← Chapters

ဧရာမလိပ်ကြီး

Vol. 24 Ch. 348

ဧရာမလိပ်ကြီး

Vol. 24 Ch. 348

မြို့ရိုးထက်တွင် ယီယွင်က ပိုင်နှင့်ဖုန်းလင်ကို မြင်လိုက်ရသည်။ ထိုနှစ်ဦးက သူ့ကို အသာခေါင်းညိတ်ပြကြပြီး စကားမဆိုကြပေ။ မဟာမိတ်ပြိုင်ပွဲအတွင်းမှ ရန်သူများစွာကိုလည်း ယီယွင် မြင်ခဲ့ရသည်။ လက်ရှိအချိန်၌မူ သူတို့က ပခုံးချင်းယှဥ် ရင်ဘောင်တန်းကာ ရပ်နေကြလေ၏။

ထိုအဖွဲ့အစည်းများအတွက်မူ တိုင်နတ်မြို့တွင် စစ်မြေပြင်ဖြစ်ပွားသည့် အခြေအနေက သူတို့၏ ပိုင်နက်များဆီသို့ စစ်မီးပြန့်သွားသည်ထက် ပိုကောင်းလေသည်။

လေထုသည် တင်းမာသည်ထက် တင်းမာလာကာ လေထုပင် အေးခဲလာသည့်ဟန် ရှိနေလေသည်။

အချိန်ကို မှတ်သားရန်အတွက် မြို့ရိုးထက်တွင် သဲနာရီကြီးတစ်လုံး ထောင်ထားလေသည်။

ကင်းထောက်စခန်းများ၏ တည်နေရာက တိုင်အာနတ်မြို့နှင့် ကီလိုမီတာ ၁၅၀၀ ဝေးကွာလေသည်။ လူသားများက သားရဲအုပ် ရောက်ရှိလာရန် နှစ်နာရီခန့် ကြာလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း တိကျနိုင်မည်မဟုတ်ပေ။ သို့သော် များစွာကွဲလွဲမည် မဟုတ်ပေ။ သဲနာရီ ထောင်ပေးထားခြင်းသည် လူအများအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်နိုင်သည်။

ယီယွင် မြို့ရိုးထက်တွင်ရပ်ကာ သဲများ စီးဆင်းနေသည်ကို ငြိမ်သက်စွာဖြင့်သာ ကြည့်နေခဲ့လေ၏။ အောက်သို့ စီးကျနေသည်မှာ သဲများမဟုတ်ဘဲ အသက်သွေးများ ဖြစ်နေသည်ဟု သူ ခံစားမိနေသည်။

သားရဲအုပ် ရောက်လာခဲ့လျှင် အသက်ပေါင်းမည်မျှက သဲများပမာ ပျောက်ကွယ်သွားမည်ကို မသိနိုင်ပေ။

လမ်းပြလူငယ်... မင်းက ဘယ်လိုလူစားမျိုးလဲ။ ဘာကြောင့် မင်းက သားရဲတွေကို မှော်ဆန်ဆန်ထိန်းချုပ်ပြီး အသက်တွေကို ဖျောက်ဖျက်ပစ်ချင်နေရတာလဲ...။

.....................

အချိန်အချို့ကြာပြီနောက် ကောင်းကင် စတင်မဲမှောင်လာသည်။ ယင်းသည် တိမ်မဲတစ်အုပ်က နေမင်းကို ပိတ်ဆို့လိုက်သည့်အလားပင်။

ယီယွင် အဝေးသို့ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းတွင် မီးခိုးရောင် ဝေဝေဝါးဝါးအရာကို ရုတ်တရက်ပင် သတိပြုမိသွားသည်။ ယင်းက မြူခိုးလွှာတစ်ခုပမာပင်။

" သဲမုန်တိုင်း "

