← Chapters

မဟာမျှော်လင့်ချက်

Vol. 24 Ch. 345

မဟာမျှော်လင့်ချက်

Vol. 24 Ch. 345

" တိုင်အာသံလိုက်အိမ်မြောင် "

ယီယွင် ထိုပစ္စည်းအကြောင်း သိသည်။ ၎င်းသည် တိုင်အာနတ်ပြည်ထောင်၏ အရေးအကြီးဆုံး ပစ္စည်းများထဲမှ ပစ္စည်းတစ်ခု ဖြစ်လေ၏။

ခရမ်းရောင်တိမ်တိုက်၏ မွေးဖွားမှုဖြစ်ရပ်များ ပေါ်ပေါက်ခဲ့စဥ်က တိုင်အာနတ်ပြည်ထောင်သည် တိုင်အာသံလိုက်အိမ်မြောင်ကို ရတနာရှာဖွေရန် အသုံးပြုခဲ့လေ၏။ စင်စစ်တွင် တိုင်အာသံလိုက်အိမ်မြောင်ကို ရတနာရှာဖွေရာတွင်သာ အသုံးများခဲ့သည်။ ထို့ကြောင့် တိုင်းသူပြည်သားများက တိုင်အာသံလိုက်အိမ်မြောင်ကို ရတနာသံလိုက်အိမ်မြောင်ဟုသာ အခေါ်များကြသည်။

" ရှေ့ဖြစ်ဟောရလဒ်က ဘာတဲ့လဲ " ယီယွင်က မေးလိုက်သည်။

" ရလဒ်က အဆုံးစွန်ကပ်ဘေး "

မြို့သခင်၏အမူအရာ လေးနက်သွားကာ..." တကယ်တော့ ရှေ့ဖြစ်ဟော မလုပ်ခင်ကတည်းက ငါ မကောင်းတဲ့ခံစားချက်ကို ရနေပြီးသားပါ။ ငါလည်း အနာဂတ်ကို ကြိုတင်မခန့်မှန်းနိုင်ပါဘူး "

မြို့သခင် ခေါင်းယမ်းလိုက်၏။ အနာဂတ်သည် ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေ၏။ ပညာရှိနယ်ပယ် ကျင့်ကြံမှုမျှဖြင့် အနာဂတ်ကို ရိုးခနဲ့ရိပ်ခနဲ့ ဖမ်းဆုပ်မိရန် မလွယ်ကူပေ။ သူက ဝိုးတဝါးမျှ ကြိုခံစားနိုင်ရုံသာ ဖြစ်လေ၏။

" လမ်းပြလူငယ် "

ယီယွင် မည်သို့ခံစားရမည်မှန်း မသိတော့ချေ။ မူလက လမ်းပြလူငယ် ပေါ်လာချိန်တွင် တိုင်အာနတ်ပြည်ထောင်သာ ထိတ်လန့်ခဲ့ရသည်။ အမှန်တကယ်ပင် သားရဲအုပ်တစ်အုပ် ဟုတ်သည်လား မဟုတ်သည်လားကိုမူ မသိရသေးသော်လည်း သူတို့က အိမ်နီးချင်းတိုင်းပြည်များနှင့် မဟာမိတ်ဖွဲ့ကာ တိုက်ပွဲအတွက်ပြင်ဆင်ရန် ဆက်သွယ်ခဲ့ကြရသည်။

လူအများကမူ အကြောင်းအရင်းမဲ့ ထိတ်လန့်နေခဲ့သည်ဟုသာ မျှော်လင့်ထားကြ၏။ သို့သော် မြို့သခင်၏ စကားများအရ တိုင်အာနတ်ပြည်ထောင်အဖို့ မကြာမီတွင် ကပ်ဘေးတစ်ခု ကြုံရတော့မည့်ပုံပင်။

ယီယွင် လမ်းပြလူငယ်နှင့် ဆုံခဲ့ရချိန်ကို ပြန်တွေးမိသွားလေ၏။ သာမန်လယ်သမားများကဲ့သို့ပင် အေးချမ်းရည်မွန်ဟန်ရှိသည့် လူငယ်တစ်ဦးက လူပေါင်းမရေနိုင်အောင် သတ်ထားခဲ့သည့် လူ့မိစ္ဆာတစ်ဦး ဖြစ်နေသည်ကို သူ မယုံကြည်နိုင်ဖြစ်နေရသည်။ သူ ပေါ်လာပါက သွေးမုန်တိုင်းတစ်ခုပါ လိုက်ပါလာချေသည်။

