← Chapters

လာရောက်‌နှောက်ယှက်သည့်ဧည့်သည်

Vol. 7 Ch. 81

လာရောက်‌နှောက်ယှက်သည့်ဧည့်သည်

Vol. 7 Ch. 81

(၃)ရက်ခန့်ကြာပြီးနောက်...

ခုန်အိမ်တော်တွင် အလွန်တရာကြီးကျယ်ခမ်းနားပြီး စည်ကားသိုက်မြိုက်သော စားသောက်ပွဲကြီးတစ်ခု ကျင်းပခဲ့လေသည်။

စားသောက်ပွဲနှင့်အတူ ခုန်အိမ်တော်၏ ဒုတိယသခင်လေး’ခုန်မင်’ ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ခွန်းကာမြို့တစ်မြို့လုံးသို့ ကြေညာခဲ့သည်။

ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာ အခါသမယဖြစ်သဖြင့် ခုန်အိမ်တော်အနေဖြင့် တစ်မြို့လုံးကို စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံမည်ဖြစ်သည်။

မည်သူမဆို ဂုဏ်ပြုစကားဆိုရုံမျှဖြင့် စားသောက်ပွဲတွင် စိတ်ကြိုက် ဝင်ရောက်စားသောက်ခွင့် ရှိပေသည်။

ထိုသတင်းက ခွန်းကာမြို့တစ်မြို့လုံးတွင် မီးလျှံပမာ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ခုန်မင် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ တက်ရောက်ခြင်းအတွက် ဂုဏ်ပြုပွဲမှာ တစ်မြို့လုံးအတွက် ခမ်းနားသည့်ပွဲတော်ကြီးပမာ ဖြစ်သွားတော့၏။

ထိုခဏတွင် ခုန်အိမ်တော်၏ ဂုဏ်သရေသည် မည်သည့်အိမ်တော်မှ လိုက်မမီအောင် တွန်းတောက်လျှက်ရှိပေသည်။

ခုန်အိမ်တော်အပြင်ဘက် လမ်းမကြီးထက်တွင် ရောင်စုံအမိုးများဖြင့်အလှဆင်ထားသည့် အလှူမဏ္ဍပ်များတည်ဆောက်ထားသည်။

အလှူမဏ္ဍပ်များထဲတွင် ထောင်နှင့်ချီသော နေရာထိုင်ခင်းများစီစဉ်ထားပြီး စားသောက်ဖွယ်ရာများ အလျှံအပယ် တည်ခင်းထားသည်။

လမ်းမတစ်လျှောက် မျက်စိတစ်ဆုံးပင် လူအများ ဆူညံပျော်ရွှင်စွာ စားသောက်နေကြသော မြင်ကွင်းဖြင့် ပြည့်နက်နေတော့၏။

ခွန်းကာမြို့တစ်မြို့လုံး၏ (၈၀)ရာနှုန်းက ဂုဏ်အိမ်‌တော်ကို လာရောက်ဂုဏ်ပြုကြသည်ဖြစ်ရာ ခုန်အိမ်တော်အနေဖြင့် လူပေါင်းသိန်းချီပြီး ဧည့်ခံရပေမည်။

ထို့ကြောင့် နံနက်မှ ညခင်းအထိ အိမ်တော်အပြင်ဘက် လမ်းမထက်ရှိ အလှူမဏ္ဍပ်များတွင် စားသောက်ပွဲက မနားတမ်း တည်ခင်းနေရတော့သည်။

ကြက်၊ ဘဲ၊ ငါး၊ အသားများနှင့် သေရည်များ မရေမတွက်နိုင်အောင်အသုံးပြုဧည့်ခံသည်ဖြစ်ရာ စားသောက်ပွဲကုန်ကျစရိတ်သည်ပင် ရွှေဒင်္ဂါးပေါင်း ‌ထောင်နှင့်သောင်းနှင့်ချီပြီး ကုန်ကျပေမည်။

ခုန်အိမ်တော်မှလွဲ၍ မည်သူက ဤမျှ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နိုင်ပါမည်နည်း။

ကံကောင်းထောက်မစွာ (၃)ရက်ကြိုတင်ပြင်ဆင်နိုင်ခဲ့သဖြင့် အိမ်တော်၏သိုလှောင်ရုံတွင် ဆန်စပါး အလုံအလောက် ရှိနေခဲ့သည်။

