မျှော်လင့်မထားသော
Vol. 7 Ch. 85
ဒြပ်စင်ငါးပါးစွမ်းအားများတွင် သတ္တုဒြပ်စင်စွမ်းအားက အထက်မြက်ဆုံးနှင့် ပြိုင်ဘက်အကင်းဆုံး ဖြစ်သည်။
စွမ်းအားတစ်ကြိမ်ထုတ်လွှတ်လိုက်သည်နှင့် အရှိန်အဟုန်ပြင်းစွာစီးဆင်းသွားပြီး မည်သည့်အရာကမှ တားဆီးနိုင်ခြင်းမရှိသော ထိုးဖောက်နိုင်သည့်စွမ်းအားကို ယူဆောင်လာသည်။
အထူးသဖြင့် ဧကရာဇ်အဆင့် ပညာရပ်ဖြစ်သော “မရဏဖန်သားကျင့်စဉ်” တန်ခိုးစွမ်းအားက သတ်ဖြတ်လိုသည့်အငွေ့အသက်နှင့် ပေါင်းစပ်လိုက်သည့်အခါ အရှိန်အဟုန်က ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။
ပြောရမည်ဆိုလျှင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်သည်ပင်လျှင် ချောင်တတိယသခင်လေး၏ အရှိန်အဟုန်ကို မီနိုင်မည်မဟုတ်ပေ။
တိုက်ပွဲတစ်ခုတွင် “အရှိန်အဟုန်ဖြင့် အသာစီးယူခြင်း” ဆိုသည့် နည်းလမ်းအတိုင်း ချောင်တတိယသခင်လေးက အပြည့်အဝ ပုံဖော်လိုက်ခြင်း ဖြစ်၏။
ချောင်တတိယသခင်လေး၏ ကျင့်ကြံခြင်းစွမ်းအားတွင် မရဏဖန်သားတန်ခိုးစွမ်းအားနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက် ပေါင်းစပ်လိုက်သည့်အခါ ကျင့်ကြံခြင်းအဆင့်တူညီသူများသည်ပင် သူ၏တိုက်ကွက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော် ခုန်မင်ကတော့ နိယာမများကိုကျော်လွန်နေသည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ချောင်သခင်လေး၏ ရက်စက်ကြမ်းတမ်းသော တိုက်ကွက်ကို ရင်ဆိုင်ရသည့်တိုင် သူက တစ်ချက်ပင်လှုပ်ရှားခြင်း မရှိခဲ့ပေ။
သူ၏မျက်နှာသည်လည်း တည်ငြိမ်နေဆဲသာပင်။
“သံမဏိမြေသားကျင့်စဉ်...”
သံမဏိမြေသားစွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် ခုန်မင်၏ခန္ဓာကိုယ်မှ မြေဝါရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ပါးလွှာသည့် မြေဝါရောင်မြူခိုးအလွှာအဖြစ်ပြောင်းလဲကာ ခုန်မင်၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ထိုမြေဝါရောင်ဖြူခိုးစက်ဝန်းထဲတွင် အနီရောင်အလင်းတန်းများ လက်ခနဲ လက်ခနဲ တောက်ပနေသည်ကို တွေ့မြင်ရမည် ဖစ်၏။
အကြောင်းမှာ ခုန်မင်က မီးလျှံနဂါးစွမ်းအားကို လှည့်ပတ်လိုက်ပြီး ခန္ဓာကိုယ်ပတ်လည်တွင် ခုခံကာကွယ်ရေး ဒုတိယအလွှာကို ဖန်တီးထားသောကြောင့် ဖြစ်၏။
ခုန်မင် မြေဒြပ်စင်စွမ်းအားကို ပိုင်ဆိုင်ပြီးနောက် “သံမဏိမြေသားကျင့်စဉ်” ကို တီထွင်ခဲ့ခြင်း ဖြစ်သည် ။
