အရုပ်လေး၏ ရွေးချယ်မှု
Vol. 12 Ch. 167
ချန်ချင်းဟန်သည် နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်၏ ဖမ်းချုပ်ထားခြင်း ခံရသည်ကြောင့် သန့်စင်သော ရေခဲကုန်းမြေ အပါအဝင် မုန့်ကျီနှင့် ပတ်သက်သမျှ မှတ်ဉာဏ် အားလုံးသည် တဖြည်းဖြည်း လွင့်ပါး ခဲ့ရသည်။
မျှော်စင်ထဲတွင် အဆုံးမဲ့သည့် အမှောင်ထုမှအပ ဘာမျှမရှိချေ။
အိပ်စက်ခြင်းမှအပ သူလုပ်နိုင်သည့်အရာ ဘာမျှမရှိချေ။
နိုးထ လာသည့်အခါတွင် သူသည် ချန်ချင်းဟန် အစစ် ဖြစ်လာပေလိမ့်မည်။ မုန့်ကျီ၏ အရုပ်ကလေး ပင်းဖူ မဟုတ်တော့ချေ။ သို့သော်လည်း အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်း ဂိုဏ်း၏ ဂုဏ်ယူဖွယ်ရာအဖြစ် ဆက်လက် နေထိုင်နိုင်မည် ဖြစ်သည်။
ကမ္ဘေကမ္ဘာ ကုန်လွန် သွားပုံရသည်။
ရုတ်တရက်ဆိုသလို ပြင်းထန်သည့် ပေါက်ကွဲသံ ကြားလိုက် ရပြီးနောက်တွင် အသိစိတ် ပြန်လည် ရရှိလာခဲ့သည်။
ချန်ချင်းဟန်သည် အက်ကွဲနေသည့် အဖြူရောင်ဖန်တုံးများ အလယ်တွင် နိုးထ လာပြီးနောက် မတ်တတ် ရပ်လိုက်သည်။
ထို့နောက်တွင် အရုဏ်ဦးကောင်းကင် တောင်ထိပ်အား မုန်တိုင်းဝင်မွှေ သွားသည်ကို မြင်လိုက်ရပြီး သူ၏ပတ်လည်တွင် ရုပ်အလောင်းများစွာ တွေ့လိုက်ရသည်။ သူ့အား စိုက်ကြည့် နေကြသည့် ရှင်သန်ကျန်ရစ်သူ များစွာကိုလည်း တွေ့လိုက်ရသည်။
ခေါင်းမော့ ကြည့်လိုက်သည့် အခါတွင် ကောင်းကင်တွင် တိုက်ခိုက်နေသည့် ပုံရိပ်များစွာအား တွေ့လိုက်ရသည်။ ခါးသီးစွာ ပြုံးလိုက်ပြီးနောက်တွင် အသိစိတ် ပြန်လည် ရရှိလာလေပြီ။ “ဪ … ဒီလိုတွေ ဖြစ်ခဲ့တာကိုး။”
များမကြာမီတွင် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှ အကြီးအကဲ တစ်ဦးသည် ရှေ့သို့ ထွက်လာသည်။
“မင်းက ချန်ချင်းဟန်လား ပင်းဖူလား။”
ချန်ချင်းဟန် … ပင်းဖူ ဟုတ်လား။
သူ၏စိတ်ထဲတွင် မှတ်ဉာဏ်များ ပြန်ပေါ်လာပြီး ယခင်ကအတိုင်း ကြည်လင် ပြတ်သားလျက် ရှိသည်။
ကြက်သေ သေသွားပြီးနောက် မျက်လုံးများ ပြူးကျယ်ကာ အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်း ဂိုဏ်းမှ အကြီးအကဲများအား ကြည့်လိုက်သည်။ “ခင်ဗျားတို့ ဘာတွေ လုပ်ခဲ့ကြတာတုန်း။ ကျုပ်စိတ်ထဲမှာရှိတဲ့ သန့်ရှင်းသော ရေခဲကုန်းမြေက မှတ်ဉာဏ်တွေကို ဖျက်ပစ်မှာလို့ မပြောခဲ့ဘူးလား။ ဒါပေမဲ့ အဲဒီ အကြောင်းတွေက ကျုပ်က ဘာဖြစ်လို့ ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေရ သေးတာတုန်း။”
“အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှ အကြီးအကဲ အားလုံး : …”
ထိုအချိန်တွင် ကောင်းကင်ထက်၌ ရုတ်တရက် ဆိုသလို ကြီးမားသည့် ရေခဲဆောင်တစ်ခု ပေါ်လာကာ တောင်သခင်သုံးဦးအား ဖမ်းချုပ် ထားလေသည်။
အလွန်လှပ သိမ်မွေ့သည့် ငွေရောင်ဆံပင်နှင့် အမျိုးသမီးသည် ကောင်းကင်ထက်မှ ဆင်းသက် လာပြီးနောက် ချန်ချင်းဟန်အား တင်းကျပ်စွာ ပွေ့ဖက် လိုက်သည်။
သူမသည် သန့်ရှင်းသော ရေခဲကုန်းမြေ၏ သူတော်စင် နှင်းနတ်ဘုရားမ မုန့်ကျီ ဖြစ်လေသည်။
"အရုပ်လေးရေ … ငါနင့်ကို လာခေါ်တာ။ ငါနဲ့လိုက်ခဲ့ပါနော်။"
လွန်ခဲ့သည့်အချိန်က အလွန်စွမ်းအားကြီးကာ ဝံ့ကြွားစွာဖြင့် ပျက်ပြယ်ခြင်း အဆင့်ရှိ ကြီးမားသော ပုံရိပ်သုံးခုနှင့် တိုက်ခိုက်ခဲ့သူ သူတော်စင်မသည် ယခုအခါတွင် သနားစဖွယ် မိန်းမငယ်လေး အသွင်ဖြင့် ပေါ်လာလေသည်။ သူမသည် ချန်ချင်းဟန်၏ အဝတ်များကို တင်းတင်း ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ၊ စိုးရိမ်မှုများ ပြည့်နေလေသည်။
ချန်ချင်းဟန်သည် အသိပြန်လည် လာပြီးနောက် မုန့်ကျီအား ညင်သာစွာဖြင့် အဝေးသို့ တွန်းပို့လိုက်သည်။ "မလုပ်နိုင်ပါဘူး။ ငါ့ရဲ့အဖေက ဒီနေရာမှာလေ။ အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်း ဂိုဏ်းကနေ ထွက်မသွားပါဘူးလို့ ကတိပေးထားတယ်။"
"နင့်အဖေက ဒီမှာလို့ ဘယ်သူက ပြောလို့။ နှင်းနတ်ဘုရား နန်းဆောင်မှာ နင့်အဖေကို ငါဖမ်းချုပ် ထားတယ်။" မုန့်ကျီသည် စိတ်လှုပ်ရှားမှုကြောင့် သူမ၏ ရွှေရောင်မျက်လုံး များသည် ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်နေ လေသည်။ အနည်းငယ် တောင်းပန် တိုးလျှိုးနေသည်နှင့်ပင် တူလှသည်။
"ဟမ်" ချန်ချင်းဟန်၏ မျက်လုံးများ ပြူးကျယ် လာပြန်သည်။
"ဒီလိုပါ။ ငါ့ရဲ့ မူလရည်ရွယ်ချက်က နင်ရဲ့ နင့်အဖေကို အလဲအလှယ် လုပ်ဖို့လေ။ ဒါပေမဲ့ အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းက သဘောမတူဘူး။ အဲဒါကြောင့် နင့်အဖေကို တစ်ချိန်လုံး ဖမ်းထား ပစ်လိုက်တာ။" မုန့်ကျီ၏ အသံသည် ပို၍ ပို၍ ဖျော့တော့လာနေပြီး အမှားပြုလုပ် ထားသည့် အမျိုးသမီးငယ်လေး အသွင်နှင့် တူနေလေသည်။
ချန်ချင်းဟန်မှာ ရှုံ့မဲ့လာလေသည်။ သူ၏ မှတ်ဉာဏ်များသာ ပျောက်ဆုံး သွားပါက ထိုသူတော်စင်မအား တုံ့ဆိုင်းခြင်း မရှိဘဲနှင့် သေချာပေါက် တိုက်ခိုက်ပစ်မည် ဖြစ်သည်။ သို့သော်လည်း ယခုအနေအထားမှာမူ …