အိမ်တော်အပြင်ဘက် အလှူမဏ္ဍပ်များရှိ စားသောက်ပွဲက သာမန်ပြည်သူများနှင့် မြို့သူမြို့သားများကို ဧည့်ခံခြင်းဖြစ်သည်။

ခွန်းကာမြို့၏ ဂုဏ်သရေရှိလူကြီးမင်းများ ၊ နာမည်ကျော်ကြားသူများနှင့် ခင်မင်ရင်းနှီးသောမိတ်ဆွေများကတော့ အိမ်တော်ခြံဝင်းထဲတွင် စားသောက်ပွဲတက်ရောက်ကြရသည်။

အိမ်တော်ခြံဝင်းထဲတွင် ဧည့်သည်များအတွက် စားပွဲပေါင်း (၁၀၀)ခန့်စီစဉ်ထားပြီး အိမ်တော်အတွင်းရှိ ဧည့်ခန်းမဆောင်တွင်တော့ စားပွဲ(၃)ခုသာ စီစဉ်ထားသည်။

အတွင်းခန်းမရှိ စားပွဲများက ခွန်းကာမြို့၏ ထိပ်တန်းပုဂ္ဂိုလ်များအတွက် သီးသန့် စီစဉ်ထားခြင်း ဖြစ်၏။

ခွန်းကာမြို့မှ ဂုဏ်သရေရှိလူကြီးမင်းများ၊ နာမည်ကျော်ကြားသူများ ၊ ခုန်အိမ်တော်၏မိတ်ဆွေများ စားသောက်ပွဲသို့ အလျှိုလျှိုရောက်ရှိလာကြသည်။

လက်ရှိတွင် ခွန်းကာမြို့မှလူတိုင်းက ခုန်အိမ်တော်ထံမှ မျက်နှာသာရရန်ကြိုးစားနေကြသည်ဖြစ်ရာ ပွဲတော်မတက်ရောက်သူဆို၍ ချန်အိမ်တော်မှလူများသာ ရှိပေလိမ့်မည်။

ဤသည်ကလည်း အံ့သြစရာကိစ္စမဟုတ်ပေ။

လက်ရှိမှာတော့ အိမ်ရှင်များဖြစ်သည့် ခုန်ကျွင်းတို့ သားအဖ(၃)ယောက်က ဧည့်သည်များ၏ဂုဏ်ပြုခြင်းအတွက် သေရည်ဖြင့် “ခွက်တိုက်” ဧည့်ခံနေကြလေသည်။

အိမ်တော်အတွင်းပိုင်း ဧည့်ခန်းမဆောင်ရှိ စားပွဲများတွင် ခုန်သားအဖများဖြင့် တစ်စားပွဲတည်းထိုင်ခွင့်ရသူများက ခွန်းကာမြို့၏ တကယ့်ထိပ်သီးများဖြစ်ကြသည်။

ဟုတ်ပေ၏။

ကုန်သွယ်ရေးအသင်းချုပ်ဥက္ကဌ’မေလင်’ နှင့် မြို့တော်ဝန်’လောကျန့်’ တို့သည်လည်း ထိုစားပွဲတွင် ရှိနေပေသည်။

ချန်ရှီးရောက်ရှိလာခဲ့ပါကလည်း ဤစကားပွဲတွင်သာ ထိုင်ရမည်ဖြစ်ရာ ခွန်းကာမြို့၏ ထိပ်တန်းအဆင့်ပုဂ္ဂုလ်(၄)ယောက် စုဝေးနေမည်ဟု ဆိုနိုင်သည်။

စားသောက်ပွဲတစ်လျှောက် ဂုဏ်ပြုစကားများ၊ ချီးကျူးစကားများက ခုန်မင်ထံသို့ မြစ်ရေလှိုင်းလုံးကြီးများပမာ ဆက်တိုက်ဆိုသလို စီးဆင်းဝင်ရောက်လျှက်ရှိသည်။

ခုန်မင်ကတော့ အပြုံးမပျက် ယဉ်ကျေးစွာပင် ဂုဏ်ပြုလာသူများအားလုံးကို သေရည်ဖြင့် “ခွက်တိုက်” ဧည့်ခံလို့နေသည်။ ဤလူငယ်လေးက အရွယ်နှင့်မလိုက်‌အောင် တည်ငြိမ်ရင့်ကျက်လေရာ လူအများက ပိုမိုလေးစားအားကျခဲ့ကြသည်။

စားသောက်ပွဲတစ်ခုလုံး ရယ်မောသံများ ၊ သေရည်ခွက်တိုက်သံများ ၊ ဂုဏ်ပြုစကားသံများဖြင့် ဆူညံနေချိန်...