ဤကျင့်စဉ်က ဆရာသခင်အဆင့် ကျင့်စဉ်မျှသာဖြစ်သော်လည်း မြေဒြပ်စင်စွမ်းအား၏ ခံစစ်စွမ်းရည်ကို အဆုံးစွန်ထိ ထုတ်ဖော်နိုင်စွမ်း ရှိသည်။
ချောင်တတိယသခင်လေး၏ တိုက်ကွက်က ရက်စက်ကြမ်တမ်းလွန်းလှသည်။
သို့သော် ခုန်မင်တွင် ဤသို့ထူးခြားသည့် ခံစစ်နည်းလမ်းတစ်ခုရှိမည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ချောင်သခင်လေးဖန်ဆင်းထားသည့် သတ္တုဒြပ်စင်လှံရှည်က ခုန်မင်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ သို့သော် လှံရှည်က ရွှံ့နွံထဲဝင်ရောက်သွားသည့်ပမာ ရှေ့ဆက်တိုးနိုင်ခြင်း မရှိတော့ပေ။
သူ၏လေမိုးကြိုးပမာ လျှင်မြန်သောထိုးနှက်ချက်က ရုတ်တရက်နှေးကွေးသွားပြီး တဖြည်းဖြည်း လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ချောင်တတိယသခင်လေး၏စိတ်ထဲ များစွာ အံ့အားသင့်သွားရသည်။
ခုန်မင်၏ ခံစစ်စွမ်းအားက ထိုမျှနက်ရှိုင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ချောင်တတိယသခင်လေးက ငတုံးမဟုတ်ပေ။
သူက ခုန်အိမ်တော်အကြောင်း ကြိုတင်စုံစမ်းထားပြီးသား ဖြစ်သည်။
ခုန်အိမ်တော်က အရှင်သခင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်သော “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” ကိုကျင့်ကြံကြပြီး ကြီးမားသော တိုက်ခိုက်ရေးစွမ်းရည် ထုတ်လွှတ်နိုင်သည်။
ထို့ပြင် ခုန်မင်က အလွန်ရှားပါးသော သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ “လောင်ကျွမ်းသစ်သားဒြပ်စင်စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ပေမည်။
သို့ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းအားခြင်း ယှဉ်ပြိုင်ရမည်ဆိုလျှင် ချောင်သခင်လေးအနေဖြင့် ခုန်မင်ကို ကြောက်စရာမလိုချေ။
မရဏဖန်သားကျင့်စဉ်က ဧကရာဇ်အဆင့် သတ္တုဒြပ်စင်ကျင့်စဉ်ဖြစ်ပြီး လျန်ကျိုးနယ်တစ်ခွင် ပြိုင်ဘက်မရှိကျော်ကြားပေသည်။
ထိုသို့နာမည်ကျော်ကြားသော မရဏဖန်သားကျင့်စဉ်က အရှင်သခင်အဆင့်မျှသာရှိသော လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်ကို သေချာပေါက် အနိုင်ယူမည်သာပင်။
ထို့ပြင် ကျင့်ကြံခြင်းအဆင့်အရဆိုလျှင်လည်း ချောင်သခင်လေးက ခုန်မင်ထက် အဆင့်တစ်ဆင့်လုံး သာလွန်နေခဲ့သည်။ ခုန်မင်တွင် သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာရှိရုံမျှဖြင့် ချောင်သခင်လေး၏တိုက်ကွက်ကိုခုခံရန် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ။
