ထွက်ခွာခြင်း
Vol. 24 Ch. 350
လော့ဟော်အာက အထင်ကြီးဖွယ်ရာနောက်ခံမှ လာခဲ့သည်ကို ခန်းယန် သိသည်။ ထို့အပြင် သူမ၏မိသားစုထဲတွင် လော့ဟော်အာက အရေးပါပုံရလေ၏။
ဤအခြေအနေမျိုးတွင် သူမကို တိုင်အာနတ်မြို့သို့ တစ်ယောက်တည်း စေလွှတ်ထားခဲ့သည့် သူမ၏မိသားစုက လော့ဟော်အာကို အကာအကွယ်မပေးဘဲ ထားလိမ့်မည်မဟုတ်ပေ။
လော့ဟော်အာတွင် အသက်ကယ်နည်းလမ်းအချို့ ရှိနေပုံရသည်။ ထိုအသက်ကယ်နည်းလမ်းက လမ်းပြလူငယ်ကို ယှဥ်နိုင်ခြင်းမရှိလျှင်မူ လော့ဟော်အာသည် လအနည်းငယ်ခန့်ကတည်းကပင် သူမ၏မိသားစုဆီသို့ သတင်းပို့ကာ အကာအကွယ်တောင်းဆိုပေလိမ့်မည်။
လက်ရှိတွင် တိုင်အာနတ်ပြည်ထောင်က ရေနစ်နေသော လူတစ်ဦးပမာ ဖြစ်နေလေသည်။ အသက်ကယ်ရန်အတွက် မြက်တစ်ပင်ကိုပင် ဆွဲထားလိမ့်မည်သာ ဖြစ်လေ၏။
လော့ဟော်အာကို အမှီပြုပြီး တိုင်အာနတ်မြို့ကို ကယ်တင်ပေးနိုင်မည့် အခွင့်အရေးမှာ အလွန်သေးငယ်နေသည့်တိုင်အောင် ဘာမျှမရှိသည်ထက်စာလျှင် ပိုကောင်းသေးလေသည်။
တိုင်အာနတ်မြို့၏ ပညာရှိတစ်ဦးဖြစ်သည့် ကျန်းကဲ့အဖို့ လော့ဟော်အာကဲ့သို့ မိန်းမငယ်လေးတစ်ဦးကို ဤကိစ္စအား ထုတ်ပြောရန်အတွက် အလွန်ရှက်လှလေသည်။ ထို့ကြောင့် အရေအထူဆုံးဖြစ်သည့် ခန်းယန်ထံသို့ ဤတာဝန်ကြီး ကျရောက်သွားခဲ့ခြင်း ဖြစ်လေသည်။
" မိသားစုတဲ့လား။ ဘာမိသားစုလဲ " လော့ဟော်အာက ဘာမျှမသိသည့်ပမာပင် မျက်ဖြူလန်ပြလိုက်သည်။
ယီယွင်သည်လည်း ခြေလှမ်းများ ရပ်လိုက်သည်။ သူက နောက်တွင်ရှိနေသည့် လော့ဟော်အာနှင့်ခန်းယန်အား ကြည့်နေသည်။
ခန်းယန်သည် လော့ဟော်အာက မသိနားမလည်သည့်ပမာ ဟန်ဆောင်လိမ့်မည်ကို မျှော်လင့်ထားခဲ့ပြီးဖြစ်၍ ခြောက်ကပ်ကပ်ချောင်းဟန့်ကာ လက်များပွတ်သပ်၍ ဆိုလေသည်..." ဒီလိုလိုအပ်နေတဲ့ အချိန်မျိုးမှာ ဒီအဖိုးကြီးကို ဟာသမလုပ်ပါနဲ့တော့ မိန်းကလေးလော့ရယ်။ ငါတို့က တိုင်အာနတ်မြို့မှာ နေထိုင်ကြတဲ့ အသက်ပေါင်းများစွာနဲ့ အလောင်းအစားလုပ်နေကြရတာပါ။ အခြားရွေးချယ်စရာသာ ရှိနေခဲ့မယ်ဆိုရင် ဒီအဖိုးကြီးက မျက်နှာအိုကြီးကို အပျက်ခံပြီး မင်းကို ဒီအကြောင်းတွေ ပြောနေမှာမဟုတ်ပါဘူး "
" အသက်တွေက တန်ဖိုးရှိပါတယ်။ ကျုပ်တို့ အဖိုးကြီးတွေမှာ အသက်ရှင်ဖို့ နှစ်တွေအများကြီး မကျန်တော့တာကြောင့် ကျုပ်တို့အဖိုးကြီးတွေ အသက်ဆုံးရှုံးရတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့နောက်မှာ သန်းပေါင်းသိန်းချီတဲ့ တိုင်းသူပြည်သားတွေ ရှိနေတယ်။ အဲ့ဒီတိုင်းသူပြည်သားတွေထဲမှာ လက်ထပ်ပြီးခါစ ဇနီးမောင်နှံတွေ ၊ မွေးခါစကလေးတွေ ပါတယ်...."
