← Chapters

လှပသည့်ကျူးတစ်သိုက်

Vol. 12 Ch. 162

လှပသည့်ကျူးတစ်သိုက်

Vol. 12 Ch. 162

အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းတွင် နှင်းကျနေခြင်း ဖြစ်သည်။

အဖြူရောင် ဆီးနှင်းပွင့်များသည် ကောင်းကင် တိမ်တိုက်များဆီမှ ညင်သာစွာ ကျဆင်း လာနေသည်။

ဆည်းဆာ အလင်းသည် ဆီးနှင်းပွင့်များအား ရွှေရောင် သန်းစေသည်။

ဂိုဏ်းသားငယ် များစွာသည် ဆီးနှင်းပွင့်များအား အံ့ဩတကြီး ကြည့်နေ ကြလေသည်။

ယခုအချိန်သည် နှင်းကျသည့် ရာသီ မဟုတ်ချေ။ ဆိုတော့ကာ ဘာကြောင့်များ ရာသီဥတုသည် လျင်မြန်စွာ ပြောင်းလဲ သွားရသနည်း။

အန်လင်းသည်လည်း အတော်လေး ခေါင်းရှုပ် နေလေသည်။ များမကြာမီကပင် နေရောင်တောက်ပလျက် ရှိနေသည် မဟုတ်ပါလား။ ဘာကြောင့်များ ရုတ်တရက် နှင်းကျ လာရသနည်း။

ထို့အပြင် အရာရာတိုင်းသည် လွန်စွာ တိတ်ဆိတ်နေသည့် အတွက် တစ်ခုခု ပျောက်ဆုံး နေသကဲ့သို့ ခံစားနေရသည်။

ထိုအချိန်မှာပင် ကောင်းကင်၌ အနီရင့်ရောင် တိမ်တောက်များ စတင်ဝေ့လာပြီး ကြောက်မက်ဖွယ် ဖိအားများသည် တိမ်တိုက်များထံမှ ကျဆင်း လာလေသည်။ သန်မာ အားကောင်းသည့် စိတ်အာရုံများ ဝန်းရံလာသည့် အခါတွင် အန်လင်းမှာ ချက်ချင်း ဆိုသလို အသက်ရှူရပ်တံ့ သွားသည်။

ထိုခံစားချက်သည် မဟူရာည အကြီးအကဲနှင့် ရင်ဆိုင် ကြုံတွေ့စဉ်ကနှင့် တူလှသည်။

"ဒီလောက် ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအား … ဘာတွေများ ဖြစ်နေတာလဲ။"

အန်လင်းသည် ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။ သူကြည့်လိုက် စဉ်မှာပင် ပေတစ်ထောင်ခန့် ရှည်လျားသည့် ရေခဲငှက် တစ်ကောင်သည် အရုဏ်ဦးကောင်းကင် တောင်ထိပ်သို့ ထက်မြိသည့် ဓားတစ်ချောင်းသဖွယ် ဆင်းသက်လာသည်။

"မိစ္ဆာမက အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းကို ကျူးကျော်ရဲတဲ့အထိ သတ္တိ ရှိနေတယ်ပေါ့။ မိစ္ဆာမကတော့ သူ့သေတွင်းကို သူ့ဘာသာ လျှောက်လာတာပဲဟေ့။" မိုးခြိမ်းသံနှင့်တူသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

အရုဏ်ဦးကောင်းကင် တောင်ထိပ်တွင် အင်အားကြီးမားသည့် အော်ရာများ ထွက်ပေါ်လာပြီး ရေခဲငှက်ထံသို့ ပြင်းထန်သည့် အင်မော်တယ်မန္တန်များ မိုးရွာသကဲ့သို့ ကျလာလေသည်။

ဘုန်း။ ထိုစုပေါင်း တိုက်ခိုက်မှုသည် ရေခဲငှက်အား အလျင်အမြန်ပင် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေသည်။

