← Chapters

ရေခဲပြာပန်း

Vol. 12 Ch. 161

ရေခဲပြာပန်း

Vol. 12 Ch. 161

အန်လင်း လောကကြီး အကြောင်း တွေးတော နေစဉ်မှာပင် ရွှမ်ယွမ်ချန် ရောက်ရှိ လာပြန်သည်။

“ကျောင်းသား အန်လင်းရေ … ငါအခုပဲ တန်ရှီယွမ်နဲ့ တွေ့ခဲ့တယ်။ သူမရဲ့ အမူအရာတွေ အရတော့ မင်းတို့ကြား ပျော်ဖို့ကောင်းတဲ့ စကားဝိုင်းလေး ရှိခဲ့ပုံပဲ။ ပြောစမ်းပါဦး ဘယ်အထိ ခရီးပေါက်ခဲ့လဲ ဆိုတာ။” ရွှမ်ယွမ်ချန်သည် အန်လင်းအား နူးညံ့စွာ ကြည့်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာတွင် သိလိုစိတ်များ အရှင်းသား မြင်နေရလေသည်။

အန်လင်းသည် ရွှမ်ယွမ်ချန်၏ စကားများကို ကြားလိုက်သည့်အခါ ရင်ဘတ်ထဲမှ တင်းကျပ် လာပြန်သည်။

ပျော်ရွှင်ဖွယ် စကားဝိုင်းလေး ဟုတ်လား။ အဲဒီ မိန်းမကတော့ သေချာပေါက် ပျော်နေမှာပေါ့။ ကျုပ်ကတော့ ဒေါသထွက်ပြီး သေတော့မယ်ဗျ။

“အဆင်ပြေပါတယ်။ အခုလောလောဆယ်တော့ ပုံမှန်မိတ်ဆွေ သူငယ်ချင်း အဆင့်မှာပဲ ရှိပါသေးတယ်။” အန်လင်းသည် အားတင်းကာ ပြုံးထား လိုက်သည်။

ရွှမ်ယွမ်ချန်သည် အန်လင်း၏ ပခုံးအား ပုတ်လိုက်ပြီးနောက် အားပေး နှစ်သိမ့်သည့် အကြည့်ဖြင့် ကြည့်လာသည်။ “ကျောင်းသား အန်လင်းရေ … ငါမင်းကို အားပေး နေပါ့မယ်ကွာ။ မင်းနဲ့ သက်ဆိုင်တဲ့ ပျော်ရွှင်မှုကို သေချာပေါက် ရှာတွေ့ပါလိမ့်မယ်။”

အန်လင်းသည် ခေါင်းညိတ် လိုက်သည်။ ရွှမ်ယွမ်ချန်သသည် သူ၏ အချစ်ရေးနှင့် ပတ်သက်၍ အတော်လေး အာရုံစိုက်နေသည်ဟု ခံစားနေမိသည်။

သို့သော်လည်း အများကြီး မတွေးတော့ပေ။ သူနှင့် တန်ရှီယွမ် အကြားရှိ အဖြစ်အပျက်များသည် ပြီးဆုံးသွားပြီ ဖြစ်သည့် အတွက်ကြောင့် အနားယူရန် နေရာတစ်ခု ရှာဖွေရမည် ဖြစ်သည်။

အင်း … ဘယ်ကို သွားရပါ့။

အန်လင်းသည် အရုဏ်ဦး ကောင်းကင် တောင်ထိပ်ရှိ ပေတစ်သောင်း ရေတံခွန်အား အမှတ်ရ မိလိုက်သည်။ ထိုနေရာရှိ ရှုခင်းသည် အလွန်လှပသည့် အတွက် သွားရောက် လည်ပတ်သင့်သော နေရာကောင်းတစ်ခု ဖြစ်သည်။

ထို့ကြောင့် သူ၏ အုတ်ခဲဖြင့် အရုဏ်ဦးကောင်းကင် တောင်ထိပ်သို့ တစ်ကိုယ်တည်း ပျံသန်း သွားလေသည်။

တပိုင်နဲ့ ရှောင်ချိုးကို မေးနေတာလား။

တပိုင်က အိပ်ပျော် နေတယ်လေ။

ရှောင်ချိုးကတော့ သစ်ပင်ပေါ်မှာ တရားထိုင် နေတယ်။ နယ်ပယ်တစ်ခုကို လွယ်လွယ်ကူကူ ရရှိတာမျိုး မဟုတ်ဘူးဗျ။

