← Chapters

မင်းကို သင်ပြပေးရမှာပေါ့

Vol. 7 Ch. 84

မင်းကို သင်ပြပေးရမှာပေါ့

Vol. 7 Ch. 84

ချောင်တတိယသခင်လေး ရောက်လာချိန်တွင် သူ၏အရှိန်အဝါက ခွန်းကာမြို့မှလူတိုင်းအပေါ် ကြီးမားစွာ ဖိအားသက်ရောက်ခဲ့သည်။

သို့သော် ခုန်မင်က သူ့ကို “တူလေး” ဟု ကြိမ်ဖန်များစွာ ခေါ်လိုက်သည့်အခါ ထိုဖိအားက ချက်ချင်းပင် လေထဲလွင့်မျော ပျောက်ကွယ်သွားတော့၏။

ခုန်မင်၏စကားကိုကြားသည်နှင့် ခုန်သခင်ကြီးကပါ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...

“ကျုပ်တို့ ခုန်အိမ်တော်က မျိုးဆက်သိပ်မများပါဘူး ၊ အခုလိုမျိုး မြေးတစ်ယောက် ရုတ်တရက်ရလာတယ်ဆိုတော့... ဒါက မိုးကောင်းကင်ကပေးတဲ့ဆုလာဘ်ပါပဲ ၊ မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး”

ထိုစကားကြားသည်နှင့် ချောင်တတိယသခင်လေး၏မျက်နှာက ပြာနှမ်းသွားသည်။

သူက ဒေါသကိုဖုံးကွယ်မထားတော့ဘဲ...

“ခုန်မျိုးနွယ် ပါရမီရှင်ဆိုတဲ့ကောင်က ဒီလောက်နှုတ်သွက်မယ်လို့ ထင်မထားခဲ့ဘူး ၊ ဒါပေမဲ့... အံ့သြစရာတော့ မရှိပါဘူး ၊ ဒီလိုမြို့ငယ်လေးမှာ ကြီးပြင်းလာတဲ့သူဆိုတော့ ရေတွင်းထဲကဖားတွေလိုပဲပေါ့ ၊ လောကကြီး ဘယ်လောက်ကျယ်တယ် ၊ သူရဲကောင်းတွေ ဘယ်နေရာကထွက်ပေါ်လာတယ်ဆိုတာ မသိကြဘူး ၊ ဒီတော့... ဒီသခင်လေးက ချိုသာတဲ့စကားတွေ ထပ်ပြောမနေချင်တော့ဘူး...”

ထို့နောက် သူက ခုန်မင်ကို စူးစိုက်ကြည့်လိုက်ရင်း...

“မင်း... နှုတ်သွက်လျှာသွက်နဲ့ ကောင်စုတ်လေး ၊ ငါနဲ့ တစ်ယောက်ချင်းယှဉ်တိုက်ဖို့ သတ္တိရှိလား ၊ ခွန်းကာမြို့ရဲ့ ပါရမီရှင်ဆိုတဲ့ကောင်က ဘယ်လောက်တော်လဲဆိုတာ ဒီသခင်လေးကြည့်ချင်တယ်”

စကားဆုံးသွားသည်နှင့် ချောင်တတိယသခင်လေး၏ခန္ဓာကိုယ်မှ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းတစ်ခု စတင်တောက်ပလာပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့်အငွေ့အသက်က ခုန်မင်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

ချောင်သခင်လေးက ဒေါသဖြင့် စွမ်းအားအပြည့် ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

ထိုအခါမှ သူက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လူတိုင်း အံ့အားသင့်စွာ သိရှိလိုက်ရသည်။

ချောင်တတိယသခင်လေး၏ ပုံစံက အသက်(၂၀)ကျော်ခန့်သာ ရှိသေးပြီး ခုန်ကျောင်းနှင့် သက်တူရွယ်တူခန့် ရှိလောက်သည်။

