← Chapters

သတိပေးခေါင်းလောင်း

Vol. 24 Ch. 347

သတိပေးခေါင်းလောင်း

Vol. 24 Ch. 347

အချိန်များ မည်မျှကြာသွားသည်မသိ....။

ယီယွင် မူးဝေနေသောပုံစံဖြင့် နိုးထလာသည်။ သူ မျက်လုံးဖွင့်လိုက်ချိန်၌ ခန္ဓာကိုယ်တွင် စေးကပ်သောအရာများ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရလေ၏။

ယန်သွေးဆေးလုံး၏ စွမ်းအင်များက ခရမ်းသွေးနယ်ပယ် စစ်သည်များအတွက် ကြမ်းတမ်းလွန်းလှသည်။ မြို့သခင်က ယီယွင်ကို ယန်သွေးဆေးလုံး ပေးခဲ့ချိန်တွင် ဆေးလုံးကို ရေနှင့်ဖျော်ကာ တဖြည်းဖြည်းချင်း သောက်စေလိုခြင်း ဖြစ်လေသည်။ သို့သော် ယီယွင်ကမူ ဆေးလုံးကို တစ်ခါတည်း မော့သောက်ပစ်ခဲ့လေ၏။

" ငါ တကယ်ကို မေ့လဲသွားခဲ့တာပဲ။ ငါ့ရဲ့နတ်အမြုတေ ခံနိုင်တဲ့ အကန့်အသတ်ထက် ကျော်လွန်သွားခဲ့တဲ့ပုံပဲ " ယီယွင် အသက်ဝဝရှုနေပြီး တဖြည်းဖြည်းချင်း စိတ်တည်ငြိမ်လာခဲ့၏။ ထို့နောက် သူ၏ နတ်အမြုတေကို စစ်ဆေးကြည့်ကာ တွေ့လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားရသည်။

သူ၏နတ်အမြုတေထဲတွင် ယွမ်ချီများ သိပ်သည်းနေကာ လုံးဝပင် ခိုင်မာနေသည်။

ဒါက ယွမ်အုတ်မြစ်ချနယ်ပယ်ရဲ့ အမှတ်အသားပဲ။

နောက်ဆုံးတွင် သူ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့ချေပြီ။

ယီယွင် ပျော်ရွှင်နေလေ၏။ သူ သိုင်းပညာကို စတင်လေ့ကျင့်သည်မှာ နှစ်နှစ်နီးပါးသာ ရှိသေးသည်။ သေမျိုးသွေးနယ်ပယ် စစ်သည်များကို သိုင်းသမားများဟု မဆိုနိုင်ပေ။

ခရမ်းသွေးနယ်ပယ်သည် သိုင်းသမားတစ်ဦး၏ အစပျိုးခြေလှမ်းဖြစ်ပြီး သေမျိုးနှင့်စစ်သည် အကြားမှ အကူးအပြောင်းနယ်မြေတစ်ခု ဖြစ်လေသည်။

လက်ရှိတွင် ယွမ်အုတ်မြစ်ချနယ်ပယ်၌ ရှိနေသည့် သူက အမှန်တကယ် စတင်ခြင်းပေါ်တွင် ရှိနေခဲ့ပေပြီ။ သူ၏ အနာဂတ် သိုင်းပညာလမ်းစဥ်အတွက် အခြေခံအုတ်မြစ် ချပြီးခဲ့ပေပြီ။

ယီယွင် လက်သီးဆုပ်လိုက်ချိန်တွင် ခန္ဓာကိုယ်ထဲ၌ စွမ်းအင်များ ပြည့်နေကြောင်းကို သိလိုက်ရလေ၏။ ထိုခွန်အားသည် နက်ရှိုင်းသော ကျင့်ကြံမှုအဆင့်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်လေ၏။ ဤသို့ဆိုလျှင် သူ ရွှေကျီးကန်းမျိုးစိတ်ပုံရိပ်ကို တစ်ကြိမ်ထုတ်သုံးပြီးလျှင် အားကုန်သွားတော့မည် မဟုတ်တော့ပေ။

ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ပြီးခဲ့သည်တိုင်အောင် ခန္ဓာကိုယ်ထဲ၌ ရံဖန်ရံခါတွင် လောင်ကျွမ်းနေသည့် ခံစားချက်ကို ယီယွင် ခံစားနေရဆဲပင်။ ယင်းသည် သူ၏ သွေးကြောများထဲတွင် ကျန်ရစ်ခဲ့သည့် ယန်သွေးဆေးလုံးစွမ်းအင် အကြွင်းအကျန်များ စီးဆင်းနေဆဲ ဖြစ်လေသည်။