ရုတ်တရက်...

အိမ်တော်ဧည့်ခန်းမဆောင် အဝင်ဝမှ အေးစက်သောအသံတစ်သံ ထွက်ပေါ်လာသည်။

“ပျော်ရွှင်စရာ စားသောက်ပွဲကြီးပဲ ၊ ဘာလို့များ ကျုပ်ကို မဖိတ်ရတာလဲ ၊ ဘာလဲ... ခုန်အိမ်တော်က ကျုပ်တို့ ကို မတူသလိုမတန်သလို သဘောထားတာလား”

ထိုအသံကိုကြားသည်နှင့် ခုန်သားအဖများနှင့် တစ်စားပွဲတည်းထိုင်ကာ စားသောက်နေသည်များ ရုတ်ချည်း မျက်နှာပျက်သွားကြသည်။

ထိုအေးစက်သော အသံပိုင်ရှင်ကို လူတိုင်း သိကြသည်ပင်။

ရက်ပေါင်းများစွာ လူအများ မျက်စိရှေ့မှ ပျောက်နေခဲ့သည့် “ချန်ရှီး” ပင် ဖြစ်လေ၏။

ချန်ရှီးက ဤသို့သောအချိန်မျိုးတွင် ရွေးချယ်ရောက်ရှိလာခြင်းမှာ မည်သည့်အကြံအစည်ရှိကြောင်း မည်သူသိနိုင်ပါမည်နည်း။

ခုန်အိမ်တော်နှင့် ချန်အိမ်တော်ဆိုသော မျိုးနွယ်ကြီးနှစ်ခုကြား ပဋိပက္ခဖြစ်မည်ဆိုပါက ပတ်ဝန်းကျင်မှလူများသည်လည်း ပဲလှော်ကြားဆားညပ် ဖြစ်ရမည်သာ။

ခုန်ကျွင်းကတော့ အလွန်ပင် တည်ငြိမ်စွာရှိနေသည်။

သူက အေးဆေးစွာပင် တစ်ချက်ပြုံးလိုက်ပြီး...

“ချန်သခင်ကြီးက နောက်နေပြန်ပါပြီ ၊ ကျုပ်က ချန်အိမ်တော်ကို အစောကြီးကတည်းက စားသောက်ပွဲဖိတ်ကြားလွှာ ပို့ထားပြီးပါပြီ ၊ ချန်သခင်ကြီး အလုပ်တွေများတာနဲ့ မလာရောက်နိုင်မှာတောင် စိုးရိမ်နေမိတာပါ ၊ အခု ချန်သခင်ကြီး ကိုယ်တိုင်ကြွရောက်လာတာ ဂုဏ်ယူစရာပါပဲ”

ထို့နောက် သူက မတ်တတ်ထရပ်ပြီး ခရီးဦးကြိုပြုလိုက်သည်။

“လာပါ လာပါ... ဒီစားပွဲမှာထိုင်ပါ ၊ ကျုပ်က ချန်သခင်ကြီးကို တစ်ခွက်လောက် ဂုဏ်ပြုပါရစေ”

ချန်ရှီးက အေးစက်စွာ “ဟမ့်” ခနဲ နှာမှုတ်လိုက်ပြီး...

“မင်းတို့ ခုန်အိမ်တော်မှာ ကျုပ်တို့ကိုဧည့်ခံဖို့ နေရာမလောက်မှာပဲ စိုးရိမ်မိပါတယ်”

ပြောပြီးသည်နှင့် ချန်ရှီးနှင့် နောက်လိုက်နောက်ပါများ အိမ်တော် ဧည့်ခန်းမဆောင်အတွင်းသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာကြတော့၏။

ချန်ရှီး၏ အဆင့်အတန်းအရဆိုလျှင် ခုန်အိမ်တော် အတွင်းခန်းမသို့ သေချာပေါက် ဝင်ခွင့်ရှိပေသည်။

သို့သော် ယခု သူနှင့်လိုက်ပါလာသူများက အလွန်များပြားလွန်းလေသည်။ ထို့ကြောင့် ချန်ရှီးက “နေရာမလောက်မှာပဲ စိုးရိမ်မိပါတယ်” ဟု ပြောဆိုခြင်း ဖြစ်ပေမည်။