" သားရဲအုပ်ထဲမှာ အဲ့ဒီတိုင်းသူပြည်သားတွေ သေဆုံးသွားရတာကို မိန်းကလေးလော့ မြင်ချင်မှာမဟုတ်ဘူးလို့ ကျုပ်ထင်တယ်။ အဲ့ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် လူသားတစ်ဦးအတွက် အတော်ကြီးမားတဲ့ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတော့မှာပဲ " ခန်းယန်က အလေးအနက် ဆိုလိုက်လေသည်။
ချောင်းနားထောင်နေသည့် ယီယွင်မှာ ခန်းယန်က စကားပြောကောင်းသူ့ဖြစ်ကြောင်း ဝန်ခံမိလေသည်။ ယခုတွင် လော့ဟော်အာသာ လှည့်ထွက်သွားပါက နှလုံးသားမဲ့သူတစ်ဦး ဖြစ်သွားပေလိမ့်မည်။
လော့ဟော်အာက ထိုအချင်းအရာကို နားလည်လေသောကြောင့် နှုတ်ခမ်းကိုက်ကာ ဆိုလိုက်လေသည်..." စီနီယာခန်းယန်... ကျွန်မက စီနီယာခန်းယန်တို့ကို မကူညီချင်တာ မဟုတ်ပါဘူး။ ကျွန်မ မကူညီနိုင်တာပါ။ စီနီယာခန်းယန် ထင်နေတာ မှန်ပါတယ်။ ကျွန်မက ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုက လာခဲ့တာပါ။ ဒါပေမဲ့ ကျွန်မရဲ့အနီးနားမှာ ကာကွယ်ပေးနေမဲ့ ကျွမ်းကျင်သူအချို့ ရှိနေလိမ့်မယ်လို့ ထင်နေတယ်ဆိုရင်တော့ ရှင်ထင်နေတာ မှားနေပြီ "
" ကျွန်မရဲ့ ကြီးမားတဲ့ အဖွဲ့အစည်းနောက်ခံနဲ့တောင် ကျွန်မက တိုင်အာနတ်မြို့ကိုလာပြီး လေ့ကျင့်နေရတာက ဘာကြောင့်လဲလို့ ထင်မိသလဲ " လော့ဟော်အာက မေးခွန်းနှင့်သာ အဖြေပေးလိုက်လေသည်။ ယီယွင်သည်လည်း အံ့အားသင့်သွားကာ ထိုအချက်ကို သိချင်မိသွားသည်။
" တကယ်တော့ ကျွန်မက ခိုလှုံသူတစ်ဦးအဖြစ် ရောက်လာတာပါ။ ကျွန်မရဲ့မိသားစုက စစ်ပွဲအလယ်ကိုရောက်နေပြီး အခြေအနေတွေက ဘေးအန္တရာယ်မကင်းဘူး။ အဲ့ဒါကြောင့်ပဲ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွန်မတို့မိသားစုရဲ့ ကလေးတွေကို ကမ္ဘာအနှံ့က မိသားစုအခွဲတွေဆီကို စေလွှတ်ပြီးတော့ မိသားစု အမြစ်ပြတ်သုတ်သင်ခံရပြီး မျိုးဆက်ပြတ်မသွားအောင် ကြိုတင်ကာကွယ်ထားတာပါပဲ "
" တိုင်အာနတ်ပြည်ထောင်မှာ ကျွန်မတို့မိသားစုရဲ့ မိသားစုအခွဲတစ်ခု ရှိနေတာကြောင့် ကျွန်မကို ဒီနေရာဆီ ပို့လိုက်တာပါ။ ကျွန်မရဲ့မိသားစုက အထွတ်အထိပ်မှာ ရှိနေခဲ့မယ်ဆိုရင်တော့ ကျွန်မ လေ့ကျင့်ရေးထွက်တဲ့အချိန်မှာ ကာကွယ်ပေးကြလောက်မှာပါ။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်မှာလဲ။ တိုင်အာနတ်ပြည်ထောင်ထဲက မိသားစုအခွဲက လျှို့ဝှက်ထားတာကို ဖော်ပြလာမယ်ဆိုရင်တောင် ဒီလိုသားရဲအုပ်မျိုးကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး "
ခန်းယန် လုံးဝပင် ပြောစရာမဲ့သွားရသည်။ စက္ကန့်သုံးဆယ်ခန့် ကြာပြီးနောက်တွင် ခန်းယန် သက်ပြင်းရှည်ကြီးချကာ ပိုမိုအိုစာသွားခဲ့ဟန် ရှိလေသည်။
" အဲ့ဒီလိုလား။ ဒီအတိုင်းဆိုရင်တော့ မိုးကောင်းကင်က ကျုပ်တို့ရဲ့ တိုင်အာနတ်မြို့ကို တကယ်ပျက်စီးစေချင်နေတဲ့ပုံပဲ " ခန်းယန် ခေါင်းယမ်းလိုက်၏။ ခန်းယန်သည် လော့ဟော်အာအပေါ်တွင် များစွာမျှော်လင့်မထားသော်လည်း လော့ဟော်အာက လုံးဝကူညီမပေးနိုင်ကြောင်း သိလိုက်ရချိန်တွင် သူ စိတ်မွန်းကျပ်နေရဆဲပင်။
တိုင်အာနတ်မြို့သာ ရှုံးနိမ့်သွားပါက ခန်းယန်အဖို့ တိုင်အာနတ်ပြည်ထောင် မည်သို့ဆက်ဖြစ်မည်ကို မတွေးရဲတော့ပေ။ တော်ဝင်မြို့တော်နှင့် စည်ကားသောမြို့ကြီးများ ပျက်သုဥ်းသွားကာ နတ်အရိုင်းမြေ၏ အစိတ်အပိုင်းများ ဖြစ်သွားချေမည်လော။
ထိုအရာကို တွေးမိချိန်တွင် ခန်းယန် ပိုမိုကာစိတ်မွန်းကျပ်သွားရသည်။
" သွားပါ " ခန်းယန် လက်ခါပြကာ လော့ဟော်အာ ထွက်သွားမည့်အရေးကို ခက်ခဲအောင် မလုပ်တော့ပေ။
လော့ဟော်အာ နှုတ်ခမ်းကိုက်ထားပြီး ထူးဆန်းစွာပင် စိတ်မကောင်းဖြစ်နေရသည်။ သူမက ထိုကိစ္စနှင့် မသက်ဆိုင်သော်လည်း တာဝန်မကင်းသလို ခံစားနေရသည်။
တစ်ခဏမျှ တွေးပြီးသည့်နောက် လော့ဟော်အာက တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်ဟန် ရှိလေသည်။ သူမ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းစာလိပ်တစ်ခု ထုတ်ယူကာ ခန်းယန်၏လက်ထဲသို့ ထည့်ပေးလိုက်လေ၏။
" စီနီယာခန်းယန်... ဒီဟာကို ကျွန်မရဲ့အဖေက ပေးထားခဲ့တာပါ။ ဒါက ကျွန်မ အသက်အန္တရာယ် ကြုံလာချိန်ကျရင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတစ်ခုပါ။ စီနီယာခန်းယန်က ဒါကို သုံးလို့ရပါတယ်။ အခုလက်ရှိမှာ တိုင်အာနတ်မြို့က အန္တရာယ်ကြုံနေရတာဆိုတော့ ကျွန်မတို့ မိသားစုအခွဲက ကျွန်မကို ခေါ်သွားကြဖို့များတယ် "
မူလက လော့ဟော်အာ၏ မိသားစုသည် တိုင်အာနတ်ပြည်ထောင်တွင် ဖြတ်သွားဖြတ်လာ ဧည့်သည်များသာဖြစ်လေ၏။ ယင်းသည် သစ်ပင်တစ်ပေါ်သို့ နားခိုလာသည့် အသိုက်ပြောင်းငှက်တစ်ကောင်သာ ဖြစ်လေ၏။