အရုဏ်ဦးကောင်းကင် တောင်ထိပ်ရှိ ရှုခင်းသည် တောင်ထိပ် အားလုံးထဲတွင် အလှပဆုံး ဖြစ်သည်။ တောင်ခြေမှ စတင် တက်ရောက်မည်ဆိုလျှင် တောင်ထိပ်သို့ ရောက်သည်အထိ လမ်းတစ်လျှောက်တွင် အစ်ကိုအကောင်းဆုံးသော ရှုမြင်ကွင်းများအား မြင်တွေ့ ခံစားရမည် ဖြစ်သည်။

ထို့ကြောင့် အန်လင်းသည် တောင်ခြေသို့ ပျံသန်း သွားလိုက်ပြီးနောက်တွင် တောင်တက်ခြင်း စတင်တော့သည်။

တောင်ထိပ်သို့ သွားရာ လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်သည် သစ်ပင်ပန်းမန်များ၊ ကျေးငှက်အော်မြည်သံများ၊ ပန်းပေါင်းစုံရနံ့များနှင့်အတူ ညင်သာစွာ တိုက်ခတ်နေသည် လေပြည်ညင်းလေးများနှင့် ပြည့်နှက် နေလေသည်။

တောင်၏ တစ်ဖက်မှနေ ရေတံခွန်စီးကျသံကို ကြားနိုင်ပြီး လှပသည့် သံစဉ် စည်းချက်များ ဖြစ်ပေါ်နေစေကာ နေရာတစ်ခုလုံးအား စိတ်ကြည်လင် အေးမြသည့် ခံစားချက် ပေးစွမ်းလေသည်။

အန်လင်းသည် သီချင်းညည်းကာဖြင့် တောင်တက်ခြင်း စတင်တော့သည်။

စိတ်ခံစားချက် ဆိုးဝါးနေသည့် အခါမျိုးတွင် ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းမှာ ကောင်းမွန်သည့်အရာ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် မကောင်းသည့် စိတ်ခံစားချက် များအား လျင်လျင်မြန်မြန် လျော့ကျ စေနိုင်သည်။

အန်လင်း၏ ဦးတည်ရာမဲ့ လှည့်လည် သွားလာနေခြင်းသည် စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ပတ်သက်သည့် စိတ်ဒဏ်ရာအား ဖြည်းညင်းစွာ မေ့ပျောက် စေနိုင်သည့်အတွက် သူ၏ စိတ်ခံစားချက် သည်လည်း သိသိသာာပင် တိုးတက် လာလေသည်။

ဤသို့ဖြင့် အန်လင်းသည် အမြင်ပသာဒ ဖြစ်စရာ ရှုမြင်ကွင်းများအား ပျော်ရွှင်စွာ ခံစားနေစဉ်မှာပင် ရုတ်တရက် ဆိုသလိုပင် သစ်ပင်တစ်ပင်၏ ထိပ်တွင် စိတ်ဝင်စားဖွယ် ကောင်းသော လူငယ်တစ်ဦးအား တွေ့ရှိ လိုက်လေသည်။

ထိုလူသည် အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားပြီး ဦးခေါင်းထက်ရှိ ငွေရောင် ဆံပင်သည်လည်း အမြင်အာရုံကို ဖမ်းစား ထားလေသည်။ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး ပါးစပ်မှ ရေခဲမှုန်လေးများ ထွက်နေလေသည်။

ထိုလူသည် သစ်ကိုင်း တစ်ခုပေါ်တွင် လဲလျောင်းလျက် ရှိနေပြီး လက်နှစ်ဘက်အား တွဲလျား ချထားလေသည်။ လက်ဖဝါးများပေါ်တွင် အပြာရောင် အလင်းလုံးလေးများ ရှိပြီး ထိုအလင်းလုံး လေးများသည် ရေခဲပန်းပု ရုပ်ထုများ အသွင်သို့ စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိနေသည်။

ကနဦးတွင် ရေခဲပန်းပုမှာ သိမ်းငှက် တစ်ကောင်ပုံ ဖြစ်ပြီး ထို့နောက်တွင် ကြောင်တစ်ကောင် အသွင်သို့ ပြောင်းလဲ သွားပြီးနောက် လင်းပိုင်ဘဝနှင့် အဆုံးသတ် လေသည်။ ထိုရေခဲပန်းပုများ၏ ပုံစံအကူးအပြောင်းသည် ဆက်စပ် လျက်ရှိနေပြီး ကြည့်ရှုသူများ၏ စိတ်အာရုံကို အတော်လေး ဆွဲဆောင် ထားနိုင်သည်။

