လွတ်မြောက်ရန်လမ်းမမြင်
Vol. 172 Ch. 2453
ရီဖူရှင်းသည် သူ့ကိုအလွယ်တကူမတိုက်ခိုက်နိုင်စေရန် မြင့်နိုင်သမျှမြင့်မြင့်တွင် ပျံသန်းနေသည်။ တိမ်တိုက်များအကြားတွင် ရွှေရောင်နတ်အလင်းသည် လျှပ်စီးတန်းတစ်ခုအလား ပျံသန်းနေ၏။ သူ ထိုကဲ့သို့အသည်းအသန်ပျံသန်းသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။
သူပျံသန်းသွားရာလမ်းကြောင်းတစ်လျှောက်ရှိ တိမ်များ၊ မြူခိုးများထဲတွင် ရွှေရောင်တံလျပ်တန်းတစ်ခု ကျန်ခဲ့ပေသည်။ မဟာလမ်းစဉ်၏အရှိန်အဝါခပ်ဖျော့ဖျော့ပင် အကြွင်းအကျန် သတင်းအချက်အလက်အချို့နှင့်အတူ ကျန်ခဲ့လေသည်။
သို့သော် ထိုအရာကို ရှောင်လွှဲ၍မရပေ။ သူ့အနေဖြင့် မြန်နိုင်သမျှမြန်မြန် ပျံသန်းနိုင်စေရန် မဟာလမ်းစဉ်၏စွမ်းအားကို သုံးရမည်သာဖြစ်သည်။ သူသည် ယခင်ကကဲ့သို့ အိမ်တစ်လုံးအတွင်း၌ ပုန်းအောင်းနေခြင်းမဟုတ်လျှင် ထိုကဲ့သို့ ခြေရာလက်ရာများကျန်ခဲ့မည်သာဖြစ်သည်။ သို့သော် ယခုတွင် အိမ်အတွင်း၌ပုန်းနေခြင်းသည်လည်း အသုံးဝင်တော့မည့်ပုံမပေါ်ချေ။ သူတော်စင်ကျန်းချန်သည် အာရုံခြောက်ပါးကောင်းကင်တစ်ခုလုံးကိုရှာရန် အမိန့်ထုတ်ထားပေပြီ။ ရီဖူရှင်း၏ပုံတူကို နေရာအနှံ့တွင် ကပ်ထားပြီးဖြစ်သည်။
အာရုံခြောက်ပါးကောင်းကင်မှ ကျင့်ကြံသူအများအပြားသည် သူတို့အကြောင်းကို သိထားပြီးဖြစ်နိုင်ပေသည်။ သူတို့ကို အခြားသူများတွေ့သွားနိုင်ချေရှိသည့် မည်သည့်နေရာကိုမဆိုသွားခဲ့ပါက သူတို့ကို ရှာတွေ့သွားမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့အတွင် အန္တရာယ်ပိုကြီးလာပေလိမ့်မည်။
အချိန်များကုန်ဆုံးသွား၏။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ရီဖူရှင်းမသိပေ။ သို့သော် သူသည် ကြမ္မာဆိုးကိုမူ ခံစားနေရသည်။ ထိုခံစားချက်သည် အကြောင်းမရှိဘဲ ဖြစ်ပေါ်နေခြင်းဖြစ်သော်လည်း သူ့ကို အနည်းငယ်မသက်မသာခံစားနေရစေလေသည်။
“ဂျီယူ... ငါ မင်းကို ဒီမှာချပေးခဲ့မယ်။ ပြီးရင် လူခွဲသွားကြမယ်”
ရီဖူရှင်းသည် သူ့ဘေးရှိ ဟွာဂျီယူကို ပြောလိုက်သည်။ ကျန်းချန်ဘုံကျောင်းမှ အလိုရှိသူသည် သူသာဖြစ်သည်။ သူတို့သာ လူခွဲ၍သွားခဲ့လျှင် ထိုသူများသည် သူ့နောက်သို့သာလိုက်မည်ဖြစ်ပြီး ဟွာဂျီယူနောက်သို့ လိုက်မည်မဟုတ်ပေ။
