← Chapters

ချောင်အိမ်တော်

Vol. 7 Ch. 82

ချောင်အိမ်တော်

Vol. 7 Ch. 82

ချောင်အိမ်တော်က ချောင်တတိယသခင်လေးတဲ့လား...။

ဧည့်သည်များ ခေါင်းချင်းဆိုင်ပြီး တီးတိုးတီးတိုး ဖြစ်သွားကြသလို ခုန်မင်လည်း အနည်းငယ် မျက်မှောင်ကျုံ့လိုက်မိသည်။

ဧည့်သည်များ တီးတိုးစကားဆိုသည်က ချောင်တတိယသခင်လေးဆိုသူက မည်သူမည်ဝါဖြစ်မှန်း မသိသောကြောင့်ပင်။

ခုန်မင်ကတော့ သုံးပြည်ထောင်ခေတ်မှ သူ၏ပြိုင်ဘက်ဖြစ်သူ “ချောင်ချောင်း” ဟု ခေါ်သော “ချောင်မုန့်တယ်” ကို သတိရလိုက်မိသောကြောင့် ဖြစ်၏။

ချောင်တတိယသခင်လေးသည်လည်း ‘ချောင်ချောင်း’ နှင့် မျိုးနွယ်တူစွာ ‘ချောင်’ မျိုးနွယ် ဖြစ်သည် မဟုတ်ပါလား။

ခွန်းကာမြို့နှင့် အနီးပတ်ဝန်းကျင်တွင်တော့ ချောင်အိမ်တော်ဟူ၍ မရှိပေ။

ဖြစ်နိုင်ခြေရှိသည်ကတော့ ချောင်အိမ်တော်ဆိုသည်မှာ ခွန်းကာမြို့နှင့် အလွန်တရာ အလှမ်းဝေးသောနေရာတစ်ခုမှ အင်အားကြီးမျိုးနွယ်တစ်ခု ဖြစ်နိုင်ပေသည်။

သို့သော် ချန်နန်အင်ပါယာ သမိုင်းကြောင်းကို စဉ်းစားမိသူအချို့ကတော့ ကျောရိုးထဲစိမ့်သွားကြသည်။

ယခုပြောနေသည့် ချောင်အိမ်တော်ဆိုသည်က အနောက်ဘက် ဝူဝမ်စီရင်စုမှ “ချောင်” အိမ်တော်များ ဖြစ်နေမည်လား...။

ချန်နန်အင်ပါယာ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း(၅၀၀)ကျော်ပြီ ဖြစ်သည်။

ချန်နန်အင်ပါယာ၏ ပထမဆုံးဧကရာဇ် ‘ဟူရှော့’ က ထက်မြက်ပြီး စစ်ရေးဗျူဟာကျွမ်းကျင်သူ ဖြစ်သည်။

ဟူရှော့ အင်ပါယာထူထောင်နိုင်ရန်အတွက် ကူညီပေးခဲ့သော သူရဲကောင်း(၂)ယောက် ရှိခဲ့သည်။

ချန်နန်အင်ပါယာ တည်ထောင်ပြီးနောက် ထိုသူရဲကောင်း (၂)ယောက်လုံး မှူးမတ်ရာထူးများ ရရှိခဲ့ပြီး ထိုရာထူးကို မျိုးရိုးစဉ်ဆက် အမွေဆက်ခံနိုင်ခဲ့ကြသည်။

ထိုသူရဲကောင်း (၂)ယောက်အနက် တစ်ယောက်က ပင်မ ‘ခုန်’ အိမ်တော်၏ ဘိုးဘေး”ခုန်ရှို့” ဖြစ်လေသည်။ နောက်တစ်ယောက်ကတော့ “ချောင်” မျိုးနွယ်ဖြစ်ပြီး သူ၏အမည်က “ချောင်ပင်း” ဖြစ်သည်။

ယခုဆိုလျှင် ချန်နန်အင်ပါယာတွင် တော်ဝင်မျိုးနွယ်ဖြစ်သည့် “ဟူ” မျိုးနွယ်ပြီးလျှင် ခုန်မျိုးနွယ်နှင့် ချောင်မျိုးနွယ်တို့က အထက်တန်းလွှာမျိုးရိုးများအဖြစ် သတ်မှတ်ခံရသည်။

ထိုမျိုးနွယ်နှစ်ခုလုံးက ဧကရာဇ်’ဟူရှော့’ အင်ပါယာတည်ထောင်ရာတွင် အဓိကပါဝင်ကူညီပေးခဲ့ကြသော ခုန်ရှို့နှင့် ချောင်ပင်းမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။

