← Chapters

သူလျှို

Vol. 24 Ch. 354

သူလျှို

Vol. 24 Ch. 354

ချူစီရင်စုမြို့အား ပိတ်ထားသည်။ လူအများသည် ပျက်စီးခြင်းမျိုးနွယ် သူလျှိုကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံရှာဖွေကြလေ၏။

ပျက်စီးခြင်းကြေးမုံကျောက်တုံးများစွာလည်း ထုတ်ပေးထားလေသည်။ ရှန်းထူမိသားစုနှင့် ချူတော်ဝင်အိမ်တော်မှ လူများကလည်း ရှာဖွေနေကြလေ၏။ သို့သော် ရက်အနည်းငယ်ခန့် ကြာသည်အထိ ပျက်စီးခြင်းမျိုးနွယ်ဝင် တစ်ဦးတစ်လေကိုပင် မတွေ့ရချေ။

လူအချို့သည် ရှန်းထူမိသားစုက သတိလွန်ကဲနေသည်ဟု ထင်မြင်လာကြလေ၏။

" ငါက သူတို့တွေ ရှိတယ်လို့ပြောခဲ့ရင် အဲ့ဒါက တကယ်ရှိလို့ပဲ။ ငါ့ရဲ့ အလိုလိုသိစိတ်က မမှားဘူး။ ငါက အရမ်းကို သွေးစင်ကြယ်တဲ့ ပျက်စီးခြင်းမျိုးနွယ်ဝင်အချို့ကို တွေ့ဖူးပြီးတော့ ပျက်စီးခြင်းမျိုးနွယ်ရဲ့ သွေးစင်ကြယ်သွေးဆေးလုံးကို အသုံးပြုဖူးတာကြောင့် ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦးရဲ့ တည်ရှိမှုကို ဝိုးတဝါးခံစားမိနေတယ်။ အခု ငါက သူတို့တွေကို အာရုံခံမိနေပြီဆိုတော့ ဒီနေရာမှာ ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး ပုန်းအောင်းနေတာပဲ ဖြစ်ရမယ်။ မင်းတို့တွေ ဆက်ပြီးရှာကြ "

ရှန်းထူနန်ထျန်းက သူ၏သုံးသပ်ချက်ကို အလွန်ပင် ယုံကြည်ချက်ရှိသည်။ ပျက်စီးခြင်းကြေးမုံကျောက်တုံးက အရာခပ်သိမ်းကို မသိနိုင်ပေ။ ပျက်စီးခြင်းမျိုးနွယ်ဝင်များ၏ စွမ်းအားက အဆင့်တစ်ခုသို့ ရောက်သွားခဲ့လျှင် သူတို့၏ အမှတ်လက္ခဏာများကို ဖုံးကွယ်နိုင်လေသည်။ ထို့ကြောင့် ပျက်စီးခြင်းကြေးမုံကျောက်တုံးက မည်သည့်အရာကိုမျှ ထောက်လှမ်းမိခြင်းမရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။

ပျက်စီးခြင်းမျိုးနွယ်၏ ပိုမိုအားကောင်းကာ ပိုမိုစင်ကြယ်သည့် သွေးက ပိုမို၍ပင် တန်ဖိုးရှိလေသည်။

ဤတစ်ကြိမ်တွင် ရှန်းထူမိသားစုက ကျွမ်းကျင်သူများစွာ စေလွှတ်ထားလေ၏။ သူတို့က ပျက်စီးခြင်းမျိုးနွယ်၏စွမ်းအားကို မကြောက်ပေ။ ပျက်စီးခြင်းမျိုးနွယ်၏ သွေးက စင်ကြယ်ခြင်းမရှိမည်ကိုသာ သူတို့ ကြောက်သည်။

" အဆင့်မြင့် ပျက်စီးခြင်းမျိုးနွယ်ဝင်ရဲ့ အရှင်လတ်လတ်သွေးကို ဖောက်ထုတ်ပြီး ဆေးဖော်စပ်တာကို ငါလုပ်မယ်။ ဒီကောင်တွေရဲ့ အလောင်းတွေကို အဲ့ဒီနှစ်တုန်းက သေသွားခဲ့တဲ့ မိသားစုဝင်တွေအတွက် ယဇ်ပူဇော်မယ် "