ထိုသူက မည်ကဲ့သို့ လူစားမျိုးပေနည်း။

" ယီယွင်... တိုင်အာနတ်ပြည်ထောင်ရဲ့ အနာဂတ်က မရေရာဘူး။ တိုင်အာနတ်ပြည်ထောင် တည်ရှိလာခဲ့တာ အရမ်းကြာခဲ့ပြီဆိုတော့ ပစ်ပယ်ခံရတော့မယ့် အရိပ်အငွေ့ကိုတော့ ငါ ခံစားမိနေတယ်။ ငါ တိုင်အာနတ်ပြည်ထောင်ရဲ့ အနာဂတ်ကို မမြင်နိုင်ပေမဲ့ ဒီကပ်ဘေးဟာ တိုင်အာနတ်ပြည်ထောင်ကို ပျက်စီးပြီး ပြန်လည်ဖြစ်တည်စေနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်လာစေလိမ့်မယ်လို့ ငါ ခန့်မှန်းထားတယ်။ နတ်ပြည်ထောင်က ဒီကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့ရင် ပြန်ပြီးမွေးဖွားနိုင်လိမ့်မယ်။ မရှင်သန်နိုင်ခဲ့ရင်တော့....."

မြို့သခင်က စကားစကို ရပ်လိုက်သည်။

ယီယွင် ထိတ်လန့်သွား၏။ အခြေအနေက သူ တွေးထားသည်ထက် ပိုမိုပြင်းထန်နေသည်။ ဤကဲ့သို့ တိုင်းပြည်ကြီးတစ်ခုက ပြိုကွဲနိုင်လေသလော။

" ကောင်းပြီ... ဒီကိစ္စကို ထပ်မပြောတော့ဘူး။ ယီယွင်... ဒီတစ်ကြိမ်မှာ မင်းက အကျိုးထူးအဆောင်ခဲ့ဆုံးသူပဲ။ ငါ မင်းကို ဆုချီးမြင့်မယ်။ မင်းက ယွမ်အုတ်မြစ်ချနယ်ပယ်ကို ချိုးဖျက်တော့မယ်။ ဒီမှာ မင်း ချက်ချင်းအသုံးပြုလို့ရမဲ့ ဆေးတစ်လုံး ငါ ပေးလိုက်မယ် " မြို့သခင်က ယီယွင်အား ကြွေပုလင်းတစ်လုံး ပေးလိုက်လေသည်။

ယီယွင် ကြွေပုလင်းကိုယူကာ အဖုံးဖွင့်လိုက်ရာ အနက်ရောင်ဆေးတစ်လုံး ထွက်လာလေ၏။ ဆေးအား ကိုင်ရသည်မှာ မီးပမာပင် ပူလှချေသည်။

" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါ ရှေးဦးဆေးတစ်ပင် ရခဲ့တယ်။ ဆေးပင်အမည်က နဂါးသွေးရည်ကြည်။ ဒီဆေးပင်က သာမန်အရည်ကြည်ဆေးပင်တွေနဲ့ ပုံစံမကွာခြားဘူး။ ဒါပေမဲ့ အပင်ရဲ့ အမြစ် ဒါမှမဟုတ် အရွက်ကို ဖြတ်လိုက်ရင် သွေးရောင် အရည်တွေက စီးထွက်လာတာကြောင့် ဒီအမည်ကို ရထားတာပဲ "

" နဂါးသွေးရည်ကြည်ဆေးပင်ကို ဖမ်းရတာက မင်း ရလာဖူးတဲ့ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းထက် အများကြီးပိုခက်တယ်။ ငါက အဲ့ဒီဆေးပင်ကိုသုံးပြီး ယန်သွေးဆေးလုံးတစ်လုံး ဖော်စပ်ခဲ့တယ်။ ယန်သွေးဆေးလုံးက ယန်ပြင်းထန်တဲ့ ဆေးဘက်ဝင်ပစ္စည်းပဲ။ မင်းက သန့်စင်ယန်ဥပဒေသကို ကျင့်ကြံထားပြီး မင်းရဲ့ကံကောင်းမှုကြောင့် သန့်စင်ယန်ခန္ဓာကိုယ်ကို ရလာခဲ့တယ်။ မင်း ယွမ်အုတ်မြစ်ချနယ်ပယ်ကို မချိုးဖျက်ခင်မှာ ယန်သွေးဆေးလုံးကို သောက်လိုက်မယ်ဆိုရင် မင်းအတွက် အကြီးအကျယ် အကျိုးရှိစေတယ် "