ချန်နန်အင်ပါယာတွင် ခုန်မျိုးနွယ် ချောင်မျိုးနွယ်များမှာ မှူးကြီးမတ်ရာများမှသည် မြို့စားနယ်စားများအထိ အသီးသီး ရာထူးရာခံများ ပိုင်ဆိုင်ကြပေသည်။

ခွန်းကာမြို့မှလူများအဖို့ ခုန်မျိုးနွယ်နှင့် ရင်းနှီးကျွမ်းဝင်သည်မှာ မဆန်းပေ။

အကြောင်းမှာ ခွန်းကာမြို့ရှိ ခုန်အိမ်တော်က ပင်မခုန်အိမ်တော်မှဆင်းသက်လာသည့် အိမ်တော်အခွဲတစ်ခုဖြစ်ပြီး ၊ ခွန်းကာမြို့တွင်လည်း ထိပ်တန်းအဆင့် ရပ်တည်နေပေသည်။

ဤအချက်တစ်ခုတည်းဖြင့်ပင် ပင်မ ခုန်အိမ်တော် မည်မျှအင်အားကြီးသည်မှာ ထင်ရှားနေသည်။

သို့သော် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး’ချောင်ပင်း’ မှဆင်းသက်လာသည့် ချောင်မျိုးနွယ်များသည်လည်း အင်အားနှင့် ပိုင်ဆိုင်မှုအရာတွင် ခုန်မျိုးနွယ်များထက် နိမ့်ကျခြင်း မရှိပေ။

အင်ပါယာအတွင်း အာဏာလွှမ်းမိုးနိုင်စွမ်းကို ဘေးဖယ်ထားပြီး စစ်အင်အားတစ်ခုတည်းကိုသာ ကြည့်မည်ဆိုပါက ချောင်မျိုးနွယ်က ခုန်မျိုးနွယ်ထက်ပင် သာလွန်ပေသည်။

အင်ပါယာတည်ထောင်ရာတွင် ကူညီခဲ့သော ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်(၂)ယောက်အနက် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ‘ချောင်ပင်း’ က စစ်ဘက်ရေးရာကိုဦးဆောင်ခဲ့ပြီး အမတ်ချုပ်ကြီး’ခုန်ရှို့’ ကတော့ တိုင်းပြည်အုပ်ချုပ်‌ရေးအပိုင်းကို ဦးဆောင်ခဲ့သည်။

လက်ရှိအချိန်မှာတော့ အုပ်ချုပ်ရေးနှင့် စစ်ရေး အမတ်မင်း(၂)ပါးမှ ဆင်းသက်လာသော အိမ်တော်နှစ်ခုသည်လည်း အင်ပါယာ၏ အင်အားကြီးအုပ်စု(၂)ခု ဖြစ်လာပြီး အုပ်ချုပ်ရေးအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများအပေါ် သီးခြားလွှမ်းမိုးနိုင်စွမ်းများ ရှိနေခဲ့သည်။

ချန်နန်အင်ပါယာက နယ်မြေကျယ်ဝန်းလွန်းပြီး လျန်ကျိုးနယ်၏ (၆၀)ရာနှုန်းကျော်ကို သိမ်းပိုက်ထားသည်။

တိုင်းပြည်နယ်မြေများကို စီရင်စု(၅)ခုအဖြစ် ပိုင်းခြားထားပြီး အနောက်ဘက် ဝူဝမ်စီရင်စုမှာ ချောင်မျိုးနွယ်များ မျိုးဆက် တစ်ခုပြီးတစ်ခု အုပ်စိုးသည့် နယ်မြေပင် ဖြစ်၏။

ချောင်မျိုးနွယ်များ၏ ကျော်ကြားလှသော ဝူဝမ်သံချပ်ကာမြင်းတပ်ဆိုလျှင် အင်ပါယာ၏ အကောင်းဆုံးမြင်းတပ်အဖြစ် ချီးကျူးခံရသည်။

ဝူဝမ်စီရင်စုက မန်ကျိုးနယ် ချီလင်တောင်တန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

စစ်သည်များ၏ မဆုတ်မနစ်တိုက်ခိုက်မှုကြောင့် မန်ကျိုးနယ်ဇာတိ နတ်ဘီလူးမျိုးနွယ်များအားလုံး လျန်ကျိုးနယ်ဘက်သို့ ကျူးကျော်ရဲခြင်းမရှိတော့ဘဲ ချီလင်တောင်တန်းဆီသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