ယခုအခါ သစ်ပင် ပြိုလဲချိန်တွင် အသိုက်ပြောင်းငှက်က သစ်ပင်ကို ကူညီပေးနိုင်ခြင်း မရှိတော့လေသောကြောင့် အဝေးသို့သာ ပျံသန်းထွက်ပြေးရပေတော့မည်။
တည်နေရာကူးအစီအရင် တောက်ပနေလျက်ရှိပြီး ယီယွင် စိတ်များလေးလံစွာဖြင့် ထွက်သွားနေသည်။
တိုင်အာနတ်မြို့ မည်သို့ဖြစ်သွားမည်ကို သူ မသိပေ။ မြို့သခင် ၊ ကျန်းကဲ့ ၊ ခန်းယန်တို့အဖို့ မည်သည့်ကံကြမ္မာများနှင့် ကျန်ရစ်ခဲ့ကြလေမည်နည်း။
ယီယွင်ကိုယ်၌အတွက်မူ တိုင်အာနတ်ပြည်ထောင်သို့ ပြန်ရမည်ဖြစ်သည့်တိုင်အောင် တိုင်အာနတ်မြို့ ကျဆုံးသွားပါက မည်သည့်နေရာက ဘေးကင်းလိမ့်မည်နည်း။
တိုင်းပြည်များစွာကို ကျူးကျော်နေသည့် မဟာသားရဲအုပ်ကြီးနှင့်ဆိုလျှင် သူ၏လက်ရှိစွမ်းအားက ဧရာမလှိုင်းလုံးကြီးထဲမှ သေးငယ်သော ရေပွက်တစ်ခုပမာသာ ဖြစ်နေလိမ့်မည်ကို ယီယွင် သိသည်။ သူက ကူရာမဲ့နေသည်သာမက အချိန်မရွေးပင် ပျက်စီးသွားနိုင်လေသည်။ သူ့တွင် ရွေးချယ်စရာ မရှိတော့ပုံပင်။
ယီယွင်နှင့် လော့ဟော်အာတို့က တည်နေရာကူးအစီအရင်ထဲသို့ အတူဝင်သွားခဲ့ကြသည်။ အခြားတစ်ဖက်၌ လေသင်္ဘောတစ်စီး ရောက်ရှိနေပြီ ဖြစ်ချေ၏။ ရှည်လျားသော လေသင်္ဘောပေါ်တွင် လူငယ်လက်ရွေးစင်များ ရောက်နှင့်နေသည်ဖြစ်ပြီး တိုင်အာနတ်ပြည်ထောင်သို့ ပြန်လည်ဆုတ်ခွာမည်ကို စောင့်ဆိုင်းနေကြသည်။
ယန်ချန် ၊ ယောင်တောက်နှင့် အပေါင်းအပါများကို ယီယွင် မြင်လိုက်ရသည်။
မည်သူမျှ စကားမပြောကြလေဘဲ လေထုသည် တည်ငြိမ်နေလေ၏။
လော့ဟော်အာက ထောင့်တစ်နေရာတွင် ထိုင်ချကာ ငေးငိုင်နေသည်။ သူမက အတွေးနက်နေဟန် ရှိနေလေသည်။ ယီယွင် သက်ပြင်းချကာ သူမ၏နံဘေးတွင် ထိုင်လိုက်လေ၏။
လေသင်္ဘော စတင်ပျံသန်းနေကာ လေထုထဲတွင် တုန်ခါနေလေသည်။ လော့ဟော်အာ၏ ခန္ဓာကိုယ်သည် လေသင်္ဘော၏ တုန်ခါမှုအတိုင်း ယိမ်းယိုင်နေလေ၏။
" ယီယွင်... စစ်ပွဲတွေ ဘာကြောင့်ရှိနေတာလဲလို့ နင်ထင်လဲ " လော့ဟော်အာက ခပ်ဖွဖွမေးလိုက်သည်။ သူမသည် နတ်အရိုင်းမြေကို ပြတင်းပေါက်မှကြည့်ကာ ငေးငိုင်နေသည်။
စစ်ပွဲကြောင့်သာ မဟုတ်ခဲ့လျှင် သူမ၏မိသားစုထံမှ ထွက်ခွာခဲ့ရမည်မဟုတ်ပေ။ စစ်ပွဲကြောင့်သာ မဟုတ်ခဲ့လျှင် အသက်များ ဆုံးရှုံးရမည်မဟုတ်ပေ။
