ပြေးရန်မြေမရှိ
Vol. 172 Ch. 2454
ဝမ်စာလုံးသင်္ကေတများသည် အလွှာလိုက် ကျဆင်းလာသည်။ တစ်လွှာချင်းစီသည် မလာလမ်းစဉ်ကို ဖိနှိပ်နိုင်စွမ်းရှိသည့် အင်အားကြီး အဆုံးမဲ့စွမ်းအားများ ပါသကဲ့သို့ပင်။ ၎င်းတို့သည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာပေါ်သို့ အဆက်မပြတ်ကျဆင်းနေသည်။
ဝုန်း...ဝုန်း...ဝုန်း...
မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ထိုကျဆင်းလာသော သင်္ကေတများ၏တိုက်ခိုက်မှုကို ခံနေရသည်။ နတ်ခန္ဓာအတွင်းရှိ စိတ်ဝိညာဉ်သည်လည်း ယိမ်းထိုးနေသည်။ နတ်ခန္ဓာဘေးတွင် ကာကွယ်နေသော ဟွာဂျီယူသည်ပင် ယမ်းခါနေပေသည်။
နောက်ဆုံးတွင် နတ်ခန္ဓာသည် ပြေးရန်မြေမရှိတော့သဖြင့် ရပ်တန့်လိုက်သည်။ သူ၏ခြေနှစ်ချောင်းသည် ဝမ်စာလုံးသင်္ကေတပေါ်တွင်ရှိနေသည်။ ကောင်းကင်တစ်ခွင်လုံးတွင် ဝမ်စာလုံးသင်္ကေတများပြည့်နှက်နေသည်။ အောက်ဘက်တွင်လည်း ထို့အတူပင်။ ရီဖူရှင်းတို့အတွက် ပြေးစရာမြေမရှိတော့ပေ။
ဝမ်စာလုံးသင်္ကေတများသည် ကောင်းကင်ထက်မှနေ၍ အဆက်မပြတ် ဆက်လက်ကျဆင်းနေရာ နတ်ခန္ဓာသည် ကြောက်မက်ဖွယ်ဟစ်အော်လိုက်လေသည်။ ရီဖူရှင်းသည် နတ်ခန္ဓာကို ထိန်းချုပ်၍ ၎င်းကိုလက်နှစ်ဖက်မြှောက်စေလိုက်ပြီး ဝမ်စာလုံးသင်္ကေတများကို ပြန်၍တွန်းခံလိုက်၏။ ကျဆင်းလာသော သင်္ကေတစ်ခုစီသည် နတ်ခန္ဓာကို အပြင်းအထိန်လှုပ်ခါစေနေသည်။ ရီဖူရှင်း၏ စိတ်ဝိညာဉ်သည်ပင် ၎င်းတို့ကြောင့် တုန်ခါနေသည်။
အရှင်လူဝကြီးသည် သူ၏တိုက်ခိုက်မှုကို ရပ်မည့်ပုံမပေါ်ပေ။ သူ၏တိုက်ခိုက်မှုတိုင်းသည် မျှော်လင့်ထားသည်ထက် အဆသန်းပေါင်းများစွာ ပို၍စွမ်းအားကြီးသဖြင့် ရီဖူရှင်း၏ခုခံနိုင်စွမ်းကို ကျဆင်းလာစေလေသည်။
တဖြည်းဖြည်းဖြင့် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ကိုင်းညွှတ်လာပြီး မားမားမတ်မတ်မရပ်နိုင်တော့ပေ။ အကယ်၍ ထိုခန္ဓာသည်သာ နတ်ခန္ဓာမဟုတ်ဘဲ အသွေးအသားခန္ဓာသာဖြစ်ပါက တစ်စစီကွဲထွက်ကာ သေဆုံးခဲ့ပြီးဖြစ်ပေမည်။ အသွေးအသားခန္ဓာသာဆိုလျှင် ထိုတိုက်ခိုက်မှုများကို မည်သည့်နည်းနှင့်မှ ယခုအထိတောင့်ခံနိုင်မည် မဟုတ်ပေ။
