← Chapters

ပြင်းထန်သည့်တိုက်ပွဲ

Vol. 7 Ch. 86

ပြင်းထန်သည့်တိုက်ပွဲ

Vol. 7 Ch. 86

ခုန်မင်က အရာအားလုံးကိုသိရှိပြီး အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သဖြင့် ချောင်တတိယသခင်လေး၏တိုက်ခိုက်မှုကို အသာလေးခုခံသွားနိုင်ခဲ့သည်။

အစောပိုင်းတွင် ခုန်မင်က ချောင်သခင်လေးနှင့် ချန်အိမ်တော်၏ လက်ထပ်မင်္ဂလာကိစ္စကို မသိချင်ယောင်ဆောင်ခဲ့ရုံသာမက မျိုးဆက်အဆင့်အတန်းကိုအသုံးချပြီး သူ့ကိုပင် ကျီစယ်လိုက်သေး၏။

ဤသည်က ချောင်တတိယသခင်လေးဘက်မှ စတင်တိုက်ခိုက်လာစေရန် တမင်တကာ စွပေးလိုက်ခြင်းသာပင်။

အခြားသူများအမြင်မှာတော့ “ချောင်အိမ်တော်၏ တတိယသခင်လေး” ဆိုသည့် ဂုဏ်ပုဒ်က မယှဉ်နိုင်လောက်အောင် မြင့်မြတ်လွန်းနေပေမည်။

သို့သော် ခုန်အိမ်တော်အတွက်တော့ မည်သည့်ထူးခြားချက်မှ မရှိခဲ့ပေ။

ချန်နန်အင်ပါယာတွင် သူရဲကောင်းမျိုးနွယ်နှစ်ခုမှဆင်းသက်လာသည့် ခုန်မျိုးနွယ်နှင့် ချောင်မျိုးနွယ်က ဧကရာဇ်၏တော်ဝင်မျိုးနွယ်များပြီးလျှင် အဆင့်အတန်း အမြင့်မားဆုံးဖြစ်သည်။

ထို့ပြင် ခုန်မျိုးနွယ်နှင့် ချောင်မျိုးနွယ်က အမြဲတမ်း ယှဉ်ပြိုင်နေကြသူများ ဖြစ်၏။

ခွန်းကာမြို့ရှိ ခုန်အိမ်တော်က ပင်မခုန်အိမ်တော်၏ အခွဲတစ်ခုမျှသာဖြစ်သည့်တိုင် မည်သည့်ချောင်မျိုးနွယ်ရှေ့တွင်ဖြစ်ပါစေ ခုန်မျိုးနွယ်၏ မာန်မာနနှင့် ဂုဏ်သိက္ခာကို ပြသရမည်သာ ဖြစ်သည်။

ခုန်အိမ်တော်မှ သားအဖ(၃)ယောက်က ချောင်တတိယသခင်လေး၏ မျိုးရိုးမြင့်မားမှုကြောင့် ကြောက်ရွံ့ပြီး အလျှော့ပေးလိုက်မည်ဆိုပါက “ခုန်မျိုးနွယ်” များအားလုံးအတွက် အရှက်ရစရာဖြစ်ပေမည်။

ထိုသတင်းကိုကြားသိပါက ပင်မ ခုန်အိမ်တော်သည်ပင် မျက်နှာပျက်ရပေမလိမ့်မည်။

ထိုသို့ဆိုလျှင် ခုန်မင် မည်မျှပင် ပါရမီထူးခြားစေကာမူ နောင်တစ်ချိန်တွင် ပင်မခုန်အိမ်‌တော်သို့ သွားရောက်ပြီး ပိုမိုနက်နဲသည့်ပညာရပ်များကို သင်ယူရန် အခွင့်အရေးမရနိုင်တော့ပေ။

