ငါနဲ့သက်ဆိုင်တာကို ရှောင်လွှဲလို့မရဘူး
Vol. 24 Ch. 349
လေပြင်းများ တဟူးဟူးတိုက်ခတ်နေလျက်ရှိပြီး တိုင်အာနတ်မြို့၏ မြို့သခင်သည် နတ်အရိုင်းမြေအထက် လေပေါ်တွင် ရပ်နေလျက်ဖြင့် အဝေးမှ လမ်းပြလူငယ်ကို ကြည့်နေသည်။
မြို့သခင်က နတ်လိပ်ကြီး၏ နှာခေါင်းပေါက်နားတွင် ရှိနေလေသည်။ နှာခေါင်းပေါက်များက မီးတောင်ပွင့်နှစ်လုံးပမာပင် လေပူများ မှုတ်ထုတ်နေသည်ကို သူ ခံစားမိလေ၏။
မြို့သခင် သက်ပြင်းချလိုက်၏။ သူ၏သက်တမ်း ၉၀% ခန့်ကို နတ်အရိုင်းမြေထဲတွင် ကုန်ဆုံးခဲ့သည့်တိုင်အောင် နတ်အရိုင်းမြေထဲတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီး တည်ရှိနေသည်ကို မသိခဲ့ရချေ။ ယင်းက ကြေကွဲစရာပင်။
" လူသား... မင်းကိုကြည့်ရတာ ငါ့ကို ပြောစရာရှိနေပုံပဲ " နတ်လိပ်ကြီး၏ ဦးခေါင်းထက်မှ လမ်းပြလူငယ်က ပလွေကို လက်ထဲတွင်ကိုင်ကာ ထရပ်လာပြီး မြို့သခင်ကို ပြုံးပြကာ..." မင်းက အတော်လေး တော်သားပဲ။ စိတ်ဝိညာဥ်စစ် လုံကွေ့ရဲ့ ဖိအားအောက်မှာတောင် မင်းက တည်ငြိမ်နိုင်နေသေးတယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့်မျိုးနဲ့ဆိုရင် ဒါမျိုးက အတော်ကိုရှားပါးတယ် "
လက်ရှိတွင် ပြင်းထန်သော လေပြင်းများကြောင့် မြို့သခင်၏ အဝတ်များ ကြမ်းတမ်းစွာပင် လှုပ်ခတ်နေလေသည်။
" စိတ်ဝိညာဥ်စစ် လုံကွေ့ " မြို့သခင်က အသာခေါင်းယမ်းကာ... " ကျုပ် နားလည်ပြီ။ ကျုပ် နတ်အရိုင်းမြေကို ဖြတ်သွားတုန်းက ရှေးဦးစိတ်ဝိညာဥ်အကြောင်းကို လူတွေ ပြောနေကြတာ ကြားခဲ့ဖူးတယ် "
" ရှေးဦးမျိုးစိတ်တွေမှာ ရှေးဟောင်းနတ်သားရဲတွေရဲ့ သွေးမျိုးဆက် တစ်စွန်းတစ်စလောက် ရှိကြပေမဲ့ အတော်ကြီးကို အားနည်းကြတာကြောင့် မျိုးစိတ်အနေနဲ့ ခေါ်ကြတယ်။ ရှေးဦးစိတ်ဝိညာဥ်တွေ အမွေဆက်ခံထားတဲ့ သွေးမျိုးဆက်ကတော့ ရှေးဦးမျိုးစိတ်တွေထက် အများကြီးပိုထူထဲတယ်။ သူတို့က ရှေးဟောင်းနတ်သားရဲတွေရဲ့ ပုံပန်းသွင်ပြင်အတိုင်း ပေါ်လွင်နေတာကြောင့် ရှေးဦးစိတ်ဝိညာဥ်လို့ ခေါ်ကြတယ် "
" စိတ်ဝိညာဥ်စစ် လုံကွေ့ဆိုတာ လုံကွေ့ရဲ့မျိုးဆက်ပဲ ဖြစ်မယ် "