" ယွမ်အုတ်မြစ်ချနယ်ပယ်ကို ချိုးဖျက်ဖို့အတွက် ယန်သွေးဆေးလုံးကို အသုံးပြုမယ်ဆိုရင် သာမန်လူတစ်ဦးဆို ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးရတာနဲ့ အဆုံးသတ်ရလိမ့်မယ်။ ဒါပေမဲ့ ငါ မင်းကို ယန်သွေးဆေးလုံး ပေးလိုက်တာက အကျိုးရှိအောင် သုံးနိုင်လိုက်တာပဲ "

" မင်း အဆင့်ချိုးဖျက်ဖို့အတွက် သီးခြားလေ့ကျင့်ဖို့ကို ငါက ဗဟိုနတ်မျှော်စင် ၉၉ လွှာက ကောင်းကင်အဆင့် အခန်းတစ်ခု ပေးမယ်။ ယန်သွေးဆေးလုံးက မင်းရဲ့ ယွမ်အုတ်မြစ်ကို ပိုပြီးခိုင်မာတောင့်တင်းစေလိမ့်မယ် "

" ယွမ်အုတ်မြစ်ချနယ်ပယ်က အရမ်းအရေးကြီးတာကို သတိရပါ။ ယွမ်အုတ်မြစ် ဆိုတာမှာ ယွမ်ဆိုတာက " ပထမ " လို့ ဆိုလိုပြီးတော့ အုတ်မြစ်ဆိုတာက " အခြေခံအုတ်မြစ် " ကို ဆိုလိုတာပဲ။ ယွမ်အုတ်မြစ်ချနယ်ပယ်က မင်းရဲ့ သိုင်းပညာအခြေခံပဲ။ မင်းက ခိုင်မာတောင့်တင်းတဲ့ ယွမ်အုတ်မြစ်တစ်ခု ဖန်တီးရမယ်။ ဒါဟာ မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေကို ကြီးကြီးမားမား သက်ရောက်မှုရှိတယ် "

ယီယွင် ကြီးစွာပင် ကျေးဇူးတင်မိသွားသည်။ ဤမဟာအခြေအနေများအားလုံးက လူငယ်တစ်ဦး ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ချိန်တွင် တိုင်အာနတ်ပြည်ထောင် ပေးစွမ်းနိုင်သည့် အမြင့်ဆုံးအတိုင်းအတာ ဖြစ်ပုံရသည်။ သူက တိုင်အာနတ်ပြည်ထောင်ကို ထပ်တူပြန်ပေးဆပ်ရန် ကြိုးစားရပေမည်။

" ဒါကလည်း မင်းအတွက်ပဲ " မြို့သခင်က သစ်သားသေတ္တာတစ်ခု ပေးလိုက်သည်။

ယီယွင် သစ်သားသေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် အဝါရောင်ပိုးသားအထက်မှ စာလိပ်ကိုးခုကို တွေ့လိုက်ရသည်။ ကျောက်စိမ်းစာလိပ်ကိုးခုက အစီလိုက်ရှိနေပြီး တစ်ခုက တစ်ခုထက်ပိုကြီးလေသည်။

" ဒါက.... တိုင်အာနတ်ကျင့်စဥ် " ယီယွင် မျက်ဝန်းများ တောက်ပသွားလေ၏။

" ဒါက တိုင်အာနတ်ကျင့်စဥ် အပြည့်အစုံပဲ။ ကျောက်စိမ်းစာလိပ်ကိုးခုက တိုင်အာနတ်ကျင့်စဥ်ရဲ့ အဆင့်ကိုးဆင့်ကို ကိုယ်စားပြုတယ်။ မင်း အဆင့်ပိုမြင့်လာလေလေ ကျောက်စိမ်းစာလိပ်က ပိုနည်းလာလေလေပဲ။ အထူးသဖြင့် အဆင့် ၉ ကျောက်စိမ်းစာလိပ်က မိတ္တူတစ်ခုပဲရှိတယ် "

" တိုင်အာနတ်ကျင့်စဥ်ကို မိတ္တူပွားဖို့အတွက် တိုင်အာနတ်ပြည်ထောင်ရဲ့ ဧကရာဇ် ၊ တိုင်အာနတ်မြို့သခင်တွေ ၊ တိုင်အာနတ်ကျင့်စဥ်မှာ ကြီးကြီးမားမား ပေါက်မြောက်ထားတဲ့ လူတွေက ရှေးအချိန်ကတည်းက ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ကြဘူး။ သူတို့က နည်းနည်းလောက်ပဲ မိတ္တူကူးနိုင်ကြပေမဲ့ အဲ့ဒါတွေက မူရင်းမိတ္တူနဲ့ ကွဲပြားလွန်းတယ် "

