← Chapters

ယွမ်အုတ်မြစ်ချနယ်ပယ် ချိုးဖျက်ရန်ကြိုးပမ်းခြင်း

Vol. 24 Ch. 346

ယွမ်အုတ်မြစ်ချနယ်ပယ် ချိုးဖျက်ရန်ကြိုးပမ်းခြင်း

Vol. 24 Ch. 346

ယီယွင် ရှေ့တွင်ရှိနေသည့် အခန်းအား ကြည့်လိုက်သည်။ ထိုအခန်းက စတုရန်းမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော အခန်းတစ်ခု ဖြစ်လေ၏။ အဂ္ဂရိတ်အခန်း ၊ စာကြည့်တိုက်အခန်း ၊ ဧည့်ခန်းမ ၊ အိပ်ခန်း ၊ ကျင့်ကြံခြင်းအခန်းတို့ ပါရှိလေသည်။ အသုံးအဆောင်မျိုးစုံလည်း ပါရှိလေ၏။

အခန်း၏အလယ်တွင် မိုးမြေယွမ်ချီများ စုစည်းပေးသည် အစီရင်တစ်ခု ရှိလေပြီး ဤနေရာတွင် စစ်သည်များ ကျင့်ကြံပါက တစ်ဝက်ကြိုးစားရုံဖြင့် နှစ်ဆခန့် အကျိုးအားနိသင်ရရှိလိမ့်မည်။

ဒါက ဗဟိုနတ်မျှော်စင် ၉၉ လွှာက ကောင်းကင်အဆင့်အခန်းလား။

ဗဟိုနတ်မျှော်စင် ၉၉ လွှာက စတုရန်းမီတာ ထောင်ချီခန့်သာ ကျယ်ဝန်းပြီး အခန်းလေးခုသာ ရှိလေသည်။ ဤအခန်းများက ကျင့်ကြံသူများအတွက် မဟုတ်သော်လည်း ယီယွင်ကို အချိန်တစ်ခုအထိ အသုံးပြုခွင့်ပေးထားလေ၏။

လွန်ခဲ့သည့်တစ်နှစ်ခန့်က ယီယွင် တိုင်အာနတ်မြို့သို့ ရောက်ရှိခါစအချိန်က တိုင်အာနတ်မြို့၏ ဗဟိုနတ်မျှော်စင် ၉၉ လွှာသို့ ဝင်ခွင့်ရလိမ့်မည်ဟု စိတ်ကူးမိဖူးခြင်းပင်မရှိပေ။

ယီယွင် ခံစားချက်များ ရောထွေးနေချိန်တွင် ကလေးမငယ်တစ်ဦး၏ အသံကို ကြားလိုက်ရသည်။

" မမလေး... မမလေး... စောင့်ပါဦး "

ထိုအသံအား အလွန်ရင်းနှီးလှ၏။ ယီယွင် ခေါင်းလှည့်ကြည့်လိုက်ရာ အနီရောင်ဂါဝန်နှင့် လည်ရှည်သားရေဖိနပ် ဝတ်ဆင်ထားသည့် လော့ဟော်အာကို တွေ့လိုက်ရသည်။ သူက အခန်းရှာနေသည့်ပမာပင် ဟိုကြည့်သည်ကြည့် ဖြစ်နေသည်။ သူမ၏နောက်တွင် အစေခံမလေးတုန်းအာ ရှိနေသည်။

ခြေတိုလေးများနှင့် မွေးဖွားလာရသည့် သနားစရာ တုန်းအာ၏ ခန္ဓာကိုယ်ပေါ်တွင် အရွယ်အစားမျိုးစုံ အိတ်များ သယ်ထားရလေ၏။ သူမက မောဟိုက်နေလျက်ဖြင့်... " မမလေး... ဖြည်းဖြည်းပါ "