သို့သော် သူက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပေပြီ။ ဂုဏ်သရေရှိ အထက်တန်းလွှာမျိုးနွယ်တစ်ခု၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က အလွန်ပင် ထူးခြားလှပေ၏။

ခုန်မင်ကတော့ ထူးခြားဖြစ်စဉ်တစ်ခုခု မကြုံတွေ့ရလျှင် ချောင်တတိယသခင်လေးထက် သာလွန်ဖွယ်ရှိသည်။ သို့သော် လက်ရှိတွင် ခုန်မင်က ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သာ ရှိသေးသည်။

ပုံမှန်ဆိုလျှင် ခုန်မင်က ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်ရှိသူတစ်ယောက်နှင့် မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။

ကျင့်ကြံခြင်းစည်းမျဉ်းအရဆိုလျှင် ချောင်တတိယသခင်လေးက ခုန်မင်အား စိန်ခေါ်လိုက်ခြင်းမှာ အားကြီးသူက အားနည်းသူကိုနိုင်ကျင့်ခြင်း သို့မဟုတ် ဖိနှိပ်ခြင်းဟု သတ်မှတ်နိုင်သည်။

ခုန်မင်က စိန်ခေါ်မှုကို လက်မခံလျှင်ပင် မည်သူမှ သူ့ကို အပြစ်တင်မည် မဟုတ်ပေ။

သို့သော် ခုန်မင်အတွက် အထူးပြင်ဆင်ထားသော ဤခမ်းနားသည့်ဧည့်ခံပွဲက စိတ်ပျက်ဖွယ်ရာ အဆုံးသတ်ဖြင့် ပြီးဆုံးသွားပေလိမ့်မည်။

ချန်ရှီး ၊ ချောင်တတိယသခင်လေးနှင့် အခြားသူများက သူတို့၏စွမ်းအားနှင့် အခွင့်အာဏာကိုအသုံးပြုကာ ခုန်အိမ်တော်ကို ဖိအားပေးရန် ၊ ဧည့်ခံပွဲကိုနှောက်ယှဥ်ရန်နှင့် ဧည့်ခံပွဲ မပျော်မရွှင်ဖြင့် အဆုံးသတ်သွားစေရန် ရည်ရွယ်ခဲ့ကြသည်။

တစ်ချိန်တည်းပင် ခုန်အိမ်တော်ကိုဖိနှိပ်ပြီး ချန်အိမ်တော်၏ ဂုဏ်သိက္ခာကို တည်ဆောက်လိုခဲ့ကြသည်။

သို့သော် ခုန်မင်က သူကို “တူလေး” ဟု ခေါ်လိုက်သည့်အခါ ချောင်တတိယသခင်လေး ချက်ချင်းပင် စိတ်မထိန်းနိုင်တော့ဘဲ မိမိ၏အဆင့်အတန်းကိုပါ မေ့လျော့ကာ ခုန်မင်အား စတင်စိန်‌ခေါ်လိုက်မိသည်။

ဤကိစ္စသာ အပြင်သို့ပေါက်ကြားသွားပါက ချောင်တတိယသခင်လေး သိက္ခာကျမည်အမှန်ပင်။

အဘယ်ကြောင့်ဆိုသော် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် တစ်ယောက်က ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် တစ်ယောက်ကို စိန်ခေါ်ခြင်းမှာ "အားနည်းသူကို အနိုင်ကျင့်ခြင်း" ဟု သတ်မှတ်ထားကြသောကြောင့်ပင်။

သို့သော် ချောင်သခင်လေးအနေဖြင့်လည်း ခုန်မင်ကဲ့သို့ ဆယ်ကျော်သက်လေးက သူ့ကို “တူလေး” ဟု တွင်တွင်ခေါ်နေသည်ဖြစ်ရာ ၊ ဤသည်ကို မတုံ့ပြန်ဘဲနေပါက မျက်နှာထားစရာမရှိအောင် အရှက်ကွဲမည်မှာ သေချာသလောက်ပင်။

