တူညီသောနာကျင်မှု
Vol. 7 Ch. 80
ဤရက်ပိုင်းအတွင်း ချန်အိမ်တော်က မည်သည့်လှုပ်ရှားမှုမှ မလုပ်ဘဲ သိုသိုသိပ်သိပ် ရှိနေခဲ့သည်။ ထိုသို့နေထိုင်ရန်မှလွဲပြီး သူတို့အတွက် အခြားရွေးချယ်စရာ မရှိပေ။
ချန်အိမ်တော်သခင်’ချန်ရှီး’ လေလံပွဲတွင် ကြီးမားသောဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ခွန်းကာမြို့မှလူအများနှင့် အင်အားကြီးအုပ်စုများက ခုန်အိမ်တော်ကိုသာ အာရုံစိုက်နေခဲ့သည်။
ချန်အိမ်တော်အနေဖြင့် သူတို့အချိန်ကြာမြင့်စွာ စိတ်ကူးမျှော်လင့်နေခဲ့ရသော ရေဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကို ရရှိလိုက်သည့်တိုင် ချန်ရှီးအနေဖြင့် တစ်စက်လေးပင် စိတ်ကျေနပ်ခြင်းမရှိခဲ့ပေ။
ဤရက်ပိုင်းအတွင်း ချန်ရှီးကိုယ်တိုင်က တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်ရာ ချန်အိမ်တော်တစ်ခုလုံးသည်လည်း ကြီးကြီးမားမားလှုပ်ရှားမှုမပြုဘဲ ငြိမ်သက်နေခဲ့ကြသည်။
ခုန်အိမ်တော်က အောင်မြင်မှုများစွာဖြင့် စည်ကားသိုက်မြိုက်လျှက်ရှိပြီး ချန်အိမ်တော်က တိတ်ဆိတ်ငြိမ်သက်နေသည်ဖြစ်ရာ လူအများအမြင်တွင် ချန်အိမ်တော်က အလိုလိုနေရင်း အထင်သေးစရာ ဖြစ်လာသည်။
ချန်အိမ်တော်က ခုန်အိမ်တော်ထက် အရာရာတွင် နိမ့်ကျသွားခဲ့သည်။
တစ်ခုတည်းသော ဂုဏ်ယူဝင့်ကြွားစရာမှာ ချန်အိမ်တော်၏တိုက်ရိုက်အဆက်အနွယ်များက ခုန်အိမ်တော်ထက် အဆပေါင်းများစွာ များပြားခြင်း ဖြစ်၏။
ချန်ရှီးတွင် သား(၃)ယောက်ရှိပြီး ၊ ထိုသား(၃)ယောက်မှ မြေး(၈)ယောက်ကို ထပ်မံရရှိထားသည်ဖြစ်ရာ ချန်အိမ်တော်၏ အမွေဆက်ခံခွင့်ရှိသူ စုစုပေါင်း (၁၁)ဦးအထိ ရှိသည်။
ခုန်အိမ်တော်မှာတော့ ခုန်ကျွင်းနှင့် သားနှစ်ယောက် ၊ စုစုပေါင်း (၃)ယောက်သာရှိလေရာ တိုက်ရိုက်အဆက်အနွယ်ချင်း ယှဉ်ပြိုင်မည်ဆိုလျှင်တော့ ခုန်အိမ်တော်က လုံးဝ နောက်ကျကျန်ခဲ့ပေမည်။
ချန်ရှီးတွင် သားနှင့်မြေးများရှိရုံသာမက သမီးများနှင့် မြေးမလေးများလည်း အတော်လေး များပြားသည်။
သို့သော် အင်အားကြီးသူကိုသာလေးစားကြသည့် ထျန်းယွမ်ကုန်းမြေတွင် မိန်းကလေးများ သိပ်ပြီးနေရာမရကြပေ။ မိန်းကလေးကျင့်ကြံသူအရေအတွက်သည်လည်း ယောကျ်ားလေးကျင့်ကြံသူအရေအတွက်ထက် အဆပေါင်းများစွာ နည်းပါးသည်။
ချန်ရှီးသည်လည်း သားများကို သမီးများထက်ပိုပြီး မျက်နှာသာပေးလေသည်။
သူ၏အမြင်တွင် သမီးများနှင့် မြေးမများမှာ အိမ်တော်အကျိုးစီးပွားအတွက် အခြားသူများနှင့် ထိမ်းမြားလက်ထပ်ပေးရန် အသုံးချခံများသာ ဖြစ်ကြသည်။