သို့သော်လည်း အသက်မရှူ နိုင်ခင်မှာပင် ပေတစ်ထောင် အလျားရှိသည့် ရေခဲနဂါး ၉ကောင်သည် တိမ်တိုက်များအား ထိုးခွင်းကာ ကြီးမားသည့် နဂါးခွန်အားနှင့် အတူ ဆင်းသက် လာလေသည်။

ကြီးမားလှသည့် အရွယ်အစားနှင့် ရေခဲနဂါးများသည် ကောင်းကင်အား ကွယ်ထား လေသည်။ ရေခဲနဂါးများ၏နောက်တွင် ရွှေကြိုးများစွာဖြင့် ဆွဲလာသည့် နှင်းပုလ္လင်တစ်ခု ရှိသည်။

လွန်ကဲစွာ လှပသည့် အမျိုးသမီး တစ်ဦးသည် ထိုပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိပြီး သူမ၏ မျက်လုံးများကို တင်းစွာ ပိတ်ထားပြီး လက်ထဲတွင် လှပသည့် အဖြူရောင် နှင်တံတစ်ခု ကိုင်ဆောင် ထားသည်။

သူမ၏နောက်တွင် ငွေရောင်ဆံပင်နှင့် အမျိုးသမီး စစ်သည်တော် ရာချီရှိသည်။ သူတို့သည် စိတ်မသက်မသာ ဖြစ်ရသည့် အော်ရာများအား ဖော်ထုတ်ကာဖြင့် လက်နက် အသီးသီး ကိုင်ဆောင်ကာ တင်းကျပ်သည့် ပုံစံဖြင့် ရပ်နေကြလေသည်။

သူ့မျက်စိရှေ့တွင် ရှိနေသည့် တပ်ဖွဲ့ကြောင့် အန်လင်း၏ ခြေထောက်များသည် အနည်းငယ် တုန်ယင် လာလေသည်။

ဤသို့သော ထည်ဝါလှသည့် တပ်ဖွဲ့။ သူတို့သည် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်း ဂိုဏ်းအား အဖွဲ့တစ်ဖွဲ့အဖြစ် တိုက်ခိုက်ဖို့ ကြံစည် နေကြသည်လား။ မည်သို့ပင် ဆိုစေကာမူ ဤအခြင်းအရာသည် သူစွက်ဖက် သင့်သည့်အရာ မဟုတ်သည်ကြောင့် ချက်ချင်း ဆိုသလို ထွက်ပြေး လွတ်မြောက်နိုင်မည့် နေရာအား စဉ်းစားလိုက်သည်။

ထိုအချိန်မှာပင် အခြားသော အဓိက ောင်ထိပ်များမှ စွမ်းအားမြင့် ကျင့်ကြံသူ များစွာသည် ဓားပျံများ စီးနင်းကာဖြင့် ရောက်ရှိ လာကြသည်။ တိုက်ပွဲကြီးသည် ရှောင်လွှဲလို့ မရနိုင်တော့ပေ။

ထိုလူများထဲတွင် အလွန်အမင်း ကြောက်မယ်ဖွယ် အော်ရာများကို ထုတ်လွှတ်လျက် ရှိသူမှာ အနည်းငယ်သာလျှင် ရှိသည်။ ယင်းတို့မှာ အဓိက တောင်ထိပ်များမှ တောင်သခင်များ ဖြစ်ကြပြီး သူတို့ အားလုံးသည် ပျက်ပြယ်ခြင်း အဆင့်သို့ ရောက်ရှိနေကြသည့် သန်မာ အားကောင်းသော ပုံရိပ်များ ဖြစ်ကြသည်။

ထျန်းဟယ်တောင်ထိပ်မှ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် လူအိုတစ်ဦးသည် ရုတ်တရက် ဆိုသလို သူ၏ ရီဝေဝေ မျက်လုံးများအား ဖွင့်လိုက်ပြီးနောက် လေဟာနယ်အတွင်း ခြေလှမ်း လိုက်သည်။ သူလျှောက်လှမ်းရာ လမ်းတစ်လျှောက်တွင် တိမ်မြူခိုးလေးများ ချန်ထား ရစ်ခဲ့သည်။

