မျှော်လင့်ချက်အလင်းရောင်
Vol. 24 Ch. 352
ယီယွင်က ကျန်းရှောင်ယု၏ အခန်းထဲတွင် ရိုးရှင်းသော အသံလုံစွမ်းအင်အကာအရံတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် ကျန်းရှောင်ယုကို သားရဲအုပ်အကြောင်း အားလုံးပြောပြလိုက်လေသည်။
ကျန်းရှောင်ယုမှာ ပိုကြားရလေလေ ပိုမိုထိတ်လန့်ရလေလေပင်။ သူမကို ယီယွင် ပြောပြခဲ့သည်များက အမှန်ပင် မယုံကြည်နိုင်စရာကောင်းသည်။
ပေတစ်သိန်းခန့် မြင့်သည့် လုံကွေ့ သားရဲကြီးတဲ့လား။ မည်မျှပင် ကြီးလိုက်လေသနည်း။
ကျန်းရှောင်ယု တိမ်ရိုင်းနယ်မြေထဲတွင် နေထိုင်ခဲ့စဥ်က သားရဲအုပ်အကြောင်းကို တစ်ကြိမ်မကပင် ကြားဖူးလေသည်။ သို့သော် သူမ တစ်ခါမျှပင် မကြုံဖူးပေ။ ယနေ့တွင် သူမကို ယီယွင် ပြောပြခဲ့သည့် သားရဲအုပ်က တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် ဧရာမသားရဲအုပ်ကြီး ဖြစ်နေလေ၏။
ဤနှစ်များတွင် ကျန်းရှောင်ယုသည် တိုင်အာနတ်ပြည်ထောင်က မည်မျှကျယ်ဝန်းကြောင်း သိရှိလာခဲ့လေ၏။ ထိုမျှကြီးမားသော တိုင်းပြည်တစ်ခုက အမှန်တကယ်ပင် ပျက်စီးနိုင်လေသလော။
" အစ်မရှောင်ယု... ငါ ပြောပြတာတွေကို အခြားသူတွေဆီ ပြန်ပြောပြလို့မရဘူးနော်။ အစ်မနဲ့အတူ ကျိုးရှောင်ကဲ့ ၊ အဒေါ်ဝမ် ၊ ဦးလေးကျိုးတို့ကို ခေါ်ပြီးတော့ ငါနဲ့အတူ စစ်တပ်စခန်းကို လိုက်ခဲ့။ ဒါက ငါ ခေါ်သွားနိုင်တဲ့ အများဆုံးလူဦးရေ ဖြစ်လောက်မယ် "
သူ ခေါ်ဆောင်လာသည့် လူလေးဦးကို ဥပဒေထိန်းက နေရာထိုင်ခင်း ပေးလိမ်မ့မည်ဟု ယီယွင် ယုံကြည်သည်။ တိမ်ရိုင်းနယ်မြေဆီသို့ အပြန်ခရီးတွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို ယီယွင် မသိပေ။ ကြီးမားသော တိုင်အာနတ်ပြည်ထောင်က တိမ်ရိုင်းနယ်မြေကဲ့သို့ မြေရိုင်းဒေသတစ်ခုတွင် ပုန်းနေသည်မှာ အနာဂတ်တွင် တိမ်ရိုင်းနယ်မြေမျိုးနွယ်အဖြစ် ဖန်တီးရန် စီစဥ်နေခြင်းဖြစ်လေသလော။
ကြီးမားသော နတ်ပြည်ထောင်တစ်ခုက မျိုးနွယ်တစ်ခု ဖြစ်လာရမည်မှာ ကို့ရို့ကားယားနိုင်လှသည်။
" လေးယောက်တည်းလား " ကျန်းရှောင်ယုက သည်းမခံနိုင်ပေ။ ကျန်ရစ်ခဲ့ကြသူများက မည်သို့လုပ်မည်နည်း။