ထို့ပြင် သမီးမိန်းကလေးများက အိမ်ထောင်ကျပြီးလျှင် ခင်ပွန်းဖြစ်သူ၏မိသားစုဘက်သို့ လိုက်ပါသွားပြီး အခြားမိသားစုဝင်များသာ ဖြစ်သွားကြပေမည်။
ထို့ကြောင့် ချန်ရှီးက သမီးမိန်းကလေးများနှင့် မြေးမိန်းကလေးများကို တန်ဖိုးထားခြင်း မရှိပေ။
အိမ်တော်၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော “ရေနက်မဟာကျင့်စဉ်” ကိုပင် မိန်းကလေးများအား လက်ဆင့်ကမ်းသင်ကြားပေးခြင်း မရှိခဲ့ပေ။
ဟုတ်ပေ၏။
ချန်ရှီး၏ သား(၃)ယောက်နှင့် မြေးယောကျ်ားလေး(၈)ယောက်တို့တွင် အားလုံးက အရည်အချင်းရှိကြသည်မဟုတ်ပေ။ သူတို့ထဲတွင် အသုံးမကျသူများလည်း ပါဝင်သည်။
ဥပမာ - ချန်ရှီး၏ တတိယသား ‘ချန်ရှီကျဲ့’ ဆိုလျှင် ခွန်းကာမြို့တွင် နာမည်ပျက်ရှိသည့် လူရှုပ်လူပွေတစ်ယောက် ဖြစ်၏။
ချန်ရှီး၏ သားအကြီးဆုံး ‘ချန်ရှီစန်း ကတော့ စီးပွားရေးတွင်အလွန်ထက်မြက်ပြီး မိသားစုပိုင်လုပ်ငန်းများ၏ (၇၀)ရာနှုန်းကျော်ကို စီမံခန့်ခွဲနေသူ ဖြစ်သည်။
သူက ချန်ရှီး၏လက်ထောက်ပမာ ဖြစ်၏။
ချန်ရှီစန်းအနေဖြင့် အနာဂတ်တွင် ချန်အိမ်တော်သခင်နေရာကို မဆက်ခံဘူးဆိုလျှင်တောင်မှ မိသားစုတွင် အရေးပါသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေမည်။
ချန်ရှီး၏ ဒုတိယသား’ချန်ရှီရှင်း’ ကတော့ ချန်အိမ်တော် တိုက်ရိုက်အဆက်အနွယ်အားလုံးထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံး ဖြစ်သည်။
လက်ရှိတွင် သူက ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ရောက်ရှိနေပြီး အိမ်တော်တွင် သူ့ထက်သာသူဆို၍ သူ့ဖခင်’ချန်ရှီး’ သာ ရှိလေသည်။
သို့ဖြစ်ရာ သူက ချန်အိမ်တော်တွင် ဒုတိယအင်အားအကြီးဆုံးဟု ဆိုနိုင်သည်။
အကယ်၍ ကျင့်ကြံခြင်းတွင် အခက်အခဲမကြုံတွေ့ရဘဲ အဆင်ပြေချောမွေ့စွာဖြင့် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်ရောက်နိုင်မည်ဆိုပါက အိမ်တော်သခင်နေရာကိုရရှိရန် အာမခံချက် ရှိပေသည်။
အစ်ကိုနှစ်ယောက်နှင့်ယှဉ်ပါက ချန်ရှီကျဲ့က လုံးဝ အသုံးမကျသူဖြစ်သည်။
သူက “အုတ်ရိုးတွင် အင်္ဂတေကိုင်ရန်မဖြစ်နိုင်သော ရွှံစိုင်ပမာ” လူတစ်ယောက်ဖြစ်သည်။
သေရည် ၊ မိန်းမနှင့် အပျော်အပါးတွင်မွေ့လျော်သည်မှလွဲပြီး အခြားစွမ်းရည်လုံးဝမရှိပေ။
ကံကောင်းသည်မှာ သူက မျိုးပွားစွမ်းရည် အလွန်ကောင်းနေခြင်းပင်။
ချန်ရှီး၏မြေးယောကျ်ားလေး(၈)ယောက်တွင် (၅)ယောက်က သူ၏သားများဖြစ်လေရာ ချန်အိမ်တော် လူဦးရေတိုးပွားရန်အတွက် အထောက်အကူပြုသည်ဟု ဆိုရမည်။
သို့ပေသိ အင်အားကြီးသူကိုသာလေးစားသည့် ထျန်းယွမ်ကုန်းမြေတွင် ချန်ရှီကျဲ့ကဲ့သို့ အသုံးမကျသည့် လူ့ဗာလ ငဖျင်းများက လုံးဝ နေရာပေးလေ့မရှိပေ။