ကမ္ဘာစိတ် ဝိညာဉ်တောင်ထိပ်မှ နက်မှောင်သော အသားအရည်ရှိသည့် သက်လတ်ပိုင်းအရွယ် လူသည် လေဟာပြင်အား ဆုတ်ဖြဲ လိုက်ပြီးနောက် ခြေလှမ်း လိုက်သည့်အခါတွင် ချက်ချင်း ဆိုသလို အရုဏ်ဦးကောင်းကင် တောင်ထိပ်တွင် ပေါ်လာသည်။

ပြိုးပြက် တိမ်တိုက် တောင်ထိပ်တွင် အမျိုးသမီး ဂိုဏ်းသား များသာလျှင် ရှိသည်။ သူတို့အားလုံးသည် အနီရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသော လှပသည့် အမျိုးသမီးများ ဖြစ်ကြသည်။ ထိုအမျိုးသမီးများသည် လေထဲရှိ ရွှေမီးလျှံမြွေပျံ များပေါ်သို့ တက်လိုက်ကြသည်။ သူတို့သည် တစ်ကြိမ်လျှင် ပေတစ်ထောင်ကျော် ခရီးဆန့်နိုင်ပြီး လျှပ်တစ်ပြက် အတွင်းမှာပင် တည်နေရာ ရွှေ့ပြောင်းနေသည်နှင့် တူလွန်းလှသည်။

ကောင်းကင် ထိုးထွင်း တောင်ထိပ်သည် ဂိုဏ်းတွင် အမြင့်ဆုံးသော တောင်ထိပ် ဖြစ်သည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော တည်ကြည် ခံ့ညားသည့် အမျိုးသား တစ်ဦးသည် ရုတ်တရက် ဆိုသလို ဧရာမ ဓားဖြူတစ်လက် အသွင် ပြောင်းလဲ သွားပြီးနောက် ကောင်းကင်ထက်တွင် ဟစ်ကြွေးနေသည့် နဂါး တစ်ကောင်ကဲ့သို့ လေထုအား ထိုးခွင်း သွားလေသည်။

အရုဏ်ဦး ကောင်းကင် တောင်ထိပ်တွင် လေးနက် ကျယ်ပြောသည့် အော်ရာများ ပိုင်ဆိုင်ထားသော အဘွားအို တစ်ဦးသည် သူမ၏ ဦးခေါင်းကို မော့ကာဖြင့် လေထဲရှိ နှင်းပုလ္လင်အား ကြည့်လိုက်သည်။ "သူတော်စင် နှင်းနတ်ဘုရားမ … နင်က အခုထိတောင် နှင်းမိစ္ဆာ ချိပ်ပိတ် မျှော်စင်ကို မျက်စိကျ နေဦးမယ်လို့ ဘယ်သူက ထင်မိမှာလဲ။ အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှာ နင့်ကို တားဆီးနိုင်မယ့်သူ မရှိဘူးလို့များ တကယ်ကြီး ထင်နေတာလား။"

ပုလ္လင်ပေါ်ရှိ ငွေရောင်ဆံနွယ်နှင့် အမျိုးသမီးသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

သူမ၏ မျက်လုံးများမှာ ရွှေရောင် ဖြစ်သည်။ ကြီးမားသည့် စွမ်းအားသည် ကုန်းမြေ တစ်ခုလုံးအား လွှမ်းခြုံ သွားပြီးနောက် သက်ရှိအရာ အားလုံးအား အညံ့ခံ လာစေရန် ဖိအားပေးလျက် ရှိသည်။

သူမ၏ နှုတ်ခမ်းမှနေ အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ "နင်တို့ရဲ့ ဂိုဏ်းခေါင်းဆောင် ရွှမ်ယွမ်လွင်ကို ငါတို့ရဲ့ တော်ဝင်ဧကရီက တားဆီး ထားတယ်။ နင်တို့ရဲ့ မဟာအကြီးအကဲ ကတော့ အဆင့်တက် နေတာကြောင့် ဂူအောင်း ကျင့်ကြံနေတယ်။ တကယ်လို့ ငါတို့က နှင်းမိစ္ဆာ ချိပ်ပိတ်မျှော်စင်ကို သိမ်းယူသွားခဲ့မယ် ဆိုရင်တောင် သူက ထွက်လာပြီး တားဆီးမှာ မဟုတ်ဘူး။ အဲဒီတော့ … အခု ဒီမှာရှိနေတဲ့ အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်း ဂိုဏ်းရဲ့ တစ်ဦးတစ်ယောက်ကမှ ငါတို့ကို မတားဆီးနိုင်ဘူး။"