နတ်ဘီလူးမျိုးနွယ်များက မန်ကျိုးနယ်ဇာတိဖြစ်ပြီး ယဉ်ကျေးမှုမရှိသော အရိုင်းအစိုင်းများ ဖြစ်ကြသည်။

သူတို့က ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ ဝံပုလွေစသော သားရဲတိရိစ္ဆန်များကို ရုပ်တုထုလုပ်ကာ ကိုးကွယ်ကြပြီး သူတို့၏ယဉ်ကျေးမှုက လူသားများနှင့် လုံးဝတူညီခြင်း မရှိပေ။

နတ်ဘီလူးမျိုးနွယ်များက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မလုပ်ကိုင်ကြဘဲ နယ်မြေကျူးကျော်ပြီး လုယက်ဓားပြတိုက်ခြင်းဖြင့်သာ အသက်ရှင်ကြသည်။

မန်ကျိုးနယ်စပ်တွင် စစ်ရှုံးပြီး ချီလင်တောင်တန်းဆီသို့ ပြန်လည်ဆုတ်ခွာသွားကြရသော်လည်း သူတို့က ချီလင်တောင်တန်းထဲတွင် ပုန်းအောင်းနေပြီး လူသားများထံသို့ ခိုးဝင်ကာ တိုက်ခိုက်လုယက်ကြသဖြင့် အပြစ်မဲ့သူများစွာ အသက်ဆုံးရှုံးသည်များ ရှိခဲ့သည်။

ဝူဝမ်စီရင်စုတွင် ချောင်မျိုးနွယ်များ၏ အဓိကတာဝန်မှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော နတ်ဘီလူးမျိုးနွယ်များကို ချေမှုန်းပြီး အင်ပါယာ၏ မြောက်ပိုင်းနယ်စပ် ငြိမ်းချမ်းစေရန် ကာကွယ်စောင့်ရှောက်ပေးခြင်း ဖြစ်၏။

ဤနေရာတွင်တော့ ချောင်မျိုးနွယ်များ မည်မျှထူးချွန်သည်ကို ငြင်းဆန်မရနိုင်ပေ။

ချောင်မျိုးနွယ်များ၏ကြိုးပမ်းမှုကြောင့် နတ်ဘီလူးမျိုးနွယ်များမှ ရာစုနှစ်များစွာ ဝူဝမ်စီရင်စုအတွင်း ခြေတစ်လှမ်းပင် ဝင်ရောက်ရဲခြင်း မရှိခဲ့ကြပေ။

ခေတ်အဆက်ဆက် ချောင်အိမ်တော်၏ ခေါင်းဆောင်တိုင်းကို နတ်ဘီလူးမျိုးနွယ်များက “သတ်ဖြတ်သူနတ်ဘုရားများ” ဟု ခေါ်ဆိုခဲ့ကြသည်။

ချောင်မျိုးနွယ်များ မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်ခံခဲ့သည့် “မရဏဖန်သား” ကျင့်စဉ်မှာ ဧကရာဇ်အဆင့် သတ္တုဒြပ်စင်ကျင့်စဉ်တစ်ခု ဖြစ်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက် အလွန်ပြင်းထန်လှသည်။

ဤကျင့်စဉ်ကိ အနည်းငယ်မျှကျင့်ကြံရုံဖြင့် ခန္ဓာကိုယ်တစ်ခုလုံးမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အေးစက်သည့်ခံစားချက်ကို ပေးစွမ်းသည်။

သွေးဆာလွန်းသော နတ်ဘီလူးများသည်ပင် ချောင်မျိုးနွယ်များကို ကြောက်ရွံ့ပြီး “သတ်ဖြတ်သူနတ်ဘုရားများ” ဟု ခေါ်ဆိုကြသည်ဆိုလျှင် ၊ ဝူဝမ်စီရင်စုတွင် ချောင်မျိုးနွယ်များ၏ အခွင့်အာဏာနှင့် ဂုဏ်သရေ မည်မျှကြီးမားကြောင်း ခန့်မှန်းကြည့်နိုင်သည်။

