သွေး
Vol. 24 Ch. 355
" ဟုတ်တယ်... သွေးကို စစ်ဆေးတာက လုံလောက်တယ် " လူအများ စတင်ကာ ပြောလာကြသည်။
ယီယွင် ရင်တထိတ်ထိတ်ဖြစ်လာသည်။ သူ ဤကမ္ဘာသို့ ရောက်လာပြီးနောက်တွင် မူရင်းခန္ဓာကိုယ်၏ မှတ်ဥာဏ်များ ရှိမနေပေ။ ယီယွင် ရောက်ရှိလာခဲ့စဥ်ကတည်းက ကျန်းရှောင်ယု သွေးထွက်သည်ကို မမြင်ဖူးလေသောကြောင့် ကျန်းရှောင်ယု၏သွေးက မည်သည့်အရောင်ဖြစ်ကြောင်း သူ မသိပေ။
" ယီယွင်... မင်း ဒီလိုအဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ငါ မင်းကို တကယ်သနားမိတယ်... အဟားဟား " သူတစ်ပါး ဒုက္ခရောက်ရသည်ကို ကျေနပ်အားရမှုများ ပြည့်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ယီယွင် လှမ်းကြည့်လိုက်လေရာ စကားပြောခဲ့သူက ယန်တင်းခွမ် ဖြစ်နေလေ၏။
လူအုပ်ထဲမှ ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်း ညီအစ်ကိုနှစ်ယောက် ထွက်လာသည်။ ချူတော်ဝင်အိမ်တော်၏ လူငယ်မျိုးဆက်များဖြစ်သည့် သူတို့ ဤနေရာတွင် ဆရာကြီးများ ဖြစ်ကြလေ၏။
ပြီးခဲ့သည့်ရက်များတွင် လူတိုင်းက ချူတော်ဝင်အိမ်တော်တွင် တည်းခိုရလေသောကြောင့် တိုင်အာနတ်မြို့မှ လက်ရွေးစင်များအကြားတွင် သူတို့၏အဆင့်အတန်းက သိသိသာသာပင် တိုးမြင့်သွားခဲ့သည်။
ဟုတ်သည်။ သူတို့က ယီယွင်ထက် နိမ့်လေ၏။ တိုင်အာနတ်မြို့တွင် လူအများက အစွမ်းထက်သူကိုသာ လေးစားကြသည်။ ယီယွင်၏အဆင့်အတန်းက ကြိုးစားအားထုတ်ကာ ရရှိလာသည်ဖြစ်၍ ထိုနှစ်ဦးနှင့် ကွာခြားလေသည်။
ထို့ကြောင့် ချူတော်ဝင်အိမ်တော်သို့ ပြန်ရောက်သည့်တိုင်အောင် ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့က ယီယွင်ကိုမြင်လျှင် အများသောအားဖြင့် ပုန်းနေတတ်ကြသည်။ ယနေ့တွင် ယီယွင်၏ အစ်မဖြစ်သူက ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး ဖြစ်ပုံရလေသောကြောင့် သူတို့ ကျေနပ်အံ့အားသင့်ရသည်။
ထိုကိစ္စသာ အမှန်ဖြစ်လာလျှင် စိတ်ဝင်စားဖွယ်ရာ ဖြစ်လာပေလိမ့်မည်။
ယီယွင်၏အကြည့်များ အေးစက်သွား၏။ ထိုနှစ်ကောင်နှင့် လက်တစ်ဖက် ယန်ဟောက်ရန်တို့က သူ၏ကျောဘက်မှ မြွေများဖြစ်ပြီး အချိန်မရွေးပင် သူ့အား ထကိုက်နိုင်သည်။ ကံဆိုးစွာဖြင့်ပင် ဤပတ်ဝန်းကျင်တွင် ယီယွင်အဖို့ ထိုကောင်များကို ဘာမျှလုပ်မရပေ။
ထိုအခိုက်တွင် မမြင်ရသော အရှိန်အဝါတစ်ခု ချဥ်းကပ်လာကာ လူအများ လမ်းဖယ်ပေးလိုက်ရသည်။ ရှန်းထူနန်ထျန်း လျှောက်လာသည်ကို ယီယွင် မြင်လိုက်ရလေ၏။