"ဒီလို မောက်မာတဲ့ မိန်းမ" ကောင်းကင်နှင် မြေပြင်အကြားမှ အမျိုးသား အသံတစ်ခု ထွက်ပေါ် လာသည်။

ထိုစကားလုံးများသည် လေထုအတွင်းသို့ ပျံ့နှံ့သွားပြီးနောက် မြင့်မြတ် ဓားတစ်လက်သည် ကြီးမားသည့် ဓားဖြူခုတ်ချက် တစ်ခုအား ဖြစ်ပေါ်စေကာ ကောင်းကင်ကို ဖြတ်သန်း သွားပြီးနောက် ရေခဲနဂါးကိုးကောင်ထံ ရောက်ရှိသွားသည်။

ဘုန်း …

သူ၏ ခုတ်ချက်တွင် ပါဝင်သော ဓားဆန္ဒသည် ဆည်းဆာချိန် ကောင်းကင်တွင် တောက်ပလျက်ရှိပြီး အဖြူရောင် အရိပ်များ ဆေးခြယ်လိုက် သကဲ့သို့ပင်။

ကောင်းကင် ထိုးထွင်း တောင်ထိပ်၏ တောင်သခင်သည် သူ၏ တိုက်ကွက်အား ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

ကောင်းကင်မှ နဂါးဟိန်းသံများ ထွက်ပေါ် လာသည်နှင့်အတူ များပြားလှသည့် ရေခဲဓားသွားများသည် ပြင်းထန်သည့် မုန်တိုင်း တစ်ခုသဖွယ် လေထုအတွင်း ဝေ့သီ လာလေသည်။

လေထဲရှိ ဆီးနှင်းပွင့် များသည်ပင်လျှင် သေစေနိုင်လောက်သည် ဓားသွားများ ဖြစ်လာပြီး အရုဏ်ဦး ကောင်းကင် တောင်ထိပ်ရှိ ဂိုဏ်းသားများထံ ပျံသန်း လာကြသည်။

ကောင်းကင်နှင့် မြေပြင်တွင် ပြင်းထန် များပြားသော သတ်ဖြတ်လိုစိတ် ဆန္ဒများ ဖုံးလွှမ်း သွားလေသည်။

ငွေရောင် ဆံနွယ်ရှည်များနှင့် အမျိုသမီးများစွာသည် ကောင်းကင်မှ တစ်ဦးပြီး တစ်ဦး ဆင်းသက် လာကြသည်။ သူတို့ အားလုံးတို့သည် လွန်စွာ သွယ်လျလှပပြီး အချိုးအစား ကျနသည့် ကိုယ်နေဟန်ထားများ ရှိကြသည်။ အားလုံးသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်အသီးသီး ဖြစ်ကြသည်။

အန်လင်းသည် ချက်ချင်း ဆိုသလို သူ၏အုတ်ခဲနက်ပေါ်သို့ ခုန်တက်လိုက်ပြီး တိုက်ပွဲပြင်မှ ထွက်ပြေးရန် ပြုလိုက်သည်။

ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် ငွေရောင်ဆံနွယ်နှင့် အမျိုးသမီး များသည် သူ့အား သတ်ဖြတ် ကြလိမ့်မည်။