နောက်ဆုံးဝမ်စာလုံးသင်္ကေတကျဆင်းလာသောအခါ ကြောက်မက်ဖွယ်အားကြီးတစ်ခုလဲ ပါလာလေသည်။ သူ၏စိတ်ဝိညာဉ်သည် တုန်လှုပ်ဖွယ်လေးလံသော အားကြီးကိုခံလိုက်ရသဖြင့် ရီဖူရှင်းခပ်အုပ်အုပ်ညီးတွားလိုက်သည်။
ကောင်းကင်ထက်တွင် အရှင်လူဝကြီးသည် ခေါင်းငုံ့၍ အောက်သို့ငုံ့ကြည့်လိုက်သည်။ သူ၏ရည်ရွယ်ချက်သည် ရီဖူရှင်းကိုအရှင်ဖမ်းရန်ဖြစ်ပြီး သတ်ပစ်ရန်မဟုတ်ပေ။ ထို့ကြောင့် သူသည် သေလောက်သည်အထိ မတိုက်ခိုက်မိအောင် ဂရုပြုမည်ဖြစ်သည်။ အကယ်၍ သူသာ ရီဖူရှင်း၏စိတ်ဝိညာဉ်ကို မတော်တဆဖိနှိပ်ဖျက်ဆီးလိုက်မိပါက အမှားကြီးဖြစ်သွားပေလိမ့်မည်။ ရီဖူရှင်းသည် မဟာအင်ပါယာအများအပြား၏ အမွေအနှစ်များကို ထိန်းချုပ်ထားသူဖြစ်နေပေသေးသည်။ သူသည် ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူအများအပြားကို သတ်ခဲ့ပြီဖြစ်သဖြင့် သူ့ထံမှ ရသ၍ အရည်ညှစ်ထုတ်ရမည်ဖြစ်သည်။ မဟုတ်ပါက သူတို့သည် ထိုသေဆုံးသွားခဲ့သော ကျင့်ကြံသူများအတွက် အဘယ်သို့ တရာမျှတအောင်ဆောင်ရွက်ပေးနိုင်မည်နည်း။
ထို့ကြောင့် သူသည် ထိုအခိုက်တွင် ရီဖူရှင်းကို မသတ်မိစေရန် ဂရုပြု၍ တိုက်ခိုက်ရမည်သာ။
“အခု... မင်း ငါနဲ့လိုက်ခဲ့တော့မလား”
အရှင်လူဝကြီးသည် ခေါင်းငုံ့၍ ရီဖူရှင်းကို ပြောလိုက်သည်။ ရီဖူရှင်းသည် သူ့အထက်ကောင်းကင်ရှိ လူဝကြီးကိုကြည့်၍ အတန်ငယ်အကြံအိုက်နေပေသည်။ မဟာလမ်းစဉ်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူ၊ မဟာလမ်းစဉ်၏စွမ်းအားများကို ထိန်းချုပ်နိုင်သူတစ်ဦး၏စွမ်းအားသည် လောကအတွင်းရှိအခြေခံအသိအမြင်များကို ကျော်လွန်နေပြီဖြစ်၍ လွန်စွာတုန်လှုပ်ဖွယ်ကောင်းပေသည်။ ရီဖူရှင်းသည် လမ်းစဉ်ဖျက်ဆီးစွမ်းအားကို ပိုင်ဆိုင်သော်လည်း အရှင်လူဝကြီးကိုမူ မယှဉ်နိုင်သေးပေ။ သူတို့နှစ်ဦး၏ကျင့်ကြံခြင်းအဆင့်ကြားတွင် များစွာကွာခြားမှုရှိပေသည်။
အကယ်၍ ရီဖူရှင်းသာ မဟာလမ်းစဉ်ကပ်ဘေးကို ကျော်လွှားခဲ့ပြီးသူဖြစ်ပါက ထိုနတ်ခန္ဓာ၏အကူအညီနှင့်ဆိုလျှင် အရှင်လူဝကြီးကဲ့သို့သောသူမျိုးကိုပင် အလွယ်တကူရင်ဆိုင်နိုင်မည်ဖြစ်သည်။ သို့သော် ယခုတွင် အရှင်လူဝကြီးနှင့်ရင်ဆိုင်ရန် လွန်စွာခက်ခဲနေလေသည်။
