မြို့သခင်နှင့် တွေ့ဆုံခြင်း
Vol. 24 Ch. 344
အဖွဲ့စုံပြိုင်ပွဲက ပြီးဆုံးသွားပြီဖြစ်သော်လည်း ပရိတ်သတ်များကမူ အောင်ပွဲခံနေဆဲဖြစ်ပြီး တစ်ဦးထက် တစ်ဦးက အသံပိုကျယ်နေသည်။ တိုင်အာနတ်မြို့မှာ စစ်သည်များမှာ စိတ်လှုပ်ရှားလွန်းနေပြီး မရပ်နိုင်ကြတော့ပေ။
အားပေးသံများ ညံနေလျက်ရှိပြီး ယီယွင်က နတ်အရိုင်းမြေစင်မြင့်ထက်တွင် မတ်တက်ရပ်ကာ မျက်လုံးမှိတ်ထားသည်။ အားပေးသံများက ယစ်မူးမိစရာဖြစ်သော်လည်း ယီယွင်ကမူ မသာယာမိပေ။ သူက သိမြင်နားလည်မှုအချို့ ရရှိစေရန် လုပ်ဆောင်နေ၏။
ယီယွင် ဖုန်းလင်နှင့်တိုက်ခိုက်ကာ သန့်စင်ယန်ဓားနန်းတော်၏ ဓားဆန္ဒကို အသုံးပြုချိန်၌ ဓားဆန္ဒနှင့်ပတ်သတ်သော သိမြင်နားလည်မှုအချို့ ရရှိခဲ့လေပြီး သူ၏တန်းထျန်ထဲတွင် (နတ်အမြုတေထဲတွင်) ပြောင်းလဲမှုအချို့ ဖြစ်ခဲ့လေသည်။
ထို့နောက်ပိုင်းတွင် ယီယွင်က ရွှေကျီးကန်းမျိုးစိတ်၏ သွေးကို သောက်ခဲ့လေ၏။ ပြင်းထန်သောတိုက်ပွဲတွင် ရွှေကျီးကန်းမျိုးစိတ်၏ သွေးက ယီယွင်၏သွေးနှင့် ပေါင်းစည်းသွားပြီး ခန္ဓာကိုယ်နှင့် လိုက်ဖက်မှုဖြစ်သွားခဲ့သည်။
ပိုင်နှင့် တိုက်ပွဲတွင်မူ ထိုလိုက်ဖက်မှုက အဆုံးစွန်အထိ ရောက်ရှိသွားခဲ့သည်။ ယီယွင်၏ သိမြင်နားလည်မှုများ အဆက်မပြတ်ပင် တိုးပွားလာခဲ့လေ၏။
နောက်ဆုံး လော့ဟော်အာက သူ့အား ကုသပေးချိန်တွင် ယီယွင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည့် အအေးစွမ်းအင်က သူ၏သွေးကြောများကို သဟဇာတဖြစ်စေကာ စင်ကြယ်သွားစေသည်။ ယင်းသည် သူ မကြာမီတွင် ချိုးဖျက်နိုင်တော့မည့်အလားပင်။
သူ၏ခန္ဓာကိုယ်ထဲမှ ယွမ်ချီများ တန်းထျန်ထဲတွင် စုစည်းနေကာ ပေါင်းစည်းသွားကြသည်ဟု သူ ဝိုးတဝါးခံစားမိနေသည်။ ယွမ်ချီများ အတူပေါင်းစည်းသွားပြီး သိပ်သည်းသွားပါက ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ရောက်သွားလိမ့်မည်ဖြစ်ကြောင်း သူသိလေသည်။
ယွမ်အုတ်မြစ်သည် စစ်သည်တစ်ဦး သိုင်းပညာလမ်းစဥ်၏ အထွတ်အထိပ်သို့ တက်လှမ်းရန်အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လေသည်။
" ယီယွင်..."