တစ်ယောက်က ရုတ်တရက်ဆိုလိုက်သည်။ အဝေးရှိ မိုးကုတ်စက်ဝိုင်း ထကြွလာသည့် မီးခိုးရောင်မြူခိုးများက သဲများဖြစ်သည်။ သဲမုန်တိုင်းထဲတွင် သေးငယ်ဝေဝါးသော ပုံရိပ်များကို ဖုံးကွယ်ထားလေသည်။ ယင်းပုံရိပ်များက မြေပြင်တွင် ရွေ့လျားနေကြလေပြီး သဲများမဟုတ်ပေ။ ယင်းက သားရဲအုပ် ဖြစ်လေ၏။

" သားရဲအုပ်... သားရဲအုပ် ရောက်လာပြီ "

မြေပြင် တုန်ခါနေသည်ကို လူအများ ခံစားမိကြသည်။ သားရဲအုပ် ဒုန်းစိုင်းကာပြေးလာနေခြင်းသည် မိုင်ရာချီအဝေးမှ တိုင်အာနတ်မြို့ကိုပင် တုန်ခါစေလေ၏။ မြောက်မြားစွာသော ပျက်စီးခြင်းသားရဲများ ပြေးလွှားနေသည်မှာ အမှန်တကယ် ငလျင်လှုပ်သည့်အလားပင်။

ထိုစဥ် ကောင်းကင်ထက်၌ ကြီးမားဝေဝါးသော ပုံရိပ်ကြီးတစ်ခု ဘွားခနဲပေါ်လာသည်ကို လူအများ မြင်လိုက်ကြရသည်။ ထိုပုံရိပ်ကြီးက သဲမုန်တိုင်းထဲမှ တိုးထွက်လာကာ ပိုမိုရှင်းလင်းလာသည်။

" အဲ့ဒါ ဘာကြီးလဲ " တစ်ယောက်က ထိတ်လန့်တကြား ဆိုလိုက်လေ၏။ ပုံရိပ်ကြီးက ကြီးမားလှသောကြောင့် လူအများမှာ ချောက်ချားစွာဖြင့် ဆွေးနွေးပြောဆိုနေကြလေ၏။

ဘုန်း...ဘုန်း...ဘုန်း...။

ကြောက်မက်ဖွယ်ရာ အသံများက နေရာအနှံ့သို့ ပျံ့နှံ့သွားလေပြီး တိုင်အာနတ်မြို့အထိ ရောက်ရှိလာသည်။ ယင်းက ဥက္ကာခဲများ မြေပြင်ပေါ်သို့ ကျဆင်းနေသည့်ပမာပင်။

ပုံရိပ်ကြီးက သဲမုန်တိုင်းထဲမှ ထွက်လာခဲ့လေပြီး နောက်ဆုံးတွင် လူအများ ရှင်းလင်းစွာ မြင်လိုက်ကြရသည်။ ယင်းက အလွန်ကြီးမားသော လိပ်ကြီးတစ်ကောင် ဖြစ်နေချေသည်။ ဦးခေါင်းသည် နဂါးဦးခေါင်းပုံစံရှိပြီး ခန္ဓာကိုယ်အား လိပ်ခွံကြီး ဖုံးအုပ်ထားလေ၏။ ဝုန်းဒိုင်းဆူညံသံများက လိပ်ကြီး၏ခြေသံများ ဖြစ်လေသည်။ ခြေလှမ်းတိုင်းက တိုင်အာနတ်မြို့ကို တုန်ခါနေစေ၏။

" မိုးနတ်မင်းရေ... "

မြို့ရိုးထက်မှ လူအများ ချောက်ချားနေကြသည်။ ပေတစ်သိန်းခန့်အမြင့်မှ သူတို့သည် မိုင်ရာချီအကွာအဝေး ခြားနားမှုကြောင့် လေးငါးထပ် အဆောက်အဦတစ်လုံးမျှ မြင့်မားသော သတ္တဝါကြီးကို ဖုန်မှုန့်အရွယ်သာ မြင်ကြရလေသည်။