သူ၏သားများသည်ပင် သူတို့ဖခင်ကို အထင်မကြီးကြပေ။
မိသားစုတစ်ခုလုံးက ဝိုင်းဝန်းအထင်သေးနေသည်ဖြစ်ရာ ချန်ရှီကျဲ့လည်း နေသားကျလာပြီး မထူးဇာတ်ခင်းနေတော့သည်။
တစ်နေကုန်တစ်နေခမ်း အပျော်အပါးတွင်သာနစ်မြုပ်နေပြီး အိမ်တော်တာဝန်များကို လုံးဝ ပစ်ပယ်ထားလိုက်တော့သည်။
ယခုလည်း ချန်အိမ်တော် လေလံပွဲတွင် အခြေအနေဆိုးရွားခဲ့ပြီး ချန်ရှီး တံခါးပိတ်ကျင့်ကြံလျှက်ရှိလေရာ အိမ်တော်မှလူများ အိမ်ပြင်သို့ သိပ်မထွက်ကြပေ။
သို့သော် ချန်ရှီကျဲ့တစ်ယောက်ကတော့ နေ့တိုင်းလိုလို စားတော်ဆက်များ ၊ ဆောင်ကြာမြိုင်များတွင် ဝင်ချည်ထွက်ချည်ဖြင့် လမ်းသလားနေပေသည်။
မွှေးရနံ့ဂေဟာဆိုသည်က ခွန်းကာမြို့မှ နာမည်အကြီးဆုံး ဆောင်ကြာမြိုင်ဖြစ်သည်။
ထိုဆောင်ကြာမြိုင်ကို ကုန်သွယ်ရေးအသင်းချုပ်မှပိုင်ဆိုင်ပြီး တကယ့် ချောပေ့ လှပေ့ဆိုသည့် မိန်းကလေးများကို စုစည်းထားသည်ဖြစ်ရာ ချန်ရှီကျဲ့ကဲ့သို့ ငပွေငရှုပ်ကောင်အတွက် အလွန်ဆွဲဆောင်မှုရှိသည့် နေရာတစ်ခုပင်။
မကြာသေးမီကပင် မွှေးရနံ့ဂေဟာတွင် အလှပဂေး မိန်းကလေးအသစ်များ ရောက်ရှိနေလေသည်။
ထိုမိန်းကလေးများက ခွန်းကာမြို့နှင့် အလွန်ဝေးကွာသည့် ရှကျိုးနယ်မှဝယ်ယူထားခြင်းဖြစ်ပြီး သူတို့၏အသားအရေက ဂျုံရောင်ပမာ ဖြူဝါဝါနှင့်ဖြစ်ကာ အလွန်ပင်ချောမောလှပကြသည်။
သို့ဖြစ်ရာ ချန်ရှီကျဲ့မှာလည်း ထိုနေရာမှ မထွက်နိုင်ဖြစ်ကာ အပျော်အပါးထဲ နစ်မျောနေလေတော့၏။
ယခုအချိန်မှာတော့...
မွှေးရနံ့ဂေဟာ၏ လှပသပ်ရပ်သော သီးသန့်အခန်းတစ်ခုတွင် ရှကျိုးသူ မိန်းမလှလေးနှစ်ယောက် ကပြဖျော်ဖြေလျှက် ရှိလေသည်။
သူတို့က ပါးလွှာသည့်ပုဝါစများ ခြုံလွှမ်းလျှက် ခါးတွင် ခေါင်းလောင်းငယ်များချိတ်ဆွဲထားကာ အလွန်ထူးခြားပြီး ဆွဲဆောင်မှုရှိသောအကဖြင့် ဖျော်ဖြေလျှက်ရှိသည်။
သူတို့၏ သွယ်လျလှပသော ခန္ဓာကိုယ်လေးများက စွဲမက်ဖွယ်ရာ ယိမ်းထိုးလှုပ်ရှားနေပြီး ဖြူစင်သောအသားအရေထက်တွင် ချွေးစက်လေးများဖြင့် တောက်ပနေတော့သည်။
အထူးသဖြင့် ပါးလွှာသော ပုဝါစများအောက်မှ မလုံ့တလုံခန္ဓာကိုယ်အလှကိုတွေ့မြင်ရသည်မှာ တပ်မက်စိတ်ကို ပိုပြီးပြင်းထန်လာစေသည်။
ဤသို့သော သုခဘုံမျိုးတွင် ခံစားစံစားရသည်မှာ မူးယစ်ရီဝေစရာကောင်းလှသဖြင့် သတိပြန်ဝင်လာရန် မလိုအပ်တော့ပေ။
ထိုသီးသန့်အခန်းထဲတွင် ချန်ရှီကျဲ့ ရှိနေလေသည်။
သူက အဖြူရောင်ကြွေအိုးထဲမှသေရည်ကို ခွက်ထဲသို့မငှဲ့တော့ဘဲ အိုးလိုက်ပင်မော့သောက်လိုက်ပြီး ဆွဲဆောင်မှုရှိသောအကကို ကြည့်ရှုခံစားရင်း ပျော်ရွှင်မှုအပြည့်ဖြင့် နစ်မျောလျှက်ရှိသည်။