တကယ်တော့ ချောင်တတိယသခင်လေးက ချန်အိမ်တော်ကိုကူညီပြီး ခုန်အိမ်တော်ကို ဖိနှိပ်ခြင်းမှာလည်း ချောင်မျိုးနွယ်နှင့် ခုန်မျိုးနွယ်များကြားတွင် အမြစ်တွယ်နေသည့် ယှဉ်ပြိုင်မှုများကြောင့်သာ ဖြစ်သည်။

ဤအထက်တန်းလွှာမျိုးနွယ်နှစ်ခု၏ ယှဉ်ပြိုင်မှုသမိုင်းကြောင်းက အလွန်တရာရှည်လျားပြီး နှုတ်ယူမရနိုင်အောင် အမြစ်တွယ်နေခဲ့သည်။

ထိုသို့မဟုတ်ပါက ချောင်သခင်လေးအနေဖြင့် မယားငယ်တစ်ယောက်အတွက် ခွန်းကာမြို့ကဲ့သို့ သေးငယ်သည့်နေရာတစ်ခုသို့ ရောက်ရှိလာပြီး ချန်အိမ်တော်နှင့် ခုန်အိမ်တော် အာဏာလုပွဲကြားတွင် ပါဝင်ပတ်သက်မည် မဟုတ်ပေ။

နောက်တစ်ချက်မှာ ခုန်မျိုးနွယ် ပါရမီရှင်တစ်ယောက်ထွက်ပေါ်လာခြင်းက ချောင်မျိုးနွယ်များအတွက် ကောင်းသည့်အချက် မဟုတ်ပေ။

ထို့ကြောင့် အခွင့်အရေးရတုန်း ခုန်အိမ်တော်မှ ပါရမီရှင်လူငယ်၏ စိတ်ဓာတ်ကို ဖျက်ဆီးနိုင်ခဲ့ပါလျှင် ချောင်တတိယသခင်လေးအနေဖြင့် ချောင်မျိုးနွယ်များအတွက် အကျိုးပြုအလုပ်တစ်ခု လုပ်ဆောင်လိုက်သလို ဖြစ်သွားပေမည်။

နောင်တစ်ချိန် ဤသတင်းကို ချောင်အိမ်တော်သခင် ကြားသိမည်ဆိုလျှင် ချောင်တတိယသခင်လေးကို ပိုမိုချစ်ခင်အားကိုးပြီး မျက်နှာပေးလာမည် အမှန်ပင်။

ချောင်တတိယသခင်လေး၏စိတ်ကူးက မှားယွင်းခြင်းမရှိပေ။ သို့သော် ကံဆိုးစွာဖြင့် သူရင်ဆိုင်ရသည့်ပြိုင်ဘက်က ခုန်မင်ဖြစ်နေခဲ့ခြင်း ဖြစ်၏။

အသက်(၁၄)နှစ်မျှဖြင့် ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ခုန်မင်က ဘဝတစ်လျှောက် သိုသိုသိပ်သိပ်နေထိုင်သွားရန် ဆန္ဒမရှိပေ။

အဘယ်ကြောင့်ဆိုသော် ခုန်မင်က ထူးခြားထက်မြက်သည့်ပါရမီရှင်တစ်ယောက် ဖြစ်သည်။

နောက်ပိုင်းတွင် ပင်မခုန်အိမ်တော်သာမက အခြားသော အင်အားကြီးအုပ်စုများ ၊ ဂိုဏ်းဂဏများသည်လည်း သူ့ကို အာရုံစိုက်လာကြပေလိမ့်မည်။

ထိုအချိန်သို့ရောက်ရှိလာပါက ခုန်မင်အနေဖြင့် ပါရမီရှင်ဟု ကျော်ကြားခြင်းမှာ လေချည်းသက်သက်ပင်မဟုတ်ဘဲ အမှန်တကယ် အရည်အချင်းရှိကြောင်း သက်သေပြရန် လိုအပ်လာပေမည်။

တစ်ချိန်တည်းမှာပင် သူ၏အရည်အချင်းကြောင့် ပင်မခုန်အိမ်တော်နှင့် ခုန်မျိုးနွယ်များအားလုံး၏ ဂုဏ်သတင်းကို မြှင့်တင်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။