ယီယွင် တွေးလိုက်ပြီးနောက် ထိုစွမ်းအင်များကို ကျင့်စဥ်နည်းစနစ်အတွက် အသုံးပြုကာ ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်လေသည်။ လက်ရှိတွင် ယီယွင်ထံ၌ တိုင်အာနတ်ကျင့်စဥ် တစ်စုံလုံး ရှိနေပေပြီ။ ဤသည်ကား သူ့အတွက် တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံရန် အပြည့်စုံဆုံး အခွင့်အရေးတစ်ရပ် ဖြစ်လေ၏။

ယီယွင်က ကျောက်စိမ်းစာလိပ်ကိုးခု ထည့်ထားသည့် နတ်သေတ္တာကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းစာလိပ်ကိုးခုသည် တိုင်အာနတ်ပြည်ထောင်မှ လက်ရွေးစင်များစွာတို့ အိပ်မက်မက်နေရသည့်အရာ ဖြစ်လေသည်။

ယီယွင်က တိုင်အာနတ်ကျင့်စဥ် ပထမအတွဲကို ထုတ်ယူလိုက်သည်။ စင်စစ်တွင် ယီယွင်က တိုင်အာနတ်ကျင့်စဥ် ပထမအတွဲကို တတ်ကျွမ်းထားပြီးဖြစ်သော်လည်း ယင်းသည် မူရင်းကျင့်စဥ် မဟုတ်လေဘဲ တိုင်အာနတ်ပြည်ထောင်ထဲတွင် တိုင်အာနတ်ကျင့်စဥ်ကို ကြီးမားစွာပေါက်မြောက်ထားသည့် ပညာရှိများ တုပရေးသားထားသည့် မိတ္တူတစ်ခုသာ ဖြစ်သည်။

မိတ္တူသည် မူရင်းနှင့် ကွားပြားမှုအနည်းငယ် ရှိမည်သာဖြစ်လေ၏။

ယီယွင်၏စိတ်စွမ်းအားက ကျောက်စိမ်းစာလိပ်ထဲသို့ ဝင်ရောက်သွားကာ စစ်ဆေးကြည့်ပြီးနောက် အံ့အားသင့်သွားရသည်။ ယီယွင်၏ ခန္ဓာကိုယ်ထဲတွင် ခရမ်းရောင်သလင်းကျောက် ရှိလေသောကြောင့် စွမ်းအင်များကို ထိန်းချုပ်ရာတွင် အလွန်ပင် ထိလွယ်ရှလွယ်ရှိလေ၏။ သူ၏ စွမ်းအင်မြင်ကွင်းထဲ၌ တိုင်အာနတ်ကျင့်စဥ် ကျောက်စိမ်းစာလိပ်ထဲမှ စကားလုံးတိုင်းတွင် စွမ်းအင်အငွေ့အသက်အချို့ကို မြင်တွေ့လိုက်ရသောကြောင့် အံ့ဩသွားရသည်။

စွမ်းအင်များက အားနည်းသော်လည်း ယနေ့အချိန်အထိ တည်ရှိနေသေးလေ၏။

" တိုင်အာနတ်ကျင့်စဥ်ကို ဖန်တီးခဲ့တဲ့သူက ပညာရှိနယ်ပယ်ထက် အများကြီးကျော်လွန်နေပုံပဲ။ ဟုတ်တာပေါ့လေ... ပညာရှိတစ်ဦး ဖန်တီးခဲ့တဲ့ ကျင့်စဥ်တစ်ခုသာဆိုရင် တိုင်အာနတ်ပြည်ထောင်ရဲ့ အခြေခံထောက်တိုင်တစ်ခု ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ "

တိုင်အာနတ်ပြည်ထောင်ကို စတင်တည်ထောင်ချိန်မှစ၍ နှစ်သန်းပေါင်းဆယ်ချီအတွင်း ပညာရှိများ မရေမတွက်နိုင်အောင် ပေါ်ထွန်းခဲ့လေသည်။ ထိပ်တန်းအဆင့် ပညာရှိများလည်း မနည်းပါးခဲ့ပေ။ ထို့အပြင် တိုင်အာနတ်မြို့၏ တည်ထောင်သူ မြို့သခင်ကဲ့သို့ ပြိုင်စံရှားပညာရှိများကပင် တိုင်အာနတ်ကျင့်စဥ်အား ယှဥ်နိုင်သည့် ကျင့်စဥ်မျိုးကို ဖန်တီးနိုင်ခြင်းမရှိခဲ့ပေ။