သို့သော် သူမက မည်သည်ကိုမျှ မပြောင်းလဲနိုင်ကြောင်း သိနေလေသောကြောင့် ခေါင်းညိတ်ပြကာ..." ငါ... နားလည်ပြီ "
ကျန်းရှောင်ယုက ယီယွင်နှင့်အတူလိုက်ကာ ကျင်းလုံဝေ့စခန်းတွင် နေထိုင်ခဲ့သည်။ ယခုတွင် ကျင်းလုံဝေ့စခန်းက တိုင်အာနတ်မြို့မှ လက်ရွေးစင်များ၏ ယာယီအိပ်ဆောင်များ ဖြစ်နေလေသည်။
သားရဲအုပ်ကြီးကြောင့် ယန်မန်လုံနှင့်အတူ ကျင်းလုံဝေ့ထဲရှိ ယီယွင်၏ အကြီးအကဲများအားလုံး ရှေ့တန်းသို့ ရောက်ရှိနေကြသည်။
ဤရက်များတွင် စခန်း၏လေထုက စိတ်ဓာတ်ကျဖွယ်ရာပင်။ လူတိုင်းသည် ကံကြမ္မာအမိန့်ကို စောင့်နေရသည့်ပမာပင် အမိန့်ထုတ်ပြန်လာမည်ကို စောင့်နေကြရသည်။
ယနေ့တွင်မူ အမိန့်ထုတ်ပြန်လာသည်။ သို့သော် သူတို့က တိမ်ရိုင်းနယ်မြေသို့ မသွားရဘဲ ချူစီရင်စုမြို့သို့ သွားရချေမည်။
ချူစီရင်စုမြို့သို့ အဘယ့်ကြောင့် သွားရသည်ကို မသိရလေသောကြောင့် လူအများ စိတ်ရှုပ်ထွေးနေကြသည်။ ချူစီရင်စုမြို့က တိမ်ရိုင်းနယ်မြေနှင့် နီးခြင်းမရှိလေဘဲ အမှန်တကယ်တွင် နတ်အရိုင်းမြေနှင့်ပင် နီးနေလေသည်။ တိုင်အာနတ်မြို့က အောင်မြင်စွာ ခုခံနိုင်ခြင်း ဖြစ်လေသလော။
လူအများက ထိုရလဒ်ကို အမြင်ချင်ကြဆုံး ဖြစ်လေသောကြောင့် ထိုကဲ့သို့သာ တွေးမိသွားကြသည်။
ယီယွင် ခရီးဦးတည်ရာကို သိသွားချိန်တွင် အနည်းငယ်ခန့် မျက်မှောင်ကုတ်လိုက်၏။ သူ ချူစီရင်စုမြို့ကို ကြားဖူးလေသည်။ ယင်းက ချူတော်ဝင်အိမ်တော်၏ အပိုင်စားမြေ ဖြစ်လေ၏။ ချူစီရင်စုထဲတွင် ချူတော်ဝင်အိမ်တော်၏ အကြီးဆုံးမြို့လည်း ဖြစ်လေသည်။
ယီယွင်က ချူတော်ဝင်အိမ်တော်ကို အမြင်ကောင်းမရှိပေ။ သူ၏ ရန်သူများဖြစ်သည့် ယန်ယွဲ့ဖုန်း ၊ ယန်တင်းခွမ်နှင့် အပေါင်းအပါများက ချူတော်ဝင်အိမ်တော်မှ ဖြစ်ကြလေ၏။
မည်သို့ပင်ဖြစ်စေ အမိန့်သည် အမိန့်သာဖြစ်၏။ ယီယွင်က အများနည်းတူ ချူစီရင်စုမြို့သို့ သွားခဲ့ရသည်။ ယီယွင်နှင့်အတူ ကျန်းရှောင်ယုနှင့် အခြားသူများလည်း ပါကြလေသည်။