"ကောင်းပြီ။ ပြန်လိုက်ခဲ့မယ်။ ဒါပေမဲ့ သန့်ရှင်းသော ရေခဲကုန်းမြေကို ပြန်ရောက်တာနဲ့ ငါ့အဖေကို လွှတ်ပေးမယ်လို့ ကတိပေး ရမယ်နော်။" ချန်ချင်းဟန်သည် လေးနက်သည့် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"လွှတ်ပေးမှာပေါ့။ သန့်ရှင်းသော ရေခဲကုန်းမြေမှာ တော်ဝင် ဧကရီကလွဲပြီး ကျန်တဲ့သူ အားလုံးက ငါ့အမိန့်ကို နားထောင် ကြရတယ်လေ။" မုန့်ကျီသည် ချိုသာစွာ ပြုံးလိုက်ပြီးနောက် သူမ၏ အရှေ့တွင် ရှိနေသည့် အမျိုးသားအား ကြည့်လိုက်သည်။ ထိုမြင်ကွင်းမှာ လွန်ခဲ့သော ရာစုနှစ် အနည်းငယ်ကနှင့် တူလှသည်။
ဘုန်း …
တောင်သခင်သုံးဦးသည် ရေခဲဆောင်အား ဖောက်ခွဲ လိုက်လေသည်။ ချန်ချင်းဟန်အား မုန့်ကျီနှင့် အတူ မြင်လိုက်ရသည့် အခါတွင် သူတို့၏ အမူအရာသည် မဲမှောင် လာတော့သည်။
"ချင်းဟန် … အဲဒီလမ်းကို ဆက်မလိုက်ပါနဲ့တော့။ ထပ်ပြီးတော့ ဆုံးဖြတ်ချက် အမှားကို လုပ်မယ်ဆိုရင် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းက မင်းရဲ့အိမ် မဖြစ်နိုင်တော့ဘူး။" အရုဏ်ဦး ကောင်းကင် တောင်ထိပ်မှ အကြီးအကဲ အမျိုးသမီး တစ်ဦးသည် သူမ၏ တောင်ဝှေးအား တင်းတင်း ဆုပ်ကိုင်ကာဖြင့် လေးနက်စွာ ပြောလာသည်။
အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်း တစ်ခုလုံးတွင် စွမ်းအားအကြီးဆုံးဟု သူမ လက်ခံထားသည့် တစ်ဦးတည်းသောသူမှာ ချန်ချင်းဟန် ဖြစ်သည်။ ထို့ကြောင့် သူ့အား နှင်းမိစ္ဆာချိပ်ပိတ် မျှော်စင်တွင် ချုပ်နှောင်ထားသည့် ကာလပတ်လုံး သူမသည်လည်း စိတ်နှလုံး ကွဲကြေခဲ့ရသည်။
ချန်ချင်းဟန်သည် ခေါင်းမော့ကာဖြင့် ထိုအဘွားအိုအား ကြည့်လိုက်သည်။ ထို့နောက်တွင် နွေးထွေးသည့် အပြုံးဖြင့် "ဒီတစ်ချိန်လုံး ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့လို့ ဘွားဘွားရှောင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူးလေ။"
"သွားကြစို့" မုန့်ကျီအား လှည့်ပြောလိုက်သည်။
မုန့်ကျီသည် လေးပင်စွာဖြင့် ခေါင်းညိတ် လိုက်ပြီးနောက် ဝင်္ကပါ စိတ်ဝိညာဉ်နှင့် တိုက်ခိုက် နေဆဲဖြစ်သည့် ရေခဲနဂါး ကိုးကောင်အား ဆင့်ခေါ်လိုက်သည်။ ရေခဲနဂါးများသည် အဝေးမှ ပျံသန်း လာကြပြီးနောက် ချန်ချင်းဟန်အား ရစ်နှောင် လိုက်သည်။ ပျက်ပြယ်ခြင်း အဆင့်ရှိ နန်းတော်သခင် နှစ်ဦးနှင့် စွမ်းအားကြီး နှင်းပျို မဒီများသည် လာရာလမ်းအတိုင်း ပြန်လည် ထွက်ခွာ သွားကြလေသည်။
တောင်ထိပ်သခင်များနှင့် အကြီးအကဲများသည် လိုက်လံ ဖမ်းဆီးခြင်း မပြုကြချေ။ မန္တန်ဝင်္ကပါ၏ ကာကွယ်ပေးမှု မရှိလျှင် သူတို့သည် မုန့်ကျီ၏ပြိုင်ဘက် မဟုတ်ကြချေ။