သို့ပေသိ ချောင်မျိုးနွယ်များ၏ ဝူဝမ်စီရင်စုတွင်သာ နာမည်ကြီးသူများဖြစ်ပြီး အင်ပါယာတောင်ပိုင်း စီရင်စုတွင်တည်ရှိသော ခွန်းကာမြို့နှင့် တစ်စက်လေးပင် ပတ်သက်ဆက်နွယ်ခြင်း မရှိပေ။

သို့သော်လည်း “လူတစ်ယောက်၏နာမည်ကျော်ကြားမှုက သစ်ပင်တစ်ပင်၏အရိပ်ပမာဖြစ်သည်” ဟု ဆိုရိုးရှိပေသည်။

ချောင်တတိယသခင်လေးက တကယ်ပင် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး”‌ချောင်ပင်း” မှဆင်းသက်လာသော “ချောင်အိမ်တော်” မှ အဆက်အနွယ်ဖြစ်ပါ သူ့လိုလူမျိုးကို သေချာပေါက် ဂုဏ်သရေရှိဧည့်သည်တော်ဟု ခေါ်ဆိုရပေမည်။

ချောင်တတိယသခင်လေး၏ နောက်ခံဇာစ်မြစ်ကို ခန့်မှန်းတွေးတောကြရင်း လူအများ ပိုမိုထိတ်လန့်လာကြသည်။

သို့သော် အိမ်ရှင်ဖြစ်သည့် ခုန်ကျွင်းကတော့ အံ့သြဖွယ်ရာကောင်းစွာ တည်ငြိမ်နေဆဲပင်။

သူက ချောင်တတိယသခင်လေးဆိုသူကို အေးစက်စွာကြည့်လိုက်ရင်း...

“ဒီသခင်လေးက ဘယ်ဂုဏ်သရေရှိမျိုးနွယ်က ဆင်းသက်လာတာလဲဆိုတာ ကျုပ် တကယ်မသိပါဘူး ၊ ဒါပေမဲ့ အိမ်တံခါးဝကိုရောက်တာနဲ့ ဧည့်သည်လို့သတ်မှတ်ရမယ်ဆိုတဲ့ ဆိုရိုးရှိပါတယ် ၊ အခု ခုန်အိမ်တော်ကိုရောက်လာပြီဆိုတော့ လက်ဆောင်မပါလည်း ကိစ္စမရှိပါဘူး ၊ ဂုဏ်ပြုစကားပြောလိုက်ရုံနဲ့ စားသောက်ပွဲမှာ ထိုင်စားခွင့်ရှိပါတယ်”

ထိုအချိန် ချောင်တတိယသခင်လေးနောက်တွင်ရပ်နေသည့် လူရွယ်တစ်ယောက် ရုတ်တရက် ရှေ့ထွက်လာပြီး ခုန်ကျွင်းကို အော်ဟစ်လိုက်သည်။

“ခွန်းကာမြို့လို မြို့သေးသေးလေးမှာ ငါတို့သခင်လေးနဲ့ တစ်စားပွဲတည်း ထမင်းထိုင်စားရဲတဲ့သူ ဘယ်သူရှိလဲ ၊ ဒီလို နိမ့်ပါးတဲ့နေရာကို သခင်လေးကြွရောက်လာပေးတာကိုတောင် မင်းတို့က ကျေးဇူးတင်ရဦးမှာ ၊ မင်းလိုမျိုး အဆင့်နိမ့်အိမ်တော်သခင်တစ်ယောက်က ငါတို့သခင်လေးကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ”

ထိုလူရွယ်၏မျက်နှာအမူအရာက ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း သူအော်ဟစ်လိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ထွက်‌‌ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသအက်များက အတွင်းခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားရာ လူတိုင်းမှာ သွေးပင်လယ်ထဲ နစ်မြုပ်သွားသည့်ပမာ ခံစားလိုက်ရသည်။

ချောင်တတိယသခင်လေး၏ သက်တော်စောင့်တစ်ယောက်မျှသာဖြစ်သော ဤလူရွယ်က ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် တန်ခိုးစွမ်းအားကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် သူထုတ်လွှတ်လိုက်‌သော ဒြပ်စင်စွမ်းအားလှိုင်းလုံးများတွင် ပါဝင်နေသော သတ်ဖြတ်လိုသည့်အငွေ့အသက်ကလည်း အံ့သြဖွယ်ရာ ပြင်းထန်လွန်းသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ချောင်တတိယသခင်လေးက ဝူဝမ်စီရင်စု ၊ ချောင်အိမ်တော်မှ အမှန်တကယ်ဆင်းသက်လာသူဖြစ်ကြောင်း ထင်ရှားစေသည်။