တိုင်အာနတ်ပြည်ထောင်၏ မျိုးဆက်တိုင်းမှ ပညာရှိများက တိုင်အာနတ်ကျင့်စဥ်ကို အဆင့်မြင့်ရန်အတွက် အကွက်ပိုများထည့်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ပေါင်းစည်းမှုများက အမှန်တကယ် အကျိုးမရှိနိုင်လောက်ပေ။

ယီယွင် တိုင်အာနတ်ကျင့်စဥ်ကို ဖတ်ရှုနေရင်း အာရုံဝင်စားသွားခဲ့သည်။ ဤကျင့်စဥ်နည်းစနစ်ကို ယာယီငှားရမ်းပေးထားသည်သာဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် ဤကျင့်စဥ်ကို အခွင့်အရေးကြုံခိုက်တွင် လေ့လာမှတ်သားထားရပေမည်။

သူသည် တိုင်အာနတ်ကျင့်စဥ်၏ နောက်ဆုံးအတွဲအချို့မှ အကြောင်းအရာများကို နားမလည်သည့်တိုင်အောင် စာသားများအားလုံးကို စိတ်ထဲတွင် မှတ်သားနိုင်ခဲ့လေ၏။

အချိန်များ ဖြတ်ကျော်ကာ တစ်လပြီးတစ်လ ကုန်လွန်သွားခဲ့သည်။ ယီယွင်က ဤအခန်းထဲတွင် မည်မျှကြာမြင့်ခဲ့ပြီကို မသိတော့ပေ။

ယနေ့တွင် " ဒေါင် ၊ ဒေါင် ၊ ဒေါင် " ဟူသည့် သတ္တုမြည်ဟီးများကို သူ ကြားလိုက်သည်။ ယင်းအသံက တိုင်အာနတ်မြို့တစ်ခုလုံးတွင် ပဲ့တင်ထပ်မြည်ဟီးနေပုံပင်။

ယီယွင်၏အခန်းက အသံလုံဖြစ်ပြီး တံခါးပိတ်ထားပါက လုံးဝနီးပါးပင် သီးခြားဖြစ်လေသည်။ သာမန်အခြေအနေမျိုးတွင် အခန်းထဲ၌ လုံးဝပင် တိတ်ဆိတ်လေ၏။ သို့သော် တိုင်အာနတ်မြို့တွင် အသံတစ်ခုကမူ ထိုအခန်းများထဲအထိ ရောက်ရှိလာခဲ့သည်။

ယင်းသည် နတ်အရိုင်းမြေခေါင်းလောင်းသံ ဖြစ်လေ၏။

နတ်အရိုင်းမြေခေါင်းလောင်းက မှော်ရတနာတစ်ခုဖြစ်ပြီး လူသားအရှင်သခင် အထွတ်အထိပ် ကျင့်ကြံမှုအဆင့်ရှိသည့် လူတစ်ဦးက တီးခတ်မှသာ အသံမြည်လေသည်။ ခေါင်းလောင်းသံက မိုင်ထောင်ချီအထိ ပျံ့နှံ့နိုင်လေပြီး အသံခွဲထုတ်အစီရင်များပင် တားဆီးနိုင်ခြင်းမရှိပေ။

" နတ်အရိုင်းမြေခေါင်းလောင်း မြည်တာလား "

ယီယွင် ထိတ်လန့်သွားသည်။ နတ်အရိုင်းမြေခေါင်းလောင်း၏ အဓိကရည်ရွယ်ရင်းက သတိပေးရန်အတွက် ဖြစ်လေ၏။ ရန်သူများ ကျူးကျော်လာချိန် ၊ တိုင်အာနတ်မြို့၏ ဘေးကင်းလုံခြုံရေး ခြိမ်းခြောက်ခံရချိန်မျိုးတွင်သာ နတ်အရိုင်းမြေခေါင်းလောင်းကို တီးခတ်လေ့ရှိသည်။

တိုင်အာနတ်မြို့ကို ခြိမ်းခြောက်နိုင်သည့်အရာများက နည်းပါးလေသည်။ သာမန်သားရဲအုပ်ငယ်တစ်ခုအဖို့ တိုင်အာနတ်မြို့၏ ပေတစ်သိန်းပတ်လည်အတွင်းပင် မဝင်နိုင်လေသောကြောင့် ခေါင်းလောင်းသံက မြည်လာမဟုတ်ပေ။

