ဝါးသစ်တောအတွင်း၌ နောက်ပိုးခြင်း
Vol. 12 Ch. 160
“အမှန်ပဲ။ ကျုပ်က တိရိစ္ဆာန်တွေကို ချစ်တယ်။ ကျုပ်မှာ ချစ်ဖို့ကောင်းတဲ့ မျောက်ကလေးတောင် ရှိသေးတယ်။” အန်လင်းသည် ဝါးပင်ထိပ်ဆီသို့ ကြည့်လိုက်ပြီးနောက် အော်ခေါ် လိုက်သည်။ “ရှောင်ချိုးရေ … ဒီကိုလာခဲ့ဦး”
ဝါးရွက်များ အချင်းချင်း ပွတ်တိုက်သံ ထွက်ပေါ်လာပြီး မရှေးမနှောင်း များပင် မျောက်ကလေး တစ်ကောင်သည် ကောင်းကင်မှ ပြုတ်ကျ လာပြီးနောက် အန်လင်း၏ ပခုံးပေါ်တွင် နားနေလိုက်သည်။
ပြူးထွက်နေသည့် မျက်လုံးများ၊ ပြားနေသည့် နှာခေါင်း၊ ရွဲ့စောင်းနေသည့် ပါးစပ်နှင့် မျက်နှာပေါ်ရှိ တင်းတိပ် မှဲ့ခြောက်များ ပေါင်းစပ်လိုက်သည့် အခါတွင် ထိုမျောက်ကလေးသည် ချစ်စဖွယ် မျောက်ရုပ်ဆိုးလေး ဖြစ်နေတော့သည်။
ရှောင်ချိုးသည် တန်ရှီယွမ်အား အစ်ကို အကျည်းတန်လှစွာ ပြုံးပြလိုက်ပြီးနောက် လွန်စွာ ရိုင်းပြသည့် အမူအရာအဖြင့် နှာခေါင်း နှိုက်နေတော့သည်။
“အရမ်းတော်တဲ့ ရှောင်ချိုးလေး …” အန်လင်းသည် ရှောင်ချိုးထံသို့ အသံဖြင့် ဆက်သွယ်ကာ အားပေးလိုက်သည်။
ငါ့ရဲ့ ထူးခြားတဲ့ ဝါသနာနဲ့ ရှားပါးတဲ့ အလှအပ စံနှုန်းတွေကြောင့် ဒီမိန်းမတော့ သေချာပေါက်ကို ကြောက်လန့် သွားမှာပဲ။
တန်ရှီယွမ်၏ ပြူးကျယ်နေသည့် မျက်လုံးများကို ကြည့်လိုက်ပြီးနောက် အန်လင်းသည် သူ၏ အစ်ကို အကြံအစည်ကြီးမှာ အောင်မြင်တော့မည်ဟု ခံစားနေမိသည်။
“ရုပ်ရည်သွင်ပြင်က အရမ်းအရေးပါတဲ့ ကျင့်ကြံခြင်း လောကြီးမှာ သခင်လေး အန်က ဒီလို မျောက်ရုပ်ဆိုးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာကို မြင်တွေ့ရတာ တကယ်ကို အသစ်အသစ်သော ပြောင်းလဲမှုကြီးပါပဲရှင်။” တန်ရှီယွမ်သည် အသိပြန်ဝင် လာပြီးနောက်တွင် သူမ၏ မျက်လုံး များသည် စိတ်လှုပ်ရှားမှုတို့ကြောင့် အရည်လဲ့ နေလေသည်။
သူမသည် အန်လင်းအား ရှက်သွေးဖြာလျက်နှင့် ကြည့်လိုက်ပြီးနောက် တိုးညင်းစွာ ဆိုလေသည်။ “သခင်လေးအန်က ကျွန်မရဲ့ ရုပ်ရည်ကြောင့် ဆွဲဆောင် ခံလိုက်ရတယ်လို့ ထင်နေခဲ့မိတာ။ သခင်လေးက ပေါ့ပျက်ပျက် လူတစ်ဦး မဟုတ်ဘူးဘဲ။ စာအုပ် တစ်အုပ်လိုပဲ အဖုံးကို ကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရဘူးမှန်း သိလိုက်ရပြီ။ အဲဒါကြောင့် ကျွန်မရဲ့ ဘယ်အရာက သခင်လေးကို ဆွဲဆောင် သွားနိုင်တာလဲရှင်။”