မဟုတ်ပါက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သက်တော်စောင့်အဖြစ် ခန့်ထားနိုင်မည် မဟုတ်ပေ။

ချန်ရှီး ဤမျှမောက်မာပြီး ယုံကြည်မှုအပြည့်ရှိနေသည်မှာ အံ့သြစရာမရှိတော့ပေ။ သူ့ဘက်မှ “ချောင်အိမ်တော်” ကဲ့သို့သော နောက်ခံကို ရရှိထားသည် မဟုတ်ပါလား။

ချောင်အိမ်တော်၏ ပံ့ပိုးမှုသာမရှိပါက ချန်ရှီးအနေဖြင့် ဒေါသထွက်နေရုံသာရှိပြီး ခုန်အိမ်တော်သို့ ဤသို့ ရဲတင်းစွာဝင်ရောက်လာကာ ပြဿနာရှာရဲမည် မဟုတ်ပေ။

သက်တော်စောင့်လူရွယ်၏ တန်ခိုးစွမ်းအားက အလွန်ထူးခြားသော်လည်း ခုန်ကျွင်းကတော့ တစ်ချက်လေးပင် အားနည်းဟန် မပြခဲ့ပေ။

ခုန်အိမ်တော်သခင်၏ ခန္ဓာကိုယ်ထက်တွင် အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး အေးချမ်းပြီး တရားမျှတမှုရှိသော သစ်သားဒြပ်စင်စွမ်းအားက ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့်အငွေ့အသက်ကို သဲလွန်စပင်မကျန်အောင် ချေဖျက်ပစ်လိုက်သည်။

ခုန်ကျွင်း၏ ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် အထွတ်ထိပ်ကျင့်ကြံခြင်းစွမ်းအားက ထိုလူရွယ်ထက် သိသာစွာမြင့်မားနေသည်မှာ ထင်ရှားသည်။

ထိုအချိန် ချန်ရှီးက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ သက်တော်စောင့်လူရွယ်နှင့် ပခုံးချင်းယှဉ်ပြီး မတ်တတ်ရပ်လိုက်သည်။

သူတို့နှစ်ယောက်ပေါင်းပြီး ခုန်ကျွင်းကို တိုက်ခိုက်လိုသည်မှာ ထင်ရှားသည်။

တစ်ချိန်တည်းမှာပင် ချန်ရှီး၏ခန္ဓာကိုယ်ထက်တွင် အပြာရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး ရေဒြပ်စင်စွမ်းအားလှိုင်းလုံးတစ်ခု ခန်းမထဲတွင် ပြည့်နက်သွားသည်။

အပြာရောင်အလင်းတန်းက လူငယ်၏ သတ်ဖြတ်လိုသည့်အငွေ့အသက်နှင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်ပြီးပြည့်စုံသည့်တွဲဖက်ဖြစ်သွားပြီး ခုန်ကျွင်း၏ သစ်သားဒြပ်စင်စွမ်းအားက လုံးဝ ဖိနှိပ်နိုင်ခြင်း မရှိတော့ပေ။

ထိုအချိန် ချန်ရှီးနှင့်လိုက်ပါလာသော လူအယောက်(၂၀)ကလည်း တပြိုင်နက်တည်း တန်ခိုးစွမ်းအားများ ထုတ်လွှတ်လိုက်ကြသည်။

ထိုအခါမှ လူအများသဘောပေါက်လိုက်သည်နှာ ဤအဖွဲ့ထဲတွင် ချန်ရှီရှင်းတစ်ယောက်တည်းသာ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် မဟုတ်ဘဲ မျက်နှာစိမ်းနှစ်ယောက်မှာလည်း နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဆရာသခင်များ ဖြစ်နေခြင်းပင်။

ထို့ပြင် ကနဦးအဆင့်နှင့် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၇)ယောက်လည်း ရှိနေသေးသည်။

ကနဦးအဆင့် အရှင်သခင်(၂)ယောက် ၊ နှောင်းပိုင်းအဆင့် ဆရာသခင် (၃)ယောက် ၊ အလယ်ဆင့် ဆရာသခင်(၇)ယောက် ၊ ထို့ပြင် ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (၁၀)ဦးကျော်လည်း ရှိနေပေသည်။