တုန်းအာက လှေကားတက်ရင်း နှာတမှုတ်မှုတ် ဖြစ်နေရလေ၏။

ပုံမှန်ဆိုလျှင် အဝတ်အိတ်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်တတ်ကြသော်လည်း သိုလှောင်လက်စွပ်ထဲသို့ထည့်ရန် မသင့်တော်သည့် ပစ္စည်းများလည်း ရှိလေသည်။ ဥပမာဆိုရသော် တုန်းအာ သယ်လာခဲ့သည် အိုးစိုက်အပင်များ ဖြစ်လေ၏။ သိုလှောင်လက်စွပ်ထဲတွင် သက်ရှိအရာများ ထည့်၍မရပေ။

" ဒီအခန်းက ငါတို့နေခဲ့တဲ့ အခန်းထက် နည်းနည်းပိုကောင်းတယ်။ ပစ္စည်းတွေ နေရာချလိုက်တော့ တုန်းအာ " လော့ဟော်အာက စိတ်ကျေနပ်နေပုံနှင့် ဆိုလိုက်သည်။

" အိုး... နင်လဲ ဒီနေရာကို ပြောင်းလာတာလား "

ယခုမှသာ လော့ဟော်အာက အခန်းအလယ်တွင်ရှိနေသည့် ယီယွင်ကို မြင်တွေ့သွားကာ အံ့အားသင့်သွားလေသည်။

မကြာသေးမီက လော့ဟော်အာကို တိုင်အာနတ်မြို့၏ မြို့သခင်က အခေါ်ပါးခဲ့သည်။ သူမက အကြောင်းအရင်းမရှိဘဲ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ဗဟိုနတ်မျှော်စင် ၉၉ လွှာတွင် နေထိုင်ရန် ခွင့်ပြုချက်ရခဲ့သည်။ လော့ဟော်အာက ထိုကိစ္စကို ပျော်ရွှင်နေခဲ့သည်။ သို့သော် သူမ ဤနေရာသို့ ပြောင်းလာချိန်တွင် ယီယွင်ကို မြင်လိုက်ရမည်ဟု ထင်မထားခဲ့ပေ။

လက်ရှိတွင် လော့ဟော်အာက ယီယွင်ကို မုန်းတီးနေခြင်း မရှိတော့သော်လည်း သဘောတွေ့ခြင်းကမူ လုံးဝမရှိသေးပေ။ ထိုကောင့်အား တွေ့ရရုံနှင့်ပင် ထိုကောင့်အား ကုသပေးရခြင်း အပါအဝင် သူမ၏ စိတ်မသက်မသာဖြစ်ဖွယ်ရာ အတွေ့အကြုံကိုပါ ပြန်တွေးမိသည်။ သူမက ရွေးချယ်စရာမရှိဘဲ ဖက်ခဲ့ရခြင်းကြောင့် စိတ်ကုန်နေမိသည်။

" အင်း... အတော်တိုက်ဆိုင်တာပဲ " ယီယွင် စိတ်မပါစွာ ဆိုလိုက်သည်။ သေချာတွေးကြည့်လျှင်မူ မြို့သခင်က လော့ဟော်အာကို ဗဟိုနတ်မျှော်စင် ၉၉ လွှာသို့ အပြောင်းခိုင်းသည်မှာ မထူးဆန်းလှဟု သူ ခံစားမိသည်။

တိုင်အာနတ်ပြည်ထောင်က ကြီးမားသော ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည်ဖြစ်ပြီး လော့ဟော်အာ၏ အဆင့်အတန်းကလည်း ထူးခြားလေသည်။ မြို့သခင်သည် လော့ဟော်အာ၏ နောက်ကွယ်ရှိ အင်အားစုက တိုင်အာနတ်ပြည်ထောင်ကို ကယ်တင်ပေးလိမ့်မည်ဟု မျှော်လင့်မထားသော်လည်း လော့ဟော်အာနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားသည်မှာမူ လုပ်ရပ်မှားမဟုတ်ပေ။