ရှန်းထူနန်ထျန်း သိုလှောင်လက်စွပ်အာ ပွတ်နေရင်း မျက်ဝန်းများ တောက်ပနေသည်။ သူသည် ပျက်စီးခြင်းမျိုးနွယ်ကို သတ်ဖြတ်ရေးအား ဘဝပန်းတိုင်အဖြစ် ချမှတ်ထားလေ၏။ သူသာ ပျက်စီးခြင်းမျိုးနွယ်တစ်ခုလုံးကို သုတ်သင်နိုင်ခဲ့ပါက ပျက်စီးခြင်းသားရဲများလည်း အုပ်စုဖွဲနိုင်မည် မဟုတ်တော့လေသောကြောင့် ကြောက်စရာမလိုတော့ပေ။

......................

" ပျက်စီးခြင်းမျိုးနွယ်ဝင်ရဲ့ သွေးကို သုံးပြီးတော့ ဆေးဖော်မယ်တဲ့..." ချူတော်ဝင်အိမ်တော်ထဲရှိ ခြံဝန်းငယ်တစ်ခုထဲမှ တန်းလျားတစ်ခုပေါ်တွင် ယီယွင် ထိုင်နေလျက်ရှိပြီး နှစ်တစ်ရာသက်တမ်း သစ်ပင်တစ်ပင်ထံမှ သစ်ရွက်များ ကြွေကျနေသည်ကို ကြည့်နေသည်။

" ပျက်စီးခြင်းမျိုးနွယ်ရဲ့သွေးကို သုံးပြီး ဆေးဖော်စပ်တာကို နင် မလိုလားဘူးလား " ယီယွင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ချူရှောင်းရန်က ဆိုလိုက်သည်။ သားရဲအုပ်ကို ရင်ဆိုင်နေရသည့် ဤရက်များတွင် ချူရှောင်းရန်က ဖိအားများ လျော့နည်းစေရန်အတွက် ယီယွင် မကြာခဏ စကားလာပြောလေ့ရှိသည်။

သူမက တိုင်အာနတ်မြို့တွင် မိတ်ဆွေများစွာ မရှိပေ။ ပထမသည် ချိုးနျိုဖြစ်ပြီး ဒုတိယက ယီယွင် ဖြစ်လေသည်။

" နည်းနည်းပေါ့... ပျက်စီးခြင်းမျိုးနွယ်က လူသားတွေနဲ့ မကွာခြားတော့ ပျက်စီးခြင်းမျိုးနွယ်ရဲ့သွေးကို ဆေးဖော်တာက ငါ့အတွက်တော့ အတွေးနဲ့တင် မသက်မသာဖြစ်ရတယ် "

ချူရှောင်းရန်က ဆိုသည်..." ပျက်စီးခြင်းမျိုးနွယ်က ရက်စက်ကြမ်းကြုတ်ပြီးတော့ လူပေါင်းမရေနိုင်အောင် သတ်ထားတယ်။ လမ်းပြလူငယ်က ဖော်ရွေကြင်နာတတ်ပုံရပေမဲ့ အတွင်းစိတ်က အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်။ ရှေးစကားပုံတွေမှာလည်း " ရန်သူရဲ့အသားကို စားပြီး သွေးကို သောက်ချင်တယ် " လို့ ဖော်ပြကြတယ်ဆိုတော့ ငါ့အနေနဲ့ ထွေးထွေးထူးထူး မခံစားမိပါဘူး "

" ဟုတ်သား....နင် ယန်ယွဲ့ဖုန်းနဲ့ ယန်တင်းခွမ်ကို သတိထားရမယ်။ သူတို့က ချူတော်ဝင်အိမ်တော်ကို ချူတော်ဝင်အိမ်တော်က သူတို့ ကျက်စားတဲ့နေရာပဲ " ယီယွင်က ချူတော်ဝင်အိမ်တော်မှ သားသမီးများနှင့် ရန်ငြိုးရှိသည်ကို ချူရှောင်းရန် ရုတ်တရက်ပင် သတိရသွားလေ၏။

" အင်း... ငါသိပါတယ်။ ငါ ဂရုစိုက်မှာပါ "