အန်လင်းမှာ အလွန်အမင်း အံ့အားသင့် နေမိသည်။
အခုလိုမျိုး ချစ်ကြည်နူးဖွယ် အနေအထားကြီးက ဘာကြီးတုန်း။ ဘယ်လို ဖြစ်ပြီးတော့ သူ့ရဲ့ ထူးခြားဆန်းပြားတဲ့ အစ်ကိုအကျင့်တွေကို အခုလိုမျိုး တလွဲအဓိပ္ပာယ် ကောက်သွား ရတာလဲ။
ခင်ဗျားရဲ့ ဘယ်အရာကို ကျုပ်က စွဲလမ်း မိသွားတာလဲ ဟုတ်လား။ ဘာမှမပြောဘဲ နေလို့ရလားဗျ။
မဖြစ်ချေ။ တန်ရှီယွမ်သည် သူ့အား သေအောင် ရိုက်ပေလိမ့်မည်။
အန်လင်းသည် ခေါင်းယမ်း လိုက်ပြီးနောက် ပြုံးကာဖြင့် “ကျုပ်လည်း သေချာ မသိပါဘူးဗျာ။ တဒင်္ဂအတွင်း ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှုမျိုး ထင်ပါတယ်။ ဒီလို ခံစားချက်မျိုး တွေက လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ် သွားနိုင်တယ် မဟုတ်ဘူးလားဗျာ။”
ဟုတ်တယ်။ ကောင်းလိုက်တဲ့ ရိုက်ချက်။ ငါ့ရဲ့ စိတ်ဝင်စားမှုက ပြောပြ ရခက်တဲ့ အစ်ကို အရင်းကြောင့် စက္ကန့်အနည်းငယ်ပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် ပြောလိုက်ပြီးပင်။ ဒီထက်ပိုပြီး စိတ်ဝင်စားမှု မရှိတော့ဘူး။
တန်ရှီယွမ်သည် အန်လင်း၏ စကားများကြောင့် သူမ၏ ဦးခေါင်းအား ငုံ့လိုက်သည်။ မျက်တောင်လေးများ ပင်လျှင် အနည်းငယ် တုန်ယင် နေသေးသည်။ မည်သည့်စကားမျှ မဆိုဘဲနှင့် ရေနွေးတစ်ငုံအား ယူသောက်လိုက်သည်။ အတွေးထဲ နစ်မြော နေပုံရသည်။
အန်လင်းသည် အောင်မြင်တော့မည်ဟု တွေးမိနေစဉ်မှာပင် တန်ရှီယွမ် စကားဆိုလာသည်။
“တဒင်္ဂ စိတ်လှုပ်ရှားခြင်းတဲ့လား … ဘယ်လိုတောင် ထူးခြားလိုက်တဲ့ စကားလဲရှင်”
“ချစ်မေတ္တာ ဆိုတာမျိုးက တစ်ခါတစ်ရံကျ အဲလိုပဲ မဟုတ်လားရှင်။ ကနဦးမယ် ရှင်က အဲဒီ ခံစားချက်တွေက ဘာလဲဆိုတာ ဝေခွဲမရ ဖြစ်မယ်။ ဘယ်အချိန်မှာ အဆုံးသတ်မယ် ဆိုတာကို မသိနိုင်အောင် ဖြစ်လာမယ်။ ကျွန်မနဲ့ သခင်လေးအန်ရဲ့ အတွေးတွေက အရမ်းကို ထပ်တူညီလုနီးပါး ဖြစ်တဲ့အထိ နီးစပ် နေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။”
အန်လင်းသည် နောက်ထပ်တစ်ဖန် ဆွံ့အ သွားမိပြန်သည်။ ဒီနေရာမှာ ဘာတွေများ ဖြစ်နေတာတုန်းဗျာ။
သူတို့နှစ်ယောက်က တကယ်ကြီး အမြင်တူနေ ကြတာလား။ သူမ မျက်နှာပေါ်က သဘောတူတဲ့ အမူအရာက ဘာကြီးတုန်း။