ဤတိုက်ပွဲတွင် သူတို့ ရှုံးနိမ့်ခဲ့ကြရသည်။
နေလုံးသည် မိုးကုတ် စက်ဝိုင်းအတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားလေပြီ။ ကောင်းကင်တွင် ကြယ်များပင်လျှင် ထွက်ပေါ်စပြုနေပြီ ဖြစ်သည်။
နေရာအနှံ့တွင် ချိုင့်တွင်းများ ချောက်နက်များ ဖြစ်ပေါ်နေပြီး အရုဏ်ဦးကောင်းကင် တောင်ထိပ်သည် ကြီးမားသည့် တိုက်ပွဲကြောင့် ဆုံးရှုံးမှု များပြားလှသည်။ တောင်တစ်ခုလုံး သည်ပင်လျှင် အချိန်မရွေး ပြိုကျ ပျက်စီး သွားနိုင်သည်။
တောင်သခင်များသည် သူတို့၏တိုက်ပွဲအား ကောင်းကင်ထက်တွင် မပြုလုပ်ခဲ့ပါက အရုဏ်ဦး ကောင်းကင် တောင်ထိပ်သည် မြေသားအဖြစ်သာ ကျန်ရှိပေလိမ့်မည် ဖြစ်သည်။
ဤတိုက်ပွဲတွင် အန်လင်းမှာ ရပ်ကြည့်သူတစ်ဦးသာ ဖြစ်ခဲ့သော်လည်း အချိန်မရွေး သေဆုံး သွားနိုင်သည်ဟု ခံစားနေရဆဲ ဖြစ်သည်။
ကံကောင်းသည်မှာ သူတော်စင်မသည် သူမ၏ ပိုင်ဆိုင်မှုအား ပြန်လည် သိမ်းယူရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ကြောင့် အသေအကြေ တိုက်ခိုက်ခြင်း မပြုခဲ့ချေ။ သို့မဟုတ်လျှင် မမျှော်မှန်းထားသည်မှာ ဖြစ်လာပေလိမ့်မည်။
တိုက်ပွဲ၏ အဆုံးတွင် အရုဏ်ဦး ကောင်းကင် တောင်ထိပ်တွင် ဂိုဏ်းသား အချို့သာလျှင် ကျန်ရှိတော့သည်။
အန်လင်းသည် ရွှမ်ယွမ်ချန်နှင့် တန်ရှီယွမ်တို့အား ဂိုဏ်း၏ ကုသရေးဌာနသို့ ပို့ဆောင်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသဖြင့် အထူးကုသရေး ဝင်္ကပါများ လိုအပ်ပေသည်။
နှစ်ဦးစလုံး ကုသရေး မန္တန်ဝင်္ကပါထဲ ရောက်ရှိသွားမှသာ အန်လင်းသည် သက်ပြင်းချနိုင်ပြီး ကုသရေးဌာနမှ ထွက်ခွာလာခဲ့သည်။
ထို့နောက်တွင် ကံကောင်းလွန်းသဖြင့် အေးအေးသက်သာ ရှိနေသော ရှောင်ချိုးနှင့် တပိုင်တို့ထံ သွားလိုက်သည်။
တပိုင်သည် အိပ်ပျော်နေခဲ့သည်ကြောင့် အန်လင်း၏ အပြောမှတစ်ဆင့် တိုက်ပွဲ အကြောင်းအား သိရှိလိုက်ရသည်။ ရှောင်ချိုးမှာမူ မလိုအပ်လျင် တိုက်ပွဲထံ ဝင်မပါရန် ညွှန်ကြားထားရခြင်း ဖြစ်သည်။
သူ၏ သားရဲများ အဆင်ပြေပြေ ရှိနေကြာင်း သေချာပြီးနောက်တွင် အန်လင်းသည် စူးစမ်းလေ့လာခြင်း စတင်ပြန်သည်။
သတိမပြုမိခင်မှာပင် အရုဏ်ဦး ကောင်းကင် တောင်ထပ်သို့ ပြန်ရောက်လာလေသည်။