ယီယွင် အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဆိုသည်..." လူသားတွေအချင်းချင်း တိုက်ခိုက်တာဟာ တိရိစ္ဆာန်တွေ အစာအတွက် တိုက်ခိုက်ကြတာနဲ့ အတူတူပဲ။ အမြဲတမ်းလိုပဲ ထိခိုက်ပျက်စီးမှုတွေ ဖြစ်တယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ မရှိတော့တာလဲ ဖြစ်နိုင်တယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဒီလောကကြီးထဲမှာ သက်ရှိတွေက အစာအတွက် အဆက်မပြတ် အမဲလိုက်နေရတာကြောင့်ပဲ။ အဆက်မပြတ် သတ်ဖြတ်နေမှပဲ အသက်ရှင်နိုင်လိမ့်မယ်။ ဒါတွေဟာ ကောင်းကင်တာအိုပဲ "
" ငါတို့က မုဆိုးဖြစ်မလား ဒါမှမဟုတ် သားကောင်ဖြစ်မလား။ ဒီသံသရာထဲက လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သေသွားခဲ့ရင်တောင် ငါတို့ရဲ့အလောင်းတွေက အစာ ဒါမှမဟုတ် အာဟာရတွေဖြစ်လာပြီး ဒီသံသရာကို ဆက်ဖြစ်နေစေဦးမှာပဲ။ ဒါဟာ ဘဝရဲ့ အမှတ်အသားလည်း ဖြစ်နိုင်တာပဲ " ယီယွင် သက်ပြင်းချလိုက်သော်လည်း လော့ဟော်အာကမူ အံ့အားသင့်သွားလေ၏။ သူမကိုယ်သူမ ပြောနေသကဲ့သို့သာ သည်အတိုင်းပြောလိုက်ခြင်းမျှသာ ဖြစ်သော်လည်း ယီယွင်က ဤကဲ့သို့အဖြေမျိုး ပေးလာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ဆယ့်လေးနှစ်သားအရွယ်သာရှိသည့် ယီယွင်က ဤကဲ့သို့အရာမျိုး ပြောလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
" ဒါက အရေးမကြီးပါဘူး " ယီယွင် ပခုံးတွန့်ပြကာ ဆက်ပြောလေသည်... " အဲ့ဒီအစား အခုလောလောဆယ်မှာ ငါတို့တွေ ဘယ်လိုဆက်ပြီး ရှင်သန်နေထိုင်မလဲဆိုတာကို တွေးသင့်တယ် "
" ဆက်ပြီး ရှင်သန်နေထိုင်ဖို့လား " လော့ဟော်အာ နှုတ်ခမ်းစူကာ..." ငါက ထွက်သွားသင့်တယ်... တကယ်တော့ဟာ ငါက နင့်ကို ခေါ်လာခဲ့မယ်ဆိုပြီး ငါ့မိသားစုကို စကားခံထားမိတယ် "
လော့ဟော်အာသည် ကျပ်မပြည့်သည့် တုန်းအာမှလွဲ၍ တိုင်အာနတ်မြို့တွင် သူငယ်ချင်းမရှိပေ။
မူလက ယီယွင်သည် လော့ဟော်အာအတွက် အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ လူတစ်ဦး ဖြစ်ခဲ့လေသည်။ ယခုအခါ သေခြင်းနှင့်ရှင်ခြင်း အရေးအကြောင်းကို ကြုံလာရချိန်၌ သူမသည် ယီယွင်ကို စိတ်အနှောင့်အယှက်ဖြစ်စရာဟု မမြင်တော့ပေ။