အဆုံးတွင် ထိုလူ၏ လက်ဖဝါးပေါ်၌ ရေခဲမှုန်လေးများ လွင့်လျက်ရှိသည့် အပြာရောင် ပန်းပွင့်တစ်ခု ပေါ်လာသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားသည့် အခါတွင် ရေခဲပြာ ပန်းကလေးသည် အန်လင်းထံသို့ လွင့်မျော လာလေသည်။

အန်လင်းသည် အနည်းငယ် အံ့အားသင့် သွားမိသော်လည်း  ပန်းပွင့်လေးအား သူ၏လက်ဖြင့် ဖမ်းယူ လိုက်သည်။ ထို့နောက်တွင် ဇဝေဇဝါဖြစ်လျက်နှင့် "ကျွန်တော့်ကို ပေးတာလား။"

ငွေရောင်ဆံပင်နှင့်လူ ခေါင်းညိတ် ပြလေသည်။

အန်လင်းအနေဖြင့် အခြားသော အမျိုးသား တစ်ဦးထံမှ ပထမဆုံး အကြိမ်အဖြစ် ပန်းတစ်ပွင့် လက်ခံရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ခံစားချက်များသည် အတော်လေး ရှုပ်ထွေး နေလေသည်။

သို့သော်လည်း ထိုလူအား ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ "ကျေးဇူးဗျ"

ငွေရောင် ဆံပင်နှင့်လူသည် အသာပြုံးလိုက် ပြီးနောက် "ရပါတယ်ကွာ။ ဒါက စက္ကန့် အနည်းငယ်အတွင်း အရည်ပျော် သွားမှာလေ။"

“ဟမ်” အန်လင်းသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင် ခတ်လိုက်သည်။

ဗြန်း …

အပြာရောင် ပန်းပွင့်ကလေးသည် ရုတ်ချည်း ဆိုသလို အရည်ပျော် သွားပြီးနောက် အန်လင်းအား ရေအေးများဖြင့် ဖြန်းပက် လိုက်လေသည်။ ရေအေးများသည် သူ၏ ဘောင်းဘီပေါ်သို့ တစက်စက် စီးကျနေလေသည်။

“အန်လင်း : …”

သောက်ခွက် ပြောင်တာလား။ ဟုတ်လား။ တကယ်ကြီး သောက်ခွက် လာပြောင်နေတာပေါ့။ ချမလားကွ။

အန်လင်းမှာ ဒေါသတကြီး ဖြစ်နေသော်လည်း ငွေရောင်ဆံပင်နှင့် လူမှာမူ အမူအရာ ကင်းမဲ့ကာ ရှိနေဆဲဖြစ်ပြီး သူ၏လက်များဖြင့် ရေခဲပန်းပုမျိုးစုံ ဆက်လက် ပြုလုပ်လျက် ရှိသည်။

အန်လင်းသည် ထိုအခြင်းအရာအား မြင်သည့်အခါ မည်သည့် စကားမျှ မဆိုသော်လည်း ရှုံ့မဲ့လာသည်။

သူ၏ ရည်ရွယ်ချက်မှာ စိတ်ပြေလက်ပျောက် အနားယူ အပန်းဖြေ ရန်ဖြစ်ပြီး ရန်ဖြစ်ရန် မဟုတ်ပေ။ ထို့ကြောင့် ပခုံးတွန့်ကာဖြင့် တောင်တက်လမ်း တစ်လျှောက် ဆက်တက်လိုက်သည်။

ခေတ္တမျှ ကြာပြီးနောက်တွင် မြေပြန့်တစ်ခုသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် ဂိုဏ်းသားများစွာ လေ့ကျင့်လျက်ရှိသည့် မြင်ကွင်းမှာ လွန်စွာ အသက်ဝင် လှသည်။

များစွာအံ့ဩမိသည်မှာ ခွမ်းရီသည် ချောင်းငယ်တစ်ခု၏ နံဘေးတွင် တိတ်ဆိတ်စွာ တရားထိုင်နေသည်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ကြမ်းတမ်းပြီး အန္တရာယ်များသည့် ခွမ်းရီအား ထိုကဲ့သို့ တည်ငြိမ် အေးချမ်းသည့် နေရာမျိုးတွင် တွေ့ရလိမ့်မည်ဟု မျှော်လင့် မထားဖူးချေ။