ခန်းယန် အကြီးအကဲစင်မြင့်ထက်မှ ခုန်ဆင်းလာကာ..." မင်းဆိုတဲ့ ကောင်စုတ်လေးက တစ်နှစ်နီးပါး အပြင်ထွက်သွားလိုက်တာက ဒီလောက်အထိ ကြီးထွားလာတာပါ့လား "
ခန်းယန် ယီယွင်အား ကြည့်လိုက်သည်။ သို့သော် သူ ပိုကြည့်လေလေ ပိုမိုကာ နားမလည်လေလေပင်။ ယီယွင် ဤအတိုင်းအတာအထိ ရောက်ရှိလာခဲ့သည်မှာ မယုံကြည်နိုင်စရာပင်။
" စီနီယာခန်းယန် " ယီယွင် ဂါရဝပြုလိုက်သည်။
" မြို့သခင်က မင်းနဲ့တွေ့ချင်နေတယ် " ခန်းယန်က ရုတ်တရက်ပင် ဆိုလိုက်သည်။
ယီယွင် အနည်းငယ်ခန့် မှင်တက်မိသွားလေ၏။ မြို့သခင်က တွေ့ချင်တာလား။
ယီယွင် ခေါင်းညိတ်ကာ... " ကျုပ် သိပြီ။ တိုက်ပွဲထဲမှာ ကျုပ် ထိုးထွင်းသိမြင်မှုအချို့ ရထားသေးတယ်။ နှစ်နာရီကြာပြီးရင် ကျုပ် မြို့သခင်နဲ့ တွေ့လိုက်ပါ့မယ် "
စစ်သည်များ ထိုးထွင်းသိမြင်မှု ရရှိသည်မှာ ရှားပါးလေသည်။ အနီးကပ်တိုက်ပွဲမှ ထိုးထွင်းသိမြင်မှု ရရှိလာသည်မှာ တန်ဖိုးကြီးမားလေ၏။ သံ ပူနေတုန်းတွင် ထုရိုက်ကာ ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုအဖြစ် ပြောင်းလဲခြင်းမပြုပါက အချိန်ကြာသွားလျှင် ထိုးသွင်းသိမြင်မှုများ မှေးမှိန်ပျောက်ကွယ်သွားပေလိမ့်မည်။
" ကောင်းပြီ။ စိတ်အေးလက်အေး ချေဖျက်နေပါ။ မြို့သခင်နဲ့တွေ့ဖို့က အလျင်မလိုဘူး " ခန်းယန် မငြိုငြင်ပေ။ လက်ရှိတွင် သူက ယီယွင်ကို ပိုကြည့်လေလေ ပိုသဘောကျလာလေလေပင်။ ယီယွင်က တိုင်အာနတ်ပြည်ထောင်အတွက် ထိုင်ခုံနေရာများ ရယူပေးခဲ့သည်သာမက တိုင်အာနတ်မြို့အတွက်လည်း ဂုဏ်သရေများ ဆောင်ကြဥ်းပေးခဲ့သည်။ ခန်းယန်အတွက်လည်း ဘဝပန်းတိုင်တစ်ခု ရခဲ့လေသည်။
တိုင်အာနတ်ပြည်ထောင်တွင် ခန်းယန်၏ အနေအထားနှင့် အဆင့်အတန်းတို့က အတော်ပင်မြင့်မားသော်လည်း ခန်းယန်အတွက်မူ ယင်းတို့က အဓိပ္ပါယ်မရှိပေ။ သူက သိုင်းပညာကို လေ့လာလိုက်စားနေသည့် လမ်းကြောင်းပေါ်၌သာ ရှိနေသေးသော်လည်း သူ၏အသက်အရွယ်နှင့် အလားအလာကုန်ဆုံးမှုတို့ကြောင့် ထပ်မံကာ လျှောက်လှမ်းနိုင်ခြင်း မရှိတော့ပေ။ ခန်းယန်က သိုင်းပညာလမ်းစဥ် ဆုံးခန်းတိုင်နေသည့်တိုင်အောင် အခြားအရာများကို လေ့လာလိုက်စားလိုသေးလေသည်။
ခန်းယန်က သမိုင်းထဲတွင် သူ၏အမည်ကို ချန်ထားလိုလေ၏။
တိုင်အာနတ်ပြည်ထောင်၏ နှစ်ပေါင်းများစွာ သမိုင်းကြောင်းမြစ်ထဲတွင် ရှေးကာလကတည်းကပင် ပညာရှိများစွာ ရှိခဲ့လေသည်။ သမိုင်းကြောင်းမြစ်ထဲတွင် ခန်းယန်က ထူးချွန်ခြင်းမရှိပေ။ သို့သော် သူသာ ယီယွင်ကို ကောင်းစွာပျိုးထောင်ပေးပါက ကွဲပြားသွားပေလိမ့်မည်။
သူက ထိုအောင်မြင်မှုဖြင့် သမိုင်းကြောင်းရေးထိုးနိုင်ပေလိမ့်မည်။
......................