တိုင်အာနတ်မြို့ထဲတွင် ယီယွင်က ယန်ယွဲ့ဖုန်းနှင့်အခြားသူများကို နတ်မြို့၏ စည်းမျဥ်းများကြောင့် ဘာမျှလုပ်မရခဲ့ပေ။

ယခုအခါ ချူတော်ဝင်အိမ်တော်ထဲတွင်မူ ယီယွင် သတိထားရပေမည်။ ကံကောင်းသည်မှာ ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့က ချူတော်ဝင်အိမ်တော်တွင် ဂျူနီယာများသာ ဖြစ်နေကြခြင်းပင်။

ယီယွင် တွေးနေချိန်တွင် အပြင်ဘက်ဆီမှ ဆူညံတစ်ခုကို ကြားလိုက်ရလေသည်။

အိုး...ဘာဖြစ်တာလဲ။

ယီယွင် အာရုံစိုက်ကာ နားထောင်ကြည့်လိုက်၏။ လူများက ပျက်စီးခြင်းမျိုးနွယ်ဝင် သူလျှိုတစ်ဦးကို ဖမ်းမိထားပြီး ရှန်းထူနန်ထျန်းဆီသို့ အပ်နှံကာ မျက်နှာကောင်းယူရန် အော်နေကြသည်ကို သူ ကြားလိုက်ရ၏။

" သူတို့က ပျက်စီးခြင်းမျိုးနွယ် သူလျှိုတစ်ဦးကို ဖမ်းမိသွားတာလား " ချူရှောင်းရန်သည်လည်း ဆူညံသံများကို ကြားလေသည်။ သူမ အံ့အားသင့်ကာ မတ်တက်ရပ်လိုက်သည်။

သို့သော် ယီယွင်က မျက်နှာပျက်သွားဟန် ရှိနေလေ၏။

ဘာကြောင့်လဲ...။

သူ လျှပ်တပြက်လှုပ်ရှားသွားကာ ခြံဝန်းငယ်ထဲမှ ပြေးထွက်သွားလေသည်။

.................

" ဒါက ပျက်စီးခြင်းမျိုးနွယ် သူလျှိုလား။ ဘယ်လိုဖြစ်ပြီး အရမ်းအားနည်းရတာလဲ။ ပျက်စီးခြင်းမျိုးနွယ် သူလျှိုက အရမ်းအားကောင်းတယ်ဆိုပြီး သခင်လေးနန်ထျန်းက ပြောခဲ့တယ်မဟုတ်ဘူးလား "

" ဟားဟား... ဘယ်သူက အရေးစိုက်နေမှာလဲ။ ပျက်စီးခြင်းကြေးမုံကျောက်တုံးက အရမ်းတောက်ပနေတာဆိုတော့ မှားမှာမဟုတ်ဘူး။ အခုပဲ သတင်းသွားပို့ကြမယ် "

ချူတော်ဝင်အိမ်တော်မှ အစောင့်နှစ်ဦး ဖြစ်လေ၏။ တစ်ဦး၏ သတင်းပို့တံဆိပ်ပြား တောက်ပသွားကာ သတင်းပို့လိုက်လေသည်။

အခင်းဖြစ်ပွားရာ နေရာသည် ယီယွင်၏ခြံဝန်းနှင့် မီတာတစ်ရာခန့်သာ ဝေးလေသောကြောင့် ယီယွင်က ချက်ချင်းရောက်ရှိသွားခဲ့လေ၏။ ယီယွင် အေးခဲနေသည်။

ချူတော်ဝင်အိမ်တော်၏ တောင့်တင်းသော အစောင့်နှစ်ဦးက အစိမ်းဝတ်မိန်းကလေးတစ်ဦးကို ဝိုင်းထားကြလေ၏။ ထိုမိန်းကလေးက ကျန်းရှောင်ယု ဖြစ်လေသည်။

အစ်မရှောင်ယု... ဘယ်လိုဖြစ်တာလဲ။

ယီယွင် ရင်ထိတ်သွားရသည်။

" ကျွန်...ကျွန်မက ပျက်စီးခြင်းမျိုးနွယ် သူလျှို မဟုတ်ပါဘူး။ ကျွန်မ မဟုတ်ပါဘူး " ကျန်းရှောင်ယုက နံရံထောင့်တွင် ကပ်နေလေ၏။ သူမ၏နံဘေးတွင် လွတ်ကျထားသော ခြင်းတောင်းတစ်လုံးရှိပြီး အသီးအနှံများနှင့် ကြက်ဥများ ပြန့်ကြဲကွဲကြေနေသည်။