လေသင်္ဘောသည် တည်နေရာကူးအစီအရင်များ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ကာ ချူစီရင်စုမြို့နှင့် နီးကပ်လာခဲ့သည်။ ထိုစဥ် လေသင်္ဘောပေါ်မှ လူများသည် လေသင်္ဘောတစ်စင်း ဘေးချင်းယှဥ်ကာ ရှိနေသည်ကို မြင်လိုက်ကြရလေ၏။
ယင်းက မမြင်ဖူးသော လေသင်္ဘောပုံစံ ဖြစ်လေ၏။ ထိုလေသင်္ဘောက တိုင်အာနတ်ပြည်ထောင်မှ မဟုတ်သလို အခြားအဖွဲ့အစည်းများထံမှလဲ မဟုတ်ပေ။
ထိုလေသင်္ဘောက အနက်ရောင်ဖြစ်ပြီး မျက်နှာပြင်တွင် ရှုပ်ထွေးလှသော အနီရောင် မှော်သင်္ကေတများ ရေထိုးထားလေသည်။ လေသင်္ဘော ပျံသန်းနေချိန်တွင် မှော်စာလုံးများက စည်းချက်ညီစွာ တောက်ပနေကြပြီး ရှေးကျဆန်းကြယ်သော ခံစားချက်တစ်ရပ် ထုတ်လွှတ်နေသည်။
လေသင်္ဘောသည် ပေတစ်ထောင်ခန့် ရှည်လျားသော်လည်း ထုထည်ကမူ ရယ်စရာအရွယ်အစား ဖြစ်လေသည်။ သို့သော် လေသင်္ဘော၏ကိုယ်ထည် မြင်ကွင်းထဲသို့ ရောက်လာချိန်တွင်မူ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ကျွမ်းကျင်သော ဥပဒေထိန်းတစ်ဦးမှာ ကြီးစွာပင် ထိတ်လန့်သွားရလေ၏။
" ကိုယ်ထည်ကို ရှေးဦးမျိုးစိတ်ရဲ့ နံရိုးနဲ့ လုပ်ထားတာပါ့လား "
လေသင်္ဘောကိုယ်ထည်၏ အဓိကကျောရိုးက ဖြောင့်တန်းသော ရက်မတစ်ခု ဖြစ်လေ၏။ ရက်မတစ်လျှောက်တွင် လခြမ်းကွေးသဏ္ဌာန်အရိုးများ တပ်ထားကာ ကိုယ်ထည်ကွေးကို ပုံဖော်ထားလေ၏။
ယင်းပုံစံက လူသားတို့၏ ရင်ညွှန့်ရိုးများ ၊ နံရိုးများနှင့် ဆင်တူလေသည်။
ကြီးမားလှသော ရှေးဦးမျိုးစိတ်တစ်ကောင်၏ ရင်ညွှန့်ရိုးများ ၊ နံရိုးများကို အသုံးပြုကာ လေသင်္ဘော၏ ကိုယ်ထည်ကို ဆောက်လုပ်ထားမည်ဆိုလျှင် ထိုလေသင်္ဘော၏ အရည်အသွေးက မြင်သာလှသည်။
" ဒီလောက် တန်ဖိုးကြီးတဲ့ အရိုးတွေကို လေသင်္ဘော တည်ဆောက်ဖို့အတွက် သုံးခဲ့တာလား "
ဥပဒေထိန်းမှာ အလွန်ပင် ထိတ်လန့်နေသည်။ တိုင်အာနတ်ပြည်ထောင်တွင် တူညီသောအဆင့်၌ရှိသည့် ရှေးဦးမျိုးစိတ်အလောင်းများ ရှိသော်ငြားလည်း ယင်းတို့ကို တိုင်အာနတ်မြို့မှ ကျင့်ကြံသူများ ကျင့်ကြံနိုင်ရန်အတွက် နတ်အရိုင်းမြေခန်းမထဲတွင် ထည့်ထားကြသည်။
ထိုသူများက အဘယ်သို့ဖြစ်၍ အလွန်ပင် ကိန်ကြီးခမ်းကြီးနိုင်ကာ လေသင်္ဘောတစ်စီးအဖြစ် တည်ဆောက်ခဲ့ရလေသနည်း။