စင်စစ်တွင် နတ်အရိုင်းမြေခေါင်းလောင်းက ထောင်စုနှစ်များစွာအတွင်း မြည်ဟီးလာခဲ့ခြင်းမရှိပေ။

ဖြစ်နေလောက်မလား... ။

ယီယွင် စိတ်မှိုင်းပျသွားရ၏။ သူ အဆောင်ထဲမှ အမြန်ပြေးထွက်သွားချိန်တွင် လော့ဟော်အာလည်း သူမ၏အဆောင်ထဲမှ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

" မမလေး... ဘာဖြစ်တာလဲ " တုန်းအာက နားရွက်လေးများကို ပိတ်ထားရင်း စိုးရိမ်စွာဆိုလိုက်သည်။

အခန်းများ၏အပြင်ဘက်တွင် နတ်အရိုင်းမြေခေါင်းလောင်းသံက နားကွဲလုမတတ် ကျယ်လောင်သည်။ ကျင့်ကြံမှုအဆင့် နိမ့်နေပါက ခေါင်းလောင်းသံသည် လူများ၏ ကိုယ်တွင်းအင်္ဂါများနှင့် ပဲ့တင်ထပ်ကာ ပိုမို၍ပင် မသက်မသာဖြစ်စေသည်။

" ဒါက နတ်အရိုင်းမြေခေါင်းလောင်းသံပဲ ဖြစ်မယ် " လော့ဟော်အာက စိုးရိမ်ခြင်းမရှိပေ။

" ယီယွင်... မြို့ဂိတ်ဆီ လာခဲ့ "

ထိုစဥ် ယီယွင်၏နားထဲတွင် အသံတစ်ခု မြည်ဟီးလာသည်။ အသံပိုင်ရှင်က မြို့သခင် ဖြစ်လေ၏။

ယီယွင် လော့ဟော်အာကို ကြည့်လိုက်ရာ သူမ၏အမူအရာအရဆိုလျှင် သူမသည်လည်း တူညီသောသတင်းစကားကို ရရှိခဲ့ကြောင်း သူ အတပ်ပြောနိုင်သည်။

" သွားကြစို့ "

ယီယွင် ဗဟိုနတ်မျှော်စင်၏ အပြင်ဘက်တံခါးကို တွန်းဖွင့်ကာ အရေးပေါ်လှေကားများအတိုင်း အောက်သို့ဆင်းသွားခဲ့လေ၏။

..................

ယီယွင် ဗဟိုနတ်မျှော်စင်၏ အပြင်ဘက်သို့ ရောက်သွားချိန်တွင်မူ သူ ကျင့်ကြံနေခဲ့သည့် လများစွာအတွင်း တိုင်အာနတ်မြို့က ယခင်နှင့်မတူ ပြောင်းလဲသွားသည်ကို နားလည်သွားခဲ့ရသည်။

နတ်မြို့၏ နံရံလေးဘက်တွင် အကာကွယ်အစီရင်များစွာတို့ဖြင့် တောက်ပနေလေ၏။ မြောက်မြားစွာသော သတ္တုသေတ္တာများထဲတွင် တောင်ပုံရာပုံခန့်သော အရိုးအမတေများ ထည့်ထားကြပြီး အစီရင်များ၏ စွမ်းအင်အရင်းအမြစ် လုပ်ဆောင်ထားကြသည်။

ယင်းတို့က တိုင်အာနတ်မြို့၏ မဟာဗျူဟာမြောက် အရံအစီအစဥ်များ ဖြစ်လေ၏။ ယင်းအရာများကို လိုအပ်ချိန်တိုင်း အသုံးပြုနိုင်ကြသည်။

မြို့နံရံလေးဘက်တွင် လေးပစ်စင်များ တင်ထားလေ၏။ ယင်းလေးပစ်စင်များ အကြားတွင် မူလနတ်ဒူးလေးများလည်း ပါဝင်ကြသည်။

မူလနတ်ဒူးလေးများကို အစီရင်များနှင့် မောင်းနှင်လေ၏။ မူလနတ်ဒူးလေးတစ်ခုကို ထိန်းချုပ်ရန်အတွက် လူသားအရှင်သခင် ဆယ်ဦး အတူလုပ်ဆောင်ရန် လိုအပ်လေသည်။ မူလနတ်ဒူးလေးများတွင် မူလမြားများ အသုံးပြုသည်ကို ယီယွင် တိုင်အာနတ်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဥ်က မြင်တွေ့ဖူးသည်။