ဒဏ္ဍာရီလာ လုံကွေ့သည် နတ်သားရဲတစ်ကောင် ဖြစ်လေ၏။ လုံကွေ့သည် နဂါးဦးခေါင်းနှင့် လိပ်ခန္ဓာကိုယ်ရှိပြီး စစ်မှန်နဂါး၏ သားတော်ကိုးပါးထဲမှ တစ်ပါးဖြစ်လေသည်။ လုံကွေ့၏ခန္ဓာကိုယ်က ကြီးမားကာ ခွန်အားက အကန့်အသတ်မဲ့သည်။ လုံကွေ့က ကြယ်တစ်လုံးကိုပင် သယ်ဆောင်သွားနိုင်လေ၏။
" မဆိုးဘူး... မင်းက ချောင်ကျတဲ့နေရာမှာ မွေးလာခဲ့ပေမဲ့ အသိပညာဗဟုသုတတော့ မချို့တဲ့ဘူး " လမ်းပြလူငယ်က ပြုံးနေဆဲပင်။
" ခင်ဗျားက လူသား မဟုတ်ဘူးလား " မြို့သခင်က လမ်းပြလူငယ်ကို ကြည့်ကာ မေးလိုက်သည်။ သူ အမြဲတမ်းလိုပင် သံသယဖြစ်နေခဲ့ရလေ၏။
လမ်းပြလူငယ်က ခေါင်းယမ်းကာ... " မဟုတ်ဘူး။ ငါက ပျက်စီးခြင်းမျိုးနွယ်က မွေးဖွားလာတာ။ ငါ့ရဲ့ ရုပ်ရည်သွင်ပြင်က လူသားတွေနဲ့ မကွာခြားပေမဲ့... ကွာခြားချက်ကတော့ ပျက်စီးခြင်းသားရဲတွေနဲ့ ဆက်သွယ်နိုင်တဲ့ ငါတို့ရဲ့ သီးသန့်စွမ်းရည်ပဲ "
ပျက်စီးခြင်းမျိုးနွယ်...။ ပျက်စီးခြင်းသားရဲတွေနဲ့ ဆက်သွယ်နိုင်တယ်...။
မြို့ရိုးထက်မှ စစ်သည်များမှာ ထိုကဲ့သို့ မျိုးနွယ်မျိုးကို မကြားဖူးကြပေ။
မြို့သခင်ကမူ သိလေသည်။ ဤလောကကြီး လူသားမျိုးနွယ်တစ်ခုတည်းဖြင့် ကန့်သတ်ထားသည်မဟုတ်ပေ။ အခြားမျိုးနွယ်များလည်း ရှိကြလေ၏။ ထိုမျိုးနွယ်များထဲတွင် လူသားမျိုးနွယ်ထက် အရေအတွက်ပိုများသော မျိုးနွယ်အချို့လည်း ရှိကြလေသည်။
" ပျက်စီးခြင်းမျိုးနွယ်... ကျုပ် နားလည်ပြီ။ ခင်ဗျားက ကျုပ်တို့ရဲ့ တိုင်အာနတ်ပြည်ထောင်ကို ဘာကြောင့် ဖျက်ဆီးချင်ရတာလဲ ဆိုတာကို သိလို့ရမလား "
" ငါ လုပ်စရာရှိလို့ပါ " လမ်းပြလူငယ်က ခေါင်းယမ်းပြကာ... " ငါ တိုင်အာနတ်ပြည်ထောင်ကို တကယ်ပဲ မဖျက်ဆီးချင်ပါဘူး။ ကံဆိုးချင်တော့ နတ်အရိုင်းမြေပတ်လည်မှာရှိတဲ့ တိုင်းပြည်အချို့က ငါ လုပ်ချင်တဲ့အရာအတွက် အနှောင့်အယှက်ဖြစ်နေတယ်။ ဒါကြောင့် ငါက ဖျက်ဆီးဖို့ပဲရှိတယ် "
လမ်းပြလူငယ်က ပေါ့ပေါ့တန်တန်ပင် ဆိုလိုက်ချိန်တွင် မြို့ရိုးထက်မှ လူအများ ရင်ထိတ်သွားလေ၏။ ခင်ဗျား တစ်ခုခုလုပ်ချင်တာနဲ့ပဲ တိုင်းပြည်တွေကို ဖျက်ဆီးမှာတဲ့လား။
" ခင်ဗျား တစ်ခုခုလုပ်ချင်တာနဲ့ပဲ သန်းပေါင်းသိန်းချီတဲ့ အသက်တွေကို ဖျက်ဆီးပစ်မယ်ပေါ့လေ " မြို့သခင်၏ အသံက တင်းမာနေပြီး ဓားမောက်ကို တင်းတင်းဆုပ်ထားလေသည်။
