← Chapters

လျှို့ဝှက်အကူအညီ

Vol. 12 Ch. 163

လျှို့ဝှက်အကူအညီ

Vol. 12 Ch. 163

ငွေရောင်ဆံပင်နှင့် လူသည် တောင်ပေါ်သို့ ခြေတစ်လှမ်းပြီး တစ်လှမ်း တက်ရောက်လျက် ရှိသည်။ သူ၏ ကြည်လင်နေသည့် မျက်လုံးများမှာ တဖြည်းဖြည်း မှိန်ဖျော့ လာသည်။ "အဲဒီလိုမျိုး ပြောခဲ့ရင်တောင်မှပဲ မင်းမလုပ်နိုင်ဘူးလေ …"

အဆုံးတွင် သူ၏ မျက်လုံးများတွင် ပြတ်သားမှများ ပျောက်ကွယ်သွားပြီး မျက်နှာတွင် တွေဝေ မိန်းမောသည့် အမူအရာများ ပေါ်လာသည်။

"ဟမ် … ငါက ဘာလို့များ တောင်ထိပ်ကို လမ်းလျှောက် တက်နေရတာတုန်း"

ရုတ်တရက် ဆိုသလို အရမ်း အရေးကြီးသည့် ပြဿနာတစ်ရပ်အား နားလည် လိုက်မိသည်။

ဦးခေါင်းအား အချိန်အနည်းငယ်ခန့် ရိုက်ပုတ်ပြီးနောက် လက်ဖဝါး တစ်ဖက်အား ဖြန့်လိုက်သည်။ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နောက်တွင် ကြီးမားသည့် ရေခဲငှက် တစ်ကောင်သည် သူ၏ခြေထောက် အောက်တွင် ဖြစ်ပေါ်လာသည်။

ရေခဲငှက်အား မြင်းတစ်ကောင်ကဲ့သို့ စီးနင်းကာဖြင့် လေထဲသို့ မြင့်တက် သွားသည်။

ထို့နောက်တွင် ငွေရောင်ဆံပင်နှင့် လူသည် အန်လင်းနောက် နောက်တစ်ဖန် ရင်ဆိုင်ကြုံ တွေ့ပြန်သည်။

“အန်လင်း : …”

သွားပြီ။ ပြီးသွားပြီ။ မည်သည့် အတွက်ကြောင့် ပြန်လှည့်လာခြင်း ဖြစ်သည်ဟု ပြောရမည်နည်း။

ငွေရောင်ဆံပင်နှင့်လူသည် အန်လင်းအား မြင်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ ဖြစ်ပေါ်လာခြင်း မရှိဘဲ သူ၏မျက်နှာသည် အမူအရာ ကင်းမဲ့လျက်သာ ရှိနေလေသည်။

အန်လင်း ခံစားမိသည်မှာ ထိုငွေရောင်ဆံပင်နှင့် လူသည် ပြောင်းလဲ သွားသည်ဟူ၍ပင်။ ထိုလူသည် ပိုမိုအေးစက်ကာ ကြောက်မက်ဖွယ် ကောင်းလာသည်။

ထိုလူသည် သူ့အား တိုက်ခိုက်ခြင်း မရှိသလို အသိအမှတ်ပင် မပြုချေ။ ထိုအခါမှသာ အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ရှိုက်နိုင်တော့သည်။

အနီးကပ် လေ့လာ ကြည့်လိုက်သည့် အခါတွင် ထိုလူမှာ အနည်းငယ်မျှ တွေဝေ မိန်းမော နေဟန် ရှိသည်။ ထို့ကြောင့် အန်လင်း၏ ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်ချည်း ပေါ်လာတော့သည်။

ဒီလူက အခုဖြစ်ရပ်ရဲ့ အရင်းခံပဲ ဖြစ်ရမယ်။ အခုပဲ ဒင်းကို တိုက်ခိုက် ကြည့်သင့်လား။

လက်သီးတင်းတင်း ဆုပ်လိုက်သည့် အခါ သူ၏ လက်ချောင်းထိပ်များတွင် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာသည်။