" အခု ငါက မင်းကိူ မိတ္တူအပွားတွေ လွှဲပေးလိုက်ပြီ။ ဒါတွေက တိုင်အာနတ်ပြည်ထောင်ရဲ့ အခြေခံအုတ်မြစ်တွေပဲ။ တိုင်အာနတ်ပြည်ထောင်ရဲ့ ဧကရာဇ်က တိုင်အာနတ်ကျင့်စဥ်ကို ဖန်တီးခဲ့တယ်ဆိုပြီး ပြည်သူတွေအကြားမှာ ကောလဟာလတွေရှိပေမဲ့ တကယ်တော့ အဲ့ဒါက အမှန်မဟုတ်ဘူး။ တည်ထောင်သူဧကရာဇ်က တိုင်အာနတ်ကျင့်စဥ်ကို ရှေးဟောင်းအပျက်အစီးမြေတစ်ခုထဲက ရှာတွေ့ခဲ့တာပဲ။ မင်းလက်ထဲက ကျောက်စိမ်းစာလိပ်ကိုးခုက တည်ထောင်သူဧကရာဇ် ရှေးဟောင်းအပျက်အစီးမြေထဲက ထုတ်ယူလာတဲ့ မူရင်းမိတ္တူတွေပဲ "

" အခုကစပြီး ကျောက်စိမ်းစာလိပ်တွေကို မင်းဆီ ထားခဲ့လိုက်တော့မယ်။ ဒါပေမဲ့ ကပ်ဘေးကျလာရင်တော့ ငါ မင်းဆီကနေ ပြန်ယူမှာပဲ။ မင်းက ဒါတွေကို ကာကွယ်နိုင်တဲ့အစွမ်းအစ မရှိသေးဘူး "

" ဒီကျောက်စိမ်းစာလိပ်တွေက ရေဒဏ်မီးဒဏ် ခံနိုင်တယ်။ တိုင်အာနတ်ပြည်ထောင်က ဒီကျောက်စိမ်းစာလိပ်တွေကို နှစ်သန်းပေါင်းဆယ်ချီအထိ ပြဿနာမရှိဘဲ လက်ဆင့်ကမ်းလာခဲ့ကြတာလေ။ ငါ့လက်ထဲမှာ ဒါတွေကို ဆုံးရှုံးရစေဖို့ ဆန္ဒမရှိဘူး "

မြို့သခင်က ယီယွင်ကို အလေးအနက်ကြည့်ကာ ဆိုလိုက်သည်။ ထို့နောက် သူ ယီယွင်၏ပခုံးပေါ်သို့ လက်တစ်ဖက်တင်လိုက်လေ၏။

ထိုလက်က အလွန်လေးလံလှကြောင်းကို ယီယွင် သိလိုက်ရသည်။ ဤကျောက်စိမ်းစာလိပ်ကိုးခုက တည်ထောင်သူဧကရာဇ် ချန်ထားခဲ့သည့် မူရင်းကျောက်စိမ်းစာလိပ်များ ဖြစ်ချေ၏။ ၎င်းတို့၏တန်ဖိုးက မြင်သာလေသည်။ သူ ကျင့်ကြံရန်အတွက် မြို့သခင်က ပေးခဲ့သည်မှာ မမျှော်လင့်ဖွယ်ရာပင်။

ဤကဲ့သို့ ကျေးဇူးကြွေးမျိုးက ပေါ့သေးသေးမဟုတ်ပေ။

တိုင်အာနတ်မြို့၏ မြို့သခင်က ယီယွင်အား မြင့်မားစွာ မျှော်လင့်ထားလေ၏။ တိုင်အာနတ်ပြည်ထောင် အဖြစ်ဆိုးတစ်ခုခုနှင့် ကြုံလာခဲ့ရလျှင် ယီယွင်က နတ်ပြည်ထောင်၏ အကြွင်းအကျန်မျိုးစေ့ ဖြစ်လာလိမ့်မည်ဟုလည်း သူက မျှော်လင့်ထားသည်။

ထိုမျိုးစေ့ အညှောင့်ပေါက်လာလျှင် တစ်ရက်ရက်၌ မိုးထိအောင်မြင့်မားသော သစ်ပင်တစ်ပင် ဖြစ်လာပေလိမ့်မည်။

All Chapters