" အဲ့ဒီတော့ ဘာဖြစ်လဲ "
လမ်းပြလူငယ်က ပလွေကို ပွတ်သပ်ကာ..." လူသားတွေ ရှင်သန်နိုင်အောင် သဘာဝသက်ရှိမျိုးစုံကို ထောက်ပံ့ပေးထားပေမဲ့ လူသားတွေကတော့ ကောင်းကင်ဘုံကို ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး။ လူသားတွေက သဘာဝတရားဆီကနေ လက်ဆောင်မွန်တွေ ရရှိနေကြပေမဲ့ အဲ့ဒါကို သူတို့ရဲ့ အကျိုးစီးပွားလို့ပဲ တစ်သက်လုံး ထင်နေကြတယ် "
" မင်းတို့ သဘာဝတရားဆီကနေ အထိန်းအကွပ်မဲ့ ထုတ်ယူသုံးစွဲကြတယ်။ သန်းပေါင်းသိန်းချီတဲ့ မင်းတို့တွေ ပိုပြီးတော့တောင် ထုတ်ယူသုံးစွဲကြဦးမှာပဲ။ မင်းတို့တွေ ရှင်သန်ဖို့အတွက် သက်ရှိအရာတွေကို စက္ကန့်တိုင်းမှာ သတ်ဖြတ်နေကြတာပဲ မဟုတ်ဘူးလား။ မင်းတို့တွေ သတ်ဖြတ်ခဲ့တဲ့ အရေအတွက်က လူသားအရေအတွက်ထက်တောင် ပိုများသေးတယ် "
" လောကကြီးက နှလုံးသားမဲ့ပြီး အရာအားလုံးကို နိမ့်ကျတဲ့အရာတွေလိုပဲ ဆက်ဆံတယ်။ သန်မာသူတစ်ဦးရှေ့မှာဆိုရင် လူသားတွေက ခွေးတွေဝက်တွေနဲ့ မခြားဘူး။ မင်းတို့တွေ အခြားသက်ရှိတွေကို သတ်နိုင်နေတာဟာ မင်းတို့က သန်မာတာကြောင့်ပဲ။ အခြားသက်ရှိတွေက မင်းတို့ကို သတ်လာခဲ့ရင် သူတို့က ပိုသန်မာတာကြောင့်ပဲ။ ဒါဟာ ကောင်းကင်တာအိုရဲ့ ရှောင်လွဲလို့မရတဲ့အရာလို့ ပြောလို့ရတဲ့ အစာကွင်းဆက်တစ်ခုပဲ "
" မင်းတို့တွေတင် မကဘူး... ကြီးမားတဲ့ ကမ္ဘာကြီးတွေတောင် ပြိုလဲနိုင်တယ်။ ဖွဲ့စည်းမှု ၊ ဖြစ်တည်မှု ၊ ပျက်သုဥ်းမှု... ဒါတွေအားလုံးက ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခုပဲ "
လမ်းပြလူငယ်က ပွင့်လင်းစွာပြောလိုက်ချိန်တွင် မြို့သခင် ကျောချမ်းသွားရလေ၏။ သူ ဝန်မခံချင်သည့်တိုင်အောင် လမ်းပြလူငယ် ပြောသွားသည်မှာ ကျိုးကြောင်းဆီလျော်ကြောင်း သဘောတူမိသည်။
သူတို့၏ရှေ့တွင် ပိုမြင့်မားသော ကောင်းကင်တာအို ရှိနေသည်ဆိုလျှင် သန်းပေါင်းတစ်သိန်း သက်ရှိများကို ဖျက်ဆီးပစ်လျှင်ပင် အဘယ့်အရေးပေနည်း။ ကြယ်နှစ်လုံး ဝင်တိုက်မိလျှင်လည်း သန်းပေါင်းသိန်းချီသော အသက်များ သေဆုံးရမည်သာ ဖြစ်လေသည်။ သို့ရာတွင် မည်သူကများ ကြယ်များကို ရက်စက်သည်ဟု ဆိုမည်နည်း။