ယီယွင်က ယွင်လုံနတ်ပြည်ထောင်ကို အနိုင်ယူကာ အဖွဲ့စုံပြိုင်ပွဲတွင် ပထမနေရာ ရရှိခဲ့သည့်သတင်းက တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးသို့ အကွာဝေးအစီရင်များ ၊ ကျောက်စိမ်းစာလိပ်များ ၊ စာများ စသည်အားဖြင့် နည်းလမ်းပေါင်းစုံနှင့် လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
မကြာမီတွင် ယီယွင်က တိုင်အာနတ်ပြည်ထောင်တွင် အထွန်းတောက်ဆုံး လူတစ်ဦး ဖြစ်လာခဲ့လေသည်။
ဂိုဏ်းအဖွဲ့အစည်းများစွာတို့က ယီယွင်ကို အာရုံစိုက်လာကြလေ၏။ မရေမတွက်နိုင်လောက်သော လူငယ်မျိုးဆက် စစ်သည်များကလည်း ယီယွင်ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်လာကြသည်။ ယီယွင်၏ အောင်မြင်မှုများက အမှန်တကယ် အံ့ဩဖွယ်ရာပင်။ ယီယွင်က ငယ်သေးသည်ဖြစ်၍ အနာဂတ်က အကန့်အသတ်မဲ့လေသည်။
လက်ရှိအချိန်၌ ယီယွင်က သူ၏အဆောင်၌ ရှိနေလေပြီး နှစ်နာရီ သမထထိုင်ပြီးခါစ ဖြစ်လေသည်။ သူ၏အခြေခံအုတ်မြစ်နှင့် ကျင့်ကြံမှုအဆင့်ကို ခိုင်မာအောင်လုပ်နေရင်း သူ၏သိမြင်နားလည်မှုများ ပိုမိုရှင်းလင်းလာခဲ့သည်။ သူ အရေးကြီးအခြေအနေသို့ ရောက်ရှိနေသည်ဟု ခံစားရသည်။ သူက ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ရန် နီးကပ်နေပေပြီ။
" မြို့သခင်နဲ့တွေ့ဖို့ အချိန်ကျပြီ "
ယီယွင် မတ်တက်ရပ်ကာ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ မြို့သခင်နှင့် တွေ့ရမည်မှာ ယီယွင်အတွက် အေးအေးလူလူ မဖြစ်လှပေ။ မြို့သခင်တွင် မေးခွန်းများစွာ ရှိနေလိမ့်မည်ကို သူ သိသည်။
တံခါးအပြင်ဘက်တွင် ဥပဒေထိန်းသုံးဦး စောင့်နေကြလေ၏။
" မင်း အသင့်ဖြစ်ပြီလား " လူသားအရှင်သခင် အထွတ်အထိပ် ကျင့်ကြံမှုအဆင့်ရှိပြီး အများသောအားဖြင့် အေးစက်စက်နိုင်သော ဥပဒေထိန်းက ယီယွင်အား တွေ့လိုက်ချိန်တွင်မူ လေးစားမှုပြလာသည်။
" အင်း " ယီယွင် ခေါင်းညိတ်လိုက်၏။ သူ ဥပဒေထိန်းသုံးဦးနှင့်အတူ ဗဟိုနတ်မျှော်စင် ထိပ်ဆုံးသို့ သွားခဲ့လေသည်။