“သခင်လေး အန်ရေ … ကျွန်မရဲ့ ဆရာသခင်နဲ့ ဆရာကတော်က နှစ်ပေါင်း ၆၀၀ ကျော်ကြာအောင် တာအို လက်တွဲဖော်တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့လည်း လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့ရတယ်။ ဘာလို့လဲ ရှင်သိလား။” တန်ရှီယွမ်မှ ဆက်ပြောသည်။
“ဘာလို့လဲ။ တစ်ယောက်ယောက်ကများ ဖောက်ပြန် သွားလို့လား။” အန်လင်းမှာ အတော်လေး နှာကစ်နေပြီ ဖြစ်သည်။
တန်ရှီယွမ်သည် သူမ၏ ဦးခေါင်းအား ခါယမ်း လိုက်သည်။ “မဟုတ်ဘူး။ တစ်နေ့မှာ ဆရာကတော် နေမကောင်းတာကြောင့် အဲဒီ အကြောင်းကို ဆရာသခင်ဆီကို အသံလွှင့် အဆောင်လက်ဖွဲ့နဲ့ သတင်းပေးပို့ လိုက်တယ်။ ဆရာသခင်က အဲဒီအချိန်မှာ အတော်လေး ဝေးတဲ့နေရာကို ရောက်နေခဲ့တာ။ အဲဒါကြောင့် သူမကို ရေနွေးပူပူလေး သောက်လိုက်ဆိုပြီး အကြောင်း ပြန်ခဲ့တယ်။ အဲဒီနောက်မှာတော့ သူတို့လမ်းခွဲ သွားကြတာပဲ။”
“ဖူး” အန်လင်းမှာ ရေနွေးကြမ်း အစ်ကိုုန် ပြန်အန် ထွက်သွား တော့သည်။
“ဆရာကတော် ပြောတာကတော့ ဆရာသခင်ရဲ့ နှလုံးသားက ပြောင်းလဲ သွားခဲ့ပြီတဲ့။ အရင်ကဆို သူမ နေမကောင်းဖြစ်တာနဲ့ ဆရာသခင်က ချက်ချင်း ပြန်လာမှာဖြစ်ပြီး သူမ သက်သာ လာတဲ့အထိ နံဘေးမှာ နေနေပေးမှာ အသေအချာပဲတဲ့။ ဒါပေမဲ့ အခုကျတော့ ရေသောက် လိုက်ဆိုပြီး လျစ်လျူရှု ပစ်လိုက်တယ်။ သူတို့နှစ်ဦးကြားမှာ ချစ်မေတ္တာ မရှိတော့ဘူးတဲ့လေ။”
“အချိန်ရဲ့ စွမ်းအားတွေပေါ့ရှင် …”
“သေမျိုးတွေက နှစ်ပေါင်း တစ်ရာတိုင်အောင် ပျော်ရွှင်တဲ့ ချစ်ခြင်း မေတ္တာတွေကို ရရှိဖို့ အိပ်မက်မက်လေ့ ရှိကြတယ်။ ဒါပေမဲ့လည်း ကျွန်မတို့လို ကျင့်ကြံသူတွေ အတွက်က တာအိုလက်တွဲဖော်နဲ့ နှစ်ပေါင်း တစ်ရာထက်ပိုပြီး အတူတူရှိကြရတယ် မဟုတ်ပါလား။”
“ကနဦးမှာတော့ သူတို့ရဲ့ ချစ်ခြင်းတွေက စစ်မှန်ခဲ့ကြတာပဲ။ ဒါပေမဲ့ အချိန် ကြာလာတာနဲ့အမျှ ချစ်မေတ္တာတွေလည်း တဖြည်းဖြည်း ပြောင်းလဲ လာပုံရတယ်။”
တန်ရှီယွမ်သည် ခေါင်းမော့ကာဖြင့် ကောင်းကင်ဆီသို့ တမ်းတမ်းတတ ကြည့်လိုက်သည်။ “ကောင်းကင်မှာ ရွေ့လျားနေတဲ့ တိမ်တွေလိုပေါ့ရှင်။ တည်ရှိခဲ့တယ်။ ဒါပေမဲ့လည်း အချိန်တိုလေး အတွင်းမှာ ပျောက်ကွယ် သွားတယ်။ ရှင်ပြောတဲ့ အတိုင်းပါပဲ။ ဒီလို စိတ်ခံစားချက်မျိုးက ဘယ်လောက် ကြာသည်အထိ ရှိနိုင်မလဲဆိုတာ ဘယ်သူကမှ အာမ မခံနိုင်ဘူးလေ။ အချိန်တစ်ခု ရောက်လာရင်တော့ တဖြည်းဖြည်းနဲ့ လွင့်မျော ပျောက်ကွယ် သွားမှာပါပဲ။”