သို့ဖြစ်ရာ ချောင်တတိယသခင်လေးအနေဖြင့် “အားနည်းသူကိုအနိုင်ကျင့်သည်” ဟု အမည်းစက်ထင်သွားဦးတော့ ခုန်မင်ကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။

ချောင်တတိယသခင်လေး၏ ထူးခြားသည့်အဆင့်အတန်းကြောင့် သူက ဒေါသထွက်ကာ ခုန်မင်ကို စိန်ခေါ်လိုက်ချိန်တွင် ဘေးနားမှလူများသည်လည်း တားဆီးရန် မဝံ့ရဲကြပေ။

ချန်အိမ်တော်အတွက်ကတော့ ချောင်တတိယသခင်လေး၏လက်ကို အသုံးပြု၍ ခုန်မင်ကိုဆုံးမနိုင်မည်ဆိုပါက ကျေနပ်စရာဖြစ်မည်ပင်။

ဤသည်က ခုန်အိမ်တော်အတွက် ပြင်းထန်သောထိုးနှက်ချက်လည်း ဖြစ်လာပေမည်။

ထိုအချိန် အားလုံးက ခုန်မင်ကို လှမ်းကြည့်လိုက်ကြသည်။

ဤပါရမီရှင်လူငယ်လေးက ချောင်တတိယသခင်လေး၏စိန်ခေါ်မှုကို မည်သို့တုံ့ပြန်မည်နည်း။

ခုန်မင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း...

"တူလေး’ချောင်’ ၊ မင်းက ငါ့ကို စိတ်ခေါ်ချင်နေတာပေါ့လေ ၊ ကောင်းတယ်... ကောင်းတယ်... ၊ မင်းက အားနည်းသူကိုအနိုင်ကျင့်ချင်တယ်ဆိုရင်တောင်... ငါက မင်းကို သင်ပြပေးရမှာပေါ့ ၊ စိတ်မပူပါနဲ့... ဒါက မိတ်ဖြစ်ဆွေဖြစ် ယှဉ်ပြိုင်တာဖြစ်လို့ ငါက စွမ်းအားကုန်ထုတ်သုံးပြီး မင်းကို ထိခိုက်အောင်မလုပ်ပါဘူး ချစ်တူလေး”

ထိုစကားကိုကြားတော့ လူအုပ်ကြီးကြားမှ ဆူညံသံများ ထွက်ပေါ်လာသည်။

ခုန်မင်၏စကားအရဆိုလျှင် ချောင်တတိယသခင်လေး၏ စိန်ခေါ်မှုကို လက်ခံလိုက်ပြီမဟုတ်ပါလား။

ဤကောင်လေးသည် ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်‌လှမ်းပြီးခါစရှိသေးသည်။ ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်နှင့် အလယ်ဆင့်ကြား ကြီးမားသောကွာခြားချက်ကို သိရှိပါရဲ့လား။

ထို့ပြင် ခုန်မင်က ချောင်တတိယသခင်လေးအား စကားလုံးဖြင့် ဆက်တိုက်ထိုးနှက်နေသည်ဖြစ်ရာ ချောင်သခင်လေး သေချာပေါက် ဒေါသထွက်နေပေလိမ့်မည်။

ထို့ကြောင့် တိုက်ပွဲတွင် ချောင်တတိယသခင်လေးက ခုန်မင်ကို လုံးဝ သက်ညှာပေးလိမ့်မည် မဟုတ်ပေ။

ချောင်သခင်လေးအနေဖြင့် ခုန်မင်ကို သတ်ဖြတ်သည်အထိ လုပ်ရဲမည်မဟုတ်သော်လည်း အကြီးအကျယ် နာကျင်ထိခိုက်အောင်တော့ ပြုလုပ်ပေလိမ့်မည်။