" ဒါဘယ်အဖွဲ့အစည်းလဲ "
လူအများ သိချင်လာကြသည်။ အန္တရာယ်အခြေအနေမျိုးတွင် မည်ကဲ့သို့ ဆန်းကြယ်အင်အားစုပင် ဖြစ်နေပါစေ လူအများအတွက် စိတ်ကူးနှင့် မျှော်လင့်ချက်တို့ကို ဆောင်ကြဥ်းပေးနိုင်မည်မှာ သေချာလေသည်။
ထိုစဥ် အနက်ရောင်လေသင်္ဘောက အရှိန်မြင့်တင်ကာ ချူစီရင်စုမြို့ဆီသို့ ပျံသန်းသွားခဲ့ပြီး သူတို့အား ချန်ထားရစ်ခဲ့သည်။
" သူတို့လည်း ချူစီရင်စုမြို့ကို သွားကြတာလား "
" လေသင်္ဘောရဲ့နောက်က စကားလုံးတွေကို ကြည့်လိုက် "
လူအများသည် အနက်ရောင်လေသင်္ဘော၏ ကျောဘက်မှ ရှေးစကားလုံးများကို အာရုံစိုက်ကာ ကြည့်လိုက်ကြလေ၏။
ရှန်းထူမိသားစု...။
မျိုးရိုးအမည်ကို မြင်တွေ့သွားကာ လူအများ အသက်အောင့်လိုက်ကြ၏။
လွန်ခဲ့သည့် လအနည်းငယ်ခန့်ကဆိုလျှင် လေသင်္ဘောပေါ်မှ လူများအဖို့ ရှန်းထူမိသားစုကို သိကြမည်မဟုတ်ပေ။ သို့သော် လမ်းပြလူငယ်ကြောင့် သူတို့ ရှင်းလင်းစွာပင် သိနေကြသည်။
ရှန်းထူမိသားစုသည် အနောက်ဘက်ဒေသမှ ရှေးဟောင်းမိသားစုတစ်ခု ဖြစ်လေသည်။ သူတို့၏ အမွေအနှစ်များက အလွန်နက်ရှိုင်းလှပြီး တိုင်အာနတ်ပြည်ထောင်ထက် များစွာသာလွန်လေသည်။
လမ်းပြလူငယ် ပထမဆုံးအကြိမ် ပေါ်ထွက်လာသည်မှာ အနောက်ဘက်ဒေသတွင် ဖြစ်လေ၏။ သူက အနောက်ဘက်ဒေသတွင် သားရဲအုပ်ကြီးနှင့် မွှေနှောက်ခဲ့ပြီး ထိုစဥ်က ရှန်းထူမိသားစုသည် သားရဲအုပ်ကြီးကို ခုခံခဲ့လေ၏။
သားရဲအုပ်ကို ကျော်လွှားပြီးနောက်တွင် ရှန်းထူမိသားစုက အလွန်အားနည်းသွားသော်လည်း ရပ်တည်နိုင်နေဆဲပင်။
" တကယ်ကို ရှန်းထူမိသားစုပဲ "
" ရှန်းထူမိသားစုက လူတွေ ရောက်လာကြပြီ။ ဟုတ်သား... သူတို့က လမ်းပြလူငယ်နဲ့ ရန်ငြိုးရှိတယ်။ ငါတို့တွေ ကယ်တင်ခံရနိုင်တယ် "
ထိုသမိုင်းကြောင်းကို တွေးမိကာ လူအများ ပျော်ရွှင်သွားကြလေ၏။ လမ်းပြလူငယ်နှင့် ရှန်းထူမိသားစုက ရေကုန်ရေခမ်း တိုက်ခိုက်ကြလိမ့်မည်ဟုပင် ပြော၍ရလေသည်။ ယခုအခါ လမ်းပြလူငယ် ထပ်မံထွက်ပေါ်လာသည်ဖြစ်ပြီး ရှန်းထူမိသားစုက လက်ဦးမှုရယူကာ တစ်စုံတစ်ဦးကို စေလွှတ်ခဲ့လေသည်။