သေချာ နားမလည်သော်လည်း သူ၏ အတွေးထဲတွင် ရုတ်တရက် ဆိုသလို စကားပုံတစ်ခု ပေါ်လာခဲ့သည်။ 'ကျောက်ဆောင် ကျောက်သားကဲ့သို့ ခိုင်ကျည်မြဲမြံရမည် ဖြစ်သော်ငြား လိုအပ်လာပါက ယုန်တစ်ကောင်ကဲ့သို့ ပြုမူရန် လိုအပ်သည်။'

ခေါင်းယမ်း လိုက်ပြီးနောက်တွင် အရုဏ်ဦး ကောင်းကင် တောင်ထိပ်သို့ ဆက်တက် လိုက်သည်။ အရုဏ်ဦးကောင်းကင် တောင်ထိပ်တွင် နှင်းမိစ္ဆာ ချိပ်ပိတ်မျှော်စင် ရှိသည်။

မျှော်စင်သည် ဖြူဝင်းလျက်ရှိပြီး နေ၏ အလင်းအောက်တွင် တလက်လက် တောက်ပကာ ထည်ဝါလှသည်။ ရံဖန်ရံခါတွင် သက်တံအလင်းများ ပေါ်လာတတ်ပြီး အလွန်လှပသည့် မြင်ကွင်းအား ဖန်တီးပေးလျက် ရှိသည်။

အန်လင်းသည် ထိုမျှော်စင်အား အဝေးမှ မြင်ကတည်းက အံ့အားသင့် နေမိခြင်း ဖြစ်သည်။ တောင်ထိပ်သို့ ရောက်သည့်အခါတွင် ထိုပသာဒ ရှိလှသည့် မြင်ကွင်းအား အနီးကပ် ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

အချိန်အတော်ကြာ လမ်းလျှောက် ပြီးသည့်နောက်တွင် နေလုံးသည်လည်း မိုးကုတ် စက်ဝိုင်းတွင် မေးတင်လျက် ရှိပြီဖြစ်သည်။ ကောင်းကင်သည် ဆည်းဆာချိန်သို့ ပြောင်းလဲလာနေပြီ ဖြစ်သည်။

ကောင်းကင်ရှိ တိမ်တိုက်များသည် နေဝင်ချိန်ကြောင့် အနီရောင်အဖြစ်သို့ စွန်းထင်လျက် ရှိကာ ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲလျက် ရှိသည်။

နေဝင်ဆည်းဆာ၏ အလင်းရောင် သည်လည်း အဆက်မပြတ် ပြောင်းလဲလျက် ရှိသည်။ တစ်ချိန်တွင် အိအိထွေးထွေး ဝါဂွမ်းဖြူကဲ့သို့ ဖြစ်ပြီး လျှပ်တစ်ပြက် အတွင်းမှာပင် ရွှေရောင် လှိုင်းများအသွင် ပြောင်းလဲ သွားသည်။ များမကြာမီတွင် လှပသည့် နတ်မိမယ်လေး တစ်ပါး ကောင်းကင်ထက်တွင် နီရဲရဲဝတ်စုံဖြင့် ကခုန်နေသည့်နှယ်သို့ ပြောင်းသွားပြန်သည်။

"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ နေဝင်ချိန်က အဲလောက်တောင် ကြည့်လို့ ကောင်းမယ်လို့ ဘယ်သူက ထင်မှာတဲ့တုန်း။"

အန်လင်းသည် ခြေလှမ်းများကို ရပ်တန့် လိုက်ပြီးနောက် ကောင်းကင်ရှိ အံ့ဩဖွယ် ကောင်းလှသော နေဝင်ဆည်းဆာအား ကြည့်နေမိသည်။

သို့သော်လည်း ကောင်းကင်တွင် ရှိနေသော တိမ်တိုက်များသည် မကြာမီ အချိန်တွင် စတင် စုစည်း လာကြသည်။ ရွှေရောင်မှ အနီရောင်သို့ ပြောင်းလဲ လာပြီးနောက် အဆုံးတွင် အနီရင့်ရောင် အဖြစ် ကျန်ရှိလေသည်။

"မိုးရွာတော့မှာလားဟ" အန်လင်းသည် မျက်မှောင်ကြုတ် လိုက်ပြီးနောက် သူ၏အာရုံကို ပြောင်းကာ တောင်ထိပ်သို့ ဆက်လက် တက်လှမ်း နေလေသည်။