ရှန်းထူနန်ထျန်းက အစိမ်းရောင်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး လူအများကို လေပြေတစ်ခုပမာ ခံစားချက်ပေးသည်။ သို့သော် ယီယွင်မှာ ရှန်းထူနန်ထျန်းနှင့် ရင်ဆိုင်ရချိန်တွင် အကြောင်းအရင်းမသိရှိဘဲ ဖိအားတစ်ခုကို ခံစားနေရလေ၏။
" မင်းတို့က ပျက်စီးခြင်းမျိုးနွယ် သူလျှိုတစ်ဦးကို ရှာတွေ့ခဲ့တာလား " ရှန်းထူနန်ထျန်းက ကျန်းရှောင်ယုကိုကြည့်ကာ..." မင်းလား "
ရှန်းထူနန်ထျန်း ပြုံးနေသည်။ ကျန်းရှောင်ယုသည် ရှန်းထူနန်ထျန်း၏ ရှေ့မှောက်တွင် အဘယ့်ကြောင့် ကြောက်ရွံ့မှုအား ခံစားနေရသည်ကို မသိလေသောကြောင့် ယီယွင်၏ကျောဘက်တွင် ပုန်းနေမိလေ၏။
ယီယွင် မျက်မှောင်ကုတ်လိုက်၏။ ရှန်းထူနန်ထျန်း ရောက်လာသည်မှာ မြန်လွန်းနေသည်။
ရှန်းထူနန်ထျန်းသာ ရှိမနေပါက ကျန်းရှောင်ယု၏ သရုပ်မှန်က မသဲကွဲသေးလျှင်ပင် ယီယွင်အဖို့ ကျန်းရှောင်ယုကို ကာကွယ်ပေးနိုင်သည်ဟု ခံစားမိသည်။ ထို့အပြင် ကျန်းရှောင်ယုက အမှန်တကယ်ပင် သေမျိုးမိန်းကလေးတစ်ဦး ဖြစ်လေ၏။ သေမျိုးမိန်းကလေးတစ်ဦးက ဤကဲ့သို့ အခက်တွေ့ရမှုကို မကြုံတွေ့ရသင့်ပေ။
" ဟုတ်တယ် သူပဲ။ ကျုပ်တို့က ပျက်စီးခြင်းကြေးမုံကျောက်တုံးနဲ့ သူ့ကို စမ်းကြည့်လိုက်တာ ကျောက်တုံးက အရမ်းကို နီရဲလာပြီး ခရမ်းရောင် ပြောင်းလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒီမိန်းကလေးရဲ့ သရုပ်မှန်က တစ်ခုခုမှားနေတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ဒီမိန်းကလေးကို ကာကွယ်ပေးဖို့ ကြိုးစားနေတယ် "
ရှန်းထူနန်ထျန်းက ပြုံးကာ ယီယွင်ကိုကြည့်လိုက်လေပြီး..." ဒီမိန်းကလေးက မင်းနဲ့ သာမန်မဟုတ်တဲ့ ပတ်သတ်မှု ရှိနေပုံပဲ "
" သူက ကျုပ်ရဲ့အစ်မပါ " ယီယွင်က အလေးအနက် ဆိုလိုက်သည်။
" အစ်မအရင်းလား " ရှန်းထူနန်ထျန်းက ပြန်မေးလိုက်၏။
ယီယွင် တစ်ခဏမျှ တုန့်ဆိုင်းသွားပြီးနောက် ခေါင်းယမ်းကာ... " မဟုတ်ဘူး "
" ဒါဆို သူ့ကို မင်းရဲ့မိဘတွေက မွေးစားထားတာလား "
ရှန်းထူနန်ထျန်း၏ မေးခွန်းကြောင့် ယီယွင် စိတ်မွန်းကျပ်သွားရ၏။ သူက မဖြေလိုခဲ့သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ကာ... " ဟုတ်တယ် "
" သူ့ကို ဘယ်နေရာ မွေးစားခဲ့တာလဲ " ရှန်းထူနန်ထျန်းက ထပ်မံကာမေးသည်။
ယီယွင်၏နှလုံးသား ပိုမိုအေးစက်လာရကာ..." တိမ်ရိုင်းနယ်မြေ "
ကျန်းရှောင်ယု၏ ဇာစ်မြစ်က သူမ၏သရုပ်မှန်ကို သက်သေပြရန်အတွက် အရေးမသာလှချေ။ သို့သော် သူ၏မိသားစုနောက်ခံအကြောင်းကို လူများစွာ သိနေကြလေသောကြောင့် ယီယွင် လိမ်၍မရပေ။