ချန်ရှီကျဲ့အကြောင်း ပြောရမည်ဆိုလျှင် လူက အသုံးမကျသော်လည်း ရုပ်ရည်ကတော့ အလွန်တရာ ချောမောပေသည်။
အသက်(၄၀)ကျော်ပြီဖြစ်သည့်တိုင် ရုပ်ရည်ကကျမသွားဘဲ “ချောလိုက်တာ” ဟု မှတ်ချက်ပြုရသည်အထိ နုပျိုလှပနေဆဲပင်။
ဤသို့သော ဥစ္စာပေါ ရုပ်ချော လူမျိုးကို ဆောင်ကြာမြိုင်ပိုင်ရှင်များကလည်း အလွန်ပင်ကြိုဆိုကြသည်။
ထို့ကြောင့်ပင် ချန်ရှီကျဲ့ကိုဖျော်ဖြေရန်အတွက် အတော်ဆုံး ရှကျိုးနယ် အလှပဂေးလေးများကို တာဝန်ပေးထားခြင်း ဖြစ်လေသည်။
ရှကျိုးနယ်မှ မိန်းမလှလေးနှစ်ယောက်မှ အသက်ရှူရပ်လုမတတ် လှပစွာကခုန်နေပြီး အကမယ်လေးတစ်ယောက်၏ခန္ဓာကိုယ်လေးက လေတွင်လွင့်လျှက် ချန်ရှီကျဲ့ရင်ခွင်ထဲ ရောက်သွားတော့မည့်အချိန်တွင် သီးသန့်ခန်းအပြင်ဘက်မှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
“သေရည်ကောင်းသောက်ရင်း မိန်းမလှလေးတွေနဲ့ အချိန်ပြည့်ပျော်နေရတာ... အစ်ကို’ရှီကျဲ့’ ကတော့ ဘဝကို ဘယ်လိုပျော်အောင်နေထိုင်ရမယ်ဆိုတာ တကယ်နားလည်တာပဲကိုး...”
စကားဆုံးသွားသည်နှင့် အရပ်မြင့်မြင့် ချောမောခန့်ညားသောလူငယ်တစ်ယောက် တံခါးဖွင့်ပြီး အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာလေသည်။
လူငယ်က ပြုံးလိုက်ပြီး လက်ညှိုးလက်ခလယ် အသုံးပြုပြီး ဒြပ်စင်စွမ်းအားစီးကြောင်းနှစ်ခု ထုတ်လွှတ်လိုက်ရ ကခုန်နေသည့် ရှကျိုးသူလေးနှစ်ယောက်မှာ ချက်ချင်းပင် ပျော့ခွေပြီး သတိလစ်လဲကျသွားတော့သည်။
ပုံမှန်ဆိုလျှင် ချန်ရှီကျဲ့က မိန်းကလေးများကို ချစ်ခင်မြတ်နိုးပြီး ကာကွယ်ပေးတတ်သူ ဖြစ်သည်။ သို့သော် ယခုတော့ ရှကျိုးသူလေးများကို တစ်ချက်ပင် ကူညီခဲ့ခြင်းမရှိပေ။
အခန်းထဲဝင်လာသည့်လူငယ်ကိုသာ အံ့အားသင့်စွာ စူးစိုက်ကြည့်နေခဲ့သည်။
အတန်ကြာမှ ချန်ရှီကျဲ့က အော်ဟစ်ရယ်မောလိုက်ပြီး...
“ဘယ်သူများလဲလို့... ခုန်အိမ်တော်ရဲ့ အကြီးဆုံးသခင်လေး ဖြစ်နေတာကိုး... ၊ အမြဲတမ်း ထူးချွန်တဲ့လူအဖြစ် သတ်မှတ်ခံရတဲ့ ခုန်သခင်လေးက ဒီလိုနေရာမျိုးကိုရောက်နေတယ်ဆိုတာ အံ့သြစရာပဲ”
ဟုတ်ပေ၏။
အခန်းထဲဝင်လာသောလူငယ်က ခုန်အိမ်တော်၏ အကြီးဆုံးသခင်လေး ‘ခုန်ကျောင်း’ ပင် ဖြစ်သည်။
ခုန်ကျောင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
သူက ချန်ရှီကျဲ့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး သေရည်တစ်အိုးကိုကောက်ယူကာ ခွက်ထဲသို့ငှဲ့ထည့်ပြီး တစ်ငုံသောက်လိုက်သည်။
ပြီးမှ ညင်သာစွာပြုံးလိုက်ပြီး...