အတွင်းခန်းမတွင် ဧည့်သည်ဧည့်ခံသည့်စားပွဲက (၃)ဝိုင်းသာလျှင်ရှိသည် မဟုတ်ပါလား။

ချန်ရှီးနောက်မှ လိုက်ပါလာသူများမှာ စုစုပေါင်း အယောက်(၂၀)ကျော်ခန့် ရှိပေသည်။

ရှေ့ဆုံးမှဦးဆောင်လာသူက ချန်ရှီးကိုယ်တိုင်ဖြစ်ပြီး သူ့နောက်တစ်ဖက်တစ်ချက်တွင် သားကြီး’ချန်ရှီစန်း’ နှင့် ဒုတိယသား’ချန်ရှီရှင်း’ တို့ခြံရံလိုက်ပါလာကြသည်။

သူတို့နောက်မှ လိုက်ပါလာသော အယောက်(၂၀)ခန့်သည်လည်း ကျင့်ကြံသူများပင် ဖြစ်ကြသည်။ အများစုက ချန်အိမ်တော်၏ ဧည့်သည်အကြီးအကဲများနှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြ၏။

ရောက်ရှိလာသူများတွင် ချန်အိမ်တော်၏ မြေးယောကျ်ားလေး(၈)ယောက်ကတော့ ပါဝင်ခြင်း မရှိပေ။

သို့ပေသိ ချန်အိမ်တော်တွင် ကျင့်ကြံသူများ ဘယ်တုန်းက ဤမျှလောက် များပြားလာခဲ့ပါသနည်း။

စုစုပေါင်း အယောက်(၂၀)ကျော်ဆိုသည်မှာ ခုန်အိမ်တော်ထက် များစွာကျော်လွန်နေသည် မဟုတ်ပါလား။

သို့သော် ခုန်ကျွင်း ၊ ခုန်ကျောင်း ၊ ခုန်မင်နှင့်အတူ စားပွဲတွင်ထိုင်နိုင်ကြသူအချို့ တစ်စုံတစ်ခုကို သတိပြုမိလိုက်ကြသည်။ ချန်ရှီးတို့အုပ်စုနောက်ဆုံးမှ လိုက်ပါလာသည့် လူ (၁၀)ယောက်ခန့်မှာ မျက်နှာစိမ်းများဖြစ်နေသည်ဆိုသောအချက်ပင်။

ထိုသူများက ချန်ရှီး ပြင်ပမှငှားရမ်းထားသော ကျင့်ကြံသူများ ဖြစ်နိုင်သည်။ ကြည့်ရသည်မှာ ချန်အိမ်တော်က ခုန်အိမ်တော်ကို ပြင်းထန်စွာနှိပ်ကွပ်ရန် ရည်ရွယ်ချက်ရှိထားပုံပင်။

သို့သော် ထူးခြားချက်တစ်ခုလည်း ရှိနေခဲ့သည်။

ချန်ရှီးတို့အုပ်စုနောက်မှ လိုက်ပါလာသည့် မျက်နှာစိမ်း(၁၀)ယောက်တွင် သခင်လေးတစ်ပါးနှယ် အလွန်ပင်ဝင့်ဝင့်ကြွားကြွားရှိသော လူငယ်တစ်ယောက်ပါလာသည်။

ထိုလူငယ်က အနက်ရောင်နှင့် အနီရောင်ပိုးထည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို အဖြူရောင်ပိုးကြိုးဖြင့်ချည်နှောင်ကာ ကျောက်စိမ်းဆံထိုးတစ်ခု ထိုးစိုက်ထားသည်။

ကျန်ရှိသော ကျင့်ကြံသူ(၉)ယောက်က ထိုလူငယ်နောက်တွင် ခြံရံကာ လိုက်ပါလာခြင်း ဖြစ်၏။

အခြေအနေက ထူးခြားသည်ဖြစ်ရာ ဧည့်သည်တော်များလည်း အလွန်စိတ်ဝင်စားသွားကြသည်။

မကြာသေးမီကာလအတွင်း ချန်ရှီး တိတ်ဆိတ်ငြိမ်သက်နေခြင်းမှာ ယခုကဲ့သို့ ပေါက်ကွဲမှုပြင်ဆင်ရန်အတွက် ကြိတ်ပြီးကြံစည်နေသည်မှာ ထင်ရှားသည်။