အန်လင်းသည် သူမ၏ စကားများကြောင့် ရှုံ့မဲ့ လာတော့သည်။ ဤစကား ပြောခန်းသည် မည်သည့် အတွက်ကြောင့် သူ့ထံသို့ တစ်ပတ် ပြန်ကျော့ လာရသနည်း။ သူ၏ ပေါက်ပန်းလေးဆယ် စကားများသည် ထိုမျှလောက်အထိ တွေးတော ဆင်ခြင်နိုင်မှုများ ပြည့်ဝ နေသည်လား။
တန်ရှီယွမ်၏ အတွေးများသည် အတော်လေး ပြန့်ကြဲနေပြီး အတွေးထဲ နစ်မျော ပျော်ဝင်နေပုံပင်။ ထို့အပြင် မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကိုလည်း သိဟန် မရှိချေ။
“ကျွန်မ ကြုံခဲ့ဖူးတဲ့ အမျိုးသားတွေနဲ့ သခင်လေးအန်က လုံးဝ ကွဲပြားတယ်လို့ ခံစားမိတယ်။ ရှင်က ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ နှလုံးသားထဲမှာ ချစ်မေတ္တာ ရှိတယ်။ ရှင်နဲ့ ကျွန်မက ချစ်မေတ္တာအပေါ်မှာ အရမ်းကို ထပ်တူညီတဲ့ ရှုမြင်ခြင်းမျိုးလည်း ရှိနေတယ်။” တန်ရှီယွမ်သည် စကားပြောနေရင်းနှင့် ပိုမိုကာ တက်ကြွ လာလေသည်။
သူမ၏ မြှောက်ပင့် ချီးကျူးမှုများကြောင့် အန်လင်း ကဲ့သို့သော အရေထူသည့် သူပင်လျှင် ရှက်သွေးဖြာ လာမိလေသည်။
အဲဒီတော့ သူက ချီးကျူးခံထိုက်တဲ့သူ ဖြစ်သွားတာမျိုးပေါ့။ အဲလိုမျိုးလား။
“အဲတော့ သခင်လေးအန်ကို ကျွန်မ ခွင့်ပြုပါတယ်။” တန်ရှီယွမ်သည် သူမ၏ ဆံပင်များအား နားနောက်သို့ သိမ်းလိုက်ပြီးနောက် အစ်ကိုအကြည့် လွှဲလိုက်သည်။ အနည်းငယ် စိုးရိမ်နေဟန်ရှိပြီး သူမ အသံပင်လျှင် ဖျော့တော့ သွားလေသည်။
“ဟမ် …” အန်လင်းသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင် ခတ်လိုက်မိသည်။
တန်ရှီယွမ်သည် အန်လင်းအား သိမ်မွေ့စွာဖြင့် ကြည့်လိုက်သည်။ “ကျွန်မ … ပြောတာက … သခင်လေးအန် အနေနဲ့ ကျွန်မကို ပိုးပန်းဖို့ ခွင့်ပြုတယ်လို့ပါ။”
အန်လင်းမှာ ကြက်သေ သေနေမိသည်။
လခွမ်းဟေ့။ ဒီအခြေအနေကြီးက ထိန်းချုပ်နိုင်စွမ်း ကျော်သွားပြီ။ ဘာလုပ်ရတော့မတုန်း။