လော့ဟော်အာကို ဗဟိုနတ်မျှော်စင် ၉၉ လွှာ နေထိုင်ခွင့်ပေးထားပါက မြို့ထဲသို့ သားရဲအုပ် ကျူးကျော်လာချိန်တွင် လော့ဟော်အာ၏ မိသားစုက ဘာမျှမလုပ်ဘဲ ထိုင်ကြည့်နေကြမည်မဟုတ်ပေ။ သူတို့က ဗဟိုနတ်မျှော်စင်ဆီသို့ တစ်ယောက်ယောက်အား သေချာပေါက်ပင် စေလွှတ်ကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် ယီယွင်အတွက် အသက်အကာအကွယ် ရလာပေလိမ့်မည်။

ယီယွင် ထိုအရာကို တွေးမိသွားချိန်တွင်မု မြို့သခင်က လော့ဟော်အာ၏ အဆင့်အတန်းကို ဒိုင်းကာအဖြစ် အသုံးပြုနေကြောင်း တဖြည်းဖြည်းချင်း နားလည်လာလေ၏။

" ဘာဖြစ်နေတာလဲ။ နင့်ကိုကြည့်ရတာ ငါနဲ့ အိမ်နီးချင်းဖြစ်တာကို မလိုလားပုံပဲ " လော့ဟော်အာ နှုတ်ခမ်းဆူထား၏။

ယီယွင်က အလျင်အမြန်ပင် ခေါင်းယမ်းကာ.... " ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့ကို ကုသပေးတဲ့အတွက် မင်းကို ကျေးဇူးဆပ်ဖို့တောင် ရှိသေးတယ်လေ "

" ဒါကမှ ဟုတ်ဦးမယ် "

လော့ဟော်အာ ခပ်ဖွဖွပြုံးကာ ထိုင်ခုံတစ်လုံးပေါ်တွင် ဇိမ်ကျကျထိုင်ချပြီး ဆိုလေသည်..." ဒီနေရာက လက်ခံလို့ရလောက်တယ်ဆိုပေမဲ့ ငါ နေခဲ့ဖူးတဲ့အိမ်လောက်တော့ မကောင်းဘူး "

ယီယွင် မျက်ဖြူလန်လိုက်၏။ လော့ဟော်အာက ကြွားနေပုံရသော်လည်း ယီယွင်ကမူ ဤနေရာက လော့ဟော်အာ၏အိမ်လောက် မကောင်းသည်ကို သံသယမဖြစ်ပေ။

" ငါ ဒီအခန်းကို ယူမယ် " လော့ဟော်အာက အခန်းကို ချီးကျူးကာ ဆိုလိုက်သည်။

ယီယွင် ပြောစရာမဲ့သွားရလေ၏။ သူက ဤအခန်းကို ဦးစွာရွေးချယ်ထားကြောင်း ပြောလိုခဲ့သော်လည်း ပစ္စည်းမျိုးစုံ သယ်ထားရသည့် တုန်းအာကြောင့် သူ ထိုကိစ္စကိုလက်လျော့ရန် ဆုံးဖြတ်လိုက်လေ၏။ တုန်းအာ တဟောဟော တဟဲဟဲနှင့်ပင် ပစ္စည်းများကို နေရာချနေလေသောကြောင့် အခန်းလုနေရန် မလိုအပ်တော့ပေ။

အခန်းအခြားသို့ ပြောင်းလျှင်လည်း ကွာခြားမည်မဟုတ်ပေ။

ယီယွင်က နှုတ်ဆက်ကာ ဘေးချင်းကပ် ကောင်းကင်အခန်းတစ်ခုကို ရွေးချယ်ခဲ့သည်။ သူ့အဖို့ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ရေးအတွက် အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ရန် လိုအပ်လေသည်။

ကပ်ဘေးကြီးက မည်သည့်အချိန်တွင် ကျရောက်လာမည်ကို မသိရသေးချေ။ ယီယွင်က သူ၏စွမ်းအားကို သိလေသောကြောင့် ကပ်ဘေးကြီးက မြို့သခင် ဟောကိန်းထုတ်ထားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေမည်ဆိုလျှင် ယီယွင်အဖို့ မုန်တိုင်းထဲမှ လှိုင်းငယ်တစ်ခုပမာသာ ဖြစ်နေချေမည်။