" ထွက်သွားမယ်တဲ့လား " ယီယွင် အံ့အားသင့်သွားကာ အနည်းငယ်ခန့် ဆွဲဆောင်ခံလိုက်ရသည်။ လော့ဟော်အာနှင့်အတူ တိုင်အာနတ်ပြည်ထောင်မှ ထွက်သွားပါက သူ ဘေးကင်းမည်ဖြစ်လေ၏။
သို့သော် သူ တိုင်အာနတ်ပြည်ထောင်မှ ထွက်ခွာသွားလျှင် မည်သည့်အချိန်မှ ပြန်လာနိုင်မည်မှန်း မသိပေ။ သို့သော် ခန်းယန်နှင့် မြို့သခင်တို့ သူ့အား ပြောခဲ့သည့်စကားများကို ပြန်တွေးမိချိန်တွင်မူ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။
သူ၏ အောင်မြင်မှုတိုင်းက တိုင်အာနတ်ပြည်ထောင်၏ အရင်းအမြစ်များ ထောက်ပံ့ပေးမှုကြောင့်သာ ဖြစ်လေသည်။ သူ့အဖို့ တိုင်အာနတ်ပြည်ထောင်သို့ ပြန်လည်ဆုတ်ခွာရန်မှလွဲ၍ အခြားရွေးစရာမရှိသည့်အချက်ကို လက်ခံထားခဲ့ပြီး ဖြစ်လေသည်။ အခြားသူများက နောက်ကွယ်တွင် အသက်စွန့်နေကြချိန်၌ သူသာ ကိုယ်လွတ်ရုန်းကာ ထွက်ပြေးသွားမည်ဆိုပါက ကျေးဇူးကန်းသူ ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် ယီယွင်တွင် တော်ဝင်မြို့တော်၌ နေထိုင်နေသည့် အစ်မဖြစ်သူ ကျန်းရှောင်ယု ရှိနေသေးလေသည်။ ကျိုးရှောင်ကဲ့ ၊ အဒေါ်ဝမ်နှင့် သူနှင့်ရင်းနှီးသူများလည်း ရှိနေသေးလေ၏။ ယီယွင်အဖို့ ထိုသူများကို စွန့်ပယ်ကာ သားရဲအုပ်ထဲတွင် အသေခံခိုင်းရန် မဖြစ်နိုင်ပေ။
တိုင်အာနတ်ပြည်ထောင်သို့ ပြန်ရခြင်းသည် ကစားပွဲကို ပြောင်းပြန်လှန်နိုင်ရန် အခွင့်အရေးရှိသည်ဟု ဆိုလိုနေခြင်းပင်။ ထို့အပြင် လူပေါင်းများစွာ ပူးပေါင်းလုပ်ဆောင်နေကြချိန်တွင် သူက အဘယ်သို့များ ထွက်ပြေးရန် ရွေးချယ်ရပါမည်နည်း။
" မဟုတ်ဘူး... ငါ နေရစ်ခဲ့မယ် " နောက်ဆုံးတွင် ဆွဲဆောင်မှုရှိသည့် ကမ်းလှမ်းချက်ကို ယီယွင် ငြင်းပယ်လိုက်သည်။
လော့ဟော်အာ နှုတ်ခမ်းစူကာ မည်သည့်စကားမျှ မဆိုတော့ချေ။ လမ်းပြလူငယ် ဖန်တီးလာသည့် သားရဲအုပ်က သူတို့ ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းလိမ့်မည်ကို သူမ၏ မိသားစုအခွဲက သိရှိမည်မှာ ကျိန်းသေလေသည်။ ဤအခြေအနေမျိုးတွင် သူမ၏ မိသားစုအခွဲက သူမကို ခေါ်ဆောင်ရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်လောက်သည်။