“အဟမ်း … တန်ရှီယွမ်ရေ … ကျင့်ကြံခြင်း ခရီးလမ်းဆိုတာက ရှည်လျား လွန်းတယ် မဟုတ်ပါလား။ ကျုပ်တို့အနေနဲ့ မိတ်ဆွေ သူငယ်ချင်းအဖြစ် စတင်ကြရင် မကောင်းဘူးလားဗျာ။ အဲဒီကနေ တစ်ဆင့် ကျုပ်တို့ တစ်ဦးကို တစ်ဦး နှစ်သက်သဘောကျ ကြမယ်ဆိုရင် ခင်ဗျားကို ပိုးပန်းပါ့မယ်။” အန်လင်းမှာ တန်ရှီယွမ် အမှန်တရားအား သိရှိသွားသည့် အခါမှသာလျှင် နောက်ဆုတ်နိုင်မည် ဖြစ်သည်။
အံ့ဩမိသည်မှာ တန်ရှီယွမ်သည် စိတ်ဆိုး ဒေါသထွက်ခြင်း မရှိသည့်အပြင် သူမ၏ မျက်နှာထက်တွင် သက်တံ ကဲ့သို့သော တောက်ပသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “ရှင့်ရဲ့ ရှောင်ဖယ်မှုနဲ့ သီးသန့် နေတတ်မှုတို့က ကျွန်မကို တကယ်ဆွဲဆောင် နိုင်လွန်းတယ်။ အဲဒီတော့ ရှင်ပြောသလိုပဲ လုပ်ကြတာပေါ့။”
အန်လင်းမှာ ယခုမှသာလျှင် သက်ပြင်းချနိုင်တော့သည်။ နောက်ဆုံးတော့ ကျည်ဆန်ကို ရှောင်လိုက်နိုင်ပြီလေ။
ထိုသို့ဖြင့် သူတို့နှစ်ဦးသည် မိတ်ဆွေ သူငယ်ချင်းများ အဖြစ် စကားစမြည် ပြောဆိုကြပြီး ပတ်ဝန်းကျင် အနေအထားမှာလည်း တိတ်ဆိတ် သာယာနေမြဲ ဖြစ်သည်။
“အာ … အသင်္ချေ စစ်သည် တောအုပ်မှာ ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေးပွဲ အတွက် ဆုသွား ယူရဦးမှာပဲ။” တန်ရှီယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဆိုလေသည်။ “ကျွန်မက အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်နဲ့ ကာကွယ်ရေးပစ္စည်း ရတော့မှာ … ဟဲဟဲ”
“ဟမ် … ဆုအဖြစ် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်နဲ့ စိတ်ဝိညာဉ် ကျောက်တုံးပြ ရမှာ မဟုတ်ဘူးလား။” အန်လင်းသည် သိလိုစိတ်ဖြင့် မေးမြန်း လိုက်သည်။
တန်ရှီယွမ်သည် ခေါင်းညိတ်ကာဖြင့် “ဟုတ်တယ်လေ။ ဒါပေမဲ့ ကျွန်မမှာ စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းကျော် ရှိနေပြီးသား။ အခုထပ်ရမှာက စိတ်ဝိညာဉ်ကျောက်တုံး လေးသောင်း ဆိုတော့ အခြေခံအဆင့် ကာကွယ်ရေး ပစ္စည်းနဲ့ လဲလို့ရပြီလေ။”
အန်လင်းသည် ရုတ်တရက် စဉ်းစား မရနိုင်ဘဲ ဖြစ်မိသည်။ “စိတ်ဝိညာဉ် ကျောက်တုံး လေးသောင်းလား။ နှစ်သောင်းပဲ ပေးတာ မဟုတ်ဘူးလား။”
“အိုး … ဘုရားရေ …” တန်ရှီယွမ်သည် သူမ၏ ပါးစပ်အား လက်ဖြင့် အုပ်လိုက်သည်။ ပါးမို့မို့မှာ အနည်းငယ် နီမြန်း လာလေသည်။ သူမ စကားကျွံ သွားလေပြီ။
အန်လင်းသည် တန်ရှီယွမ်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေမိသည်။