" ဒါဆိုလည်း ကျုပ်တို့တွေ ညှိနှိုင်းဖို့မလိုတော့ပါဘူး " မြို့သခင် သက်ပြင်းရှည်ကြီး ချလိုက်လေ၏။
" ဖျက်ဆီးသင့်တာကို နောက်ဆုံးမှာ ဖျက်ဆီးပစ်ရမှာပဲလေ "
လမ်းပြလူငယ်က ခပ်ဖွဖွဆိုလိုက်သည်..." မင်းနဲ့ မင်းရဲ့အပေါင်းအပါတွေ ဒီနေရာက ထွက်သွားမယ်ဆိုရင် အသက်ရှင်နိုင်လိမ့်မယ်။ ငါက မင်းကို အသိအမှတ်ပြုတာကြောင့် မင်းက ဒီနေရာမှာ သေကံမရောက်သင့်ဘူး "
" ကျုပ် ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျုပ်နဲ့ သက်ဆိုင်တာကို ရှောင်လွှဲသွားလို့မရဘူး " မြို့သခင်က ဓားမောက်ကို ဆွဲထုတ်လိုက်သည်။ လေးပေခန့်ရှည်သော ဓားမောက်၏ အလင်းကြောင့် နေရောင်ပင် အေးခဲသွားရဟန် ရှိလေသည်။
မြို့ရိုးထက်မှ ခုနစ်စင်ကြယ်စေတီပိုင်ရှင်သည်လည်း သက်ပြင်းချကာ သိုလှောင်လက်စွပ်ထဲမှ လှံရှည်တစ်ချောင်း ထုတ်ယူလိုက်သည်။
ဖြစ်လာတော့မည့် တိုက်ပွဲ၏ ခက်ခဲမှုကို လူတိုင်း ခံစားမိကြသည်။ ယင်းသည် မရဏတိုက်ပွဲတစ်ခုဖြစ်ပြီး သူတို့ထဲမှ လူတော်တော်များများ သေဆုံးရမည့်ကံကြမ္မာ ပါလာလေသည်။
" ယီယွင်... ငါ မင်းကို ခေါ်ထုတ်သွားပေးမယ် "
ဓားဆွဲထုတ်သံများနှင့် လေကြိုးခတ်သံများ မြည်ဟီးနေချိန်တွင် ခန်းယန်က ယီယွင်ဆီသို့ အသံပို့လွှတ်လာသည်။
" ဘယ်လို " ယီယွင် အံ့အားသင့်သွားလေသည်။ ထိုစဥ် ခန်းယန်၏လက်က ယီယွင်၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။ ယီယွင်သည်သာမက ယောင်တောက် ၊ ယန်ချန် ၊ ယွင်လုံနတ်ပြည်ထောင်မှ ပိုင် ၊ ဖုန်းလင် ၊ ချန်းရွှေနှင့် အခြားသူများကိုလည်း ဥပဒေထိန်းများနှင့် အကြီးအကဲများက ခေါ်သွားကြလေသည်။
" ကျုပ်တို့ မတိုက်ခိုက်ရဘူးလား "
ဖက်တီးက တုန်လှုပ်စွာ ဆိုလိုက်သည်။ သူ၏အသံက ရှင်းလင်းစွာပင် တုန်ခါနေသည်။ ငယ်ရွယ်နေသေးသည့် သူ့အဖို့ ဤကဲ့သို့မြင်ကွင်းမျိုးကို အဘယ်သို့များ ကြုံဖူးပါမည်နည်း။
လမ်းပြလူငယ်နှင့် သားရဲကြီးလုံကွေ့တို့နှင့် ရင်ဆိုင်ရချိန်၌ ဖက်တီးက မကြောက်ဟုဆိုလျှင် လိမ်ရာကျပေမည်။ ထိုကဲ့သို့ ဖြစ်တည်မှုများက လက်ကိုတစ်ချက်ယမ်းရုံနှင့်ပင် သူ့အား ပျောက်ကွယ်သွားစေနိုင်သည်။ လက်ရှိတွင် ဖက်တီး ဘေးကျပ်နံကျပ် ဖြစ်နေရလေ၏။