မူလမြားများက လေးမီတာရှည်ကြပြီး မြားတံတိုင်းကို အထူးသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ မူလမြားများကို ဖန်တီးရသည်မှာ ဈေးကြီးလှပြီး အလေးချိန်မှာ ကျင်းတစ်သန်း ရှိလေသည်။

ယခင်က ယီယွင်နှင့် တပ်သားသစ်များသည် ခရမ်းရောင်အဖြိုက်နက်နံရံကို မူလမြားတံနှင့် ထိုးစိုက်ရန် မအောင်မြင်ခဲ့ကြပေ။ ယီယွင်ပင် ပထမဆုံးအကြိမ် ကြိုးပမ်းရာ၌ ကျရှုံးခဲ့သည်။ သူက မူလမြားတံကို ပင့်မြောက်နိုင်ခဲ့သော်လည်း တည်ငြိမ်စွာ ထိုးစိုက်နိုင်ခြင်း မရှိခဲ့ပေ။ သူ လက်လွှတ်လိုက်သည်နှင့် မြားတံက မြေပေါ်သို့ ပြုတ်ကျသွားခဲ့ရလေ၏။

ထိုအတွ့အကြုံကြောင့် ယီယွင်၏စိတ်ထဲတွင် ဤကြောက်မက်ဖွယ်ရာလက်နက်က လတ်ဆတ်နေဆဲပင်။

ယင်းက ရှေးဦးမျိုးစိတ်များကိုပင် ခြိမ်းခြောက်နိုင်သော လက်နက်တစ်ခု ဖြစ်လေသည်။ မြို့ထဲတွင် လူသားအရှင်သခင်များနှင့် ပညာရှိများ ၊ အခြားအဖွဲ့အစည်းများ၏ ကူညီမှုများ ရှိနေလေသည့် တိုင်အာနတ်မြို့၏ အင်အားက ကြောက်မက်ဖွယ်ကောင်းချေသည်။

ယီယွင် ရှေ့ဆက်သွားနေရင်းဖြင့် တိုင်အာနတ်မြို့ထဲတွက် စစ်သည်များ ယခင်ကထက် ပိုများလာကြောင်းကို သတိပြုမိလာသည်။ ဤစစ်သည်များ အများစု၏ ကျင့်ကြံမှုများက လူသားအရှင်သခင်အဆင့်၌ ရှိကြလေ၏။ ၎င်းတို့က အဖွဲ့အစည်းအမျိုးမျိုးမှ လာခဲ့ကြသည်ဖြစ်ပြီး အဖွဲ့အစည်းကြီးများ၏ ကျောရိုးများလည်း ဖြစ်ကြလေသည်။

ထိုလူသားအရှင်သခင်များက ချပ်ဝတ်များ ဝတ်ဆင်ထားကာ လက်ထဲတွင် လက်နက်များ ကိုင်ထားကြသည်။ အားလုံးက တည်ကြည်နေကြလေ၏။ ရှန်းထူမိသားစုကိုပင် အမြတ်ဖြုတ်လုနီးပါး လုပ်ဆောင်ခဲ့သည့် လမ်းပြလူငယ်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့အဖို့ လွယ်ကူမနေပေ။

ထိုသူများထံမှ စစ်ပွဲပမာ ထူထဲလှသော လေထုမျိုးကို ယီယွင် ခံစားမိနေသည်။ ဤတစ်ကြိမ်သည် စင်မြင့်ပေါ်မှတိုက်ပွဲ မဟုတ်လေဘဲ စစ်မှန်သော သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ဖြစ်လေ၏။ အနိုင်ရသူက အသက်ရှင်မည်ဖြစ်ပြီး ရှုံးနိမ့်လျှင်မူ အပြီးတိုင် သုတ်သင်ခံရမည်။

ယီယွင် မြို့တံခါးသို့ ရောက်ရှိသွားချိန်၌ ထိုနေရာတွင် လူများစွာ စုစည်းရောက်ရှိနေကြသည်။ ထိုသူများက အဖွဲ့မျိုးစုံမှ ပညာရှိများ ဖြစ်ကြလေ၏။ သူတို့က မြို့တံခါး၏အထက်တွင် ရပ်နေကြသည်။

ခန်းယန် ၊ ကျန်းကဲ့ ၊ ဆရာသခင်ယွဲ့ဟွားတို့ကိုလည်း ယီယွင် တွေ့လိုက်ရသည်။ သူတို့က ယီယွင်ကို အသာခေါင်းညိတ်ပြကြပြီး စကားမဆိုကြပေ။