တန်ရှီယွမ်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီး နောက်တွင် ဝန်ခံ လာလေသည်။ “ရှင်က ယုံကြည် စိတ်ချရတဲ့ပုံ ရှိတာကြောင့် ကျွန်မရဲ့ လျှို့ဝှက်ချက် သေးသေးလေးကို ပြောပြမယ်။ တကယ်တော့ ခွမ်းရီကို လွယ်လွယ်လေး ရှုံးနိမ့် ရလောက်အောင် ကျွန်မက အားနည်းတဲ့သူ မဟုတ်ဘူးရယ်။ တစ်စုံ တစ်ယောက်က ကျွန်မကို စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းနဲ့ ကမ်းလှမ်း လာတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မနိုင်ဖို့ အခွင့်အရေးကလည်း နည်းပါးတယ် မဟုတ်လား။ အဲဒီတော့ ရှင်သိတဲ့ အတိုင်းပဲ …”
စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်း …
အန်လင်းသည် ထိုလှည့်ကွက်ကို သိမည်ဟု ထင်ပါသလား။
သေချာတာပေါ့။ အလွန်အမင်း ရင်းနှီးလွန်း လှသည်။ သေသေချာချာ နားလည်သွားပြီ ဖြစ်သည့်အတွက် အော်ဟစ်ကာ ငိုကြွေးချင်နေမိပြီ ဖြစ်သည်။
အန်လင်းသည် တုန်လှုပ်မှုကြောင့် နှုတ်ခမ်းများပင်လျှင် တုန်ယင် နေလေသည်။ မည်သို့ ပြောရမှန်းလည်း မသိတော့ချေ။
သူမအား စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းမျှနှင့် ထိုကဲ့သို့ ပြုလုပ်ရက် သလားဟု မေးမြန်း ရမည်လား။ သို့တည်းမဟုတ် သူ၏ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းသည် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်း၏ အနိုင်ယူရိုက်ချခြင်း ခံလိုက်ရသည်ဟု မှတ်ယူရမည်လား။
ဘာလုပ်ရမှန်း မသိတော့ချေ။ ထိုအချိန်တွင် မြေကမ္ဘာအင်မော်တယ် မင်းယွမ် ပြောခဲ့သည့် စကားအား ပြန်လည်တွေးတော မိလေသည်။ “ကံကြမ္မာရဲ့ စီရင်မှုတွေပဲ …”
***
အန်လင်းနှင့် တန်ရှီယွမ်တို့သည် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်စကား ဆိုလိုက်ကြသည်။
သူတည်းခိုသည့် နေရာသို့ ပြန်လာခဲ့ပြီးနောက် လောကကြီး အကြောင်း တွေးတော မိလေသည်။
တန်ရှီယွမ်သည် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်း ရရှိခဲ့ကာ ခွမ်းရီသည် ငါးသောင်း ရရှိလေသည်။ သူ့မှာတော့ စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းခွဲ ဆုံးရှုံး ခဲ့ရသည်။
တကယ်ကို အော်ဟစ်ကာ ငိုပစ်လိုက်ချင်သည်။
***