" ဟမ့်... မင်းက ဟန်ဆောင်ကောင်းတာပဲ " အစောင့်တစ်ဦးက ပြုံးလိုက်သည်။ တိုင်အာနတ်မြို့၏ စစ်သည်တစ်ဦးဖြစ်ပြီး သားရဲအုပ် ကျူးကျော်မှုအကြောင်းကို သိရှိထားသည့် သူက ပျက်စီးခြင်းမျိုးနွယ်ကို မုန်းတီးလေသည်။

" မင်း ဘယ်လောက်ကြာအောင် ဟန်ဆောင်နိုင်မလဲဆိုတာ ငါကြည့်မယ် " အစောင့်တစ်ဦးက လက်မြောက်ကာ ကျန်းရှောင်ယု၏ မျက်နှာကို ရိုက်ရန်ပြင်လိုက်သည်။

ထိုအစောင့်၏ ကျင့်ကြံမှုက ယွမ်အုတ်မြစ်ချနယ်ပယ်တွင်ရှိပြီး သူ၏ရိုက်ချက်က သစ်ပင်တစ်ပင်ကို ကျိုးကြေသွားစေရန်ပင် လုံလောက်၏။

" ရပ်စမ်း "

ယီယွင် အစောင့်၏နံဘေးတွင် ရုတ်တရက်ပေါ်လာကာ အစောင့်၏လက်ကို ဖမ်းဆုပ်လိုက်လေသည်။

" မင်း.

မင်း... မင်း ဘာလုပ်တာလဲ " ယီယွင်သည် မကြာသေးမီက ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ထားသည်ဖြစ်ပြီး သူ၏စွမ်းအားက အဆင့်တူ စစ်သည်များထက် ကျော်လွန်သည်။ လူငယ်က ထိုမျှအထိ သန်မာမည်ဟု ထင်မထားသည့် အစောင့်မှာ မျက်နှာပျက်သွားရလေ၏။ သူ ယီယွင်၏လက်မှ ရုန်းထွက်ရန်ကြိုးပမ်းသော်လည်း ယီယွင်၏လက်က သံပြုတ်တူတစ်ခုပမာ ဖြစ်နေသည်။ သူပိုရုန်းလေလေ လက်ကောက်ဝတ်က နာကျင်လာလေလေပင်။

" ယွင်...ယွင်အာ " ကျန်းရှောင်ယု မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှေ့တွင်ရပ်နေသည့် ယီယွင်ကို မြင်တွေ့သွားပြီး ဝမ်းသာမျက်ရည်များ ကျဆင်းလာရသည်။

" ယွင်အာ... ငါ သူလျှို မဟုတ်ပါဘူး။ ငါ တကယ်ကို မဟုတ်ပါဘူး " ကျန်းရှောင်ယု၏အသံ အနည်းငယ် တုန်ယင်နေသည်။ သူမ အလွန်သာမန်ဆန်သော မိန်းကလေးတစ်ဦးသာ ဖြစ်လေသည်။

" မင်းက...ယီယွင်လား " အစောင့်တစ်ဦးက ယီယွင်ကို မှတ်မိသွားလေ၏။

" ဒါဆို မင်းက ယီယွင်ပေါ့လေ။ မင်းက ယီယွင်ဆိုတော့ရော ဘာဖြစ်လဲ။ သူက ပျက်စီးခြင်းမျိုးနွယ် သူလျှိုတစ်ဦးပဲ... မင်း သူ့ကို ကာကွယ်ပေးချင်သေးလား "

အစောင့်က ယီယွင်၏အဆင့်အတန်းကို သိရှိထားပြီး ယုံကြည်ချက်မရှိသော်လည်း သူ၏လက်ကောက်ဝတ် နာကျင်နေရခြင်းကြောင့် ဒေါသထွက်ကာ နှုတ်လှန်ထိုးလိုက်လေသည်။

ထိုစဥ် ချူရှောင်းရန်လည်း ရောက်ရှိလာကာ... " ဘာတွေဖြစ်နေကြတာလဲ "