ဟွာဂျီယူသည် ရီဖူရှင်း၏မျက်ဝန်းများကို ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်၏။ ထိုကဲ့သို့သောအချိန်မျိုးတွင် သူမသည် ရီဖူရှင်းကို မည်သည့်နည်းနှင့်မှ စွန့်ခွာသွားမည်မဟုတ်ပေ။ ယခင်က သူတို့အနိုင်ရခဲ့ခြင်းများသည် သူတို့၏အံ့အားသင့်ဖွယ်ကံကောင်းမှုကြောင့်ဖြစ်ကြောင်း သူတို့နှစ်ဦးစလုံးသိ၏။ အာရုံခြောက်ပါးသခင်နှင့် အရှင်ချူးချန်တို့သည် သတိလက်လွတ်ဖြစ်သွားမှုကြောင့်သာ ရီဖူရှင်းဆင်ထားသည့်ထောင်ချောက်အတွင်းသို့ ကျရောက်သွားခြင်းဖြစ်သည်။
သို့သော် ယခုတွင် သူသာ ကျန်းချန်ဘုံကျောင်းမှလူများ၏ဖမ်းဆီးမှုကို ခံခဲ့ရပါက ယခင်ကကဲ့သို့ ကံကောင်းနိုင်မည်မဟုတ်တော့ပေ။ သူတော်စင်ကျန်းချန်သည် သူ့ကိုသေချာပေါက် ဖိနှိပ်ထားမည်ဖြစ်သည်။ ထို့ပြင် သူတော်စင်ကျန်းချန်သည် အာရုံခြောက်ပါးသခင်နှင့် အရှင်ချူးချန်တို့ထက် အဆင့်အတန်းမြင့်သူဖြစ်သည်။ ထို့ကြောင့် သူ၏စွမ်းအားသည် ထိုနှစ်ဦးထက်များစွာ မြင့်လိမ့်မည်ဟု ယူဆနိုင်ပေသည်။
ရီဖူရှင်းသာ အဖမ်းခံခဲ့ရပါက ပြန်လည်လွတ်မြောက်ရန်လမ်းရှိတော့မည်မဟုတ်ပေ။
ထိုကဲ့သို့သောအချိန်မျိုးတွင် သူမသည် ရီဖူရှင်းနှင့်ခွဲခွာသွားရန် စိတ်ကူမရှိချေ။ သူမသည် သူနှင့်အတူ ဆိုးတူကောင်းဖက်နေလိုပေသည်။ သူမတို့ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အနည်းဆုံး သူမတို့အတူတူရှိနေနိုင်မည်ဖြစ်သည်။
ရီဖူရှင်းသည် ဟွာဂျီယူ၏မျက်ဝန်းများအတွင်းမှ အရိပ်အယောင်များကိုကြည့်၍ သူမကို သူဖျောင်းဖျ၍ရမည်မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူသည် မြန်မြန်ထွက်ပြေးနိုင်ရန်သာ အာရုံစိုက်လိုက်လေတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ စိတ်ထင့်နေသည့်ခံစားချက်သည် ပို၍ကြီးထွားလာသည်။ တဖြည်းဖြည်းဖြင့် သူ့နောက်သို့ တစ်စုံတစ်ယောက်လိုက်လာကြောင်းကို သူခပ်ရေးရေးအာရုံခံမိလာသည်။
ပို၍အရေးကြီးသည်မှာ ထိုခံစားချက်သည် ပို၍အားကောင်းလာခြင်းပင်။ သူသည် နောက်ယောင်ခံခြင်းခံနေရပြီး သူ့ကို ထပ်သီးကျင့်ကြံသူတစ်ဦးက စောင့်ကြည့်နေကြောင်း သိလာလေသည်။