ကံကောင်းစွာနဲ့ ချောင်တတိယသခင်လေးက သူ၏အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

ခုန်မင်က ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ချောင်တတိယသခင်လေး၏ဂုဏ်ပုဒ်ကိုအသုံးချပြီး သူ၏တက်လမ်း ၊ သူ၏အခွင့်အာဏာကို တည်ဆောက်ရပေမည်။

ခွန်းကာမြို့ရှိ ခုန်အိမ်တော်အခွဲလေးမှ ပါရမီရှင်လူငယ်လေးက ချောင်အိမ်တော်သခင်၏မြေးအရင်းကို အနိုင်ယူလိုက်သည်ဆိုသောသတင်းသာ ပျံ့နှံ့သွားပါက ခုန်မင်ကြောင့် ခုန်မျိုးနွယ်တစ်ခုလုံး ဂုဏ်တက်သွားမည်သာ။

ထိုသို့ဆိုလျှင် ပင်မခုန်အိမ်တော်သည်လည်း သူ့ကို အာရုံစိုက်လာပေလိမ့်မည်။

ကိစ္စရပ်များက ခုန်မင်ခန့်မှန်းသလို အတိအကျ ဆက်ဖြစ်လာခဲ့သည်။

ခုန်မင်က တမင်တကာ “တူလေး” ဟု ခေါ်လိုက်သည်နှင့် ချောင်တတိယသခင်လေး စိတ်မထိန်းနိုင်တော့ဘဲ တိုက်ခိုက်ရန် စိန်ခေါ်လာတော့သည်။

ဟုတ်ပေ၏။

ချောင်တတိယသခင်လေးက ချောင်မျိုးနွယ်များအတွက် ခုန်မျိုးနွယ်ပါရမီရှင်ကို ချေမှုန်းပစ်ချင်နေသည်ဆိုလျှင် ခုန်မင်ကလည်း ချောင်သခင်လေးကိုအသုံးချပြီး အခွင့်အာဏာ တည်ဆောက်ချင်နေခဲ့သည်။

ထို့ကြောင့် ဤတိုက်ပွဲက ရှောင်လွှဲမရသည့်ကိစ္စတစ်ခု ဖြစ်လာသည်။

သို့ပေသိ ပထမဆုံးတိုက်ကွက်မှာပင် ခုန်မင်၏စွမ်းရည်က ပရိတ်သတ်အားလုံးကို အံ့အားသင့်အောင် လုပ်ဆောင်လိုက်တော့၏။

ခုန်မင်က သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာပိုင်ဆိုင်သူဖြစ်ရာ မြေဒြပ်စင်စွမ်းအားကို အသုံးပြုရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

သူရရှိသည့်သတင်း မှားယွင်းသည်ဟုသာ ချောင်သခင်လေး တွေးတောလိုက်သည်။

ခုန်မင်က သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာပိုင်ဆိုင်ခြင်းမဟုတ်ဘဲ မြေဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူ ဖြစ်ရပေမည်။

သို့သော် ခုန်မင်က သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်နိမ့်သည်ဖြစ်ရာ မြေဒြပ်စင်ဝိညာဉ်ခန္ဓာရှိရုံဖြင့် မရဏဖန်သားစွမ်းအားကို ရေရှည်ခုခံနိုင်မည် မဟုတ်ပေ။

သတ္တုဒြပ်စင်လှံရှည်အောက်တွင် မည်သည့်ဒိုင်းကာမဆို စက္ကူတစ်စပမာ ကွဲကြေသွားနိုင်ကြောင်း ထိုနှုတ်သွက်လျှာသွက်ကောင်လေးကို ပညာပေးရပေမည်။

“သတ်...”