အုတ်ခဲနက်ပေါ်သို့ ရောက်ရှိသည့် အချိန်၌ သူနှင့် ဆုံတွေ့ခဲ့သော ငွေရောင်ဆံပင်နှင့် အမျိုးသားသည် တောင်ပေါ်သို့ ဖြည်းညင်းစွာ တက်ရောက် လာသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် သူ့အား ပန်းတစ်ပွင့် ပေးလာ ပြန်သည်ကြောင့် ချက်ချင်း ဆိုသလို အခြေအနေအား သတိပေး လိုက်သည်။ "ညီကိုရေ အပေါ်မှာ တိုက်ပွဲက အရမ်းကို ကြောက်ဖို့ ကောင်းနေတယ်ကွ။ မင်းက အဲဒီကိုတက်ပြီး ဘာလုပ်မလို့တုန်း။"

တိုက်ပွဲတွင် ဝင်ပါမည့် သူဆိုလျှင် သေချာပေါက် ဓားပျံစီးနင်းကာ သွားပေလိမ့်မည်။ ဓားပျံစီးနင်းနိုင်ခြင်း မရှိလျှင် တိုက်ပွဲပြင်သို့ ဘာသွား လုပ်မည်တုန်း။ လေထဲရှိ ဆီးနှင်းတစ်ပွင့် သည်ပင်လျှင် သူ့အား သတ်ဖြတ် ပစ်နိုင်သည်။

ငွေရောင်ဆံပင်နှင့် လူသည် အန်လင်းအား ပြုံးပြလိုက်သည်။ "မစိုးရိမ်ပါနဲ့။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ဖောက်ခွဲပြီး နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်ကို ဖွင့်ဖို့အတွက် ရောက်လာတာပါ။"

အန်လင်းမှာ အံ့ဩလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်ရသည်။

အလွန်ကြောက်မက်ဖွယ်ရာ သီအိုရီ တစ်ခုသည် ထိုလူ၏စိတ်ထဲ ဖြစ်ပေါ်နေပုံပင်။ မဟုတ်ချေ။ သီအိုရီတစ်ခု မဟုတ်ချေ။ ငွေရောင်ဆံပင်နှင့်လူသည် နောက်ပြောင် နေပုံမရ။

"အဟမ်း အဟမ်း … အဲဒီတော့ လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျုပ်ကတော့ သွားတော့မယ်နော်။" အန်လင်းသည် ဂနာမငြိမ်ဖြစ်ပြီး ရှုံ့မဲ့ လာတော့သည်။

သူ၏ အုတ်ခဲပေါ်သို့ ခုန်တက်ရန် ပြင်ဆင်မှာပင် ငွေရောင်ဆံပင်နှင့် လူထံမှ အသံ ထွက်လာသည်။

"ခဏလေး"

အန်လင်းသည် ထိုလူ ပြောသည်ကို နာခံလိုက်သည်။

မလှုပ်ရဲချေ။ ထိုလူသည် အသေခံ အကြမ်းဖက်သမား ဖြစ်သည်။ ထို့ကြောင့် ဤနေရာသို့ ရောက်ရှိနေခြင်းပင်။ သူပြောသမျှအား ရိုရိုကျိုးကျိုးဖြင့် နာခံခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အန်လင်း၏ ခန္ဓာကိုယ်သည် တုန်ယင် လာပြီးနောက် လှည့်ကြည့် လိုက်သည်။ "ဘာ … ဘာလို့လဲ ညီကို"

"ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်" ငွေရောင် ဆံပင်နှင့်လူသည် အန်လင်းအား လေးနက်စွာဖြင့် ခေါင်းညိတ် ပြလိုက်သည်။

“အန်လင်း : …”

"ရပါတယ်ဗျ။ ခင်ဗျား သိလား။ ရှင်သန် နေထိုင်ဖို့ဆိုတာ အတော်လေး အံ့ဩဖို့ ကောင်းတယ် မဟုတ်ဘူးလား။ ဘာလို့များ ကိုယ့်ဘဝကိုယ် အဆုံးသတ်ချင် ရတာလဲ။" သူ၏ရှေ့တွင် ရှိနေသည့် ရန်သူမှာ အတော်လေး ခင်မင်တတ်ပုံ ရသည့်အတွက် ဖျောင်းဖျလို့ ရနိုင်မလား စမ်းကြည့်ချင်မိသည်။