တောင်ခွင်း လက်သီး။

ရွှေလက်သီးသည် အတွယ်အတာ မဲ့နေသည့် ငွေရောင်ဆံပင်နှင့် လူထံသို့ ပြင်းထန်စွာ ထိုးနှက် လိုက်လေသည်။

ဘုန်း …

ပြင်းထန်အား ကောင်းသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီးနောက် ငွေရောင်ဆံပင်နှင့် လူ၏ ရေခဲငှက်သည် အစိတ်စိတ်အပိုင်းပိုင်း ကျိုးကြေအက်ကွဲကာ ကောင်းကင်ထက်မှ တုန်ယင်စွာဖြင့် ကျဆင်း လာလေသည်။

လျှပ်စီးအား လိုသလို အသုံးပြုနိုင်သော နည်းစနစ်။

ကောင်းကင်ထက်မှ အပြာရောင် လျှပ်လင်းတန်းများ ကျဆင်းလာပြီး ငွေရောင်ဆံပင်နှင့် လူအား ပစ်ခတ် လိုက်လေသည်။

ထိုလူသည် နှစ်ချက်ဆင့် တိုက်ခံခြင်း ခံလိုက်ရသည်ကြောင့် ကောင်းကင်မှ တစ်ရှိန်ထိုး ပြုတ်ကျလာသဖြင့် အန်လင်းမှာ စိုးရိမ်စွာဖြင့် ကြည့်နေမိသည်။

သို့သော်လည်း ထိုအခိုက်အတံ့မှာပင် ငွေရောင် ဆံပင်နှင့်လူ၏ လက်သည် အပြာရောင် လက်သွားပြီးနောက် ပေတစ်ရာခန့်ရှိမည့် ရေခဲဇာမဏီ တစ်ကောင် ပေါ်လာပြီးနောက် လေထုအလယ်မှာပင် ၎င်းအား ဖမ်းယူလိုက်သည်။

ထိုလူသည် အန်လင်းအား စိုက်ကြည့် လိုက်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။ ထိခိုက်ဒဏ်ရာ ရရှိထားပုံ မရချေ

“အန်လင်း : …”

ထိုသည်ကို မြင်သည့်အခါတွင် အန်လင်းသည် ထိုလူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိရှိလိုက် ရသည့်အတွက် ချက်ချင်း ဆိုသလို အုတ်ခဲပေါ်တက်ကာ ထွက်ပြေးတော့သည်။ ယခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဤအခြေအနေအား ဂိုဏ်း၏ အကြီးအကဲများထံ သတင်းပေး အကြောင်းကြားရန် ဖြစ်သည်။

ငွေရောင်ဆံပင်နှင့် လူသည် တဖြည်းဖြည်းနှင့် တစ်စုံတစ်ခုအား နားလည် သဘောပေါက် လာသည်။ "အိုး … အဲဒီတော့ သူက ငါတိုက်ခိုက်ရမယ့် ရန်သူပေါ့"

ငွေရောင်ဆံပင်နှင့် လူသည် ရေခဲဇာမဏီပေါ်သို့ ပျံတက်လိုက်ပြီးနောက် သူ၏ လက်များတွင် အပြာရောင် အလင်းများ ထွက်ပေါ်လာသည်။ ရေခဲဖြင့် ပြုလုပ်ထားသော အနက်ရောင်လှံ တစ်ချောင်းသည် အေးစက်သည့် အော်ရာများ ထုတ်လွှတ်ကာဖြင့် လေထဲ၌ ပေါ်လာသည်။

အနက်ရောင်ရေခဲလှံတွင် ပါဝင်သည့် စွမ်းအားမှာ လွန်စွာ များပြားလွန်း သည်ကြောင့် ဖြတ်သန်းလာရာ ပတ်ဝန်းကျင်ကိုပါ တုန်ခါစေသည်။ လှံသွားသည် မှင်ကဲ့သို့ နက်မှောင်နေပြီး လာရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးအား ထိုးခွင်းနိုင်မည့်ပုံ ပေါ်သည်။