ရီဖူရှင်း ခေါင်းငုံ့လိုက်ပြီး ဟွာဂျီယူကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးတည်းကဲ့သို့စိတ်တူကိုယ်တူဖြစ်သော်လည်း အရှင်အဆင့်ကျင့်ကြံသူတစ်ဦးကိုယှဉ်ရန် ခက်ခဲပေသည်။ သူတို့၏ရလဒ်သည် ကောင်းမွန်မည်မဟုတ်သေးပေ။
“သူ့ကို ထွက်သွားခွင့်ပြုရင် ကျုပ် အကြီးအကဲနဲ့ ကျန်းချန်ဘုံကျောင်းကိုလိုက်ခဲ့မယ်”
ရီဖူရှင်းပြောလိုက်၏။
“ဟင့်အင်း...”
ဟွာဂျီယူသည် ရီဖူရှင်း၏စကားကိုကြားလိုက်သောအခါ ငြင်းဆန်လိုက်သည်။
“ဂျီယူ... ငါပဲ လိုက်သွာလိုက်မယ်။ နောက်ဆုံးအခွင့်အရေးတစ်ခုရှိပါသေးတယ်။ မင်းသာ ငါနဲ့ ပါလာမယ်ဆိုရင် ငါပဲ စိုးရိမ်နေရလိမ့်မယ်”
ရီဖူရှင်းသည် ဟွာဂျီယူထံသို့ အသံပို့လွှတ်၍ပြောလိုက်သည်။ သူ၏လေသံသည် လွန်စွာတည်ငြိမ်နေပေသည်။ သူသည် လမ်းမှာပင် ဟွာဂျီယူကို လမ်းခွဲ၍သွားစေလိုခဲ့သည်။ သို့သော် ထိုအခိုက်တွင် အဆုံးသတ်ကိုမသိရသေးရာ သူတို့တွင် အာရုံခြောက်ပါးကောင်းမှ အတူတကွလွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခုရှိလိမ့်မည်ဟု ထင်ခဲ့ကြခြင်းပင်။
သို့သော် ယခုတွင် သူသည် အရှင်အဆင့်ကျင့်ကြံသူတစ်ဦး၏ လက်ထဲသို့ကျရောက်နေပြီဖြစ်သဖြင့် သူမလွတ်မြောက်နိုင်တော့ပေ။
သို့သော် ရီဖူရှင်းထံတွင် ဟွာဂျီယူလွတ်မြောက်နိုင်မည့် မျှော်လင့်ချက်များရှိပေသေးသည်။ သူသာ ကျန်းချန်ဘုံကျောင်းသို့ တစ်ဦးတည်းလိုက်သွားပါက သူ့အသက်အတွက် ပြန်တိုက်နိုင်မည့်အခွင့်အရေးရလာနိုင်ပေသေးသည်။
အရှင်လူဝကြီးသည် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကို ကြည့်၍ ပြုံးကာ ပြောလိုက်၏။
“အရင်ဆုံး မဟာအင်ပါယာရှန်ကျားရဲ့ နတ်ခန္ဓာထဲကထွက်လာပြီး ငါ့ဆီမှာအညံ့ခံလိုက်... ပြီးကျမှ ငါတို့စကားပြောကြတာပေါ့”
ယခင်က ရီဖူရှင်းသည် လူများစွာကို လှည့်ဖျားခဲ့သည် မဟုတ်ပေလော။ ထို့ကြောင့် သခင်လေးဦးထဲတွင် သေသူကသေ၊ ဒဏ်ရာရသူကရဖြစ်ခဲ့ရသည်။ ယခုတွင် အရှင်လူဝကြီးသည် ရီဖူရှင်းကိုစကားပြောရာတွင် အမြဲပြုံးရယ်၍ပြောနေသော်လည်း သတိကြီးကြီးထားနေပေသည်။ အရှင်လူဝကြီးသည် ရီဖူရှင်းတို့ကိုလုံးဝဖိအားပေးထားနိုင်ပြီး အသာစီးရနေသော်လည်း သတိလက်လွတ် မခံဝံ့ပေ။