ချောင်တတိယသခင်လေး ကြုံးဝါးသံပြုလိုက်ရာ သူ့လက်ထဲရှိရွှေရောင်လှံသွားက တောက်ပလာသည်။

ရုတ်တရက် ချောင်တတိယသခင်လေး က ဆက်တိုက် ဒေါသတကြီး ဟစ်အော်သံ သုံးချက် ထုတ်လို

ဒြပ်စင်စွမ်းအားဖြင့်ဖွဲ့စည်းထားသည့် လှံရှည်က ပြင်းထန်စွာတုန်ခါသွားပြီး အိပ်ပျော်နေသည့်မြွေတစ်ကောင်လူးလွန့်လာသည့်ပမာ လှုပ်ရှားလာသည်။

ထို့နောက် ထိပ်ဖျားရှိလှံသွားက ခက်ရင်းခွပမာ (၃)ခုကွဲထွက်သွားပြီး ခုန်မင်ထံသို့ အရှိန်အဟုန်ဖြင့် ထိုးစောင့်ချလိုက်တော့သည်။

မရဏဖန်သားကျင့်စဉ်က နာမည်ကြီးသည်နှင့်အညီ ထူးခြားနက်နဲသည့်စွမ်းရည်ကို ပိုင်ဆိုင်လေသည်။

သံမဏိမြေသားကျင့်စဉ်၏ ခံစစ်စွမ်းအားက အံ့သြဖွယ်ရာကောင်းလွန်းသည့်တိုင် ခက်ရင်းသုံးခွလှံရှည်၏ ထိုးနှက်ချက်ကြောင့် မတည်မငြိမ် ဖြစ်လာရသည်။

အစောပိုင်းက ချောင်သခင်လေး၏ သတ္တုဒြပ်စင်လှံရှည်က ခုန်မင်ကိုကာကွယ်ပေးထားသည့် မြေဝါရောင်မြူခိုးထဲသို့ ထိုးစိုက်လိုက်ချိန် ရှေ့ဆက်ထိုးဖောက်မရဘဲ ရပ်တန့်သွားခဲ့သည်။

သို့သော် သူ၏စွမ်းအား ပေါက်ကွဲထွက်သွားပြီး ခက်ရင်းသုံးခွလှံရှည်ဖန်တီးပြီး ဆက်လက်ထိုးနှက်လိုက်သည့်အခါ ခုန်မင်၏ သံမဏိမြေသားဒိုင်းကာ ပေါက်ထွက်တော့မတတ် ဖြစ်သွားရသည်။

ခက်ရင်းသုံးခွလှံရှည်၏ ဆက်လက်ထိုးနှက်မှုကို အချိန်တစ်ခုအတွင်း ဟန့်တားနိုင်ခြင်းမရှိခဲ့လျှင် ၊ သို့မဟုတ် ခုန်မင်အနေဖြင့် ဤအတိုင်းရပ်တန့်ပြီး ရှောင်တိမ်းမှုမပြုခဲ့လျှင် သူ၏ခန္ဓာကိုယ် အပေါက်သုံးပေါက် ဖောက်ထွင်းခံရနိုင်သည်။

ထို့ပြင် လူအများကို အံ့အားသင့်စေသည်မှာ ရွှေရောင်လှံသွား(၃)ခု၏အစွန်းတွင် အနက်ရောင်သတ်ဖြတ်လိုသည့်အငွေ့အသက်များ စုစည်းထွက်ပေါ်နေခြင်း ဖြစ်၏။

ထိုအနက်ရောင်မြူခိုးများက ခုန်မင်၏ခန္ဓာကိုယ်အား ကာကွယ်ပေးထားသည့် မြေဝါရောင်မြူခိုးများကို အရည်ပျော်သွားစေပြီး အတွင်းသို့ ဖောက်ထွင်းဝင်ရောက်သွားသည်။

ထိုသတ်ဖြတ်လိုသည့်အငွေ့အသက်များကြောင့်ပင် ချောင်တတိယသခင်လေး၏ လှံချက်များက အရင်လို ရွှံ့နွံထဲနစ်သွားသည့်ပမာ နှေးကွေးခြင်း မရှိတော့ပေ။