သို့ပေသိ ချန်ရှီးအနေဖြင့် ပြင်ပမှ အကူအညီများခေါ်လာသည်ဆိုဦးတော့ ခုန်အိမ်တော်ကို လုံးဝနှိမ်နင်းနိုင်မည်ဟု အပြည့်အဝ အာမခံနိုင်ပါမည်လား။

အကြောင်းမှာ ခွန်းကာမြို့တွင် လောကပထမ ပြိုင်ဘက်ကင်းဟု နာမည်ကျော်ကြားသော ခုန်ကျွင်း၏ဂုဏ်သတင်းက အလကားသက်သက် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

အခြားသူများမည်သို့တွေးနေစေကာမူ ခုန်ကျွင်းကတော့ အိမ်ရှင့်ဝတ်ကျေပွန်စွာ ဧည့်ခံစကားဆိုလိုက်ပေ၏။

“ချန်သခင်ကြီးက လူတွေအများကြီးခေါ်လာပြီး ကျုပ်တို့ကိုဂုဏ်ပြုတယ်ဆိုတော့... ဒါက ကျုပ်တို့ခုန်အိမ်တော်အတွက် သိပ်ကိုဂုဏ်ယူစရာပါပဲ ၊ နေရောမလောက်မှာတော့ မပူနဲ့ ၊ ကျုပ်အစေခံတွေကို နောက်ထပ် စားပွဲ(၂)ခု ထပ်ပြင်ဆင်ခိုင်းလိုက်မယ် ၊ ဒီကိုရောက်လာတဲ့ ဂုဏ်သရေရှိဧည့်သည်တွေ တစ်ယောက်မှ မနစ်နာစေရပါဘူး”

ချန်ရှီးက ‘ဟမ့်’ ခနဲ နှာမှုတ်လိုက်ပြီး ခန်းမမျက်နှာကျက်သို့ ခေါင်းမော့ကြည့်ကာ အော်ဟစ်လိုက်သည်။

“ဂုဏ်သရေရှိ ဧည့်သည်တွေတဲ့လား ၊ ဒီနေရာကိုရောက်နေတဲ့သူတွေထဲမှာ ဘယ်နှစ်ယောက်ကများ ဂုဏ်သရေရှိတယ်လို့ ပြောခွင့်ရှိလို့လဲ ၊ မတန်မရာ ကိုယ့်အဆင့်ကိုယ်သိတယ်ဆိုရင် နှင်ထုတ်မခံရခင် ထွက်သွားပေးကြပါ”

ထိုစကားကြောင့် ရောက်ရှိနေသည့်ဧည့်သည်များအားလုံး မကျေမနပ်ဖြစ်သွားကြသည်။

ချန်ရှီးက ခုန်အိမ်တော်တံခါးဝအထိ လာရောက်အနိုင်ကျင့်သည်ဆိုသော်လည်း ဤမျှမောက်မာသော အမူအရာကို ပြသခွင့် ရှိပါရဲ့လား။

ခုန်အိမ်တော်အတွင်းခန်းမသို့ ဝင်ရောက်ခွင့်ရထားသူများမှာ ကျင့်ကြံသူများမဟုတ်သည့်တိုင် ခွန်းကာမြို့မှ သူဌေး သူကြွယ် ဂုဏ်သရေရှိလူကြီးလူကောင်းများ ဖြစ်ကြသည်။

ချန်ရှီးအနေဖြင့် ခုန်အိမ်တော်နှင့် လွှမ်းမိုးနိုင်စွမ်းမြင့်မားမှုတွင် ယှဉ်ပြိုင်လိုခြင်း ဖြစ်နိုင်သော်လည်း ကျန်လူများအားလုံးကို ရန်သူပမာ မပြုမူသင့်ပေ။

ချန်ရှီး၏လုပ်ရပ်က ဧည့်သည်တော်များကို လုံးဝ မျက်စိထဲမထားသလို ဖြစ်နေသည်။

ဟုတ်ပေ၏။

ခုန်အိမ်တော်ကို လာရောက်ဂုဏ်ပြုကြသူများကို ချန်ရှီးက မကျေမနပ်ဖြစ်နေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် အားလုံးကို ဝါးလုံးရှည်ဖြင့် သိမ်းကျုံးရမ်းနေခြင်းပင်။

မည်သို့ပင်ဖြစ်စေ ချန်ရှီး ဤမျှအထိ ယုံကြည်မှုရှိနေသည်မှာ ဝှက်ဖဲတစ်ချပ်တော့ ရှိရပေမည်။

ချန်ရှီး၏ အပြုအမူက မောက်မာစော်ကားလွန်းသည်ဖြစ်ရာ ခုန်ကျွင်းလည်း မျက်နှာထားတင်းမာသွားသည်။

သူက အေးစက်သည့်လေသံဖြင့်...