သူ၏စွမ်းအားကို အနည်းငယ်ခန့်ပင် ဖြစ်လင့်ကစား တိုးမြင့်နိုင်ပါက သူ၏ကံကြမ္မာကို အနည်းငယ်ခန့်ပို၍ ထိန်းချုပ်လာနိုင်လိမ့်မည်။

ယီယွင် ကျင့်ကြံခြင်းအခန်းထဲသို့ ဝင်သွားကာ ကျောက်တံခါးကို ပိတ်လိုက်သည်။ ဤကျင့်ကြံခြင်းနယ်မြေက တိုင်အာနတ်မြို့ထဲရှိ ပင်မယွမ်ချီအစီရင်ကြီးများထဲမှ တစ်ခုဖြစ်လေသည်။ ဤနေရာတွင် မိုးမြေယွမ်ချီများက အရည်ဖွဲ့လုနီးပါးပင် သိပ်သည်းလှလေ၏။

ယီယွင် သိုလှောင်လက်စွပ်ကို ထိလိုက်ရာ လက်ဝါးပေါ်တွင် အနီရောင်ဆေးတစ်လုံး ပေါ်လာသည်။ ယင်းက ယန်သွေးဆေးလုံး ဖြစ်လေ၏။

ယန်သွေးဆေးလုံးကို ရှေးဦးဆေးတစ်ပင်မှ သန့်စင်ထားခြင်းဖြစ်ပြီး သန့်စင်ယန် ဆေးဖက်ဝင်အဆီအနှစ်များ အံ့ဩဖွယ်ရာပမာဏအထိ ပါဝင်လေသည်။ ပုံမှန်ဆိုလျှင် ယန်သွေးဆေးလုံးကို ခရမ်းသွေးနယ်ပယ် စစ်သည်များ စုပ်ယူနိုင်ခြင်းမရှိပေ။

ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များသည်ပင် ယန်သွေးဆေးလုံးကို တိုက်ရိုက်စုပ်ယူရဲခြင်း မရှိပေ။ ပုံမှန်ဆိုလျှင် သူတို့က ယန်သွေးဆေးလုံးကို ရေထဲတွင်စိမ်ပြီး ဆေးစိမ်ရေကို ရေနွေးသောက်သကဲ့သို့ အကြိမ်များစွာ သောက်ကြရလေသည်။

သို့သော် ထိုသို့လုပ်ခြင်းသည် ဆေးလုံးကို စတင်ရေစိမ်စဥ်မှာပင် ဆေးအဆီအနှစ်များ ဆုံးရှုံးရမည်ဖြစ်ပြီး ကြီးမားစွာဖြုန်းတီးမိသော ရလဒ်ကို ဖြစ်စေပေလိမ့်မည်။

ယီယွင်အတွက် ထိုအရာများကို တွေးနေရန်မလိုပေ။ သူ့တွင် ခရမ်းရောင်သလင်းကျောက်နှင့် မပြည့်စုံသေးသော သန့်စင်ယန်ခန္ဓာကိုယ် ရှိလေသည်။ ထို့ကြောင့် ယန်သွေးဆေးလုံးကို သောက်ရသည်မှာ ခက်ခဲသောကိစ္စရပ် မဟုတ်ပေ။ သို့သော် ဆေးလုံးကို ပြည့်စုံစွာ ချေဖျက်နိုင်ရန်မှာမူ လများစွာ လိုအပ်လိမ့်မည်။

ယီယွင် အသက်ရှုထိန်းညှိကာ နှလုံးနှင့်စိတ်ကို လုံးဝတည်ငြိမ်အောင် လုပ်ဆောင်သည်။ သူ လေးနာရီခန့် ထိုင်နေခဲ့ပြီး စိတ်ကို ရေပမာ ကြည်လင်နေအောင် လုပ်ဆောင်ခဲ့လေ၏။ ထို့နောက်တွင် ယန်သွေးဆေးလုံးကို သောက်လိုက်သည်။