ဗဟိုနတ်မျှော်စင်၏ အလယ်တွင် ဒေါင်လိုက်ဥမင်ခေါင်းတစ်ခု ရှိလေ၏။ ဥမင်ထဲတွင် စိတ်ဝိညာဥ်လှေတစ်စင်း ရှိလေသည်။ ယီယွင်က ဥပဒေထိန်းသုံးဦးနှင့်အတူ စိတ်ဝိညာဥ်လှေကိုစီးကာ မျှော်စင်ထိပ်သို့ တက်သွားခဲ့လေ၏။
မြို့သခင်၏အခန်းက ဗဟိုနတ်မျှော်စင် ၉၉ လွှာတွင် ရှိလေသည်။ ထိုအလွှာတွင် မြို့သခင်၏အခန်းအပြင် ကောင်းကင်အဆင့်အခန်းသုံးခုသာ ရှိလေ၏။ ထိုအခန်းသုံးခုသည် တိုင်အာနတ်မြို့သခင် သိုမဟုတ် တိုင်အာနတ်ပြည်ထောင် ဧကရာဇ်တို့နှင့် ဂုဏ်ရည်တူသည့် အခြားတိုင်းပြည်များမှ ဧည့်သည်များ တည်းခိုရန်အတွက် ဖြစ်လေသည်။
မြို့သခင်၏အဆောင်က အခန်းသုံးခု၏အလယ်တွင် ရှိလေသည်။ တံခါးထိပ်တွင် ကမ္ပည်းပြားကြီးတစ်ခုရှိပြီး " တိုင်အာ " ဟူသည့် စကားလုံးကြီးနှစ်ခု ရေးထိုးထားလေ၏။
ယီယွင် တံခါးဆီသို့ လျှောက်သွားချိန်တွင် တံခါးက အလိုအလျောက်ပင် ပွင့်သွားခဲ့လေ၏။ ယီယွင် အသက်ရှုထိန်းညှိကာ အထဲသို့ဝင်သွားခဲ့သည်။
သူ တံခါးအားဖြတ်ကျော်ကာ ဝင်းလက်တောက်ပနေသည့် အခန်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။ တိုင်လုံးအချို့အကြားတွင် လူလတ်ပိုင်းကျောင်းတော်သားတစ်ဦး ရပ်နေသည်ကို ယီယွင် မြင်လိုက်ရသည်။ သူက ပန်းချီးတစ်ချပ်အား သဘောကျစွာကြည့်နေရင်း လက်နောက်ပစ်ကာ ရပ်နေလေသည်။
ထိုပန်းချီက အလွန်ထူးဆန်းလှပြီး စိတ္တဇဆန်သော အနီရောင်မျဥ်းကြောင်းများကို အဆုံးမဲ့ရေးခြစ်ထားလေသည်။ ယင်းက သွေးများ စွန်းထင်းပေကျံနေသည့်အလားပင်။ ထိုပန်းချီအား ကြည့်ရုံမျှနှင့်ပင် မနှစ်မြို့ဖွယ်ရာခံစားချက် ရရှိနေသည်။
ထိုပန်းချီက မည်သည့်အရာဖြစ်သည်ကို ယီယွင် ဝိုးတဝါးသိသော်လည်း မေးမြန်းမပြုဘဲ မြို့သခင်၏နောက်တွင် ငြိမ်သက်စွာ ရပ်နေခဲ့လေ၏။
တိုင်အာနတ်မြို၏ မြို့သခင်နှင့် သူ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်လေ၏။ သူ အမေးအမြန်းထူနေလျှင် မသင့်တော်ချေ။
မြို့သခင်က အတန်ကြာအောင် ကြည့်နေပြီးနောက် ယီယွင်ကို လှည့်ကြည့်လာသည်။
" မြို့သခင် " ယီယွင်က ဦးညွတ်ဂါရဝပြုလိုက်သည်။