ထိုလူသည် အန်လင်းအား ကြည့်လိုက်ပြီးနောက် အနက်ရောင်လှံအား ပစ်လွှတ်လိုက်သည်။

လှံလာရာ လမ်းတစ်လျှောက်တွင် အနက်ရောင် အခိုးအငွေ့များ ကျန်နေရစ်ပြီး မိုးကြိုး လျှပ်စီးကဲ့သို့ အဆုံးအစမဲ့သည့် စွမ်းအားဖြင့် လေထုအား ဖြတ်သန်း လာသည်။ ချက်ချင်း ဆိုသလိုပင် လှံနှင့် အန်လင်းကြားရှိ အကွာအဝေး သည်လည်း နီးကပ်လာသည်။

အရာအားလုံးသည် အန်လင်းအတွက် တုံ့ပြန်ချိန်ပင် မရှိလောက်အောင် လျင်လျင်မြန်မြန် ဖြစ်ပွားသွားခြင်း ဖြစ်သည်။ အန်လင်းသည် သူ့ထံသို့ ပျံသန်း လာနေသည့် အနက်ရောင်လှံအား စိုက်ကြည့်နေမိပြီး နောက်တွင် သူ၏ ဖရိုဖရဲ သတ္တုအုတ်ခဲနက်အား ဝင်တိုက်မိလေသည်။

ဟုတ်သည်။ ငွေရောင်ဆံပင်နှင့်လူ ရှိနေသည့် နေရာမှဆိုလျှင် သူ၏ အနက်ရောင်လှံသည် အန်လင်း၏ ခြေထောက်အောက်တွင် ရှိနေသည့် အုတ်ခဲကိုသာလျှင် ပစ်ခတ် မိနိုင်လေသည်။

ဘုန်း …

အုတ်ခဲ၏ အောက်ခြေမှ အဖျက်အဆီး စွမ်းအားများ မြင့်တက်လာသည်။

စွမ်းအင်ပေါက်ကွဲရာမှ  ထွက်ပေါ်လာသည့် လှိုင်းများသည် ပတ်ဝန်းကျင်ရှိ တောင်တန်းများကို တုန်ခါအက်ကွဲစေပြီး လေပြင်းများ ဖြစ်ပေါ်စေသည်။

အန်လင်းသည် အုတ်ခဲ၏ အောက်ခြေကို ရိုက်ခတ်လာသော အလွန်ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားမိသည်ကြောင့် သူ၏အုတ်ခဲအား ဒုံးကျည် တစ်စင်းကဲ့သို့ ရူးသွပ်ဖွယ် အရှိန်ဖြင့် တစ်ရှိန်ထိုး ပျံသန်း ထွက်ပြေးတော့သည်။ မာကြောသော အန်လင်း၏ ခန္ဓာကိုယ် သည်ပင်လျှင် ရူးသွပ်လောက်ဖွယ် အလျင်ကြောင့် နှစ်ပိုင်း ဆုတ်ဖြဲလု နီးနီးအထိ ခံစားရလေသည်။

စက္ကန့်ပိုင်းမျှ ကြာပြီးသည့် နောက်တွင် အန်လင်းသည် အရုဏ်ဦး ကောင်းကင် တောင်ထိပ်သို့ သူ၏ 'ဒုံးကျည်' နှင့်အတူ အောင်မြင်စွာ ရောက်ရှိ လာတော့သည်။

ငွေရောင်ဆံပင်နှင့် လူသည် အန်လင်းအား ဗလာ မျက်လုံးများဖြင့် ကြည့်နေမိသည်။ "ဘယ်လိုဖြစ်ပြီး မဖောက်နိုင်ရတာလဲ။"

အန်လင်းသည် အစက်အပြောက်မျှသာ မြင်ရတော့သည့် ငွေရောင် ဆံပင်နှင့်လူအား ငုံ့ကြည့်လိုက်သည်။ ထိုလူအား ကျေးဇူးတင်သင့်၊ မတင်သင့် ဟူသည်ကို မဝေခွဲနိုင်ဘဲ ရှိနေသည်။