ငါ့ရန်သူရဲ့ ရန်သူက ငါ့ရဲ့မိတ်ဆွေပဲ။ ယခု ရှန်းထူမိသားစု ထွက်ပေါ်လာခဲ့တာက စိတ်ပျက်အားငယ်နေတဲ့ တိုင်အာနတ်ပြည်ထောင်အတွက် မျှော်လင့်ချက်အလင်းရောင်ပဲ။
" ဟားဟားဟား...သိပ်ကောင်းတယ်။ ငါတို့ကို ချူစီရင်စုမြို့ကိုသွားဖို့ အမိန့်ပေးခဲ့တာကလည်း ရှန်းထူမိသားစုကြောင့် ဖြစ်ရမယ် " အများသောအားဖြင့် တည်ကြည်နေတတ်သော ဥပဒေထိန်းက စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံလိုက်သည်။
ယီယွင် စိတ်သက်ရာရစွာ သက်ပြင်းချလိုက်၏။ သူတို့ တိမ်ရိုင်းနယ်မြေသို့ ထွက်ပြေးရန် မလိုအပ်တော့ပါက အကောင်းဆုံးသာ ဖြစ်ချေသည်။
" လေသင်္ဘော ကမ်းကပ်မယ် "
ကမ်းကပ်ပြီးနောက်တွင် ချူစီရင်စုမြို့၏ ခမ်းနားထည်ဝါပုံကို မည်သူတစ်ဦးမျှ ချီးမွှမ်းခန်းဖွင့်ချိန် မရခဲ့ပေ။ ချူတော်ဝင်အိမ်တော်၏ ပင်မခန်းမဆောင်သို့ ချက်ချင်းလာကြရန် သူတို့ အမိန့်ပေးခံခဲ့ရသည်။
ဤတစ်ကြိမ်တွင် ရှန်းထူမိသားစု ရောက်လာသည်သော ခိုင်လုံသည့်သတင်းကိုလည်း သူတို့ ရရှိခဲ့သည်။ သားရဲအုပ်ကြီးကို တိုင်အာနတ်ပြည်ထောင်က ရင်ဆိုင်ရာတွင် ရှန်းထူမိသားစုက ကူညီထောက်ပံ့ပေးမည်ဟု စီစဥ်ထားသည်။
" လူသားတွေရဲ့လောကမှာပဲ သွေးစည်းညီညွတ်မှုကို တွေ့နိုင်တယ်။ အရိုင်းဆန်တဲ့ ဒီလောကကြီးထဲမှာ လူသားမျိုးနွယ်က စည်းလုံးညီညွတ်မှဖြစ်မယ် " ဥပဒေထိန်းက ရင်တွင်းလှိုက်လှဲစွာ ဆိုလိုက်လေသည်။
" အဲ့ဒါကို ဘယ်သူက ငြင်းနိုင်မလဲ။ ငါတို့ လူသားတွေက အားနည်းတာကြောင့် တိုးတက်ကြီးပွားဖို့အတွက် စည်းလုံးကြရမယ်။ အခုတော့ အရာအားလုံး ကောင်းလာပြီ "
ဥပဒေထိန်းများ ပျော်ရွှင်နေကြသည်။ သူတို့က တိုင်အာနတ်ပြည်ထောင်မှ လက်ရွေးစင်လူငယ်များကို ရှန်းထူမိသားစု၏ သံတမန်များနှင့် တွေ့ဆုံပေးရန် ခေါ်သွားကြလေသည်။
လက်ရွေးစင်တိုင်း တွေ့ခွင့်ရကြသည်မဟုတ်ပေ။ ယီယွင် ၊ ယောင်တောက် ၊ ယန်ချန် ၊ ချူရှောင်းရန်နှင့် အခြားသူများအတွက်သာ ကန့်သတ်ပေးထားသည်။
လူအများစုသည် ယီယွင်တို့တစ်သိုက်ကို မနာလိုစွာဖြင့် ကြည့်နေကြလေ၏။ အစွမ်းထက်သော ရှေးဟောင်းမိသားစုတစ်ခုမှ သံတမန်များနှင့် ဆုံတွေ့ရမည်မှာ အလွန်ပင် ဂုဏ်ယူဖွယ်ရာကိစ္စ ဖြစ်လေသည်။