မြို့သခင်က ပြုံးကာ..." ယီယွင်... သားရဲတစ်သောင်းပုံရိပ်ကို ဘယ်လို တတ်ကျွမ်းခဲ့လဲဆိုတာ ပြောပြပေးလို့ရမလား "
မြို့သခင် ထိုသို့မေးလာမည်ကို ယီယွင် ခန့်မှန်းမိထားပြီး ဖြစ်လေသည်။ သူ အနည်းငယ်တွေးပြီးနောက် ရွှေကျီးကန်းမျိုးစိတ်နှင့် ယန်စိတ်ဝိညာဥ်တို့ကို တွေ့ဆုံခဲ့ပြီး မည်သို့မျှလုပ်နိုင်ခြင်းမရှိခဲ့သည်ကို ရှင်းပြလိုက်သည်။ ထို့နောက်တွင် ထိုအရာနှစ်ခုက တိုက်ခိုက်နေသည်ကို သူ မြင်တွေ့ခဲ့ရလေ၏။
နောက်ပိုင်းတွင် သူ့အား စုကျဲ ပေးထားခဲ့သည့် အကာအကွယ်မန္တန်အား မည်သို့အသုံးပြုခဲ့ကြောင်း ပြောပြလိုက်သည်။ သူက အကာအကွယ်မန္တန်ကို အသုံးပြုကာ အကျပ်အတည်းကြီးတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပြီး နောက်ဆုံးတွင် ရွှေကျီးကန်းမျိုးစိတ်ကို သတ်နိုင်ခဲ့လေသည်။ ယီယွင်က အလိမ်အညာမပါဘဲ အားလုံးကို အမှန်တိုင်းသာ ပြောခဲ့လေပြီး အကြောင်းအရာအချို့ကိုသာ ထုတ်ပြောခြင်းမပြုခဲ့ပေ။
မြို့သခင်က ခေါင်းညိတ်ကာ..." ငါ နားလည်ပြီ။ မင်း ပြောပုံအရဆိုရင် အတော်ကိုကောင်းတဲ့ ကံကောင်းမှုတစ်ရပ်ပါပဲ။ ဒါပေမဲ့ မင်း ကြုံတွေ့ခဲ့ရတဲ့ ကံကောင်းမှုတွေအားလုံးတော့ မဟုတ်သေးဘူးလို့ ငါထင်တယ် "
မြို့သခင်က တစ်စုံတစ်ခုကို ရိပ်စားမိသွားခြင်းကြောင့် ယီယွင် ရန်ခုန်မြန်လာရသည်။
" စိုးရိမ်စရာမလိုပါဘူး ယီယွင် "
မြို့သခင်က ရယ်ကာ..." မင်း ကြယ်ကြွေဂိတ်ထဲမှာ ဘာတွေပဲ ကြုံလာခဲ့ရပါစေ အားလုံးက မင်းရဲ့အပိုင်ပဲ။ ဂျူနီယာတစ်ဦးဖြစ်တဲ့ မင်းက အဲ့ဒါတွေကို အသက်နဲ့ရင်းပြီးမှ ရလာတာလေ။ ငါသာ အဲ့ဒါတွေအတွက် မင်းနဲ့ယှဥ်ပြိုင်နေမယ်ဆိုရင် ငါ့ရဲ့ အမြော်အမြင်နဲ့ ရည်မှန်းချက်တွေက မြို့သခင်ဖြစ်ဖို့ မထိုက်တန်တော့ဘူး "
တိုင်အာနတ်မြို့က နှစ်သန်းပေါင်းဆယ်ချီအထိ ရပ်တည်လာခဲ့သည်။ ထိုနှစ်ကာလများအားလုံးတွင် တိုင်အာနတ်မြို့၌ ပညာရှိများ နေထိုင်ခဲ့လေ၏။ လက်ရွေးစင်များက နတ်အရိုင်းမြေထဲသို့ ခရီးထွက်တတ်ကြသည်ဖြစ်ပြီး ကံကောင်းမှုများ ကြုံတွေ့ရသည်မှာလည်း ပုံမှန်မဟုတ်သောကိစ္စများ မဟုတ်ကြပေ။