ယန်သွေးဆေးလုံးက ယန်အဆီအနှစ် ပြင်းထန်သော ဆေးဝါးမျိုးဖြစ်လေ၏။ ယန်သွေးဆေးလုံးကို မျိုချလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထဲတွင် မီးတောက်တစ်ခု ချက်ချင်းလောင်ကျွမ်းလာသည်ဟု ခံစားလိုက်ရ၏။

ယီယွင်က နတ်အမြုတေပေါ်တွင် (တန်းထျန်ပေါ်တွင်) လက်အစုံဖိကာ နာကျင်မှုကို တောင့်ခံလိုက်လေ၏။ သူသည် ခရမ်းရောင်သလင်းကျောက်ကို စိတ်စွမ်းအားနှင့် ထိတွေ့ပေးလိုက်ပြီး ယန်သွေးဆေးလုံး၏ စွမ်းအင်များကို လမ်းညွှန်ပြသပေးလေသည်။

စွမ်းအင်အများစုကို ခရမ်းရောင်သလင်းကျောက်ထဲတွင် သိမ်းဆည်းထားပြီး အနည်းစုကိုမူ ယီယွင်၏ အကြောများနှင့် သွေးကြောများထဲသို့ ဝင်ရောက်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့စေလေသည်။

ထိုစွမ်းအင်များက သွေးကြောများတလျှောက် စီးဆင်းနေခြင်းကြောင့် ယီယွင်၏ခန္ဓာကိုယ် နေရာအနှံ့တွင် လောင်ကျွမ်းနေသည့်ပမာ ခံစားနေရ၏။ ထိုစွမ်းအင် ခြင်ဆီထဲသို့ စတင်ရောက်လာပြီး ယီယွင်မှာ သွေးများ စတင်ဆူပွက်လာသည်ဟု ခံစားလာရသည်။

သူ၏ခန္ဓာကိုယ်တွင် ချွေးများ လုံးဝခမ်းခြောက်သွားပြီး အရေပြားများ အနီရောင်သမ်းနေလေ၏။ သူ၏ချွေးပေါက်များထံမှ ရေငွေ့များ ၊ သွေးမျှင်များနှင့် မဲပုပ်သောအညစ်အကျေများ စတင်ယိုစိမ့်လာသည်။ လက်ရှိတွင် သူ၏ခန္ဓာကိုယ်က မီးပြင်းဖိုပမာ ဖြစ်နေသည်ဟု ခံစားနေရပြီး အလွန်နာကျင်နေရသည်။

ယီယွင်က ရွှေကျီးကန်းမျိုးစိတ်၏ သားရဲအမှတ်အသားကို စုပ်ယူသည့်အတွေ့အကြုံ ရှိထားလေသောကြောင့် ယခုအခါ၌ ယန်သွေးဆေးလုံးကို စုပ်ယူရသည်မှာ အလွန်နာကျင်သည့်တိုင်အောင် သူ၏သွေးကြောများကို ထိခိုက်စေခြင်းမရှိပေ။

စက္ကန့်များက မိနစ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး နှစ်နာရီကြာပြီးနောက်တွင် နာကျင်မှုများ တဖြည်းဖြည်းချင်း လျော့နည်းလာလေ၏။

ယီယွင်၏ခန္ဓာကိုယ်တွင် သွေးစများ ၊ အညစ်အကျေးများနှင့် ပြည့်နေလေ၏။ နာကျင်မှုကို အချိန်ကြာမြင့်စွာ ခံစားထားရခြင်းကြောင့် ယီယွင်၏မျက်နှာ ဖြူလျော်နေပြီး လက်နှစ်ဖက်မှာ တုန်ယင်နေသည်။