မရဏဖန်သားကျင့်စဉ်က ရက်စက်ကြမ်းတမ်းပြီး သေစေနိုင်စွမ်းကြီးမားသည်ဟု နာမည်ကြီးသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ချောင်သခင်လေး၏ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ခုန်မင်က ရှောင်တိမ်းခြင်း မပြုခဲ့ပေ။

သူက “ဟွန့်” ကနဲ နှာတစ်ချက်မှုတ်လိုက်ပြီး ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကိုယှက်လိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။

ပြင်းထန်သည့် သစ်သားဒြပ်စင်လှိုင်းလုံးတစ်ခုထွက်ပေါ်လာပြီး ချောင်သခင်လေး၏ထိုးနှက်လိုက်သည့် သတ္တုဒြပ်စင်လှံရှည်ဆီသို့ ပြင်းထန်စွာ ဝင်ရောက်သွားသည်။

သစ်သားဒြပ်စင်စွမ်းအားက များသောအားဖြင့် ဟန်ချက်ညီပြီး ငြိမ်းချမ်းသော အရှိန်အဝါ ရှိတတ်သည်။

သို့သော် ခုန်မင်ထံမှထွက်ပေါ်လာသည့် သစ်သားဒြပ်စင်စွမ်းအားက မီးလျှံပမာပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းသည့် လွှမ်းမိုးနိုင်စွမ်းဖြင့် ပြည့်နက်နေသည်။

ခုန်မင်ထံမှထွက်ပေါ်လာသည့် မြေကြီးဒြပ်စင်လှိုင်းလုံးနှင့် ချောင်တတိယသခင်လေး၏ သတ္တုဒြပ်စင်လှံရှည်တို့ ရိုက်ခတ်မိသည်နှင့် မိုးကြိုးပစ်သံပမာ ကျယ်‌လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာကာ ပြင်းထန်သော စွမ်းအားပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးနှင့် ဖုန်မှုန့်များ လွင့်ပျံသွားပြီး ချောင်သခင်လေးနှင့် ခုန်မင်တို့၏ပုံရိပ်များကို လုံးဝ ဖုံးကွယ်ပစ်လိုက်သည်။

ခုန်မင် ထုတ်လွှတ်လိုက်သည့် သစ်သားဒြပ်စင်စွမ်းအားက ခုန်အိမ်တော်တွင် လျှို့ဝှက်စွာ ဂရုတစိုက်ထိန်းသိမ်းထားသည့် လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်မှ ဆင်းသက်လာခြင်း ဖြစ်၏။

ဤကျင့်စဉ်က အရှင်သခင်အဆင့် သစ်သားဒြပ်စင်ကျင့်စဉ်များတွင် ထိပ်တန်းအဆင့် နာမည်ကျော်ကြားသည်ဖြစ်ရာ ချောင်သခင်လေး၏ မရဏဖန်သားစွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်းမှာ အံ့သြစရာမရှိပေ။

သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ဒြပ်စင်စွမ်းအားများက လေးဘက်လေးတန်သို့ ပေါက်ကွဲလွင့်စင်ထွက်သွားလေသည်။

တန်ခိုးစွမ်းအားကို ခံနိုင်ရည်မရှိသည့်အလား သူတို့ခြေထောက်အောက်မှ ခိုင်ခံ့သည့် အရည်အသွေးမြင့် အပြာရောင်ကျောက်ပြားများ အက်ကွဲကြေမွသွားပြီး အတွင်းခန်းမ ဧရိယာတစ်ခုလုံး အောက်ဘက်သို့ ကျွံဝင်သွားသည်။

ထို့ကြောင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံး ဖုံမှုန့်များ လွင့်ပျံသွားခြင်း ဖြစ်၏။

ပွဲကြည့်ပရိတ်သတ်များကြားတွင် ဒြပ်စင်စွမ်းအားအရှင်သခင် (၅)ယောက်ရှိနေသည်မှာ ကံကောင်းသည်ဟု ပြောရမည်။