တစ်ဖက်တွင် သူ တိုင်အာနတ်မြို့၌ မနေလို့တော့ပေ။ သူ ဖိနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လေ၏။ သို့သော် အန္တရာယ်ကြုံလာချိန်တွင် ထွက်ပြေးသည်မှာ ရှက်စရာကောင်းလွန်းလှသည်ဟု သူ ခံစားရသည်။ ထို့အပြင် မြို့အား ကာကွယ်ရန်အတွက် နေရစ်ခဲ့သူများ များစွာရှိနေသေးချေသည်။
" မင်းတို့တွေ တိုက်ပွဲမှာဝင်ပါရင် ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲ ဖြစ်နေလိမ့်မယ်။ တိုင်အာနတ်မြို့ မလုံခြုံတော့တဲ့ အခြေအနေမျိုးကို ရောက်လာခဲ့ရင် မင်းတို့အားလုံးကို ခေါ်သွားဖို့ မြို့သခင်က ငါ့ကို ညွှန်ကြားထားတယ် "
မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ သူတို့၏ လူငယ်မျိုးဆက်များက သူတို့၏အနာဂတ် ဖြစ်လေသည်။ သူတို့က အချည်းနှီးသက်သက် စတေးခံကြမည်မဟုတ်ပေ။
သူတို့၏ တိုင်းပြည်များ ပျက်စီးသွားခဲ့လျှင် အနာဂတ်အချိန် လူငယ်မျိုးဆက်များ ကြီးပြင်းလာချိန်၌ သူတို့၏ တိုင်းပြည်များကို ပြန်လည်တည်ထောင်နိုင်လေသည်။
ယီယွင် ၊ ပိုင် ၊ ဖုန်းလင်တို့ တိတ်ဆိတ်နေကြသည်။ လူတိုင်းသည် အမြဲတမ်းလိုပင် အတ္တစိတ်နှင့် အသိတရားစိတ်တို့အကြား ဟန်ချက်ညီစွာ ရှိကြရသည်။ သူတို့သည် အန္တရာယ်ကြုံလာချိန်တွင် ထွက်ပြေးလိုခြင်း မရှိကြသော်လည်း နေရစ်ခဲ့ကာ အသေခံရန်မှာလည်း အကျိုးမရှိကြောင်း သိကြလေသည်။
ကြောက်နေဟန်ရှိသည့် ဖက်တီးက အံကျိတ်ကာ..." ကျုပ်တို့က စစ်သည်တွေပါ။ ကျုပ်တို့ စီနီယာတွေကို တိုက်ခိုက်ခိုင်းပြီး ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ "
" ဒါဆိုလည်း မင်း နေရစ်ခဲ့ပြီး အခြားသူတွေက ထွက်သွားကြ " ခန်းယန်က အပိုစကားများ မပြောလိုချေ။ လက်ရှိတွင် အချိန်က အရေးကြီးလေသည်။ ထိုသို့သာမဟုတ်ပါက လက်ရွေးစင်များ ထွက်သွားနိုင်မည်မဟုတ်တော့ပေ။
ချန်းရွှေ ချက်ချင်းပင် ပါးစပ်ပိတ်သွားရလေ၏။
ယီယွင်၏အမူအရာ လေးနက်နေသည်။ သူက စိုးရိမ်စွာဖြင့် ဆိုလိုက်လေ၏... " စီနီယာခန်းယန်... ကျုပ်တို့အားလုံးကို ထွက်သွားခိုင်းတယ်ဆိုတော့ ခင်ဗျားတို့တွေက သေ...."