တိုင်အာနတ်မြို့၏ ပညာရှိအဆင့် အကြီးအကဲများကသာ ပါရမီရှင်များ ကြုံတွေ့လာကြသည့် ကံကောင်းမှုများကို လုယူနေမည်ဆိုလျှင် ဗရုတ်သုတ်ခဆန်သွားပေလိမ့်မည်။ တိုင်အာနတ်မြို့ပင် အချိန်တိုအတွင်း ပျက်စီးသွားပေလိမ့်မည်။
မြို့သခင်က ဆက်ပြောသည်..." ငါ့အဆင့်မှာ မဟာဧကရာဇ်နယ်ပယ်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးက အရမ်းကိုသေးငယ်တယ်။ ကံကောင်းမှုတစ်ခုက ဘယ်လောက်အထိ ကြီးမားနေပါစေဦး ချိုးဖျက်နိုင်ကတော့ ခက်ခဲနေဦးမှာပဲ။ ငါ့ရဲ့အလားအလာတွေက ပမာဏအများကြီး ကုန်ခမ်းသွားပြီဆိုတော့ ပညာရှိနယ်ပယ် အထွတ်အထိပ်အဆင့်နဲ့ မဟာဧကရာဇ်နယ်ပယ်တို့ အကြားက နေရာလပ်ကြီးက နတ်ကျုံးတစ်ခုလို ဖြစ်နေပြီ။ ငါ့အတွက်က ဒီနတ်ကျုံးကို ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်တော့တာကြောင့် ငါ မင်းရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်လာမှာကို စိတ်ပူနေဖို့မလိုပါဘူး "
" ကြီးမားတဲ့ ကံကောင်းမှုအခွင့်အရေးတစ်ခု ရှိနေတဲ့ မင်းအတွက်ဆိုရင်တောင် မဟာဧကရာဇ်နယ်ပယ်ကို ချိုးဖျက်နိုင်ဖို့က အတော်ကြီးကို ခက်ခဲနေဦးမှာပဲ။ အကယ်၍ မင်းသာ လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ တိုင်အာနတ်ပြည်ထောင်နဲ့ ငါ့အတွက် မဟာကောင်းချီးတစ်ခုပါပဲ "
" ယီယွင်... အခုလက်ရှိ မင်းရဲ့ ထူးချွန်မှုတွေက တိုင်အာနတ်ပြည်ထောင်မှာ မရှိဖူးဘူး။ ဒါပေမဲ့ မင်း စိတ်ကူးလို့မရနိုင်တဲ့ ဂိုဏ်းအဖွဲ့အစည်းအချို့မှာ ဆိုရင်တော့ ဒီကိစ္စက ဘာမှမဟုတ်ဘူး "
" လက်ရှိမှာ မင်းက ဓားနဲ့ဓားမောက် သင်္ချိုင်းတွေထဲကနေ ထိုးထွင်းသိမြင်မှု ရထားတယ်။ တိုင်အာနတ်ကျင့်စဥ်ကိုလည်း ဆယ်ရက်နဲ့ တတ်ကျွမ်းခဲ့တယ်။ ပြီးတော့ သားရဲတစ်သောင်းပုံရိပ်ကျင့်စဥ်ကိုလည်း တတ်ကျွမ်းထားတယ်။ ဒီအောင်မြင်မှုတွေက ငါ့ကို အံ့အားသင့်စေတယ်။ ဒါပေမဲ့ ဒါက အံ့အားသင့်ရုံတင်ပဲ။ ဒါဘာကြောင့်လဲဆိုတော့ လက်ရှိ မင်းရဲ့အနေအထားက အနာဂတ်မှာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့အတွက် အခွင့်အရေးရှိနေတာကို ငါ သိနေလို့ပဲ။ ဒါပေမဲ့ အပြောကျယ်လှတဲ့ လောကကြီးနဲ့ ယှဥ်လိုက်မယ်ဆိုရင် ဘာဟုတ်သေးလဲ "