သို့ဖြစ်ရာ ခုန်မင်၏အပြုအမူက ပညာမရှိသလို ဖြစ်နေပေသည်။

သို့သော် ခုန်အိမ်တော်မှလူများကို ကြည့်လိုက်တော့ တစ်‌ယောက်မှ ခုန်မင်ကို တားဆီးခြင်းမပြုကြပေ။

ယနေ့ ချောင်မျိုးနွယ်နှင့် ခုန်မျိုးနွယ်တို့ပူးပေါင်းပြီး ခုန်အိမ်တော်တံခါးဝအထိ လာရောက်အနိုင်ကျင့်သည်ဖြစ်ရာ သူတို့အား အလျှော့ပေးလိုက်ပါက ခုန်အိမ်တော်၏သိက္ခာ လုံးဝ ပျက်ဆီးသွားပေမည်။

ခုန်မင် ရှေ့ထွက်တိုက်ခိုက်ခြင်းဖြင့် အနည်းဆုံး အခြားလူများ ခုန်အိမ်တော်ကို အထင်သေးခြင်းမှ ကာကွယ်ပေးနိုင်သည် မဟုတ်ပါလား။

ထို့ပြင် ခုန်ကျွင်းက ဘေးမှ စောင့်ကြည့်နေသဖြင့် ချောင်တတိယသခင်လေးအနေဖြင့် ခုန်မင်အား အမှန်တကယ် ထိခိုက်နာကျင်အောင်လုပ်ရန် မလွယ်ကူလှပေ။

ထိုသို့ဖြင့် လူအများက ခုန်မင်၏သတ္တိကို ထပ်မံချီးကျူးခြင်း ပြုကြပြန်သည်။

တကယ်တော့ ခုန်မင်က ခွန်းကာမြို့တွင် ပါရမီရှင်တစ်ယောက်အဖြစ် နာမည်ကျော်ကြားသည်မှာ ကြာပြီဖြစ်သော်လည်း သူ့အရည်အချင်းကို မည်သူမှ တွေ့မြင်ဖူးခြင်း မရှိကြပေ။

ခုန်မင်က ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့်မှာပင် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် ဖူစန်းကို အလွယ်တကူ သတ်ဖြတ်ပစ်ခဲ့သည်။

သို့သော် ထိုအကြောင်းကိုမည်သူမှ မသိရှိခဲ့ကြပေ။ ထိုအကြောင်းကိုသာ လူအများသိရှိမည်ဆိုပါက ခုန်မင်အတွက် စိုးရိမ်စိတ်ဝင်မိကြမည် မဟုတ်ပေ။

ထိုအချိန် ချောင်တတိယသခင်လေးက ခနဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး...

“အတော် နှုတ်သွက်လျှာသွက်နေပါလား ကောင်စုတ်လေး ၊ မင်းက ဒီသခင်လေးကို စကားလုံးတွေနဲ့ထိုးနှက်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိအောင်လုပ်နေတာ ဘာအခွင့်အရေးရမယ်များ ထင်လို့လဲ ၊ သိပ်လည်း စိတ်ကြီးဝင်မနေနဲ့ ၊ ငါတို့ ချောင်အိမ်တော်ရဲ့ “မရဏဖန်သား” ပညာက ဒေါသထွက်လေ အစွမ်းထက်လေပဲ ၊ ဒီသခင်လေးကို ဒေါသထွက်အောင်လုပ်ရဲတဲ့ မင်းလိုကောင်စုတ်လေး ဘာဖြစ်သွားမလဲဆိုတာ သိစေရမယ်”

စကားဆုံးသည်နှင့် ချောင်ဒုတိယသခင်လေးက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာ လက်ဖဝါးနှစ်ဖက်မှ ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ထွက်ပေါ်လာသည်။

ထို့နောက် သူက လက်များကို ဆန့်ထုတ်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းသည်လည်း ဆန့်ထွက်သွားပြီး ဒြပ်စင်စွမ်းအားများစုစည်းသွားကာ ရွှေရောင်လှံရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။

