်လိုလုပ်သယ်နိုင်မှာလဲ ၊ အဲဒါကြောင့် မင်းတို့အဘိုးကို မြေအောက်မြစ်အဝင်မှာပဲ ယာယီမြှုပ်နှံထားခဲ့ရတယ်”

ခုန်သခင်ကြီးက ဆက်ပြောပြသည်။

“နောက်ပိုင်း ငါ တံခါးပိတ်ကျင့်ကြံခဲ့တယ် ၊ အပြင်းအထန်ကျင့်ကြံပြီး (၂)နှစ်အကြာမှာ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ် ၊ အဲဒီတော့မှ တောရိုင်းဒေသထဲပြန်ဝင်ပြီး မင်းတို့အဘိုးရဲ့ အရိုးကိုယူပြီး ကောင်းကောင်းမွန်မွန် သဂြိုဟ်ခဲ့ရတယ်...”

သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း...

“စိတ်မကောင်းစရာက... မင်းတို့ဘကြီးနဲ့ ဦးလေးငယ်ရဲ့ ရုပ်အ‌လောင်းတွေကို ပြန်ယူမလာနိုင်ခဲ့ဘူး ၊ ငါက အရည်အချင်းမရှိတဲ့သူပါပဲ...”

ခုန်မင်က...

“သြော်... ဂုဏ်အိမ်တော်ရဲ့သင်္ချိုင်းမြေမှာ ဘေးတော်နဲ့ အဘိုးရဲ့ ဂူဗိမာန်တွေပဲရှိတာ အဲဒါကြောင့်ကိုး...”

ခုန်သခင်ကြီးက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... အပြင်လူတွေက အမှန်တရားကိုမသိကြတော့ ငါတို့ခုန်အိမ်တော်က မျိုးဆက်တစ်ဆက်ပဲ ဆက်ခံတယ်လို့ ထင်မှတ်ကြတာ ၊ အဖေကလည်း ဒီအဖြစ်ဆိုးကြီးကို ပြန်ပြောမနေချင်တော့ဘူး ၊ ဒါကြောင့် သူများတွေကို ဘယ်တော့မှ ရှင်းမပြခဲ့ဘူး...”

သူက တွေးတွေးဆဆဖြင့် ဆက်ပြောလိုက်သည်။

“ငါတို့ခုန်အိမ်တော် အကြီးအကျယ်ကပ်ဘေးကျခဲ့တယ်ဆိုတာကို ခန့်မှန်းနိုင်တဲ့သူဆိုလို့ ချန်ရှီးဆိုတဲ့ မြေခွေးအိုကြီးပဲ ရှိနိုင်တယ် ၊ အင်း... အခုချိန်သာ မင်းတို့ဘကြီးနဲ့ ဦးလေး အသက်ရှင်နေဦးမယ်ဆိုရင် ငါတို့ညီအစ်ကို(၃)ယောက်အင်အားကို ချန်ရှီး ရင်ဆိုင်ရဲမှာ မဟုတ်ဘူး ၊ သူ ငါတို့အိမ်တော်ကို တစ်ချက်တောင် ဆန့်ကျင်ရဲမှာ မဟုတ်ဘူး”

ခုန်မင်က ခေါင်းညိတ်လိုက်ပြီး...

“အမှန်ပဲ... ကျွန်တော်တို့ကို အကောင်းဆုံးနားလည်တဲ့သူတွေက ကျွန်တော်တို့ရဲ့ ရန်သူတွေပဲ ၊ ချန်ရှီးဆိုတဲ့အဘိုးကြီးက ကျွန်တော်တို့ ခုန်အိမ်တော်အပေါ် အမြဲတမ်း ရန်ငြိုးထားတယ် ၊ ဒီတော့ ချန်မျိုးနွယ်တွေကို အမြစ်ပြတ်မနှိမ်နင်းနိုင်ဘူးဆိုရင် ခုန်အိမ်တော်လည်း ချောချောမွေ့မွေ့နဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မှာ မဟုတ်ဘူး”

ခုန်ကျောင်းကတော့ ခုန်မင်ထက်ပင် ချန်ရှီးကို ပိုမိုမုန်းတီးသေးသည်။

ချန်ရှီးသာ အဆိပ်အပြည့်ဖြင့် မလှည့်စားခဲ့ဘူးဆိုလျှင် ခုန်ကျောင်းအနေဖြင့် ခုန်မင်ကို ထိခိုက်အောင်လုပ်ရန် စဉ်းစားခဲ့မည် မဟုတ်ပေ။

လွန်ခဲ့သော(၅)နှစ်က ညီဖြစ်သူကို ကိုယ်တိုင်အဆိပ်ခတ်ခဲ့မိသော အမှားက ခုန်ကျောင်းရင်ထဲ ဆူးချွန်တစ်ခုပမာ အမြဲတမ်း စွဲကပ်နေခဲ့သည်။

ထိုဆူးချွန်ကို ဆွဲနှုတ်ရန် အကောင်းဆုံးနည်းလမ်းမှာ ချန်ရှီးကို အပြီးတိုင်ဖယ်ရှားပစ်ခြင်းသာပင်။

မဟုတ်ပါက ချန်ရှီးဆိုသောနာမည်ကိုကြားတိုင်း ကိုယ့်အပြစ်ကိုယ် ပြန်သတိရနေရပေမည်။

ခုန်ကျောင်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး...