ခုနစ်စင်ကြယ်စေတီပိုင်ရှင်နှင့် အတူရပ်နေသည့် မြို့သခင်ကိုလည်း သူ မြင်မိသည်။ သူတို့နှစ်ဦးက တစ်စုံတစ်ခုကို ဆွေးနွေးနေကြလေ၏။

ယီယွင်က ခန်းယန်ဆီသို့ လျှောက်သွားကာ မေးလိုက်လေသည်..." လမ်းပြလူငယ်လား "

ခန်းယန်က လှည့်မကြည့်ဘဲ မိုးကုတ်စက်ဝိုင်းဆီသို့သာ လှမ်းကြည့်နေသည်။ ပုံမှန်ဆိုလျှင် ရယ်နေတတ်သည့် ခန်းယန်က လေးနက်နေသည်။ သူက ခေါင်းညိတ်ကာ... " ဟုတ်လောက်မယ်။ ငါတို့က တိုင်အာနတ်မြို့နဲ့ ကီလိုမီတာ ၁၅၀၀ အကွာမှာ ကင်းတပ်တွေ တပ်ဖြန့်ပြီးချထားတယ်။ အခုလေးတင်ပဲ ကင်းတပ်တွေထဲကတစ်ခုရဲ့ ကင်းထောက်တစ်ဦးက သားရဲအုပ်တစ်စု ပေါ်လာတာကို သတင်းပို့လာတယ်။ နောက်ပိုင်းမှာ သူ့ဆီက ဘာသတင်းမှ မရတော့ဘူး။ အဲ့ဒီကင်းထာက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားရတာ ဖြစ်ဖို့များတယ် "

ခန်းယန်၏ လေသံက ထိုင်းမှိုင်းနေလေ၏။

တိုင်းပြည်အတွက် အသက်ပေးလှူသွားရတာတဲ့လား။

ယီယွင် ရင်နင့်သွားရသည်။ ကင်းထောက် လုပ်ရသည်မှာ အလွန်တရာပင် အန္တရာယ်များလှသည်ကို လူတိုင်း သိကြသည်။ သားရဲအုပ် ပေါ်ပေါက်လာလျှင် ဦးစွာသေဆုံးရမည့်သူမှာ ကင်းထောက်သာ ဖြစ်လေ၏။ သို့သော် ထိုကင်းထောက်က မဖြစ်မနေပင် သွားရပေမည်။ ဤသည်က စစ်ပွဲတစ်ခု ဖြစ်လေ၏။ စစ်ပွဲတွင် ရွေးချယ်ခွင့်ဟူ၍ မရှိပေ။

ခန်းယန်က ဆိုသည်..." လောလောဆယ်တော့ မြို့သခင်က ကင်းစခန်းတွေက ကင်းထောက်တွေအားလုံး တိုင်အာနတ်မြို့ဆီ ပြန်ဆုတ်လာကြဖို့ အမိန့်ပေးထားတယ်။ သားရဲအုပ်ရဲ့ အမြန်နှုန်းအရဆိုရင် နှစ်နာရီအတွင်း ပေါ်လာလိမ့်မယ် "

နှစ်နာရီလား...။

ယီယွင် ကောင်းကင်အား ကြည့်လိုက်သည်။ တိုင်အာနတ်မြို့မှ လူတိုင်းကို တက်ကြွလှုပ်ရှားနေကြသည်။ သူ သီးခြားလေ့ကျင့်နေချိန်တွင် ဤစစ်သည်များက နတ်မြို့ကို ကာကွယ်ရန်အတွက် လေ့ကျင့်ခန်းများစွာ လုပ်ဆောင်ထားကြောင်း သိသာလှသည်။

ယခုတွင် လူတိုင်း စိုးရိမ်နေကြသည့်တိုင်အောင် ထိတ်ထိတ်ပျာပျာ ဖြစ်မနေကြပေ။

မြားစင်များ တစ်ခုပြီးတစ်ခု ဦးမော့လာကြ၏။ မြို့နံရံပေါ်တွင် ကြီးမားသောအစီရင်တစ်ခု အသက်ဝင်လာသည်။ တိုင်အာနတ်မြို့၏အထက် လေထုတွင် ရောင်စုံမြူခိုးလွှာအလင်းများ လွှမ်းခြုံသွားလေ၏။

ယင်းတို့က အစီရင်၏အလင်းတန်းများ ဖြစ်လေသည်။

All Chapters