" တိမ်ရိုင်းနယ်မြေက ပျက်စီးခြင်းသားရဲတွေ အများကြီးရှိတဲ့ မြေရိုင်းဒေသတစ်ခုပဲ။ တိမ်ရိုင်းနယ်မြေထဲမှာ နက်နက်နဲနဲ ပုန်းအောင်းနေကြတဲ့ ပျက်စီးခြင်းမျိုးနွယ်တွေလည်း ရှိတယ်။ မင်းတို့က တိမ်ရိုင်းနယ်မြေထဲမှာ ဇာစ်မြစ်မသိရတဲ့ မိန်းကလေးတစ်ဦးကို မွေးစားခဲ့တယ်ဆိုတော့ သူက ပျက်စီးခြင်းမျိုးနွယ်ဆိုတာ ဖြစ်နိုင်ခြေရှိတယ် " ရှန်းထူနန်ထျန်းက ဆိုလိုက်လေရာ ယန်တင်းခွမ်နှင့် အခြားသူများ ကျိတ်ပျော်သွားကြလေ၏။
ယီယွင် လက်သီးဆုပ်လိုက်၏။ လက်ရှိ သူ၏စွမ်းအားက ရှန်းထူနန်ထျန်းကို ယှဥ်နိုင်ခြင်းမရှိကြောင်း သူသိသည်။ ရှန်းထူနန်ထျန်းကသာ ကျန်းရှောင်ယုကို တစ်ခုခုလုပ်လိုလာပါက ယီယွင်အဖို် ဘာလုပ်ရမည်မှန်းပင် မသိတော့ပေ။
ယီယွင်၏တုန့်ပြန်မှုကို မြင်သောအခါတွင် ရှန်းထူနန်ထျန်းက ရယ်မောကာ..." မင်းက မင်းရဲ့အစ်မကို အတော်လေး ဂရုစိုက်ပုံပဲ။ စိတ်အေးအေးထားပါ။ သူက ပျက်စီးခြင်းမျိုးနွယ် ဖြစ်နေမယ်ဆိုရင်တောင် သူက လမ်းပြလူငယ်ကိုမသိတဲ့သူ ၊ မင်းတို့တွေ မတော်တဆ မွေးစားမိထားတဲ့ သာမန်ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး ဖြစ်နေခဲ့မယ်ဆိုရင် ငါက မင်းရဲ့မျက်နှာကိုထောက်ပြီး သူ့ကို အလွတ်ပေးမှာပါ။ ဒါပေမဲ့ ငါက သူ့ကို တားမြစ်ချက်အချို့တော့ ထားရလိမ့်မယ် "
ယီယွင် စိတ်အေးသွားရ၏။ ရှန်းထူနန်ထျန်းက အလျော့ပေးမည်ဟု သူ ထင်မထားခဲ့ပေ။ သူ၏ ဂုဏ်သတင်းကြောင့်ပေလော။
ယီယွင် ထိုကိစ္စကို သင်္ကာမကင်း ဖြစ်နေသည်။ သူက တိုင်အာနတ်ပြည်ထောင်တွင် အကောင်ဖြစ်နိုင်သော်လည်း ရှန်းထူနန်ထျန်း၏ မျက်လုံးထဲတွင်မူ သူက ဘာမျှမဟုတ်ပေ။
" တစ်ယောက်လောက် သူ့ရဲ့သွေးကို စစ်ဆေးပါ " ရှန်းထူနန်ထျန်းက အမိန့်ပေးလိုက်သည်။
ချူတော်ဝင်အိမ်တော်မှ အစောင့်က ဓားမြောင်တစ်ချောင်း ဆွဲထုတ်လိုက်သဘ်။
" နေဦး... ကျုပ်ကိုယ်တိုင် လုပ်မယ် " ယီယွင်က တားလိုက်သည်။ တစ်စုံတစ်ယောက်က ကျန်းရှောင်ယုအား လှီးတော့မည်ကို ယီယွင်က မည်သို့များ လက်ခံနိုင်ပါမည်နည်း။ ထို့အပြင် ထိုအစောင့်က သူနှင့် ပြဿနာရှိထားသည်ဖြစ်ပြီး ယန်တင်းခွမ်ကလည်း အသံပို့လွှတ်ကာ အမိန့်ပေးလာနိုင်လေသည်။
" သူ့ကို့ လုပ်ခိုင်းလိုက် " ရှန်းထူနန်ထျန်းက ဆိုလိုက်သည်။ သူက ကျန်းရှောင်ယုကို စူးစိုက်ကာ ကြည့်နေလျက်ရှိပြီး သူ၏အတွေးများကို မည်သူကမျှ မသိကြပေ။
ယီယွင်က ကျန်းရှောင်ယု၏လက်ကို ကိုင်ကာ..." အစ်မရှောင်ယု... ငါ သွေးဖောက်တော့မယ်။ ဒါက မနာပါဘူး "