သူသည် ဟွာဂျီယူထွက်သွားမည်ကို အရေးမထားပေ။ သို့သော် ထိုသို့ခွင့်မပြုမီတွင် ရီဖူရှင်း၏ သူ့လက်ခုပ်ထဲတွင် ရှိနေကြောင်း သေချာအောင်လုပ်ရပေမည်။ ရီဖူရှင်းတစ်ယောက် နတ်ခန္ဓာကို ထိန်းချုပ်ထားသည်ကို စွန့်ပစ်လိုက်ပါမှ သူ၏ထိန်းချုပ်မှုအောက်သို့ လုံးဝရောက်ရှိသွားမည်ဖြစ်သည်။ အရှင်လူဝကြီး၏ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ရန်ဟောင်အဆင့်ရှစ်သာရှိသူတစ်ဦးကို ရင်ဆိုင်ရခြင်းသည် နတ်ဘုရားတစ်ပါးက သေမျိုးတစ်ယောက်ကို ရင်ဆိုင်နေသကဲ့သို့သာဖြစ်ပေသည်။ သူသည် ရီဖူရှင်းကိုအလွယ်တကူသတ်ပစ်နိုင်ပြီး ရီဖူရှင်းသူ့ကို ပြန်၍တိုက်မည်ကို စိုးရိမ်စရာမရှိချေ။
ရီဖူရှင်းသည် အရှင်လူဝကြီးပြောလိုက်သောစကားကို ကြားလိုက်သောအခါ စိတ်ပျက်သွားသည်။ အရှင်လူဝကြီးသည် သူ့ကို အပြည့်အဝအညံ့ခံခိုင်းပြီး သူ၏နတ်ခန္ဓာကို စွန့်လွှတ်စေလိုနေပုံရသည်။ ထိုသို့သာ ဖြစ်ခဲ့ပါက မည်သို့ပင်ဖြစ်လာစေကာမူ ရီဖူရှင်းတွင် မည်သည့်အားသာချက်မှရှိတော့မည် မဟုတ်ဘဲ သူသည် အရှင်လူဝကြီးရှေ့တွင် အားနည်းသောပိုးကောင်လေးတစ်ကောင်နှင့် တူနေပေလိမ့်မည်။
“မရဘူး”
ရီဖူရှင်းသည် တုံ့ဆိုင်းမှုမရှိဘဲ ငြင်းဆန်လိုက်သည်။
“ကျုပ်သာ နတ်ခန္ဓာကိုစွန့်လိုက်ရင် အကြီးအကဲက ကျုပ်ကိုသတ်ချင်လာတဲ့အခါကျ ကျုပ်မှာပြန်ခုခံဖို့ ဘာအခွင့်အရေးမှရှိမှာ မဟုတ်တော့ဘူး ”
“အခုရော မင်းမှာ အခွင့်အရေးရှိတယ်လို့ ထင်လို့လား”
အရှင်လူဝကြီးက ပြုံး၍ပြောလိုက်သည်။
“မင်းကအဲလိုထင်ရင်လည်း ငါတို့ဆက်တိုက်ကြည့်ကြတာပေါ့”
သူ၏အသံကွယ်ပျောက်သွားသောအခါ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထပ်မံကျဆင်းလာပြီး မဟာလမ်းစဉ်စက်ကွင်းသည် ကြောက်မက်ဖွယ်နတ်အလင်းကို ထုတ်လွှတ်လိုက်သည်။ ဝမ်စာလုံးသင်္ကေတများသည် နတ်အလင်းများနှင့်တောက်ပနေပြီး တစ်လွှာပြီးတစ်လွှာ ဖိနှိပ်ကျဆင်းလာသည်။ ၎င်းတို့သည် လွန်စွာတုန်လှုပ်ဖွယ် ကောင်းပေသည်။