သို့သော် ယီယွင်က ထိုအရာကို အရေးမစိုက်ပေ။ သူ၏ ယွမ်ချီအားလုံးကို နတ်အမြုတေထဲသို့ ထိုးသွင်းပြီးဖြစ်ကြောင်း သူ ခံစားမိသည်။ သူ၏ နတ်အမြုတေက ယွမ်ချီများက ပိုမိုစုပ်ယူရင်း အသားကျလာခဲ့လေသည်။

ဒါက ယွမ်အုတ်မြစ်ချနယ်ပယ် အစပျိုးအဆင့်။

ထိုအပြောင်းအလဲကြောင့် ယီယွင် ပျော်ရွှင်သွားခဲ့၏။ သူ၏စွမ်းအားများ မြင့်တက်လာသည်ကို ခံစားမိလေသည်။

ယီယွင်၏ လက်ရှိအခြေအနေကို ယွမ်အုတ်မြစ်ချနယ်ပယ် ခြေလှမ်းဝက်အဆင့်ဟု လူသိများကြသည်။ သူက ယွမ်အုတ်မြစ်ချနယ်ပယ်၏ တံခါးအတွင်းသို့ ခြေတစ်လှမ်း ဝင်နိုင်ခဲ့ပြီဟု ဆိုနိုင်လေသည်။ ယွမ်အုတ်မြစ်ချနယ်ပယ် ခြေလှမ်းဝက်အဆင့်သည် နယ်ပယ်အစစ် မဟုတ်လေဘဲ အကူးအပြောင်းနေရာတစ်ခုသာ ဖြစ်လေ၏။ ခရမ်းသွေးနယ်ပယ်မှ လူများအဖို့ သူတို့၏ဘဝတွင် ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ရောက်နိုင်ကြမည် မဟုတ်လောက်သော်လည်း ယွမ်အုတ်မြစ်ချနယ်ပယ် ခြေလှမ်းဝက်အဆင့်သို့ ရောက်နေကြသူများကမူ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ အချိန်တိုအတွင်း ချိုးဖျက်နိုင်ကြမည် ဖြစ်လေသည်။

လက်ရှိတွင် ယန်သွေးဆေးလုံး၏ အဆီအနှစ်များ များစွာကျန်ရှိနေသေးသည်။ သူ၏ခန္ဓာကိုယ်က လောင်ကျွမ်းနေဆဲဖြစ်သည်ကို ယီယွင် ခံစားမိသည်။

ယီယွင်က ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ကာ ခရမ်းရောင်သလင်းကျောက်ထဲမှ ယန်သွေးဆေးလုံးစွမ်းအင်များကို ဆက်လက်စုပ်ယူက နတ်အမြုတေထဲတွင် ဖိသိပ်ကာ ထည့်သွင်းနေလေ၏။

ဒုတိယအကြိမ်တွင် နာကျင်မှုက ကြီးစွာလျော့နည်းသွား၏။ ယီယွင်က အသင့်ဖြစ်နေလေသောကြောင့် တစ်ဆင့်ချင်းသာ လုပ်ဆောင်ခဲ့သည်။ ယင်းသည် ခက်ခဲကြမ်းတမ်းကာ နာကျင်ရသော ဖြစ်စဥ်တစ်ခု ဖြစ်လေသည်။

တစ်ရက်ပြီးတစ်ရက် ကုန်လွန်နေလျက်ရှိပြီး ယီယွင်၏ အဝတ်များပေါ်တွင် ချွေးများ ၊ သွေးစများ ၊ အညစ်အကြေးများ စွန်းပေခြောက်သွေ့နေလေ၏။ အဝတ်အား ဝတ်ရမတော့လေသောကြောင့် သူ အဝတ်ကိုချွတ်ကာ ကိုယ်လုံးတီးဖြင့်သာ ကျင့်ကြံခဲ့လေသည်။