" ကောင်းပြီ " ကျန်းရှောင်ယု ခေါင်းညိတ်လိုက်၏။
ယီယွင် လက်ညှိုးဆန့်ကာ ကျန်းရှောင်ယု၏ လက်ဝါးကို လှီးချလိုက်၏။ သူ ယွမ်ချီဖြင့် ဖန်တီးထားသည့် ဓားမြောင်က အလွန်ထက်လှသည်။
ကျန်းရှောင်ယု၏လက်ဝါးတွင် ပြတ်ရှရာတစ်ခု နာကျင်မှုမရှိဘဲ ပေါ်လာသည်။ ဒဏ်ရာထံမှ သွေးများကျလာ၏။
ယီယွင် အသက်အောင့်ထားမိသည်။ သူ ငွေရောင်သွေးများ မြင်ရမည်ကို အလွန်ကြောက်နေလေ၏။
လူတိုင်း ကျန်းရှောင်ယု၏လက်ဝါးကို အာရုံစိုက်နေကြသည်။
ပလောက်...။
အစိမ်းရောင် ကျောက်အခင်းပေါ်သို့ သွေးတစ်စက် ကျသွားလေ၏။ သွေးစက်က နေရောင်အောက်တွင် တောက်ပနေသည်။ ယင်းက အနီရောင် ကျောက်မျက်တစ်ခုပမာပင်။
" အနီရောင်သွေး " ယီယွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သွေး၏အရောင် အလွန်ပင် တောက်ပကာ လှပနေလိမ့်မည်ဟု သူ တစ်ခါမျှပင် မရှုမြင်ဖူးပေ။ သူမ၏အစ်မဖြစ်သူ ကျန်းရှောင်ယုက ပျက်စီးခြင်းမျိုးနွယ်ဝင် မဟုတ်ချေ။
သူမ၏သရုပ်မှန်က ပြဿနာရှိနေသည့်တိုင်အောင် သူ အရေးမစိုက်ပေ။ သူမ၏နောက်ခံက မည်သို့ဖြစ်နေပါစေ သူတို့က တိမ်ရိုင်းနယ်မြေထဲတွင် အခက်ခဲဆုံး နေ့ရက်များကို အတူဖြတ်ကျော်ခဲ့သည်။ ထိုကဲ့သို့ နီးကပ်မှုမျိုးကို မည်သူကမျှ ယှဥ်မရပေ။
ယီယွင်က လူမျိုးစုံနှင့် ပတ်သတ်မှုရှိပြီး တိုင်အာနတ်မြို့တွင် လက်ရွေးစင်တစ်ဦး ဖြစ်နေသော်လည်း တိမ်ရိုင်းနယ်မြေထဲတွင် ရှိခဲ့စဥ်က သူသည် သေမျိုးတစ်ဦးသာ ဖြစ်လေ၏။ စင်စစ်တွင် သူ့အား ဝန်ထုပ်ဝန်ပိုးဟုပင် ခေါ်သင့်လေသည်။ သို့သော် ကျန်းရှောင်ယုက သူ့ကို စွန့်ပယ်မသွားဘဲ တစ်ဦးနှင့်တစ်ဦး အားကိုးမှီခိုခဲ့ကြလေ၏။
" တကယ်ကို အနီရောင်ပဲ။ သောက်ကျိုးနည်း " အစောင့်နှစ်ဦး မယုံကြည်နိုင် ဖြစ်နေလေသည်။ သူတို့က ပျက်စီးခြင်းမျိုးနွယ် သူလျှိုတစ်ဦးကို ခက်ခဲစွာ ရှာတွေ့ခဲ့သော်လည်း ရလဒ်ကမူ မှားယွင်းနေချေ၏။
" ချီးပဲ... ဒီခွေးကောင်က အထိအခိုက်မရှိဘဲ လွတ်အောင်လုပ်တဲ့နေရာမှာ တော်လွန်းနေတယ်။ ဒါပေမဲ့ ထူးဆန်းတယ်။ ဒီမိန်းကလေးရဲ့သွေးက အနီရောင်ဆိုရင် ဘာကြောင့်မလို့ ပျက်စီးခြင်းကြေးမုံကျောက်တုံးကို အနီရောင်လင်းအောင် လုပ်နိုင်ရတာလဲ "
ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ မပျော်ကြပေ။ သူတို့က ယီယွင်၏ အားနည်းချက်ကို တွေ့ခဲ့ရပြီဟု ထင်ခဲ့ကြ၏။ သူတို့က ယီယွင်၏အနေအထားကို လှုပ်ခါနိုင်စွမ်းမရှိသော်လည်း အနည်းဆုံးအနေဖြင့် ယီယွင်၏အစ်မကို သေအောင်လုပ်ကာ ယီယွင် ဝမ်းနည်းပူဆွေးစေရအောင် လုပ်နိုင်သေးသည်။ ယင်းအရာကို သူတို့ ပျော်ရွှင်စွာပင် မြင်လိုကြသည်။ သို့သော် ယခုတွင်မူ အရာအားလုံး အချည်းနှီးဖြစ်သွားချေပြီ။