သတ္တုဒြပ်စင်စွမ်းအားကို ဤသို့ကျွမ်းကျင်စွာထိန်းချုပ်ပြီး လက်ထဲတွင် လှံရှည်တစ်လက် ဖန်ဆင်းနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ၊ ချောင်သခင်လေး၏ ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်စွမ်းအားက မည်မျှစစ်မှန်ကြောင်း ပြသနေသည်။

လက်ထဲတွင် သတ္တုဒြပ်စင်လှံရှည်ကို ဖွဲ့စည်းပြီးသည်နှင့် ချောင်တတိယသခင်လေးထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြင်းထန်စွာထွက်ပေါ်လာသည်။

ထိုအငွေ့အသက်များက ရုပ်လုံးပေါ်လာပြီး ခုန်မင်ကို ကြောက်မက်ဖွယ်ရာ ဖိနှိပ်ထားလိုက်သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုရင်ဆိုင်ရလျှင် အခြားသူသာဆိုလျှင် တိုက်ပွဲမစခင်ကပင် စိတ်ဓာတ်ကျကာ ကြောက်ရွံ့ထိတ်လန့်သွားဖွယ်ရှိသည်။

သို့သော် ခုန်မင်က မည်သူနည်း။

သူ၏ဝိညာဉ်က စကြာဝဠာပေါင်းများစွာကို ဖြတ်သန်းလာရသည်ဖြစ်ရာ အလွန်ပင် ဝိညာဉ်စွမ်းအား ကောင်းမွန်ပေသည်။

ထို့ပြင် သုံးပြည်ထောင်ခေတ်တွင်လည်း စစ်ပွဲများစွာဆင်နွှဲလာသည်ဖြစ်ရာ သူတွေ့မြင်ဖူးခဲ့သည့် အလောင်းပုံများ ၊ သွေးပင်လယ်များထက် ကြောက်မက်ဖွယ်ကောင်းသည့်အရာများ ရှိပါသေးရဲ့လား။

ချောင်တတိယသခင်လေး၏ သတ်ဖြတ်လိုသည့်အငွေ့အသက်က ကျင့်ကြံခြင်းမှဆင်းသက်လာခြင်းဖြစ်ပြီး တကယ့်စစ်မြေပြင်မှထွက်ပေါ်နေသော သတ်ဖြတ်လိုသည့်အငွေ့အသက်များလောက် ပြင်းထန်ခြင်းမရှိလေရာ ခုန်မင်အတွက်တော့ ကလေးကစားစရာမျှသာ ဖြစ်နေပေသည်။

ထို့ကြောင့် သူက သတ်ဖြတ်လိုသည့်အငွေ့အသက်ဖြင့် ရင်ဆိုင်ရသည့်တိုင် လုံးဝတည်ငြိမ်နေပြီး နှုတ်ခမ်းများပင်တွန့်ကွေးကာ မထီမဲ့မြင်ပင် ပြုံးလိုက်သေးသည်။

ချောင်တတိယသခင်လေးက ခုန်မင်ကို စိုက်ကြည့်နေခဲ့သည်။

အတွေ့အကြုံမရှိသော အနှီလူငယ်လေးသည် သူ့ထံမှပေါက်ကွဲထွက်လာသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ခံစားရသည်နှင့် ကြောက်ရွံ့တုန်လှုပ်သွားမည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ခုန်မင်က တည်ငြိမ်နေရုံမျှမက လှောင်ပြုံးပင်ပြုံးလိုက်သေးလေရာ ချောင်သခင်လေး ဒေါသချောင်းချောင်း ထွက်သွားရသည်။

သူက ဒေါသတကြီး ကြုံးဝါးသံပြုလိုက်ပြီး သတ္တုဒြပ်စင်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့်လှံရှည်အား လေမုန်တိုင်းပမာ ပြင်းထန်စွာဝှေ့ယမ်းလျှက် ခုန်မင်၏ရင်ဝသို့ ထိုးစိုက်ချလိုက်လေတော့၏။

All Chapters