မမျှော်လင့်ထားသော်လည်း နောက်ထပ် ထပ်သီးသခင်တစ်ဦး ရှိနေသေးပေသည်။ သူသည် ကျန်းချန်ဘုံကျောင်းကို လျှော့တွက်ခဲ့မိပုံရလေသည်။
သို့သော် ထိုသူသည် တိုက်ခိုက်ရန် အလျင်လိုပုံမပေါ်ဘဲ သူ့နောက်သို့သာ နောက်ယောင်ခံလိုက်နေလေသည်။ ထို့ကြောင့် ရီဖူရှင်းသည် ပို၍နေရခက်လာသည်။
သူသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကို ထိန်းချုပ်ထားနိုင်သေးသော်လည်း ထိုသို့ထိန်းချုပ်ခြင်းသည် သူ၏စွမ်းအင်များကို ကုန်ဆုံးစေကြောင်း ရီဖူရှင်းသိ၏။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ထိပ်တန်းမရောက်သေးသည့်အပြင် သူ့စိတ်ဝိညာဉ်၏စွမ်းအင်သည်လည်း အကန့်အသတ်ရှိပေသည်။ သူသည် နတ်ခန္ဓာကို အပြည့်အဝမထိန်းချုပ်နိုင်သဖြင့် သူ့စိတ်ဝိညာညဉ်၏စွမ်းအင်ကို အဆက်မပြတ်သုံးနေရလေသည်။ ထိုကိစ္စသည် အချိန်ကြာလာပါက သူပို၍ အားနည်းလာမည်ဖြစ်သည်။
သူ့နောက်သို့လိုက်နေသူသည် များစွာစိတ်အားမထက်သန်ကြောင်း ရီဖူရှင်းသိ၏။ ထိုသူ့အတွက် လောလောဆယ်တွင် ရီဖူရှင်းတစ်ယောက် သူ့မျက်စိအောက်၌ရှိနေပြီး လွတ်မြောက်မသွားလျှင် လုံလောက်ပြီဖြစ်သည်။
ဤအကြိမ်တွင် ထိပ်သီးကျင့်ကြံသူသည် မည်သည့်စိတ်မရှည်မှုကိုမှ မပြချေ။ ရီဖူရှင်းသည် အဘယ်ကြောင့် သူမကောင်းသည့်ခံစားချက်ကို ခံစားနေရကြောင်း ရှင်းလင်းသွားပေပြီ။
နောက်ဆုံးသည် ရီဖူရှင်းသည် ရှေ့သို့ပျံသန်းနေခြင်းကို ရပ်လိုက်၏။ သို့သော် နောက်ယောင်ခံလိုက်ခြင်းကိုခံနေရသည့် ခံစားချက် ရှိနေပေသေးသည်။ သူသည် အမှောင်ထဲတွင်ပုန်းအောင်းနေသည့် ကျင့်ကြံသူကို မျက်ခြေဖြတ်ပစ်ရန် မဖြစ်နိုင်ကြောင်းသိသဖြင့် ရပ်တန့်လိုက်ခြင်းပင်။ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် တိမ်တိုက်များအကြားတွင် မြူခိုးများကဲ့သို့ ရပ်နေပြီး ရီဖူရှင်းသည် သူတို့၏ပတ်ဝန်းကျင်ကို လေ့လာနေသည်။ သူသည် သူ၏နတ်အာရုံကိုထုတ်လွှတ်လိုက်ပြီးရှာကြည့်လိုက်ရာ စွမ်းအားကြီးသောအရှိန်အဝါ ဝေဝေဝါးဝါးအာရုံခံမိလိုက်သည်။ သို့သော် ထိုအရှိန်အဝါထွက်ပေါ်လာသည့်နေရာအတိအကျကို သူမသိနိုင်ဖြစ်နေပေသည်။
“အကြီးအကဲ ရောက်လာပြီဆိုမှာတော့ ဘာလို့အမှောင်ထဲမှ ဆက်ပုန်းနေဦးမှာလဲ။ ဘာလို့ လူလုံးထွက်မပြတာလဲ”