" ဒါဆို ပြဿနာမရှိတော့ဘူးမလား " လူတစ်ဦးက ရှန်းထူနန်ထျန်းကို မေးလိုက်သည်။
" ငါပြောသားပဲ ယီယွင်ရဲ့အစ်မက ဘယ်လိုလုပ်ပြီး ပျက်စီးခြင်းမျိုးနွယ်ဝင် ဖြစ်နိုင်မှာလဲ " ယီယွင်ကို ထောက်ခံအားပေးကြသည့် တိုင်အာနတ်မြို့မှ လူများက စတင်ကာပြောလာကြသည်။
ရှန်းထူနန်ထျန်းက မေးစေ့အားပွတ်ရင်း ကျန်းရှောင်ယုကို ကြည့်နေသည်။ သူ မည်သည့်အရာအား တွေးနေကြောင်းကို မည်သူကမျှ မသိပေ။
" သခင်လေးနန်ထျန်း... ကျုပ်တို့ သွားလို့ရပြီလား " ယီယွင်က ကျန်းရှောင်ယုကို ကျောဘက်တွင်ထားရင်း မေးလိုက်သည်။ သူ သတိထားနေဆဲပင်။ သူ ထိုသူများ၏ရှေ့မှောက်မှ ထွက်မသွားနိုင်သေးသရွေ့ ကျောမလုံဖြစ်နေရလိမ့်မည်။
သို့သော် ရှန်းထူနန်ထျန်းက တုန့်ပြန်ခြင်းမပြုမရှိချေ။ သူက တစ်စုံတစ်ခုကို အတွေးနက်နေသည့်အလားပင်။ ရုတ်ခြည်းမှာပင် သူက ကျန်းရှောင်ယုဆီသို့ လျှောက်သွားလိုက်လေ၏။
ကျန်းရှောင်ယုက မသိစိတ်ဖြင့် ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားလေ၏။
သို့သော် ရှန်းထူနန်ထျန်းက ကျန်းရှောင်ယု ရပ်ခဲ့သောနေရာနှင့် မဝေးလှသောနေရာတွင် ရပ်လိုက်သည်။ သူ ပြုံးလျက်ဖြင့် ထိုင်ချလိုက်လေ၏။ သူက မြေပြင်ပေါ်မှ သွေးစက်ကို စူးစိုက်ကာ ကြည့်နေလေသည်။
ရှန်းထူနန်ထျန်းက လက်ဆန့်ကာ သွေးစက်ကို ထိကြည့်လိုက်လေ၏။
ရုတ်ခြည်းမှာပင် သူ၏နှုတ်ခမ်းထောင့်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူက ကျန်းရှောင်ယုကို မော့ကြည့်ကာ ဆိုလိုက်သည်..." မင်းရဲ့ မျိုးရိုးအမည်က ကျန်း မလား "
ကျန်းရှောင်ယု ရင်ထိတ်သွားရသည်။ ရှန်းထူနန်ထျန်း၏ အပြုံးကြောင့် သူမ သွေးပျက်နေကာ..." ရှင်..."
ကျန်းရှောင်ယု၏နံဘေးမှ ယီယွင်က သတိအနေအထား ရှိနေလေ၏။ အစောပိုင်းက စကားများထဲတွင် " ကျန်းရှောင်ယု " ဟူသည့် အမည်ကို မည်သူကမျှ မပြောခဲ့သော်လည်း ရှန်းထူနန်ထျန်းကမူ ကျန်းရှောင်ယု၏ မျိုးရိုးအမည်ကို မှန်းဆနိုင်ခဲ့လေ၏။
ရှန်းထူနန်ထျန်း ထရပ်လာပြီး သူ၏အပြုံးများက ပိုမိုတောက်ပလာသည်။ အပြုံးက တောက်ပလွန်းရကာ မကောင်းသော အငွေ့အသက်နှင့် တူနေလေသည်။
" မင်း ဘယ်သူလဲဆိုတာကို ငါသိပြီ ထင်တယ်။ ငါ မင်းကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ တစ်ခါမှထင်မထားခဲ့ဘူး "