ငွေရောင်ဆံပင်နှင့် လူမှာ ခေါင်းခါလိုက်သည်။ "ရှင်သန် နေထိုင်တယ်ဆိုတာ အတော်လေး အံ့အားသင့်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့လည်း ကျုပ်က အမှန်တကယ် အသက်ရှိနေတာ မဟုတ်ဘူးလေ။"

အန်လင်းအား ယဉ်ကျေးစွာဖြင့် ခေါင်းညိတ် ပြလိုက်ပြီးနောက် တောင်တက်လမ်း အတိုင်း ဆက်တက် သွားလေသည်။

အန်လင်း သည်လည်း ထို့ထက်ပို တုံ့ဆိုင်းမနေဘဲနှင့် သူ၏ အုတ်ခဲနှင့်အတူ ချက်ချင်း ထွက်ခွာ လာခဲ့သည်။

လေထု အတွင်းရှိနေသည့် ကြောက်မက်ဖွယ် စွမ်းအားသည် သူ့အား တဖြည်းဖြည်းနှင့် မွန်းကျပ် လာစေသည်။

ကောင်းကင်သို့ မော့ကြည့်လိုက်သည့် အခါတွင် သူတော်စင် နှင်းနတ်ဘုရားမဟု ခေါ်ဆိုသည့် အမျိုးသမီးအား မြင်လိုက်ရသည်။ သူမသည် ကြောက်မက်ဖွယ် ကောင်းရ လောက်အောင် စွမ်းအားကြီးပြီး ပျက်ပြယ်ခြင်းအဆင့်ရှိ တောင်သခင်သုံးဦးအား တစ်ဦးတည်း ထိန်းချုပ် ထားနိုင်သည်။

သူမ၏ ဘေးတစ်ဖက် တစ်ချက်တွင် အမျိုးသမီး အစောင့်အရှောက် နှစ်ဦး ရှိသည်။ နှစ်ဦးစလုံးမှာလည်း ပျက်ပြယ်ခြင်း အဆင့်ရှိ အင်အားကြီး ပုံရိပ်များ ဖြစ်ကြသည်။ သူတို့နှစ်ဦးသည် ကျန်ရှိသည့် တောင်သခင် နှစ်ဦးအား တစ်ယောက်ချင်းစီ ရင်ဆိုင် တိုက်ခိုက် နေကြသည်။

ဂိုဏ်း၏ အကာအကွယ် မန္တန်ဝင်္ကပါကို အသက်သွင်းထားပြီး ဖြစ်သည်ကြောင့် ရွှေရောင် အလင်းလွှာသည် ဂိုဏ်းသား အားလုံးကို အကာအကွယ် အတွင်းသို့ သွပ်သွင်းကာဖြင့် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်း တစ်ခုလုံးအား လွှမ်းခြုံ ထားလေသည်။

ရွှေအလင်းလွှာသည် ဂိုဏ်းသားများ၏ ခန္ဓာကိုယ် အတွင်းရှိ ချီစွမ်းအင် လှည့်ပတ်မှုအား မြန်ဆန် တိုးမြင့်လာစေနိုင်သော အစွမ်းသတ္တိ ရှိသည့်နည်းတူ အပျက်အစီး အထိအခိုက်မှလည်း ပိုမိုခုခံ နိုင်စေသည်။ ထိုသက်ရောက်မှုနှစ်ခု ပေါင်းစပ်လိုက်သည့် အခါတွင် ဂိုဏ်းသားများ၏ တိုက်ပွဲ စွမ်းရည်သည် သိသိသာသာ တိုးတက် လာလေသည်။

ဝင်္ကပါ စိတ်ဝိညာဉ်မှာ ရွှေရောင် ချီလင် ဖြစ်သည်။ ယင်းသည် ကောင်းကင်ထက်တွင် ရေခဲနဂါး ကိုးကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။

အန်လင်း သိသည်မှာ ဤသို့သော အခြေအနေတွင် ငွေရောင်ဆံပင်နှင့် လူ၏ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုသည် တိုက်ပွဲ၏ အခြေအနေအား အလုံးစုံ ပြောင်းလဲ ပစ်နိုင်မည့်ပုံ ပေါ်သည်။