အဲ့ဒီကြောင့်ပင် ချောင်တတိယသခင်လေးက သတ္တုဒြပ်စင်လှံရှည်ကိဖန်ဆင်းပြီး စတင်တိုက်ခိုက်ချိန်တွင် သေချာပေါက်အနိုင်ရမည်ဟု ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။
သို့သော် ခုန်မင်က မြေဒြပ်စင်ကျင့်စဉ်ဖြစ်သော “သံမဏိမြေသားစွမ်းအား” ကို အသုံးပြုပြီး ခံစစ်စွမ်းအားကို အဆုံးစွန်ထိမြှင့်တင်ကာ ချောင်သခင်လေး၏တိုက်ခိုက်မှုကို အလွယ်တကူပင် ပိတ်ဆို့လိုက်သည်။
ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။
ခုန်မင်က သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ရှိသူ မဟုတ်ဘူးလား...။
ဘယ်လိုဖြစ်လို့ မြေဒြပ်စင်စွမ်းအားကို အသုံးပြုနိုင်ရတာလဲ...။
သူရရှိထားသည့်သတင်းတွေများ မှားယွင်းနေတာလား။ တကယ်တော့ ခုန်မင်က မြေဒြပ်စင်ဝိညာဉ်ခန္ဓာ ရှိသူများလား။
ချောင်သခင်လေးစိတ်ထဲ မေးခွန်းပေါင်းများစွာလှိုင်းထန်သွားသည်။
ထို့အတူ ပြိုင်ပွဲကိုကြည့်နေသည့်ပရိတ်သတ်များသည်လည်း စိတ်ထဲတွင် ပဟေဠိများစွာ ဖြစ်ပေါ်သွားကြသည်။
ခုန်မင်ဆိုသည့်လူငယ်လေးက မြေဒြပ်စင်စွမ်းအားကို အသုံးပြုနိုင်မည်ဟု မည်သူထင်ပါမည်နည်း။
ထို့ပြင် ခုန်မင်က မြေဒြပ်စင်စွမ်းအားကို နတ်ဘုရားတစ်ပါးပမာ ကျွမ်းကျင်စွာအသုံးပြုနိုင်မည်ဟု ပို၍ပင်ထင်မထားခဲ့ကြပေ။
ချေင်သခင်လေး အိမ်တံခါးဝရောက်လာစဉ်ကပင် အံ့အားသင့်ခြင်းမရှိဘဲ တည်ငြိမ်နေကြသည့် ခုန်ကျွင်းနှင့် ခုန်ကျောင်းသည်ပင် ယခု အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ခုန်မင်က သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာရှိသည်ဟုသာ သူတို့ သိရှိထားခြင်းဖြစ်သည်။ မြေဒြပ်စင်စွမ်းအား အသုံးပြုနိုင်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ကြပေ။
ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်လှမ်းပြီးသည့်နောက် မထင်မှတ်သည့်တွန်းအားတစ်ခုရရှိကာ ခုန်မင်က သစ်သား-မီး-မြေ ဒြပ်စင်သုံးပါး ဝိညာဉ်ခန္ဓာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်လား။
ဟုတ်ပေ၏။
ခုန်မင် အစကတည်းက ယုံကြည်မှုအပြည့်ရှိနေသည်မှာ အံ့သြစရာမရှိတော့ပေ။
ယနေ့ စားသောက်ပွဲမကျင်းပခင်ကပင် ခုန်မင်က “ချောင်အိမ်တော်၏တတိယသခင်လေးကို အနိုင်ယူပြမည်” ဟု အဖေနှင့် အစ်ကိုဖြစ်သူအား ပြောခဲ့သည်။