“ချန်မျိုးနွယ်တွေက ကျွန်တော်တို့ခုန်အိမ်တော်အတွက် အမြဲတမ်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတယ် ၊ အခု ညီလေးက ဆေးလုံးတွေရော လက်နက်တွေရော ဖန်တီးနိုင်ပြီဆိုတော့ ပြဿနာမရှိတော့ဘူး ၊ (၂)နှစ် (၃)နှစ်လောက် ကြိုးစားလိုက်မယ်ဆိုရင် အိမ်တော်ရဲ့အင်အားက သိသိသာသာ မြင့်တက်လာလိမ့်မယ် ၊ အဲဒီအချိန်ရောက်ရင် ချန်အိမ်တော်ကို တစ်ခါတည်း အမြစ်ပြတ်ချေမှုန်းပစ်လိုက်တာပေါ့”

အတော်လေး မကျေမနပ်ဖြစ်နေသည့်တိုင် ခုန်ကျောင်းက စိတ်ရှည်ရှည်ဖြင့် အစီအစဉ်ဆွဲနိုင်ခဲ့သည်။

ဟုတ်ပေ၏။

ချန်ရှီးကို အရိုးထဲထိ မုန်းတီးနေသည့်တိုင် ခုန်အိမ်တော် အင်အားကြီးထွားလာမှ လက်တုံ့ပြန်ခြင်းက ဆုံးရှုံးမှုအနည်းဆုံး ဖြစ်မည်သာပင်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ခုန်ကျောင်းက အရင်ကထက် အများကြီး ရင့်ကျက်လာပြီဖြစ်ကြောင်း သက်သေပြနေသည်။

အမှန်တော့ ခုန်ကျောင်းသည်လည်း အရည်အချင်း ညံ့ဖျင်းသူ မဟုတ်ပေ။

အထူးသဖြင့် ခုန်မင်က အလွန်ပင် တည်ငြိမ်အေးဆေးသည်ဖြစ်ရာ ခုန်ကျောင်းသည်လည်း ညီငယ်ကိုအမီလိုက်နိုင်ရန် ကြိုးစားထားရသည် မဟုတ်လား။

ခုန်အိမ်တော်နှင့် ချန်အိမ်တော်က နှစ်ပါင်းများစွာ အငြိုးအတေးများ ရှိခဲ့ကြသည့်တိုင် လူအများရှေ့တွင်တော့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချခြင်း မရှိကြသေးပေ။

ထို့ကြောင့် အိမ်တော်သခင်ဖြစ်သူ ‘ခုန်ကျွင်း ‘အနေဖြင့် ချန်မျိုးနွယ်တစ်ခုလုံးအကို အမြစ်ပြတ်ချေမှုန်းမည်ဟု လက်လွတ်စပယ် ပြောဆိုရန် မဖြစ်နိုင်ပေ။

သူက ခဏမျှစဉ်းစားလိုက်ပြီးမှ...

“ချန်မျိုးနွယ်တွေကို နှိမ်နင်းရမှာ မှန်ပေမယ့် ခွန်းကာမြို့က ခုန်အိမ်တော်ရဲ့လက်အောက်မှာ အပြည့်အဝ မရှိသေးဘူး ၊ ငါတို့ဘက်က ပြင်းပြင်းထန်ထန် လုပ်လိုက်ရင် လောကျန့်နဲ့ မေလင်တို့ဘက်ကလည်း စိုးရိမ်လာနိုင်တယ် ၊ လောကျန့်နဲ့ မေလင်တို့ကို ချန်ရှီးနဲ့ပူးပေါင်းသွားအောင် အတင်းအကျပ်တွန်းပို့သလိုဖြစ်သွားရင် အခြေအနေပိုဆိုးသွားလိမ့်မယ် ၊ ဒါကြောင့် ချန်ရှီးဆိုတဲ့ မြေခွေးအိုကြီးကိုကိုင်တွယ်ဖို့ အထူးဂရုစိုက်ရမယ် ၊ အဝေးကြီးကိုလည်း ကြိုတင်တွက်ချက်ရမယ်”

ထိုအချိန် ခုန်မင်၏မျက်လုံးများတွင် အလင်းရောင်တစ်ချက် တောက်ပသွားသည်။

သူက...