ပျက်ပြယ်ခြင်း အဆင့်ရှိ ကျင့်ကြံသူများ၏ တိုက်ပွဲများမှာ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထို့ကြောင့် အရုဏ်ဦးကောင်းကင် တောင်ထိပ်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းနှင့် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူများ အတွက် သီးသန့်တိုက်ပွဲပြင် ဖြစ်လာတော့သည်။

တိုက်ပွဲဖြစ်ပွားရာမှ ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုများသည် တောင်ကြောအား တစ်လွှာပြီး တစ်လွှာ ပြိုကျလာစေသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်သစ်တောများ လျော့ကျစေသလို ကျောက်တုံး ကျောက်ခဲ များသည်လည်း ကျောက်စကျောက်နများ အဖြစ်သို့ ပြောင်းလဲသွားရသည်။

နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်သည်သာလျှင် သက်တံရောင်စုံ အလင်းတန်းများ ဖြန့်ကျက်လျက်ရှိသော မန္တန်ဝင်္ကပါ၏ အကာအကွယ် အောက်တွင် ရှိနေသည့် အတွက် အထိအခိုက်မရှိဘဲ ကျန်ရှိနေခြင်း ဖြစ်သည်။

အန်လင်းသည် အချိန်ဖြုန်း မနေတော့ဘဲနှင့် အကြီးအကဲ တစ်ဦးအား ငွေရောင်ဆံပင်နှင့် လူ၏ အသေခံ ဖောက်ခွဲရေး အစီအစဉ်အား အသိပေး လိုက်လေသည်။

အကြီးအကဲသည် အန်လင်းအား လေးနက်စွာ ကြည့်လာပြီးနောက် ချက်ချင်း ဆိုသလိုပင် အကြီးအကဲ အားလုံးထံ စိတ်ဖြင့် ဆက်သွယ်ကာ အရုဏ်ဦး ကောင်းကင် တောင်ထိပ်ရှိ အခြေအနေအား အကြောင်း ကြားလိုက်သည်။

လေထဲတွင် တိုက်ခိုက်လျက်ရှိသည့် တောင်သခင် အားလုံးသည်လည်း ထိုသတင်း အချက်အလက်အား ရရှိကြလေသည်။ သို့သော်လည်း သူတို့၏ တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်နေသည့် အတွက်ကြောင့် ငွေရောင်ဆံပင်နှင့် လူအား အာရုံစိုက်ဖို့ရာ မစွမ်းသာပေ။

ထို့ကြောင့် ယင်းတာဝန်မှာ အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်း၏ အကြီးအကဲ အားလုံးထံ ကျရောက်သွားသည်။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ အစ်ကြီးအကဲ အချို့သည်  သူတို့၏ နတ်ဘုရား အာရုံများအား ထုတ်လွှတ် လိုက်ပြီးနောက် ရေခဲဇာမဏီပေါ်ရှိ လူအား ဖမ်းချုပ် လိုက်လေသည်။

ဤသည်မှာ အန်လင်း လုပ်ဆောင်နိုင်သည့် အတိုင်းအတာ ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ တိုက်ပွဲပြင်သည် သူရှိနေသင့်သည့် နေရာ မဟုတ်ချေ။ ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန် ထွက်ခွာ ရပေလိမ့်မည်။

လေထုထဲရှိ ဆီးနှင်းပွင့်များသည် ရေခဲဓားသွားများ အဖြစ်သို့ ပြောင်းလဲ သွားပြီးနောက် အန်လင်း၏ အရေပြားအား ဖြတ်တောက် နေလေသည်။ ကံကောင်းသည်မှာ အန်လင်းသည် အထွတ်အထိပ် မြေကြာပန်း အတတ်အား ကျင့်ကြံထားသဖြင့် ရေခဲဓားသွားများ၏ ချွန်ထက်မှုသည် သူ၏အရေပြားအား မထိုးဖောက်နိုင်ပေ။

သို့သော်လည်း ထိုအချိန်မှာပင် ရေခဲနဂါး တစ်ကောင်သည် ရုတ်တရက် ဆိုသလို မြေပြင်မှ ထိုးထွက် လာပြီးနောက် အန်လင်းထံသို့ ပြေးဝင်လာသည်။