“အကြီးအကဲက ဆက်တိုက်ချင်မှတော့လည်း ဒီနေ့ ဒီမှာ ကျုပ် အသက်သေရရင်တောင် ကျန်းချန်ဘုံကျောင်းကို မလိုက်ခဲ့ဘူးဆိုတာ သိထားလိုက်ပါ။ ပြီးတော့ ကျုပ် မသေခင်မှာ မဟာအင်ပါယာရှန်ကျားရဲ့ နတ်ခန္ဓာကိုယ်ထဲက အသက်စွမ်းအင်တွေကို ဖျက်ဆီးပစ်လိုက်မယ်”
ရီဖူရှင်းသည် ပြတ်ပြတ်သားသားပြောလိုက်သည်။
“အဲလိုဆိုရင် ကျန်းချန်ဘုံကျောင်းက ဘာအကျိုးအမြတ်မှ ရမှာမဟုတ်တော့ဘူး”
အရှင်လူဝကြီးသည် ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ အတန်ငယ်မျက်ခုံးပင့်သွားသည်။ ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓအတွင်းမှ အသက်စွမ်းအင်များကို အမှန်ပင် ဖျက်ဆီးနိုင်လေသလော။
မဟာအင်ပါယာရှန်ကျား သေဆုံးသွားသည်မှာကြာခဲ့ပြီဖြစ်သော်လည်း သူချန်ခဲ့သောနတ်ခန္ဓာတွင် နတ်စွမ်းအားများ ရှိနေဆဲဖြစ်ပြီး ထိုနတ်စွမ်းအားများကို အသက်စွမ်းအင်များဟု ခေါ်ခြင်းပင်။ ရီဖူရှင်းသည် မဟာအင်ပါယာ၏နတ်ခန္ဓာအတွင်းသို့ ဝင်ရောက်ထိန်းချုပ်လိုက်လျှင် နတ်ခန္ဓအတွင်းရှိ နတ်စွမ်းအားကို နတ်ခန္ဓာနှင့်ပေါင်းစည်းနိုင်စွမ်းရှိလေသည်။ သို့သော် အကယ်၍ သူသာ အသက်စွမ်းအင်ကိုဖျက်ဆီးလိုက်ပါက မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည်လည်း ပျက်စီးသွားမည်လော။
သို့သော် ရီဖူရှင်းသည် ဉာဏ်နီဉာဏ်နက်များသောသူတစ်ယောက်ဖြစ်သည်။ ယခင်ကဖြစ်ပျက်သွားခဲ့သောအရာအားလုံးသည် ထိုအချက်ကို သက်သေပြနေပေသည်။ သူ့စကားများသည် မည်မျှမှန်ကန်သနည်း။
သို့သော် အရှင်လူဝကြီးသည် သံသယများရှိနေလျှင်ပင် လောလောဆယ်တွင် ဆုံးဖြတ်ချက်တစ်ခုချရန် ယုံကြည်ချက်မရှိပေ။ အကယ်၍ ရီဖူရှင်းပြောနေသည်မှာ အမှန်ဖြစ်နေပါက မည်သို့လုပ်မည်နည်း။
ပို၍အရေးကြီးသည်မှာ ရီဖူရှင်း၏အသက်မှာ ဟွာဂျီယူ၏အသက်ထက် များစွာပို၍အဖိုးတန်ပေသည်။
အရှင်လူဝကြီးသည် ဟွာဂျီယူကို များစွာဂရုမစိုက်ပေ။ ကျန်းချန်ဘုံကျောင်းအတွက် သူမသည် အရေးမကြီးပေ။ သို့သော် ဟွာဂျီယူရှိနေလျှင် သူတို့သည် ရီဖူရှင်းကို ပို၍ကောင်းစွာ ထိန်းချုပ်နိုင်ပေလိမ့်မည်။