ဖွဟဲ့...ဖွဟဲ့...ဖွဟဲ့...။
ခန်းယန်က ကြားဖြတ်ပြောလေသည်..." ပါးစပ်ပုပ်တဲ့ကောင်... အသက်ရှင်နိုင်မယ်ဆိုရင် ဘယ်သူက သေချင်မှာလဲဟ "
" ဒီနှစ်တွေမှာ တိုင်အာနတ်မြို့က ပမာဏများပြားတဲ့ အမွေအနှစ်တွေနဲ့ ဗျူဟာမြောက် အရံအစီအစဥ်တွေ စုဆောင်းထားတယ်။ ဓားနဲ့ဓားမောက် သင်္ချိုင်းတွေရဲ့ အစီရင်ကြီးနဲ့ဆိုရင် အချိန်တစ်ခုအထိ ခုခံထားလို့ရတယ်။ ငါတို့ ပညာရှိတွေနဲ့ လူသားအရှင်သခင်တွေက ဆုတ်ခွာမှာမဟုတ်ဘူး။ တိုင်အာနတ်မြို့ဆိုတာ သားရဲအုပ်တွေကို ခုခံနိုင်တဲ့ ခံတပ်စခန်းတစ်ခုပဲ။ ဒီမြို့ ကျရှုံးသွားခဲ့ရင် သားရဲအုပ်က တိုင်အာနတ်ပြည်ထောင်ထဲ ဝင်လာကြလိမ့်မယ်။ အဲ့ဒီလိုဆိုရင်တော့ သားရဲအုပ်ကို ဘယ်အရာကမှ မတားနိုင်တော့ဘဲ ရှေ့ကိုချီတက်ကြလိမ့်မယ် "
" ငါက ထွက်ပြေးချင်ပေမဲ့လည်း ငါ အသက်ရှင်နေထိုင်လာတာ အတော်ကြာနေပြီ။ ဒါကြောင့် ငါ သိက္ခာရှိချင်သေးတယ်။ နတ်ပြည်ထောင်က ငါ့ကို ပညာရှိနယ်ပယ် ရောက်စေခဲ့တာကြောင့် ငါရဲ့လက်ကျန်သက်တမ်းအချို့နဲ့ ကျေးဇူးပြန်ဆပ်တာက ဆုံးရှုံးစရာမရှိပါဘူး။ ဒါပေမဲ့ မင်းတို့အားလုံးက မတူကြဘူး။ မင်းတို့ရဲ့ ရှင်သန်မှုက နတ်ပြည်ထောင်အတွက် အကြီးမားဆုံး တန်ဖိုးတစ်ခုပဲ "
ခန်းယန်က ရုတ်တရက်ပင် ကျယ်လောင်စွာ အော်ရယ်ကာ..." ဟားဟားဟား... မင်းတို့ ပိုင်တဲ့အရာက မင်းတို့ရဲ့အပိုင်ပဲ။ မင်းတို့ မပိုင်တဲ့အရာကို ဘယ်လောက်ပဲ ကြိုးစားပါစေ မင်းတို့ရဲ့အပိုင် ဖြစ်လာမှာမဟုတ်ဘူး။ ဒါ့အပြင် ငါက မသေလောက်ပါဘူး "
ခန်းယန် စကားပြောနေချိန်မှာပင် သူ၏ဆန္ဒများကို ပြောမိသွားကြောင်း သတိရသွားကာ သူ၏ပါးစပ်အား ရိုက်လိုက်လေပြီး..." ချီးပဲ... ဘယ်လိုဖြစ်ပြီး ငါ့ရဲ့စကားလုံးတွေက ပိုပိုပြီးတော့ ရယ်စရာကောင်းလာရတာလဲ။ မြို့သခင်ရဲ့ အစီအစဥ်အတိုင်း လိုက်နာမယ်ဆိုရင် ငါတို့တွေ အသက်ရှင်နိုင်လောက်တယ်။ လောလောဆယ်တော့ မင်းတို့အားလုံး အမြန်ထွက်သွားကြတော့ "
ယွင်လုံနတ်ပြည်ထောင်မှ အခြားအကြီးအကဲတစ်ဦးက လူငယ်ကျင့်ကြံသူများကို လိုက်ပို့ပေးရန် ပြင်လိုက်လေသည်။
ယခုက ဟန်ဆောင်နေရန် အချိန်မဟုတ်ပေ။ တိုင်အာနတ်မြို့တွင် ကြီးမားသော အကာကွယ်အစီရင်တစ်ခု ရှိနေသော်လည်း ထိုအစီရင်ကြီးက စိတ်ဝိညာဥ်စစ် လုံကွေ့၏ တိုက်ခိုက်မှုအား ခံနိုင်မည်လားကို မည်သူသိနိုင်ပါအံ့နည်း။