လခွမ်းဟေ့ … ငါ့ဆီလာနေ ကြတာလား။

အန်လင်းသည် သူ့အရှေ့ရှိ မြင်ကွင်းကြောင့် တုန်လှုပ် နေမိသည်။ သူ၏ ခြေဖဝါးအောက်တွင် လေကွင်းဝိုင်းများ ပေါ်လာပြီးနောက် သူ၏ အမြန်နှုန်းမှာလည်း တစ်ဟုန်ထိုး တိုးမြင့် လာသော်လည်း ရေခဲနဂါးထံမှ လွတ်မြောက်ရုံသာလျှင် ဖြစ်သည်။

အရှေ့သို့ ကြည့်လိုက်သည့် အခါတွင် ရေခဲနဂါးသည် အခြားတိုက်ပွဲမှ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း အခြားမြင်ကွင်း တစ်ခုကြောင့် အန်လင်းမှာ မလှုပ်ရှား နိုင်တော့ပေ။

သွေးစွန်းနေသည့် ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးသည် မြေပြင်တွင် ဒူးတစ်ဖက် ထောက်လျက် ရှိသည်။ သူမ၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ယင် နေသည်။

သူမ၏လက်ထဲရှိ ပုံပျက်နေသော တိမ်ဓားရှည်မှာလည်း ကိုင်ဆောင်သူ၏ ချီစွမ်းအင် ဆုံးရှုံးမှကြောင့် မှေးမှိန် လာလျက် ရှိသည်။

ထိုသည်မှာ တိုက်ပွဲ လက္ခဏာရပ်များ ဖြစ်သည်။ မည်သည့်အရာကိုမျှ အာရုံစိုက်ခြင်း မရှိလျှင် ဤကဲ့သို့သော ဝမ်းနည်းဖွယ် ဖြစ်ရပ်မျိုးကို တွေ့ရလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း အကြောင်းအရာ တစ်ခုအား အာရုံစိုက်လိုက်မိသည့် အခါတွင် လျင်လျင်မြန်မြန်ပင် မြေပြင်ပေါ်ရှိ အသက်မဲ့ ခန္ဓာကိုယ်များနှင့် သွေးချောင်း စီးနေမှုတို့အား သတိပြုသွားသည်။ ဂိုဏ်းသားများစွာသည် ရန်သူ့ လက်အတွင်း၌ သက်ဆင်း နေကြရပေပြီ။

ဤတိုက်ပွဲတွင် အသေအပျောက် အရမ်းများသည့် အတွက် သေခြင်းတရား သည်လည်း သူနှင့် နီးကပ်လာနေပြီ ဖြစ်သည်။

ယခုအချိန်တွင် ထွက်ခွာသွားမည် ဆိုပါက အဆိုပါ အမျိုးသမီးသည် ဤနေရာတွင် သေချာပေါက် သေဆုံး သွားပေလိမ့်မည်။ ထိုအမျိုးသမီးအား တန်ရှီယွမ် ဟု ခေါ်လေသည်။

ငွေရောင်ဆံနွယ်နှင့် အမျိုးသမီးသည် နှင်းဓားရှည် တစ်လက်အား ဝှေ့ယမ်းကာဖြင့် တန်ရှီယွမ်ထံသို့ ပြေး၍ သွားပြီးနောက် ဓားချက်ပေါင်းများစွာ ခုတ်ပိုင်း လိုက်သည်။

တန်ရှီယွမ်သည် ဦးခေါင်းအား မော့ကာဖြင့် သူမထံ မိုးစက်မိုးပေါက် များသဖွယ် ကျရောက်လာသည့် ထက်မြိနေသော ဓားခုတ်ချက်များအား ခံယူလိုက်သည်။

သူမသည် ခုခံနိုင်စွမ်း မရှိတော့ပေ။ သို့သော်လည်း သူမ၏ လှပသည့် မျက်နှာလေးအား မော့ကာဖြင့် နှင်းပျိုမဒီအား လက်ထဲတွင် ကိုင်ဆောင်ထားသော တိမ်ဓားဖြင့် ထိုးသွင်း လိုက်သည်။