သို့သော်လည်း နားမလည်နိုင်သည့် တစ်ခုတည်းသော အရာမှာ ထိုလူသည် မည်သည်ကြောင့် တိုက်ပွဲအ ခြေအနေကို ပြောင်းလဲပစ်နိုင်မည့် အချက်အလက် တစ်စိတ် တစ်ပိုင်းအား အန်လင်းထံ ပေးလာ ရသနည်း။

အန်လင်းသည် ထိုအတွေးများ လွင့်ပျောက် သွားစေရန် ခေါင်းယမ်း လိုက်သည်။ ငွေရောင် ဆံပင်နှင့် လူထံတွင် မည်သည့် အစ်ကိုအရင်း ရှိစေကာမူ သူလုပ်ရမည်မှာ ရွှမ်ယွမ်ချန်အား နောက်မကျမီ အချိန်တွင် သတင်းပေးရန် ဖြစ်သည်။

ထိုအတွေးကြောင့် ချက်ချင်း ဆိုသလိုပင် အသံလွှင့် အဆောင်လက်ဖွဲ့အား ထုတ်ယူကာ ရွှမ်ယွမ်ချန်အား ဆက်သွယ် လိုက်သည်။

အသံလွင့် အဆောင်လက်ဖွဲ့မှ တစ်ဆင့် တိုက်ပွဲပြင်မှ ဆူညံဟစ်အော် တိုက်ခိုက်သံများအား ကြားနေရသည်။

အန်လင်းမည်သည့်စကားမျှ မဆိုခင်မှာပင် ရွှမ်ယွမ်ချန်၏အသံ ထွက်ပေါ်လာသည်။

"ဟေး အန်လင်းရေ ငါတို့တော့ နှင်းပျိုမဒီတွေရဲ့ ကျူးကျော် ခံနေရပြီကွ။ မင်းရဲ့ လုံခြုံရေးအတွက် ဒီနေရာကနေ မြန်နိုင်သမျှ မြန်မြန် ထွက်သွားတော့။"

"အစ်ကိုကြီးချန်ရေ … ကျွန်တော် ပြောစရာရှိတာလေး အရင်ဆုံး နားထောင်ပါဦးဗျ။ ငွေရောင်ဆံပင်တိုနဲ့ ယောက်ျားတစ်ယောက် အရုဏ်ဦး ကောင်းကင် တောင်ထပ်ကို တက်လာနေ …"

ဘုန်း …

ပြင်းထန်အား ကောင်းသည့် ပေါက်ကွဲသံသည် အသံလွင့်အဆောင် လက်ဖွဲ့၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။ ထို့နောက်တွင် တိတ်ဆိတ် သွားတော့သည်။

အန်လင်းသည် ဒေါသတကြီးဖြင့် "သောက်ရမ်းတွေ ဖြစ်နေတာလားကွ"

ထို့နောက် အရုဏ်ဦးကောင်းကင် တောင်ထိပ်သို့ မော့ကြည့် လိုက်သည်။ တောက်ပသည့် အလင်းတန်း မြောက်များစွာသည် အလွန်လှပသည့် အလင်းပြပွဲအား ပြုလုပ် ဖန်တီး နေသည်နှင့်ပင် တူလှသည်။ သို့သော်လည်း သေစေနိုင်လောက်သည့် အလှမျိုး ဖြစ်သည်။

သွားသင့်သလား။

အသံလွှင့် အဆောင် လက်ဖွဲ့မှတစ်ဆင့် ရွှမ်ယွန်ချန် ပြောခဲ့သည့် စကားများအား ပြန်ကြားယောင်မိသည့် အခါတွင် အန်လင်းသည် ပြတ်သားသည့် ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်ပြီး အံတင်းတင်း ကြိတ်လိုက်သည်။ ထို့နောက်တွင် အရုဏ်ဦးကောင်းကင် တောင်ထိပ်သို့ အုတ်ခဲဖြင့် ပျံတက် သွားတော့သည်။

***

All Chapters