ယီယွင်တွင် သေမျိုး အစ်မတစ်ယောက်ရှိသည်ကို သူမ သိလေပြီး ဤသူများ၏ ဆူညံသံများကိုလည်း သူမ ကြားထားသည်။ ယီယွင်၏အစ်မက ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး ဖြစ်နေသည်ကို သူမ ယုံကြည်ရန်ခက်ခဲနေ၏။

သို့သော် အစောင့်နှစ်ဦး၏ လက်ထဲမှ ပျက်စီးခြင်းကြေးမုံကျောက်တုံးက သွေးနီရောင်အလင်းများ တောက်ပနေသည်ကို သူမ မြင်နေရလေသည်။ ယင်းသည် ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး အလွန်နီးကပ်စွာရှိနေသည်ဟု ဆိုလိုနေခြင်း ဖြစ်လေ၏။

ယီယွင် ပျက်စီးခြင်းကြေးမုံကျောက်တုံးကို ကြည့်လိုက်လေရာ ပျက်စီးခြင်းကြေးမုံကျောက်တုံးထံမှ မျက်စိကျိန်းလောက်ဖွယ်ရာ အနီရောင်အလင်းများ ထွက်နေသည်ကို မြင်လိုက်ရသည်။

သူက ကျန်းရှောင်ယုကို ဖြည်းညင်းစွာ လှည့်ကြည့်ကာ... " အစ်မရှောင်ယု "

" ယွင်အာ... ငါ သူလျှိုတစ်ဦး မဟုတ်ပါဘူး " ကျန်းရှောင်ယု နှုတ်ခမ်းကိုက်လိုက်သည်။ သူမ၏မျက်နှာက ဖြူလျော်နေလေ၏။

သူ၏ရှေ့မှ ထိုမိန်းကလေးက သူ၏နောက်သို့ လမ်းတစ်လျှောက်လုံး လိုက်ပါလာခဲ့သည့် အစ်မရှောင်ယုဖြစ်ကြောင်း သူ အတပ်သိသည်။ သူမက ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး ရုပ်ဖျက်ထားခဲ့ခြင်း မဟုတ်ပေ။

သူ ကျန်းရှောင်ယု၏လက်ကို ကိုင်လိုက်လေရာ ရင်းနှီးကျွမ်းဝင်သော ထိုခံစားချက်က မရင်းနှီးသော ပျက်စီးခြင်းမျိုးနွယ်ဝင်များ တုပနိုင်သည့်အရာမျိုး မဟုတ်ပေ။

" သူက ကျုပ်ရဲ့ အစ်မကြီးပဲ " ယီယွင်က အစောင့်နှစ်ဦးကို လှည့်ကြည့်ကာ ပြောလိုက်သည်။

လက်ရှိတွင် လူများ ပိုမိုကာ စုဝေးလာနေ၏။ လူအများသည် ဆူညံသံများကြားကာ ထွက်လာကြခြင်း ဖြစ်လေသည်။ ထိုသူများထဲတွင် ယန်ချန်နှင့် ယောင်တောက်လည်း ပါဝင်လေ၏။

အစောင့်တစ်ဦးသည် ယီယွင် ဆုပ်ကိုင်ခဲ့သည့် လက်ကောက်ဝတ်ကို ပွတ်သပ်နေလေ၏။ သူက ကျန်းရှောင်ယုကို လက်ညှိုးထိုးပြပြီး လူအများကို လှမ်းပြောလိုက်လေသည်..." ငါတို့က ပျက်စီးခြင်းမျိုးနွယ် သူလျှိုတစ်ဦးကို ဖမ်းမိထားတယ်။ အဲ့ဒါက ဒီမိန်းကလေးပဲ "

လူတိုင်း ကျန်းရှောင်ယုအား ကြည့်လိုက်ကြလေရာ ကျန်းရှောင်ယုမှာ မသိစိတ်ဖြင့် နောက်ဆုတ်မိသွားရသည်။

လက်ရှိအချိန်အထိ သူမက မည်သို့ဖြစ်နေကြောင်းကိုပင် မသိချေ။ တောင့်တင်းသော အစောင့်နှစ်ဦးက သူမ၏ခန္ဓာကိုယ်အနီးတွင် အနီရောင်ကျောက်တုံးကို ဝှေ့ယမ်းပြီးနောက် သူမကို သူလျှိုဟု စွပ်စွဲခဲ့လေသည်။