ပထမနည်းစနစ် - ဝါယောဓား။

အန်လင်းသည် လျှပ်တစ်ပြက် အတွင်းမှာပင် ငွေရောင်ဆံနွယ်နှင့် အမျိုးသမီးထံ ရောက်ရှိ သွားပြီးနောက် မိစ္ဆာရှင်းဓားကို ထုတ်ကာ အဖြူရောင် ဓားခုတ်ချက်တစ်ခု ထုတ်လွှတ် လိုက်လေသည်။

ငွေရောင်ဆံနွယ်နှင့် အမျိုးသမီး၏ မျက်ဆံများသည် မှေးကျဉ်း သွားပြီးနောက် သူမ၏ဓားကို ဆွဲထုတ်ကာ ခုခံလိုက်သည်။

ခွမ်း …

သူမ၏ နှင်းဓားရှည်သည် အန်လင်းခုတ်ချက်၏ တစ်ဝက်ကို သာလျှင် ခုခံနိုင်သည်ကြောင့် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်တွင် ပြတ်ရှ သွားတော့သည်။

လေထုထဲသို့ အပြာရောင်သွေးများ ပန်းထွက်လာပြီး သူမ၏ ရင်ဘတ်တွင် ကြီးမားသည့် ဓားခုတ်ရာတစ်ခု ပေါ်လာသည်။

ငွေရောင်ဆံနွယ်နှင့် အမျိုးသမီးမှာ ပြင်းထန်သည့် ဒဏ်ရာ ရရှိလိုက်သည့် နောက်တွင် သိသိသာသာ ပြောင်းလဲ သွားပြီးနောက် ခွန်အားရှိသမျှနှင့် ဆုတ်ခွာ သွားတော့သည်။

သို့သော်လည်း တန်ရှီယွမ်၏ တိုက်ခိုက်မှု သည်လည်း ထိုအချိန်မှာပင် သူမထံသို့ ရောက်ရှိလာသည်။

တိမ်တိုက်ကကြိုး။

သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တိမ်မြူမျှင်များအသွင် ဖြစ်ပေါ်လာပြီး လျှပ်စီးကဲ့သို့ လျင်မြန်သည့် အဖြူရောင် ဓားခုတ်ချက် တစ်ခုသည် နှင်းပျိုမဒီထံသို့ ကျဆင်း လာလေသည်။

နှင်းပျိုမဒီသည် နောက်သို့ ပြန်ဆုတ်နေသော်လည်း တန်ရှီယွမ်က ပိုမြန်လေသည်။

ခုတ်ချက်များသည် ထိုအမျိုးသမီးပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာနေပြီး နာကျင်မှုကြောင့် အော်ဟစ် လာစေသည်။ နောက်ဆုံးတွင် ဓားခုတ်ချက် တစ်ခုသည် သူမ၏ လည်ပင်းအား ခုတ်ပိုင်းလိုက်သည့် အတွက်ကြောင့် တိုက်ပွဲသည် ပြီးဆုံးခြင်းသို့ ရောက်ရှိ သွားလေသည်။

တန်ရှီယွမ်၏ ခန္ဓာကိုယ်သည် အားအင်ကုန်ခမ်းကာ မောပန်းမှုကြောင့် အနည်းငယ် ယိမ်းထိုးနေသည်။ သူမသည် အန်လင်းအား ကျေးဇူးတင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

အန်လင်းသည် သူမအား မရည်ရွယ်ဘဲနှင့် ကယ်တင်လိုက်ခြင်း ဖြစ်သဖြင့် ကျေးဇူးတင်ရန် မလိုကြောင်း ပြောချင်သော်လည်း ရုတ်တရက် ဆိုသလို သူ၏အမူအရာမှာ ပြောင်းလဲ သွားပြီးနောက် တန်ရှီယွမ်အား ခုန်အုပ် လိုက်တော့သည်။

***

All Chapters