ရီဖူရှင်းသည် အော်ပြောလိုက်သည်။
“သာဓု…သာဓု…သာဓု…”
ပြန်တုံ့ပြန်လိုက်မှုသည် ထိုစကားတစ်လုံးသာဖြစ်သည်။ နေရာအနှံ့တွင် ရွှေရောင်အလင်းများ တောက်ပလာသည်။ ရီဖူရှင်းအထက်ရှိ ကောင်းကင်တွင် ရွှေရောင်နတ်အလင်းများလွှမ်းခြုံနေသည့် လူတစ်ယောက်၏ပုံရိပ်ပေါ်လာ၏။
ထိုထွက်ပေါ်လာသောလူသည် အတော်လေးဝဖိုင့်ဖိုင့်ရှိလေသည်။ ထိုလူသည် မျက်နှာဝိုင်းပြီး ရှည်လျားသောနားရွက်များရှိ၏။ ထိုလူသည် ဘုန်းတော်ကြီးကဲ့သို့ ခေါင်းတုံးနှင့်ဖြစ်၏။ သို့သော် သူသည် ဘုန်းတော်ကြီးတစ်ပါးမဟုတ်ပေ။ သူ့တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများတောက်ပေနေသည်။ ထိုစည်ပိုင်းကဲ့သို့ဝသောလူတစ်ဦးသည် ရီဖူရှင်းကိုရှာတွေ့ကာ နောက်ယောင်ခံလိုက်နိုင်သည်အထိ အလွန်လျင်မြန်စွာသွားနိုင်ခြင်းမှာ အံ့အားသင့်ဖွယ်ပင်။
“အကြီးအကဲကလည်း ကျန်းချန်ဘုံကျောင်းကပါပဲလား”
ရီဖူရှင်းမေးလိုက်သည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်အနည်းငယ်ကို ဆွဲကိုင်ထားဆဲဖြစ်သည်။
လူဝကြီးသည်ပြုံး၍ အတန်ငယ်ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကျန်းချန်ဘုံကျောင်းမှလူဖြစ်ရုံသာမကဘဲ သူသည် ကျန်းချန်ဘုံကျောင်းတွင် ဒုတိယဩဇာအာဏာအရှိဆုံးသူ ကျန်ချန်ဘုံကျောင်း၏လက်ထောက်သခင်ဖြစ်ပေသည်။ အရှင်ချူးချန်သည်ပင် သူ့ကိုတွေ့လျှင် အရိုအသေပေးရပေသည်။
ရီဖူရှင်းကိုလိုက်လံသတ်ဖြတ်ရန်အမိန့်ကို သူတော်စင်ကျန်းချန်က ပေးထားခြင်းဖြစ်သော်လည်း အမှန်တွင် ထိုကိစ္စကို ကြပ်မတ်နေသူမှာ ထိုလူဝကြီးဖြစ်သည်။ သူသည် ရီဖူရှင်းကို ရှာတွေ့ခဲ့သည့် ပထမဆုံးလူဖြစ်သည်မှာ အံ့ဩစရာမရှိပေ။
“မင်း ငါနဲ့အတူ ကျန်းချန်ဘုံကျောင်းကို ပြန်လိုက်ခဲ့ရင်ရောဘယ်လိုလဲ”
အရှင်လူဝကြီးက ရီဖူရှင်းကို ပြုံး၍ပြောလိုက်သည်။ သူ၏လေသံသည် တည်ငြိမ်ကာ သာမန်စကားပြောနေသကဲ့သို့သာဖြစ်ပြီး ရန်လိုမှုတစ်စိုးတစ်စိမျှပင် မပါပေ။ ထိုဖိတ်ခေါ်မှုသည် မိတ်ဖြစ်ဆွေဖြစ်ဖိတ်ခေါ်မှုကဲ့သို့ပင် ထင်ရလေသည်။
“အကြီးအကဲ ကျုပ်ကို ခွင့်လွှတ်ပေးပါ... ကျုပ်မလိုက်နိုင်ပါဘူး”
ရီဖူရှင်း ပြန်ပြောလိုက်သည်။