“ဒီနေ့ ခုန်အိမ်တော်ကို ကြွရောက်လာတဲ့လူတိုင်းက ကျုပ်တို့ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်တွေပါ ၊ ချန်သခင်ကြီး အာဏာပြချင်တယ်ဆိုရင် ကိုယ့်အိမ်မှာ စားသောက်ပွဲလုပ်မှ အာဏာပြပါ ၊ ကျုပ်တို့အိမ်မှာ ဒီလိုလာမလုပ်ပါနဲ့”

ခုန်ကျွင်း၏စကားကမှ ချန်ရှီး၏စကားထက် အဆပေါင်းများစွာ နားဝင်ချိုပေသေးသည်။

ယခုဆိုလျှင် ခုန်အိမ်တော်နှင့် ချန်အိမ်တော် အားပြိုင်မှုတွင် ကြားနေခဲ့ကြသူများသည်ပင် ခုန်အိမ်တော်ဘက်သို့ ယိမ်းယိုင်သွားကြသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ ချန်ရှီးက အတော်လေး ယုံကြည်မှုအပြည့် ရှိနေသည်။

သူက နှာတစ်ချက်မှုတ်ရင်း...

“ကျုပ်ပြောတာ ဘာမှားလို့လဲ ၊ ဂုဏ်သရေရှိဧည့်သည်ဆိုတာ တကယ့်အရေးကြီးပုဂ္ဂိုလ်တွေ ဖြစ်သင့်တာ မဟုတ်ဘူးလား ၊ ခွေးတွေ ကြောင်တွေနဲ့ တစ်စားပွဲတည်းထိုင်ရမယ်ဆိုရင်... ဒါက တကယ့်ဂုဏ်သရေရှိသူတွေကို စော်ကားရာတောင် ရောက်သေးတယ်”

ထို့နောက် ချန်ရှီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး အော်ဟစ်ကြေညာလိုက်သည်။

“ကဲ... ဂုဏ်သရေရှိပုဂ္ဂိုလ်အစစ်ဖြစ်တဲ့ ချောင်အိမ်တော်က ဒုတိယသခင်လေးကို ကြိုဆိုလိုက်ကြရအောင်...”

ချန်ရှီး၏စကားသံ အဆုံးသတ်သွားသည်နှင့် နောက်တွင်ရပ်နေသော မျက်နှာစိမ်းများထဲမှ သခင်လေးတစ်ပါးနှယ် အနက်ရောင်နှင့်အနီရောင် ပိုးသားဝတ်စုံဝတ်ဆင်ပြီး ကျောက်စိမ်းဆံထိုးဆင်မြန်းထားသည့် အသက်(၂၀)ကျော်အရွယ်လူငယ်က လက်ထဲမှခေါက်ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ရင်း ရှေ့သို့ထွက်လာလေသည်။

ထိုလူငယ်က အသားဖြူဖြူ ရည်ရည်မွန်မွန်ရှိသည်ပင်။

သူက ခုန်ကျွင်းကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း ပြုံးလျှက် စကားဆိုလိုက်သည်။

“ခုန်အိမ်တော်ရဲ့ ဒုတိယသခင်လေးက အသက်ငယ်ငယ်နဲ့ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်လို့ သတင်းကြားမိပါတယ် ၊ ဒါက သိပ်ကို ဂုဏ်ယူဝမ်းမြောက်စရာပါပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဒီနေ့ ကျုပ်က ရုတ်တရက်ရောက်လာမိတာဆိုတော့ လက်ဆောင်တော့ ပြင်ဆင်ချိန်မရခဲ့ဘူး ၊ အစ်ကိုခုန် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ဤလူငယ်က ဆွေကြီးမျိုးကြီးမှ သခင်လေးတစ်ပါးပမာ ဝတ်ဆင်ထားပြီး စကားပြောပုံဆိုပုံကလည်း ခုန်ကျွင်းကို “အစ်ကိုခုန်” ဟုခေါ်ကာ သူနှင့်တန်းတူရည်တူပမာ ဆက်ဆံနေသည်။

ဤလူငယ်က မည်သူဖြစ်ပါသနည်း။

All Chapters