ချန်ရှီးနှင့် လိုက်ပါလာသည့်အုပ်စုမှာ အင်အားပြင်းထန်သည်ဟု ဆိုနိုင်ပေ၏။

ဤသို့ စွမ်းအားပြင်းထန်သော ကျင့်ကြံသူအုပ်စုက ခွန်းကာမြို့တစ်မြို့လုံးရှိ မည်သည့်အင်အားစုနှင့်မှ နှိုင်းယှဉ်၍ မရပေ။

ခွန်းကာမြို့တွင် အင်အားအကြီးဆုံးဖြစ်သော ခုန်အိမ်တော်သည်ပင် အားပျော့သွားရသည်။

သို့သော် ချန်ရှီး ဤသို့ လာရောက်ပြဿနာရှာသည်က မည်သို့သော ရည်ရွယ်ချက်ရှိပါသနည်း။ နေ့ခင်းကြောင်တောင် ခုန်အိမ်တော်တစ်ခုလုံးကို သတ်ဖြတ်ပစ်လောက်သည်အထိ ရူးသွပ်သွားသည်တော့ မဟုတ်လောက်သေးပေ။

အဘယ်ကြောင့်ဆိုသော် ခုန်ကျွင်းက အင်ပါယာ၏ ဂုဏ်ထူးဆောင်မှူးမတ်ဘွဲ့ရထားသူတစ်ယောက်ဖြစ်သည်။ ထို့ပြင် ခွန်းကာမြို့ ရှိ ခုန်အိမ်တော်က ပင်မ ခုန်အိမ်တော်၏ အကိုင်းအခက်တစ်ခုလည်း ဖြစ်သည်။

ချန်ရှီးအနေဖြင့် ဂုဏ်သိက္ခာကြီးမားသော ‘ချေင်အိမ်တော်’ ၏အ‌ထောက်အပံ့ရရှိထားသည့်တိုင် ဤမျှ ထင်တိုင်းကြဲပြုမူနိုင်မည် မဟုတ်ပေ။

ထိုအချိန် မြို့တော်ဝန်’လောကျန့်’ သည်လည်း ထိုင်ကြည့်မနေနိုင်တော့ပေ။

သူက ရုတ်တရက် မတ်တတ်ထရပ်လိုက်လေရာ သူ၏ခန္ဓာကိုယ်မှ မြေဒြပ်စင်စွမ်းအားလှိုင်းလုံးတစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။

ထို့နောက် သူက တင်းမာသည့်လေသံဖြင့်...

“ချန်အိမ်တော်သခင်... ဒါက ဘာသဘောလဲ ၊ ခွန်းကာမြို့က တရားဥပဒေစိုးမိုးတဲ့မြို့တစ်မြို့ပါ ၊ ခင်ဗျား အခုလိုပြဿနာရှာချင်တယ်ဆိုရင်တော့... ခင်ဗျားမှာ ဂုဏ်ထူးဆောင်မှူးမတ်ဖွဲ့ရှိနေရင်တောင် ဒီအရာရှိက ဥပဒေအရ ကိုင်တွယ်ရပါလိမ့်မယ်”

လောကျန့်က မြို့တော်ဝန်အနေဖြင့် မြို့ကိုကာကွယ်ရန် တာဝန်ရှိသည်။

ဤအချိန်မျိုးတွင် သူ့အနေဖြင့် ခုန်အိမ်တော်ဘက်မှ ရပ်တည်ရန်ကလွဲပြီး အခြားရွေးချယ်စရာ မရှိပေ။

ပြင်ပအကူအညီများခေါ်လာပြီး မြို့တွင်းမငြိမ်မသက်ဖြစ်အောင် ပြဿနာရှာရန်အတွက် ချန်ရှီးကို မည်သူက ခွင့်ပြုထားပါသနည်း။

***

(မှတ်ချက် - အစပိုင်းမှာ ချန်နန်တိုင်းပြည်လို့ရေးခဲ့ပေမယ့် အခု ချန်နန်အင်ပါယာလို့ ပြောင်းရေးထားပါတယ်။

နတ်ဘီလူးမျိုးနွယ်ဆိုတာက Orc တွေကိုပြောတာပါ ၊ ဒီဇာတ်လမ်းထဲမှာ Elf တွေရော Orc တွေရော ပါပါတယ်။ Elf တွေကိုတော့ နတ်သူငယ်မျိုးနွယ်လို့ရေးထားပြီး Orc တွေကိုတော့ နတ်ဘီလူးမျိုးနွယ်လို့ ရေးထားပါတယ်။ __ ဘာသာပြန်သူ)

All Chapters