“သေရည်ကတော့ ပုံမှန်ပါပဲ ၊ ဒါပေမဲ့ မိန်းမလှလေးတွေနဲ့ဆိုရင်တော့ သေရည်အရသာက ထူးခြားသွားနိုင်တယ် မဟုတ်လား”
ချန်ရှီကျဲ့က ခေါင်းကိုနောက်သို့လှန်လိုက်ပြီး လက်ထဲမှ သေရည်အိုးကို တကျိုက်တည်းမော့သောက်လိုက်သည်။
ထို့နောက် ခုန်ကျောင်းကိုကြည့်လိုက်ပြီး...
“ခုန်သခင်လေး... ကျုပ်သိသလောက်တော့ မင်းက သေရည်နဲ့ မိန်းမလှလေးတွေကို စိတ်မဝင်စားတတ်ပါဘူး... အဟက်... အသက်(၃၀)မပြည့်ခင် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ထားတဲ့ မြင့်မြတ်တဲ့မျိုးရိုးက လူတော်လေးတစ်ယောက်က ကျုပ်လိုလူနဲ့ ဘာတစ်ခုမှ တူနိုင်စရာအကြောင်းမရှိဘူး မဟုတ်လား”
ခုန်ကျောင်းက သေရည်ခွက်ကို ချလိုက်ပြီး ချန်ရှီကျဲ့ကို စူးစိုက်ကြည့်လိုက်သည်။
“ကျုပ်တို့နှစ်ယောက်လုံး ဒုက္ခရောက်နေတဲ့သူတွေပဲလေ ၊ အစ်ကို’ရှီကျဲ့’ နဲ့ ကျုပ်နဲ့ ဘာလို့ တူညီတဲ့အချက်တွေမရှိဘဲ နေရမှာလဲ ၊ အစ်ကို’ရှီကျဲ့’... ခင်ဗျား ကျုပ်နေရာကိုဝင်ကြည့်စမ်း... ကိုယ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပါရမီရှင်လို့အခေါ်ခံရတဲ့တစ်ယောက်နဲ့ အမြဲနှိုင်းယှဉ်ခံနေရရင် ဖိအားတွေ ခံစားနေရမှာပဲ မဟုတ်ဘူးလား”
ချန်ရှီကျဲ့ မျက်ဝန်းများ မှေးစင်းသွားသည်။
သူက ခေါင်းခါရမ်းရင်း...
“ကျုပ်က မင်းနဲ့မတူပါဘူး ခုန်သခင်လေး... ကျုပ်ဘဝက သေရည်နဲ့ မိန်းမလှလေးတွေကြားမှာ ပျော်ရွှင်နေတာ ၊ ဖိအားဆိုတာ ကျုပ် ဘာမှမဆိုင်ဘူး”
ခုန်ကျောင်းက ရယ်မောလိုက်ရင်း...
“လူရယ်လို့ဖြစ်လာရင်... ရှာဖွေနေတဲ့အရာတွေ အမြဲတမ်းရှိပါတယ်ဗျာ ၊ အစ်ကို’ရှီကျဲ့’ က သေရည်နဲ့ မိန်းကလေးတွေကိုပဲ အရေးစိုက်တယ်ဆိုရင်တောင်... အခုထက်ပိုပြီး လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ ခံစားချင်မှာပဲလေ ၊ မဟုတ်ဘူးလား... အခု အစ်ကိုက ပျော်ရွှင်မှုကိုခံစားတယ်ဆိုပေမယ့် မကျေနပ်ချက်တွေကိုသက်သာစေဖို့ အပျော်အပါးနွံထဲ တမင်သက်သက် နစ်ဝင်နေတာ မဟုတ်လား”
ခုန်ကျောင်း၏ စကားများကိုကြားလိုက်တော့ ချန်ရှီကျဲ့ မျက်ဝန်းများလှုပ်ရှားသွားပြီး အတွေးများလည်း မရေမရာဖြစ်သွားသည်။
သူက နောက်ထပ်သေရည်တစ်အိုးကို ကောက်ယူလိုက်ပြီး အပြင်းအထန်ပင် မော့ချလိုက်တော့သည်။