တောင်၏ တစ်ဖက်တွင် ငွေရောင်ဆံပင်နှင့် လူငယ်သည် ကောင်းကင်တွင် စုစည်းနေသည့် တိမ်တိုက်များအား တိတ်တဆိတ် ကြည့်ရှု နေလေသည်။ သူ၏လက်ထဲရှိ ရေခဲပန်းပုသည် ရေခဲမှုန်လေးများ ထုတ်လွှတ်လျက် ရှိသည့် အပြာရောင် ပန်းပွင့်ငယ် အသွင်သို့ ပြောင်းလဲ သွားပြန်သည်။

"စတော့မှာလား" ထိုလူသည် အသံအတက် အကျမရှိ အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။

သူ၏လက်ပေါ်ရှိ အပြာရောင်ပန်းပွင့်သည် လေထဲသို့ မြင့်တက် သွားပြီးနောက် တောအုပ်အတွင်းသို့ ပျံသန်းသွားသည်။

အဝေးတစ်နေရာတွင် ပေတစ်သောင်း ရေတံခွန်မှ အောက်သို့ အရှိန်အဟုန်ဖြင့် စီးကျလျက် ရှိသည့် ရေများသည် ကျယ်လောင်သည့် အသံများ ထွက်ပေါ် နေလေသည်။ ဆည်းဆာချိန်သည် လှပသည့် အရောင် အသွေးစုံလင်စွာနှင့် တောက်ပလျက် ရှိသည်။ ရေတံခွန်မှ တိမ်မြူခိုးများ ပေါက်ကွဲ ထွက်လာသကဲ့သို့ သမုဒ္ဒရာအတွင်း ကျဆင်းသွားသည့် ဖုန်မှုန့်ကဲ့သို့ အပြာရောင် ပန်းပွင့်သည် ရေတံခွန်အတွင်း မျောပါ သွားလေသည်။

ထို့နောက်တွင် တိတ်ဆိတ်ငြိမ်သက် သွားလေသည်။

တအုန်းအုန်းနှင့် ဆူညံနေသော ရေတံခွန်သည် ရေတွက် မရနိုင်လောက်အောင် များပြားလှသည့် ရေစက်ငယ်များနှင့်အတူ ကောင်းကင်ထက်တွင် ဖြည်းညင်းစွာ အေးခဲလာသည်။

ခလွက် …

ပြာဖျော့ဖျော့ အလင်းသည် အပြင်ဘက်သို့ ထိုးထွက် ကျယ်ပြန့်လာပြီးနောက် အရာ အားလုံးအား အေးခဲပစ်လေသည်။

အပြာရောင်အလင်း၏ လုပ်ဆောင်ချက်မှာ အလွန်လျင်မြန်ပြီး ကြီးမားလှသည့် ရေတံခွန်ကြီးအား မျက်စိတစ်မှိတ် အတွင်းမှာပင် ငွေရောင် ရေခဲနံရံကြီး အဖြစ်သို့ အေးခဲ ပစ်လိုက်လေသည်။ နေဝင်ချိန် အလင်း၏ အောက်တွင် ရေတံခွန်မှ ငွေရောင် အလင်းများ ပေးလျက်ရှိသည်။

ပေတစ်သောင်းမြင့်သည့် ရေတံခွန်ကြီးသည် လုံးလုံးလျားလျား အေးခဲ သွားပြီးနောက် ငွေရောင်နံရံကြီး အဖြစ်သို့ ရောက်ရှိသွားကာ အလွန်နိမ့်သည့် အပူချိန်များ ထုတ်လွှတ် နေလေသည်။

ရေတံခွန် အေးခဲသွားသည့် အခါတွင် အရုဏ်ဦးကောင်းကင် တောင်ထိပ် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားလေသည်။ ယခင်က ဤမျှလောက်အထိ တိတ်ဆိတ် သွားခဲ့ဖူးခြင်း မရှိချေ။ ဤတိတ်ဆိတ်မှုမှာ အသက်မဲ့လွန်း လှသည်။

အန်လင်းသည် တောင်ထိပ်သို့ တက်ရောက်နေဆဲ လမ်းတွင် ရှိနေသေးပြီး ရုတ်တရက် ဆိုသလို ကောင်းကင်မှ အဖြူရောင် အမှုန်လေးများ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

လက်ဖြန့် လိုက်ပြီးနောက် အမှုန်တစ်ခုအား လက်ဖဝါးဖြင့် ဖမ်းယူလိုက်သည့် အခါတွင် ချက်ချင်း ဆိုသလို အရည်ပျော်ကျသွားပြီး ယင်းဆင်းသက်ရာ နေရာတွင် အေးစက် ကျန်ခဲ့သည်။

"ဘာလား … နှင်းကျနေတာလားဟ"

***

All Chapters