ချောင်အိမ်တော်နဲ့ ချန်အိမ်တော်တို့ ရုတ်တရက် မဟာမိတ်ဖွဲ့လိုက်သဖြင့် လူအများစု အံ့အားသင့်သွားကြသော်လည်း ခုန်အိမ်တော်မှ သားအဖ(၃)ယောက်ကတော့ အံ့အားသင့်ခြင်း မရှိခဲ့ပေ။
သူတို့က ထိုကိစ္စကို အစောကြီးကတည်းက ကြိုတင်သိရှိခဲ့ပြီး ပြင်ဆင်မှုများပင် ပြုလုပ်ထားခဲ့သည်။
အကြောင်းကတော့ ခုန်မင်ပြောသည့်အတိုင်း “ရန်သူ့နည်းလမ်းကိုပင် ရန်သူအပေါ်ပြန်သုံးရန်” ဆိုသည့် နည်းဗျူဟာပင် ဖြစ်သည်။
လူအများစုစိတ်ထဲမှာတော့ ချန်အိမ်တော်၏တတိယသား ‘ချန်ရှီကျဲ့’ က အပျော်အပါးလိုက်စားနေသည့် သခင်လေးတစ်ယောက်သာ ဖြစ်သည်။
သို့သော် ချန်အိမ်တော်ကိုဒုက္ခပေးရန်အတွက် နှစ်ဖက်ချွန်သူလျှိုတစ်ယောက် ရွေးချယ်မည်ဆိုလျှင် ချန်ရှီကျဲ့ထက် ပိုမိုသင့်တော်သူ မရှိပေ။
လွန်ခဲ့သည့်(၃)ရက်က ခုန်ကျောင်းက ချန်ရှီကျဲ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချဉ်းကပ်ခဲ့လေသည်။
“ကျုပ်တို့နှစ်ယောက်လုံး ဒုက္ခရောက်နေတဲ့သူတွေ” ဆိုသည့် အကြောင်းပြချက်ဖြင့် သူတို့နှစ်ယောက် လွယ်ကူစွာပင် ခင်မင်ရင်းနှိးသွားကြသည်။
လူအများအမြင်တွင် ချန်ရှီကျဲ့က အပျော်အပါးလိုက်စားပြီး သေရန်စောင့်နေသည့် အသုံးမကျသော သခင်လေးတစ်ယောက်သာ ဖြစ်သည်။
သို့သော် ထိုသို့သော ငပွေငရှုပ်ကောင်၏စိတ်ထဲတွင် ဂုဏ်သိက္ခာဆိုသည့်ခံစားချက်တစ်ခု ရှိနေဆဲပင်။
ခုန်အိမ်တော်နှင့်ပူးပေါင်းပါက သူလိုချင်သည့်ဂုဏ်သိက္ခာကို ပြန်လည်ရရှိမည်ဆိုလျှင် ၊ တစ်နေ့တွင် ချန်အိမ်တော်သခင်ရာထူးကို ရယူနိုင်မည်ဆိုလျှင် သူ့အနေဖြင့် အိမ်တော်ကိုသစ္စာဖောက်ရလျှင်လည်း ဖောက်နိုင်ပေသည်။
ထို့ကြောင့်ပင် ချန်ရှီကျဲ့က ခုန်ကျောင်းနှင့် လျှို့ဝှက်သဘောတူညီမှုများ ပြုလုပ်လိုက်သည်။
သူတို့နှစ်ယောက် အပြန်အလှန် ကူညီပေးကြမည်။
မိမိတို့အိမ်တော်များတွင် မိမိတို့သိက္ခာကို မြှင့်တင်ရန်ကြိုးစားမည်။
သူတို့ကိုဖိနှိပ်ထားသည့် ညီအစ်ကိုရင်းများကို ဆွဲချပစ်ရန် အားထုတ်ကြမည်။
တစ်နေ့ သူတို့နှစ်ယောက်လုံး ခုန်အိမ်တော်သခင်နှင့် ချန်အိမ်တော်သခင် ဖြစ်လာသည့်အချိန်တွင် ခွန်းကာမြို့တွင် အင်အားအကြီးဆုံးများအဖြစ် အတူတူရပ်တည်ကြမည်။
ထိုသို့ဖြင့် ကံဆိုးရှာသည့် ချန်ရှီကျဲ့မှာ အပျော်အပါးလိုက်စားရင်း ဘဝကိုဖြတ်သန်းနေရုံသာမဟုတ်ဘဲ ဂုဏ်သိက္ခာအတွက် ချန်အိမ်တော်ကိုသစ္စာဖောက်သူ ဖြစ်သွားပြီး ၊ ခုန်ကျောင်း၏လက်ခုပ်ထဲမှရေပမာ သွန်လိုသွန် မှောက်လိုမှောက်ဘဝသို့ ရောက်ရှိသွားရလေသည်။