သူတို့၏ကာကွယ်ပေးမှုကြောင့် ပြင်းထန်သည့် စွမ်းအားလှိုင်းလုံးပေါက်ကွဲမှုကြီးက ကြည့်ရှုသူများအပေါ် သက်ရောက်မှုမရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ခုန်မင်နှင့် ချောင်တတိယသခင်လေးတို့၏ ပထမဆုံးတိုက်ကွက်မှာပင် ဤမျှကြီးမားသော ပေါက်ကွဲမှုကြီး ဖန်တီးလိုက်သည်ဖြစ်ရာ ကျင့်ကြံသူမဟုတ်သည့် သာမန်လူများကတော့ အလွန်ပင် ကြောက်ရွံ့သွားခဲ့ကြသည်။

ထို့ပြင် ကျင့်ကြံသူများသည်လည်း အလွန်အမင်း အံ့သြထိတ်လန့်ကြရလေသည်။

သူတို့ အံ့သြထိတ်လန့်သည်မှာ ခုန်မင်နှင့် ချောင်သခင်လေးတို့ ပြသခဲ့သည့်စွမ်းအားကြောင့် မဟုတ်ပေ။

ခုန်မင်က လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်ကို အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်၏။

တိုက်ပွဲအစတွင် ခုန်မင်က မြေဒြပ်စင်စွမ်းအားကို အသုံးပြုခဲ့သည်။

ထိုစဉ်က ပွဲကြည့်ပရိတ်သတ်များသည်လည်း ချောင်သခင်လေးကဲ့သို့ပင် ကောလဟလများမှားယွင်းနေသည်ဟု ယူဆခဲ့ကြသည်။

တကယ်တမ်းတွင် ခုန်မင်က သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူမဟုတ်ဘဲ မြေဒြပ်စင်ဝိညာဉ်ခန္ဓာရှိသူဟု ထင်မှတ်ခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ခန္ဓာကျင့်ကြံသူများအကြောင်း လူတိုင်းသိကြသည်ပင်။

ဝိညာဉ်ခန္ဓာပိုင်ဆိုင်သူများက သူတို့ပိုင်ဆိုင်သည့် ဝိညာဉ်ခန္ဓာနှင့်ပတ်သက်သော ဒြပ်စင်စွမ်းအားကိုသာ ကျင့်ကြံနိုင်ကြပြီး အခြားဒြပ်စင်(၄)မျိုးကို လုံးဝ အသုံးပြုနိုင်ခြင်း မရှိကြပေ။

ယခု ခုန်မင်က မြေဒြပ်စင်စွမ်းအားကို အသုံးပြုပြီး ချက်ချင်းပင် သစ်သားဒြပ်စင်ကျင့်စဉ်ဖြစ်သည့် “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” ကို ထုတ်ဖော်အသုံးပြုလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ပရိတ်သတ်အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဝိညာဉ်ခန္ဓာပိုင်ဆိုင်သူတစ်ယောက်က ဒြပ်စင်စွမ်းအားနှစ်မျိုး အသုံးပြုနိုင်သည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

ကောလဟလများမှားယွင်းနေခြင်း ဖြစ်နိုင်သည်။

ခုန်မင်က ဝိညာဉ်ခန္ဓာပိုင်ဆိုင်သူမဟုတ်ဘဲ အလွန်ရှားပါးသည့် ဒြပ်စင်စွမ်းအားမျိုးစုံ ကျင့်ကြံနိုင်သူတစ်ယောက် ဖြစ်နေသည်လား။

ခုန်မင်က သမိုင်းတစ်လျှောက် တစ်ခါမှ ထွက်ပေါ်လာဖူးခြင်းမရှိသေးသော ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာရှိသူဖြစ်နေမည်ဟု မည်သူမှ မတွေးမိကြပေ။

All Chapters