“မင်းကိုယ်တိုင် မလိုက်ခဲ့ဘူးဆိုရင်တော့ ငါ့မှာရွေးစရာမရှိတော့ဘဲ မင်းကိုအတင်းအကြပ်ခေါ်ရတော့မှာပဲ။ မင်းဘာလို့ အဲလိုအဖြစ်ခံချင်နေရတာလဲ။ အဲ့ဒါက တော်တော်ကို ဉာဏ်နည်းတဲ့အပြုအမူပဲ”
လူဝကြီးသည် ထိုကိစ္စအတွက် ဆက်၍ဖျောင်းဖျနေသည်။ သို့သော် ရီဖူရှင်းသည် သူ့ကိုကြည့်၍ ပြန်ပြောလိုက်သည်။
“အကြီးအကဲက ကျုပ်ကို ရွေးစရာမကျန်အောင်လုပ်နေတာပဲ”
“နတ်ခန္ဓာကနေပြီး မင်းစွမ်းအားဘယ်လောက် ယူသုံးနိုင်လ”
အရှင်လူဝကြီးက ထပ်မေးလိုက်သည်။
“ဘယ်လောက်ပဲဖြစ်ဖြစ် အကြီးအကဲကို ယှဉ်နိုင်ဖို့တော့ ခက်မှာပါပဲ”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။
“အဲလိုဆိုရင် မင်းဘာလို့ ဆက်ပြီးခုခံချင်နေရတာလဲ”
အရှင်လူဝကြီးက တိုက်တွန်းလိုက်သည်။
“ငါနဲ့အတူ လမ်းလျှောက်လိုက်ခဲ့ပါ... အဲလိုဆို မင်းဘေးကလူတွေ အန္တရာယ်ကင်းနိုင်လောက်မှာပါ။ မင်းသာ သဘောမတူဘူးဆိုရင် ငါ့မှာရွေးစရာမရှိတော့ဘဲ တိုက်ခိုက်ရတော့မှာပဲ။ အဲ့ကျရင် မင်းဘေးက နတ်သမီးလေးကို မတော်တဆထိခိုက်သွားနိုင်တယ်နော်... အဲလိုဆို စိတ်မကောင်းစရာတွေဖြစ်ကုန်မှာပဲ”
ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရှင်လူဝကြီးသည် အပြင်ပန်းတွင် ဖော်ရွေ၍ ခင်မင်တတ်သည့်ဟန်ရှိကာ စကားပြောလျှင်အမြဲပြုံး၍ပြောတတ်သော်လည်း သူ၏စကားများအရ သူသည် သိမ်မွေ့၍အန္တရာယ်မရှိသောသူတစ်ဦး သေချာပေါက်မဟုတ်ကြောင်း သိနိုင်ပေသည်။ သူသည် ယခုတွင် ဟွာဂျီယူကိုအသုံးချ၍ ရီဖူရှင်းကို ခြိမ်းခြောက်နေပေရာ သူသည် ဉာဏ်နီဉာဏ်နက်များ၍ အကောက်ကြံတတ်ကာ ရက်စက်သောမြွေတစ်ကောင်ဖြစ်နိုင်ပေသည်။
ရီဖူရှင်းသည် ခေါင်းငဲ့၍ သူ့ဘေးရှိ ဟွာဂျီယူကိုကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ သူမ၏မျက်ဝန်းများထဲတွင် မည်သည့်အကြောက်တရားမှ မရှိကြောင်း သူတွေ့နိုင်ပေသည်။ ယခုတွင် သူတို့လုပ်နိုင်သောအရာမှ ပြဿနာကို တည်တည်ငြိမ်ငြိမ်ဖြင့် ထိပ်တိုက်ရင်ဆိုင်ရုံသာဖြစ်ပေသည်။
“အကြီးအကဲ... အကြီးအကဲအနေနဲ့ မဖြစ်မနေတိုက်ခိုက်ရမယ်ဆိုရင် တိုက်ခိုက်ပါ”
ရီဖူရှင်းသည် ခေါင်းမော့၍ ကောင်းကင်အထက်ရှိ အရှင်လူဝကြီးကို ပြောလိုက်သည်။
“မင်းသဘောအတိုင်းပါပဲ...”