ဤနေ့လယ်ခင်းကပင် ရှုခင်းကြည့်ရန် အတွက် ဤနေရာသို့ ရောက်လာခဲ့ပြီး အရုဏ်ဦး ကောင်းကင် တောင်ထိပ်၏ ရှုမြင်ကွင်းများအား ချီးကျူးခဲ့ပြီး အဓိက တောင်ထိပ်ငါးခုတွင် အလှပဆုံးသော တောင်အဖြစ် ထိုက်တန်ကြောင်း ပြောဆိုခဲ့သေးသည်။ သို့သော်လည်း နေ့တစ်ဝက် မတိုင်ခင်မှာပင် တောင်ထိပ် တစ်ခုလုံးသည် အပျက်အစီးပုံ အဖြစ်သို့ ပြောင်းလဲသွားပြီး အဓိက တောင်ထိပ်ငါးခုတွင် အဆိုးဝါးဆုံးသော တောင်ထိပ်အဖြစ်သို့ ရောက်ရှိ သွားလေသည်။
ကျောက်ချပ် တစ်ခုပေါ်တွင် လဲလျောင်းပြီးနောက် ကောင်းကင်ရှိ ကြယ်များကို ကြည့်ကာ တွေးတောနေမိသည်။
ငွေရောင်ဆံပင်နှင့်လူသည် သူ၏ အဆုံးစီရင်မည့် အကြံအစည်အား မည်သည့်အတွက် အသိပေးခဲ့သနည်း။ ချန်ချင်းဟန်၏ မှတ်ဉာဏ်များသည် မည်သည်ကြောင့် ပျက်စီးသွားခြင်း မရှိသနည်း။ ထိုမေးခွန်းများကို သူမဖြေရှင်းနိုင်ပေ။
ရုတ်တရက်ဆန်သည့် ဤတိုက်ပွဲတွင် ဂိုဏ်းသားများစွာ သေဆုံးခဲ့ရပြီး အကြီးအကဲ အချို့ပင် ပါဝင်သေးသည်။
လူငယ်ပါရမီရှင် ကျန့်ယန်သည်လည်း သိပ်မကြာသေးသည့် ကာလ အတွင်းကပင် တိုက်ပွဲ အဆုံးစီရင် ခဲ့သေးသည်။
ကျင့်ကြံ၏လောကမှ တိုက်ပွဲများသည် ရက်စက်ကြမ်းကြုတ် ကြသည်ဟု ဆိုရမည်ပင်။ တစ်နေ့နေ့တွင် ကြီးမားသည့် ပုံရိပ်များသည် ရုတ်တရက် ဆိုသလို ပေါ်လာပြီး သူ၏ မျက်လုံးထဲတွင် စိတ်တိုင်းမကျပါက သတ်ဖြတ်ခံ ရနိုင်ပေသည်။
"ဟူး … ငါက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို ရောက်နေပေမဲ့လည်း အားနည်းတယ်လို့ ခံစားနေရတုန်းပဲ။" အန်လင်းသည် သက်ပြင်းချလိုက်သည်။
သူ့ကိုယ်သူ စုံထောက် ကိုနန် (Detective Conan) ဟုပင် ခံစားမိနေသည်။ အကြောင်းမှာ သူရောက်ရှိသည့် နေရာတိုင်းတွင် တစ်ခုခု ဖြစ်ပျက်လေ့ရှိပြီး ထိုအဖြစ်အပျက်များ အားလုံးသည် မြေပင်ကို အက်ကွဲစေသည်အထိ ကြီးကျယ်လွန်း လှသည်။
ကနဦးတွင် သူတွေးထင်ခဲ့သည်မှာ တာအိုခန္ဓာအဆင့်ရှိ ကျင့်ကြံသူများအား နိုင်ထက်စီးနင်း ပြုနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဟုပင်။ သို့သော်လည်း သူရင်ဆိုင်ရသည့် ရန်သူ အားလုံးသည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်နှင့် ပျက်ပြယ်ခြင်းအဆင့်ရှိ သောက်ဆရာကြီးများ ဖြစ်နေကြသည်။
အန်လင်းသည် ထိုသို့ တွေးမိသည့်အခါတွင်း သက်ပြင်းသာ ချမိတော့သည်။
အကြောင်းရယ် မသိဘဲ သူ၏အကြည့်သည် ကြယ်တစ်လုံးထံ ကျရောက် သွားလေသည်။
ထိုကြယ်သည် လုံးဝန်းပြီး ဖျော့တော့သည့် အလင်း ထုတ်လွှတ်နေသည်မှာ လအသေးစား လေးအား ချိတ်ဆွဲထားသည်နှင့်ပင် တူနေသေးသည်။
"ဒီ … ကြယ်က ထူးဆန်းလိုက်တာ။ ကြယ်အတုများလား။"
***