ထိုကိစ္စက အမြင်ကျယ်နိုင်စေသည်သာမက အစွမ်းထက်ပုဂ္ဂိုလ်များနှင့်လည်း သိကျွမ်းခွင့်ရပေမည်။ အစွမ်းထက်ပုဂ္ဂိုလ်များ၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ခဲ့ပါက ထိုသူ၏လမ်းကြောင်းသည် အနာဂတ်တွင် ပိုမိုချောမွေ့သွားပေလိမ့်မည်။
ဟုတ်သည်။ သူတို့က မနာလိုကြခြင်းသာဖြစ်ပြီး စောဒကမတက်ကြပေ။ ယီယွင်တို့တစ်သိုက်ကသာ တိုင်အာနတ်ပြည်ထောင်ကို ကိုယ်စားပြုပိုင်ခွင့်ရှိလေသည်။
" ခဏကြာရင် နိုးနိုးကြားကြားရှိကြပါ။ ရှန်းထူမိသားစုက မင်းတို့တွေကို မေးခွန်းထုတ်လာခဲ့ရင် အလေးအနက်ထားပြီး ဖြေရှင်းကြဖို့ကို ရာထူးမြင့်ပိုင်းတွေက ညွှန်ကြားထားတယ်။ မင်းတို့တွေအနေနဲ့ တိုင်အာနတ်ပြည်ထောင်ရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေလို့မရဘူး " ဥပဒေထိန်းတစ်ဦးက အမိန်ပေးလိုက်သည်။ ရာထူးမြင့်ပိုင်းများက အမိန့်ချမှတ်ပေးလိုက်ခြင်း ဖြစ်လေသည်။ အထူးသဖြင့် ယီယွင်က တိုင်အာနတ်ပြည်ထောင်တွင် ထုတ်ပြရန်အသင့်တော်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်လေ၏။
ရှေးဟောင်းမိသားစုတစ်ခုမှ သံတမန်က သူတို့အပေါ်တွင် အမြင်ကောင်းကျန်နေခဲ့စေရန် လုပ်ဆောင်ရပေမည်။ တိုင်အာနတ်ပြည်ထောင်က မျိုးဆက်တိုင်းတွင် သန်မာသောစစ်သည်များ ပေါ်ထွန်းနေသည်ကို သံတမန်များ သိရှိသွားအောင် လုပ်ဆောင်ရပေမည်။ လူငယ်မျိုးဆက် လက်ရွေးစင်များတွင် ပြောင်မြောက်သော စွမ်းအားများရှိကြသည်ကို သံတမန်များအား ပေးသိစေခြင်းကသာ သူတို့အဖို့ သံတမန်များကို ပူးပေါင်းမှုတန်ဖိုးကို သိစေနိုင်ပေမည်။
" ဟုတ်ကဲ့... နားလည်ပါပြီ "
ယီယွင် ခေါင်းညိတ်လိုက်၏။ ချူစီရင်စုမြို့ထဲတွင် ရှန်းထူမိသားစုနှင့် တိုင်အာနတ်ပြည်ထောင်တို့ တွေ့ဆုံကြသည်မှာ အလွန်တရာပင် အရေးကြီးလှကြောင်းကို သူ သိသည်။ တိုင်အာနတ်ပြည်ထောင်၏ ကံကြမ္မာက ဤကိစ္စအပေါ်တွင် မူတည်နေသည်။
ဤကပ်ဘေးတွင် တိုင်အာနတ်ပြည်ထောင် ရှင်သန်နိုင်ခြင်းရှိ ၊ မရှိမှာ ရှန်းထူမိသားစု၏ သဘောထားအပေါ်တွင် ကြီးစွာမူတည်နေသည်။