ယီယွင် ငြိမ်နေ၏။ ကျန်းရှောင်ယု၏နောက်ခံက ထူးခြားဆန်းကြယ်သည်ဖြစ်ပြီး သူမက မည်သည့်မိသားစုမှ လာခဲ့ကြောင်းကို သူသည်လည်း မသိချေ။ ကျန်းရှောင်ယုက ကြီးမားသော နောက်ခံတစ်ခုမှ လာခဲ့ခြင်းဖြစ်မည်ဟု သူ ခန့်မှန်းထားသည်။

သို့သော်... ပျက်စီးခြင်းမျိုးနွယ်တဲ့လား။

ယီယွင်က ကျန်းရှောင်ယုနှင့် ပတ်သတ်မှုအပိုင်းအစများကို ပြန်တွေးမိသွားကာ ခေါင်းယမ်းလိုက်ပြီး..." မဖြစ်နိုင်ဘူး "

တိမ်ရိုင်းနယ်မြေထဲတွင် ကျန်းရှောင်ယုက သူမ၏ငယ်ဘဝအကြောင်းကို သူ့အား ပြောပြဖူးလေသည်။ သူမ၏ ကလေးဘဝမှတ်ဥာဏ်များစွာကို ဆုံးရှုံးထားသော်လည်း သူမ၏အတိတ်နှင့် စာရေးစာဖတ်တတ်ခြင်းတို့ကဲ့သို့ တိကျသောဖြစ်ရပ်အချို့ကို မှတ်မိနေဆဲပင်။

သူမ ပြောပြခဲ့သည့် ဘဝသည် ပျက်စီးခြင်းသားရဲများနှင့် နေထိုင်ကြသည့် ပျက်စီးခြင်းမျိုးနွယ်နှင့် တူညီခြင်းမရှိပေ။

ထို့အပြင် ကျန်းရှောင်ယုက စာတတ်လေ၏။ သူမ သိသည်မှယ လူသားဘာသာစကား ဖြစ်လေသည်။ ပျက်စီးခြင်းမျိုးနွယ်တွင် ကိုယ်ပိုင်ဘာသာစကား ရှိနေကြောင်းကို ယီယွင် သိသည်။ ယီယွင်ကို အရေးအဖတ် သင်ပေးခဲ့သူမှာ ကျန်းရှောင်ယု ဖြစ်လေ၏။

ကျန်းရှောင်ယုသာ ပျက်စီးခြင်းမျိုးနွယ်တစ်ဦးဆိုလျှင် အဘယ့်ကြောင့် သူမ ငယ်စဥ်ကတည်းက လူသားဘာသာစကားကို သင်ယူနေခဲ့လေသနည်း။

" မင်းက မဖြစ်နိုင်ဘူးလို့ ပြောလိုက်တာနဲ့ တကယ် မဖြစ်နိုင်တာမဟုတ်ဘူး ပျက်စီးခြင်းကြေးမုံကျောက်တုံးက မမှားနိုင်ဘူး။ ငါပြောတာကို ဘယ်သူမှ မယုံဘူးဆိုရင် စမ်းသပ်ကြည့်လို့ရတယ်။ ပျက်စီးခြင်းမျိုးနွယ်ဝင်တွေရဲ့ သွေးက ငွေရောင်ဆိုပြီး သခင်လေးနန်ထျန်းက ပြောဖူးတယ်။ ဓားမြောင်တစ်ချောင်းသုံးပြီး ဒီမိန်းကလေးရဲ့သွေးက အနီလား ဒါမှမဟုတ် ငွေရောင်လားဆိုတာ ကြည့်ကြမယ် "

လက်ကောက်ဝတ်ကို ယီယွင် ဖမ်ဆုပ်ခြင်း ခံလိုက်ရသည့် အစောင့်က အတွေးကောင်းတစ်ခု ရရှိသွားလေသည်။ သူက ထိုနည်းလမ်းကို အကြံပြုလိုက်လေရာ ကြားရသူတိုင်း သဘောတူကြသည်။

လူတစ်ဦး၏ သွေးအရောင်ကို စစ်ဆေးကြည့်ခြင်းသည် အမှန်တကယ်ပင် လုံလောက်သည်မဟုတ်ပါလား။

All Chapters