လေသင်္ဘောသည် နတ်အရိုင်းမြေကို တိတ်ဆိတ်စွာ ဖြတ်ကျော်နေပြီး တိုင်အာနတ်ပြည်ထောင်၏ ပိုင်နက်နယ်မြေဆီသို့ ပျံသန်းနေသည်။ လေသင်္ဘောသည် ပျံသန်းနေရင်း ခရီးရှည် တည်နေရာကူးအစီအရင်များစွာကို ဖြတ်ကျော်ကာ စည်ကားသော မြို့များကို တစ်ခုပြီးတစ်ခု ချန်ထားရစ်ခဲ့သည်။
သားရဲအုပ် ရောက်လာခဲ့လျှင် ဤမြို့များအားလုံး အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားမည်ကို ယီယွင် သိသည်။ ဤမြို့များတွင် နေထိုင်သူများအဖို့ ဆုတ်ခွာရန်အတွက် မျှော်လင့်ချက်မရှိပေ။ သန်းပေါင်းဆယ်ချီသော တိုင်းသူပြည်သားများကို တည်နေရာကူးအစီအရင်ဖြင့် အဝေးသို့ပို့ဆောင်ရန်အတွက် စွမ်းအင်များ မတတ်နိုင်ပေ။
" ကျုပ်တို့ ဘယ်ကိုသွားနေကြတာလဲ " လူတစ်ဦးက ဥပဒေထိန်းတစ်ဦး ဖြတ်သွားသည်ကို မြင်လိုက်ချိန်တွင် မေးလိုက်လေသည်။
" နတ်မြို့တော် " ဥပဒေထိန်းက ဆိုလိုက်သည်။
" နတ်မြို့တော်လား။ ဘာကြောင့် ကျုပ်တို့က နတ်မြို့တော်ကို သွားရတာလဲ "
လူအများသည် သူတို့က တော်ဝင်မြို့တော်ဆီသို့ သွားနေကြသည်ဟုသာ ထင်ထားခဲ့ကြသည်။ တိုင်အာနတ်ပြည်ထောင်ထဲတွင် တိုင်အာနတ်မြို့အပြင် တော်ဝင်မြို့တော်တွင် အကြီးကျယ်ဆုံး ခုခံနိုင်စွမ်းများ ရှိလေသည်။
ဥပဒေထိန်းက ဆိုသည်..." နတ်မြို့တော်က တိမ်ရိုင်းနယ်မြေနဲ့ အနီးဆုံးမှာရှိတဲ့ အကြီးဆုံးမြို့ပဲ။ တိုင်အာနတ်မြို့ ကျရှူံးသွားရင် တော်ဝင်မြို့တော်လည်း ကျရှုံးမှာပဲ။ လောလောဆယ်တော့ ငါတို့က မင်းတို့တွေကို တိမ်ရိုင်းနယ်မြေထဲပို့ပြီး မြေရိုင်းဒေသအချို့မှာ ပုန်းနေခိုင်းထားရမှာပဲ။ နတ်အရိုင်းမြေနဲ့ယှဥ်ရင် တိမ်ရိုင်းနယ်မြေက ပိုလုံခြုံတယ် "
တိမ်ရိုင်းနယ်မြေထဲ ထွက်ပြေးရမှာလား။
ယီယွင် အံ့အားသင့်နေသည်။ ဤသည်က နောက်ဆုံးနည်းလမ်း ဖြစ်နိုင်လောက်သည်။
သို့သော် သားရဲအုပ်က နေရာအနှံ့သို့ ပျံ့နှံ့သွားပြီးလျှင် တိမ်ရိုင်းနယ်မြေက ပျက်စီးခြင်းသားရဲများ နောက်ဆုံးစုစည်းမည့်နေရာ ဖြစ်လေရာ ယင်းက အမှန်တကယ် ဘေးကင်းပါ၏လော။
မည်သို့ပင်ဖြစ်စေ သူသာ နတ်မြို့တော်သို့ ပြန်သွားရမည်ဆိုပါက အနည်းဆုံးအနေဖြင့် အစ်မဖြစ်သူ ကျန်းရှောင်ယုကို တွေ့ရပေလိမ့်မည်။ သူ၏အပိုင်စားနယ်မြေက နတ်မြို့တော်ထဲတွင် တည်ရှိလေသည်။
ဝရုန်းသုန်းကားအချိန်ထဲတွင် ကျန်းရှောင်ယုကို တွေ့မြင်ခွင့်ရသည်မှာ ကောင်းချီးတစ်ခုသာ ဖြစ်လေ၏။