သို့သော် ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ နောက်ထပ်ကြောက်မက်ဖွယ်နတ်အလင်းတစ်ခု ဆင်းသက်လာ၏။ ထိုတောက်ပသောအလင်းသည် ကောင်းကင်ထက်မှ တိုက်ရိုက်ကျဆင်းလာခြင်းဖြစ်ပြီး မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကို လွှမ်းခြုံသွားသည်။ ကောင်းကင်အရှိန်အဝါစွမ်းအား ကျဆင်းလာသဖြင့် ရီဖူရှင်း၏မျက်ဝန်းထဲမှ အကြည့်များပြောင်းလဲသွားသည်။
ထိုအရှိန်အဝါသည် အရှင်လူဝကြီး၏အရှိန်အဝါထက်ပင် စွမ်းအားကြီးလေသည်။
ယခုတွင် ပို၍စွမ်းအားကြီးသူတစ်ဦး ရောက်ရှိလာပေပြီ။
ထိုအခိုက်တွင် အရှင်လူဝကြီးသည် ခေါင်းမော့၍ အထက်ကောင်းကင်းကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများအတွင်းရှိ အပြုံးများနေရာတွင် တည်ငြိမ်မှုများက အစားထိုးနေရာယူသွားသည်။ ထို့နောက်တွင် တောက်ပသောနတ်အလင်းများနှင့်အတူ နတ်ဘုရားများကဲ့သို့လူတစ်စု ရောက်ရှိလာသည်။ ထိုလူစုကို ဦးဆောင်လာသော အသက်လတ်ပိုင်းအမျိုးသားသည် ခံ့ညားထည်ဟွာသောဟန်ပန်ရှိ၏။ သူသည် ရွှေရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်များသည် ရှည်လျားနက်မှောင်နေသည်။ သူ့ကို ဗုဒ္ဓလမ်းစဉ်အသွေ့အသက်များက လွှမ်းခြုံထားသည်။ သူ့ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ လွန်စွာတောက်ပနေ၏။ သူသည် ပြိုင်ဘက်ကင်းသော ခံညားထည်ဝါမှုနှင့် ဩဇာရှိမှုတို့ကို ထုတ်လွှတ်နေသည်။
“အရှင်...”
အရှင်လူဝကြီးသည် ကောင်းကင်ထက်တွင်ပေါ်လာသော အသက်လတ်ပိုင်းအမျိုးသားကို ခေါင်းညိတ်အသိအမှတ်ပြုလိုက်သဖြင့် ရီဖူရှင်း ရင်တုန်သွားသည်။
ကျန်းချန်ဘုံကျောင်း၏အရှင်သခင် သူတော်စင်ကျန်းချန်ကိုယ်တိုင် ရောက်လာပေပြီ။
သူ့နောက်တွင် ရွှေရောင်စက်ဝန်းတစ်ခု လှည့်ပတ်နေပြီး မခုခံနိုင်လောက်အောင် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူသည် အစစ်အမှန် ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် တူနေပေသည်။ သူနှင့်အတူ လိုက်ပါလာသော ကျင့်ကြံသူများသည်လည်း ခံ့ညားထည်ဝါကြပြီး သူ့နောက်တွင် တိတ်တဆိတ်ရပ်ကာ အောက်ရှိ ရီဖူရှင်းကို ကြည့်နေပေသည်။
ရီဖူရှင်း သက်ပြင်းတစ်ချက်ချလိုက်၏။ သူတို့သည် သူ့ကိုဖမ်းရန် ထိုကဲ့သို့သောကျင့်ကြံသူအုပ်စုဖြင့် လာခဲ့လေရာ သူတို့သည် သူ့ကိုအတော်လေးအထင်ကြီးပုံရလေသည်။