အကြိမ်တိုင်းတွင် နာကျင်မှုများ ကြီးစွာလျော့နည်းလာလျက်ရှိပြီး သူ၏ယွမ်အုတ်မြစ်ထဲမှ စွမ်းအင်များ ကြီးထွားသန်မာလာသည်ကို ယီယွင် ခံစားမိသည်။ နောက်ဆုံးတွင် ယီယွင်မှာ နတ်အမြုတေ ပေါက်ကွဲတော့မည်ဟု ခံစားလာရလေ၏။

ထိုခံစားချက်ကြောင့် ယီယွင် အနည်းငယ်ခန့် ပျာယာခတ်သွားရသည်။ သူ၏ နတ်တန်ခိုးထဲတွင် စွမ်းအင်သိုလှောင်နိုင်မှုက အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိသွားပုံပင်။

လက်ရှိတွင် ခရမ်းရောင်သလင်းကျောက်ထဲမှ ယန်သွေးဆေးလုံးစွမ်းအင်များကို ဆက်လက်ထုတ်ယူမည်ဆိုလျှင် သူ့အတွက် အန္တရာယ်ရှိလာနိုင်သည်။ ယန်သွေးဆေးလုံးက ခရမ်းသွေးနယ်ပယ် စစ်သည်များ ခံနိုင်ရည်ရှိသည့် ဆေးလုံးများထက် သာလွန်နေသည်မှာ အဓိကအကြောင်းအရင်းပင်။ ယီယွင် ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ရန်အတွက် အသုံးပြုခဲ့သည့် စွမ်းအင်ပမာဏက အခြားစစ်သည်များထက် များစွာကျော်လွန်နေသည်။

ယီယွင် သေချာစဥ်းစားပြီးနောက်တွင်မူ တစ်ခါတည်း အဆင့်ချိုးဖျက်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်လေ၏။ ထိုသို့မဟုတ်ပါက အနည်းငယ်မျှသော လစ်ဟင်းမှုကြောင့် သူ၏ အဆင့်ချိုးဖျက်မှုသည်လည်း ပြီးပြည့်စုံတော့မည် မဟုတ်တော့ပေ။

ယီယွင် အံကျိတ်ကာ ခရမ်းရောင်သလင်းကျောက်ထဲမှ ယန်သွေးဆေးလုံးစွမ်းအင်များကို ပမာဏများစွာ ထုတ်ယူလိုက်သည်။ ထိုစွမ်းအင်များ နတ်အမြုတေထဲသို့ ဝင်ရောက်လာချိန်တွင် ယီယွင်မှာ ခန္ဓာကိုယ်က မီးတောင်တစ်လုံးပမာ ဖြစ်လာသည်ဟု ခံစားနေရလေ၏။ နတ်အမြုတေထဲသို့ စွမ်းအင်များ ဖိသိပ်ကာထည့်နေခြင်းကြောင့် အရာအားလုံး ပေါက်ကွဲနေသည်။

ပေါက်ကွဲမှု အပူလှိုင်းက ယီယွင်၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားလေ၏။ သူ၏သွေးကြောများ ပေါက်ကွဲထွက်တော့မည့်အလားဖြစ်လာပြီး တီကောင်ကြီးများပမာ ဖောင်းကားလာသည်။ သူ အကောင်းဆုံးကြိုးစားပြီးနောက်တွင် စွမ်းအင်အားလုံးကို နတ်အမြုတေထဲသို့ ဖိသိပ်နိုင်သွားခဲ့လေ၏။

ဝုန်း...။

သူ၏နတ်အမြုတေ တုန်ခါသွားပြီး သူ၏စိတ်ထဲသို့ အပူလှိုင်းတစ်ခု ဖုံးလွှမ်းသွားသည်ဟု ခံစားလိုက်ရသည်။ ထိုဖုံးလွှမ်းမှုကြောင့် သူ၏စိတ်နှင့် ခန္ဓာကိုယ်တို့ ခွဲထွက်သွားရပြီး သူ၏စိတ် တုန်ခါသွားကာ သတိလစ်သွားခဲ့သည်။

All Chapters