အရှင်လူဝကြီးသည် ပြန်ပြောလိုက်ပြီး သူ့လက်ဝါးနှစ်ဖက်ကို ပူလိုက်လေသည်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်တစ်ခွင်လုံး ပြင်းထန်စွာတုန်ခါသွားသည်။ အထက်ကောင်းကင်တွင် ဗုဒ္ဓ၏တောက်ပသောအနှိုင်းမဲ့ရောင်ခြည်တော်တစ်ခုသည် ကောင်းကင်တစ်ခွင်လုံးကို ကာရံလိုက်ပြီး ကိုယ်ပိုင်လောကတစ်ခုကို ဖန်တီးလိုက်လေသည်။
အဆုံးမဲ့သော ဧရာမဝမ်စာလုံးသင်္ကေတအများပြားသည် ကောင်းကင်ထောင့်စွန်းကို လုံးဝဥဿုံပိတ်ပစ်လိုက်ကြသည်။ ထိုဝမ်စာလုံးသင်္ကေတများသည် ဧရာမစာလုံးသင်္ကေတကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ ထိုသင်္ကေတကြီးသည် ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီးများနှင့်အတူ ကောင်းကင်ကို အဆက်မပြတ်လှည့်ပတ်နေ၏။ မိုးကောင်းကင်သည် ပြိုကျတော့မတတ်ပင်။ သို့သော် ရီဖူရှင်းနှင့် ဟွာဂျီယူတို့သည် မလှုပ်မယှက်ရပ်နေကြသည်။ သူတို့သည် သူတို့၏ကိုယ်များကို အဆက်မပြတ်ဖြတ်သန်းသွားသော အရှိုန်လှိုင်းများကို ခံစားနေရသည်။
အရှင်လူဝကြီးထုတ်လွှတ်လိုက်သော ဝမ်စာလုံးသင်္ကေတကြီးသည် သူယခင်က ရင်ဆိုင်ခဲ့ဖူးသည့် ဝမ်စာလုံးသင်္ကေတများနှင့် အလုံးစုံကွဲပြားကြောင်း ရီဖူရှင်းရှင်းရှင်းလင်းလင်းခံစားနိုင်ပေသည်။ ကွဲပြားမှုသည် အနည်းငယ်ထက်ပိုပေသည်။
ဝမ်စာလုံးသင်္ကေကြီးအောက်တွင် အရာအားလုံးသည် ဖိနှပ်ခြေမွှခံရရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့သကဲ့ပင်။
ဝုန်း...
ကြောက်မက်ဖွယ်နတ်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ၎င်းဝမ်စာလုံးသင်္ကေတသည်လည်း လည်ပတ်ကာ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ကျဆင်းလာသည်။ ရီဖူရှင်း၏ဦးခေါင်းကို အလင်းတန်းတစ်ခုက ထိခတ်သွားသကဲ့သို့ပင်။
မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် တောက်ပနေပေသည်။ ရီဖူရှင်းသည် သူ့လက်ချောင်းကို ကောင်းကင်သို့ညွှန်ပြလိုက်သည်။ မရေမတွက်နိုင်အောင်များပြားသော ဓားသင်္ကေတများပေါ်ပေါက်လာပြီး ယခင်ကကဲ့သို့ပင် ဝမ်စာလုံးသင်္ကတကြီး၏ အားကောင်းသည့်ဖိအားကို ဖောက်ထွက်နိုင်ရန် ကြိုးပမ်းနေကြသည်။ သို့သော် ဤအကြိမ်တွင် ဓားဝိညာဉ်စွမ်းအားသည် ထိုဖိအားကို မဖောက်ထွင်းနိုင်ပေ။ ဓားသင်္ကေတများသည် လုံးဝပျက်သုဉ်းသွားလေတော့သည်။
ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ နတ်ခန္ဓာသည်တုန်ခါသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျသွားလေတော့သည်။ ဝမ်စာလုံးသင်္ကေတကြီးသည်လည်း လောကအတွင်းရှိအရာအားလုံးကို ဖိနှိပ်ခြေမွှရန်ကြိုးစားနေသကဲ့သို့ ကောင်းကင်ထက်မှ ကျဆင်းလာပေတော့သည်။