“အဖေ ၊ အစ်ကို... ချန်မျိုးနွယ်တွေကို တကယ်ပဲ ကိုင်တွယ်ချင်တယ်ဆိုရင် နည်းလမ်းတစ်ခုရှိတယ် ၊ သူတို့နည်းလမ်းကို သူတို့အပါ် ပြန်သုံးလိုက်ရုံပဲ ၊ ချန်အိမ်တော်က ခုန်အိမ်တော်ရဲ့လက်အောက်မှာ ရုပ်သေးရုပ်တစ်ခုလိုဖြစ်သွားမယ်ဆိုရင် ဘာခြိမ်းခြောက်မှုမှ မရှိနိုင်တော့ဘူး”

ခုန်မင်၏ ယုံကြည်မှုအပြည့်ရှိပြီး တည်ငြိမ်အေးဆေးသောအမူအရာကို မြင်ရသည့်အခါ ခုန်ကျွင်းနှင့် ခုန်ကျောင်းတို့နှစ်ယောက်လုံး စိတ်အားထက်သန်သွားကြသည်။

ခုန်ကျောင်းက...

“ညီလေးမှာ ဘာအကြံအစည်များ ရှိလို့လဲ”

ခုန်မင်က အနည်းငယ်ပြုံးလိုက်ပြီး...

“ချန်မျိုးနွယ်တွေကိုကိုင်တွယ်တဲ့နေရာမှာ ဦးဆောင်ပေးဖို့ အစ်ကိုကြီးကိုပဲ ဒုက္ခပေးရလိမ့်မယ်...”

ပြောပြီးသည်နှင့် ခုန်မင်က သူ၏အကြံကိုပြောပြလိုက်သည်။

ပြီးမှ...

“ဒါဆိုရင် ချန်အိမ်တော် သေချာပေါက် ကျွန်တော်တို့လက်‌အောက်ကို ရောက်သွားမှာပဲ”

ခုန်မင်၏အကြံအစည်ကိုကြားတော့ ခုန်ကျောင်းက အော်ဟစ်ရယ်မောလိုက်ပြီး ချီးကျူးစကားဆိုလိုက်သည်။

“ညီလေး... မင်းရဲ့အကြံအစည်က အရမ်းကောင်းလွန်းတယ် ၊ ဒီအတိုင်းသာဆိုရင်တော့ ငါ့စိတ်ထဲစုပုံနေတဲ့ ဒေါသတွေကို အကုန်လွှတ်ချနိုင်တော့မှာပဲ ၊ ငါတို့သာအေင်မြင်သွားလို့ကတော့ ဒီချန်ရှီးဆိုတဲ့သူခိုးကြီး မြေအောက်ထဲ အလောင်းပုပ်နေရင်တောင် ငုတ်တုတ်ထထိုင်ပြီး သွေးအန်သွားနိုင်တယ်”

ခုန်မင်က ပြုံးလိုက်ပြီး...

“ဒါပေမဲ့ ဘယ်လောက်ကောင်းတဲ့ဗျူဟာဖြစ်ပါစေ အောင်မြင်ဖို့ဆိုရင်တော့ လုံလောက်တဲ့အင်အားကြီးမားမှုရှိဖို့ လိုအပ်တယ် ၊ ခုန်အိမ်တော်က ချန်အိမ်တော်ထက်ပိုပြီး အင်အားမကြီးဘူးဆိုရင် သူတို့ကိုကိုင်တွယ်ဖို့က လွယ်ကူမှာမဟုတ်ဘူး ၊ ဒါကြောင့် အရေးကြီးဆုံးက ခုန်အိမ်တော်ရဲ့အင်အားတိုးတက်အောင်လုပ်ဖို့ပဲ ၊ အင်အားမကြီးရင် ဘယ်လောက်ကောင်းတဲ့လှည့်ကွက်တွေရှိနေပါစေ အသုံးဝင်မှာမဟုတ်ဘူး”

ခုန်မင်က ထိုစကားကို နက်နက်ရှိုင်းရှိုင်း ထုတ်ဖော်ပြောလိုက်ခြင်း ဖြစ်သည်။

သုံးပြည်ထောင်ခေတ်တွင် ခုန်မင်က ရှူဟန့်တိုင်းပြည်ကိုဦးဆောင်ပြီး မြောက်ပိုင်းရှိ အင်အားကြီးမားသော ချောင်ဝေ့တိုင်းပြည်ကို စစ်ချီတိုင်ခိုက်ခဲ့သည်။

သို့သော် ကျူးကဲခုန်မင်က မည်မျှအံ့သြဖွယ်ရာကောင်းသည့် စစ်ရေးမဟာဗျူဟာများ ချမှတ်ခဲ့ပါစေ တိုင်းပြည်နှစ်ခု၏ အင်အားကွာဟချက်ကြီးမားသဖြင့် နယ်မြေတစ်လက်မပင် သိမ်းပိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ခုန်ကျွင်းနှင့် ခုန်ကျောင်းတို့ကလည်း ခုန်မင်၏စကားကို နက်နက်ရှိုင်းရှိုင်း သဘောတူလိုက်ကြသည်။

ထို့နောက် သားအဖ(၃)ယောက် ချန်မျိုးနွယ်များကို မည်သို့ချေမှုန်းရန်အတွက် မည်သို့စတင်ဆောင်ရွက်မည်ကို ဆက်လက် အသေးစိတ်ဆွေးနွေးကြလေသည်။

All Chapters