" ဗဟိုနတ်မျှော်စင် ပထမအလွှာမှာ ခရီးတို တည်နေရာကူးအစီအရင်တစ်ခု ပြင်ဆင်ထားတယ်။ မင်းတို့တွေကို အဝေးပို့ပြီးသွားရင် အဲ့ဒီမှာ လေသင်္ဘောတစ်စီး စောင့်နေလိမ့်မယ် "
ယီယွင် ၊ ပိုင်နှင့် အခြားလက်ရွေးစင်များအပြင် တိုင်အာနတ်မြို့မှ အခြားကျင့်ကြံသူများကိုလည်း ရွေ့ပြောင်းပေးရန် စီစဥ်ထားလေသည်။ ဝမ်ယွီနှင့် ပထမနှစ်လက်ရွေးစင်များကဲ့သို့ အခြားကျင့်ကြံသူများ ၉၅% ခန့်ကိုမူ လွန်ခဲ့သော တစ်လခန့်ကတည်းကပင် ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်လေသည်။
အစက ယီယွင် ၊ ပိုင် ၊ အခြားလက်ရွေးစင်များကို ချန်ထားရစ်ခဲ့သည်မှာ သားရဲအုပ်မြင်ကွင်းကို ပြသပြီး အတွေ့အကြုံအချို့ ရရှိစေရန်အတွက် ဖြစ်လေသည်။ သို့သော် အခြေအနေကြီးထွားမှုက ပညာရှိများနှင့် အဖွဲ့အစည်းများ မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။ သားရဲအုပ်နှင့် လေ့ကျင့်စေရန်မှာ ယခုအခါတွင် မဖြစ်နိုင်တော့ပေ။
ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများ တည်နေရာကူးအစီအရင်ဆီသို့ သွားနေကြလေသည်။ လော့ဟော်အာနှင့် အစေခံမလေး တုန်းအာတို့က တည်နေရာကူးအစီအရင်ထဲသို့ ခိုးဝင်ရန်မျှော်လင့်ကာ လူအုပ်ကြားထဲတွင် ခိုးကြောင်ခိုးဝှက် ရှိနေကြလေသည်။
သူမ တည်နေရာကူးအစီအရင်ဆီသို့ သွားနေချိန်တွင် ခြောက်ကပ်ကပ် ချောင်းသံတစ်ခု ကြားလိုက်ရသည်။
" ခဏနေပါအုံး မိန်းကလေးလော့ "
အမ်...။
လော့ဟော်အာ လန့်ခုန်မိသွားကာ လှည့်ကြည့်လိုက်လေရာ သူမအား ခန်းယန်က ပြုံးပြနေသည်ကို မြင်လိုက်ရသည်။
" ဘာ...ဘာလဲဟင် "
ထိုအဖိုးကြီး၏အပြုံးက နိမိတ်မကောင်းလှဟု လော့ဟော်အာ ခံစားမိနေသည်။
" စိတ်မကောင်းပါဘူး... မိန်းကလေးလော့ ထွက်မသွားစေဖို့ကို မြို့သခင်က အထူးညွှန်ကြားထားပါတယ် "
" ဘာကြောင့်လဲ " လော့ဟော်အာ ပြောစရာမဲ့သွားရလေ၏။ သူမမှလွဲ၍ လူတိုင်း ထွက်ခွာနိုင်သည်တဲ့လား။
ခန်းယန်သည်လည်း ကူရာမဲ့သည်။ နောက်ဆုံးအခြေအနေသာ မဟုတ်လျှင် ပညာရှိတစ်ဖွဲ့က မိန်းမငယ်လေးတစ်ဦးကို အခက်တွေ့စေရန် လုပ်ကြပါမည်လော။
" မိန်းကလေးလော့... ကျုပ်လည်း ဖိအားပေးခံရလို့ ဒီကိစ္စကို လုပ်ရတာပါ။ မိန်းကလေးလော့အနေနဲ့ ဒီကိစ္စအကြောင်းကို မိန်းကလေးရဲ့မိသားစုဆီမှာ အကူအညီတောင်းဖို့ နည်းလမ်းရှိလောက်တယ်မလား "