နဂိုကတည်းကပင် ခုန်အိမ်တော်၏ဆက်ခံသူအဖြစ် ခုန်ကျောင်းကို ရွေးချယ်ထားပြီးသားဆိုသည်ကို ချန်ရှီကျဲ့ အဘယ်မှာ သိရှိနိုင်ပါမည်နည်း။
ထို့ပြင် ခုန်မင်က နဂိုကပင် ခုန်အိမ်တော်သခင်ဖြစ်ရမည်ကို စိတ်ဝင်စားခြင်းမရှိပေ။ သူ၏ရည်မှန်းချက်က ခွန်းကာမြို့ကိုကျော်လွန်ပြီး အဝေးသို့ထွက်ခွာသွားရန်သာ ဖြစ်သည်။
ထို့ကြောင့် ခုန်ကျောင်းခေါင်းစဉ်တပ်လိုက်သည့် “ကျုပ်တို့နှစ်ယောက်လုံး ဒုက္ခရောက်နေတဲ့သူတွေ” ဆိုသည်မှာ ချန်ရှီကျဲ့နှင့် ရင်းနှီးမှုရရန် ဟန်ဆောင်လိုက်ခြင်းသာ ဖြစ်၏။
ဤနည်းဗျူဟာက အလွန်ပင်ထိရောက်ခဲ့သည်။
ချန်ရှီကျဲ့က ချက်ချင်းပင် ခုန်ကျောင်းနှင့် ခင်မင်ရင်းနှီးသွားပြီး ချောင်အိမ်တော်နှင့် ချန်အိမ်တော် လက်ထပ်မင်္ဂလာကိစ္စ သဘောတူထားသည့်သတင်းကို ခုန်ကျောင်းအား ပြောပြလိုက်သည်။
ဟုတ်ပေ၏။
ခုန်ကျောင်းဘက်ကလည်း ချန်ရှီကျဲ့၏ယုံကြည်မှုရရှိစေရန် ကြိုးစားခဲ့ရသည်ပင်။
သူက ခုန်အိမ်တော်တွင် ပန်းပဲပညာရှင်တစ်ယောက် ငှားရမ်းထားရုံသာမက လျှို့ဝှက်ဆန်းကြယ်သည့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကိုပါ ငှားရမ်းထားကြောင်း ပြောပြခဲ့သည်။
ထို့ပြင် ခုန်ကျောင်းက ရက်ရောစွာပင် ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေး (၂)လုံးကို ချန်ရှီကျဲ့အား လက်ဆောင်ပေးလိုက်သေးသည်။
နောင်တွင်လည်း ဆေးလုံးများလိုအပ်ပါက ထပ်မံထောက်ပံ့ပေးမည်ဟုလည်း ကတိပေးလိုက်၏။
ထို့ကြောင့်ပင် ချန်ရှီကျဲ့က ခုန်ကျောင်းကို လုံးဝယုံကြည်သွားပြီး သူသိရှိထားသောသတင်းများကို အိတ်သွန်ဖာမှောက် မျှဝေလာခြင်းပင်။
ချန်ရှီကျဲ့က ချန်အိမ်တော်တွင် မည်သည့်ရာထူးဂုဏ်ထူးမှမရှိသော်လည်း ချောင်တတိယသခင်လေးက ချန်ရှီကျဲ့၏သမီးကို မျက်စိကျနေခဲ့သည်။
ထို့ကြောင့် သူက ချောင်တတိယသခင်လေးနှင့်ပတ်သက်သည့်ကိစ္စများကို များစွာသိရှိနေခဲ့သည်။
ချောင်တတိယသခင်လေး ခုန်အိမ်တော်သို့ လာရောက်မည့်သတင်းကိုလည်း ခုန်ကျောင်းက ချန်ရှီကျဲ့ထံမှပင် ရရှိခဲ့ခြင်း ဖြစ်၏။
သို့ဖြစ်ရာ ယနေ့ ချန်ရှီးနှင့် ချောင်တတိယသခင်လေးတို့ ခုန်အိမ်တော်တံခါးဝရောက်လာပြီး ပြဿနာရှာသည့်တိုင် ခုန်သားအဖေ(၃)ယောက်က ယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်နေကြခြင်းဖြစ်သည်။
သူတို့က သတင်းရထားသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးပြီ မဟုတ်ပါလား။