" ဒီလောကကြီးက အရမ်းကြီးမားတယ်။ ငါ ထွင်းမဖောက်မမြင်နိုင်တဲ့ လူငယ်တွေဆိုတာ မင်းတစ်ယောက်တည်းတင် မဟုတ်ဘူး။ ဥပမာပြရရင် မင်းကို ကုသပေးခဲ့တဲ့ လော့ဟော်အာရဲ့ အနာဂတ်အောင်မြင်မှုတွေက မင်းထက်တောင် သာလွန်နိုင်လောက်တယ် "
ယီယွင် ထိတ်လန့်သွားရသည်။ သူ့ဒဏ်ရာများကို လော့ဟော်အာက ကုသပေးခဲ့ကြောင်းကို မြို့သခင်က သိနေချေ၏။
" မင်း စိုးရိမ်မနေပါနဲ့။ အဲ့ဒီကလေးမကို ငါ စုံစမ်းချင်စိတ်မရှိပါဘူး။ သူက အဖွဲ့အစည်းကြီးတစ်ခုက လာခဲ့တာပဲ။ အဲ့ဒီအဖွဲ့အစည်းက တိုင်အာနတ်ပြည်ထောင်အပေါ် မကောင်းနဲ့အကြံအစည်တွေ ရှိလိမ့်မယ်လို့ ငါ မထင်မိတာကြောင့် အများကြီးစိတ်ပူမနေဘူး "
မြို့သခင်က ပန်းချီကားကို ပြန်ကြည့်လိုက်လေသည်။
" ဒီလောကကြီးထဲမှာ တိုင်အာနတ်ပြည်ထောင်က သစ်ရွက်လေးတစ်ရွက်လိုပဲ။ တိုင်အာနတ်ပြည်ထောင် ကြာရှည်စွာရပ်တည်နိုင်ဖို့က အရမ်းခက်တယ်။ အနာဂတ်မှာ တိုင်အာနတ်ပြည်ထောင်က အခိုက်အတန့်တိုင်းမှာ တိမ်းမှောက်သွားနိုင်တယ်။ ဥပမာ အခုလက်ရှိ ငါတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲမျိုးလိုပေါ့ကွာ "
ယီယွင် ငြိမ်သက်စွာနားထောင်နေသည်။ မြို့သခင်ထံမှ ခေါင်းဆောင်တစ်ဦး၏ အရည်အသွေးကို သူ ခံစားမိနေသည်။ မြို့သခင် အစိုးရိမ်ဆုံးမှာ တိုင်အာနတ်ပြည်ထောင်၏ အနာဂတ်ရေးကိုပင်။
" မြို့သခင်က လမ်းပြလူငယ်ကို ရည်ရွယ်ချင်တာလား " ယီယွင်က မေးလိုက်သည်။
" ဟုတ်လောက်မှာပါ "
မြို့သခင် သက်ပြင်းချကာ... " ရှေ့မှာ မင်း မြင်နေရတဲ့ ပန်းချီကားကို တော်ဝင်မြို့တော်က ပညာရှိတစ်ဦး ရေးဆွဲထားတာပဲ။ သူက တိုင်အာသံလိုက်အိမ်မြောင်ကို အသုံးပြုပြီးတော့ သက်တမ်း နှစ်ပေါင်းရာအနည်းငယ်လောက် အကုန်ခံပြီး ရှေ့ဖြစ်ဟောပန်းချီတစ်ခု ရေးဆွဲခဲ့တယ် "