ခြေလှမ်းတိုင်းတွင် နတ်လိပ်ကြီး၏ အခွံက မြို့တစ်မြို့စာမျှ ကြီးလာနေချေ၏။ လိပ်ကြီး၏ ခြေလှမ်းတိုင်းက မြေပြင်နှင့် တောင်တန်းများကို တုန်ခါစေပြီး မိုးနှင့်မြေကို လှုပ်ခါစေသည်။

လောကမှာ ဒီလိုသတ္တဝါမျိုး ရှိသေးတာလား။ အဲ့ဒါက ဘာကြီးလဲ။ ပျက်စီးခြင်းသားရဲလား...။

ပညာရှိများပင် အံ့အားသင့်နေကြလေ၏။ သူတို့သည် ယခင်က နတ်အရိုင်းမြေထဲတွင် ရှေးဦးမျိုးစိတ်များကို သတ်ဖူးကြလေ၏။ သို့သော် ဤနတ်လိပ်ကြီးနှင့် ယှဥ်ကြည့်လျှင်မူ အသတ်ခံခဲ့ရသည့် နတ်လိပ်များက ဘာမျှမဟုတ်ကြတော့ပေ။

ယီယွင်သည်လည်း တူညီစွာပင် တုန်လှုပ်နေသည်။ ဤလောကကြီးထဲတွင် အမျိုးအမည်မသိသော သတ္တဝါများ များပြားလွန်းလေပြီး သူ မှန်းဆနိုင်သည်ထက်ပင် များစွာကျော်လွန်နေသည်။

" ဒီဧရာမလိပ်ကြီးက နတ်အရိုင်းမြေ အနက်ပိုင်းထဲကနေ လာခဲ့တာလား " လူသားအရှင်သခင်တစ်ဦးက ထိတ်လန့်စွာ မေးလိုက်သည်။ နတ်အရိုင်းမြေထဲတွင် ဤကဲ့သို့ သတ္တဝါမျိုး ရှိနေသည်ဟု သူ တစ်ခါမျှပင် မသိခဲ့ဖူးပေ။ သမိုင်းစာအုပ်များထဲတွင်ပင် မှတ်တမ်းတင်ထားခြင်း မရှိချေ။ အူကြောင်ကြောင်နိုင်သော သတင်းအချက်အလက်များ အစုံပါဝင်သည့် စာအုပ်အချို့တွင် ဤကဲ့သို့လိပ်မျိုးကို မှတ်တမ်းတင်ထားသော်လည်း ထိုစာအုပ်များကို ဒဏ္ဍာရီပုံပြင်များအဖြစ်သာ ခေါင်းစဥ်တပ်ထားကြသည်။

" ငါ မသိဘူး။ နတ်အရိုင်းမြေက ကြီးမားလွန်းတာကြောင့် အထဲမှာ ဘာတွေရှိလဲဆိုတာကို ကျုပ်တို့ မသိဘူး။ ရှေးဦးမျိုးစိတ်တွေက နတ်အရိုင်းမြေ အထွတ်အထိပ် သတ္တဝါတွေ မဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာ ဒီကိစ္စကို ဆွေးနွေးတာက အသုံးမဝင်ဘူး။ အဲ့ဒီ ဧရာမလိပ်ကြီးရဲ့ ဦးခေါင်းကို ကြည့်လိုက်ကြ "

ပညာရှိတစ်ဦးက ဆိုလိုက်လေရာ လူတိုင်း လိပ်ကြီး၏ဦးခေါင်းကို ကြည့်လိုက်ကြလေသည်။

စစ်သည်များ၏ အမြင်အာရုံက အလွန်ပင် ကောင်းမွန်ကြလေ၏။ ထို့အပြင် ဆန်းကြယ်နည်းစနစ်မျိုးစုံ အသုံးပြုလိုက်ချိန်၌ တောင်တစ်လုံးပမာ လိပ်ကြီး၏ ဦးခေါင်းထိပ်တွင် လူတစ်ဦး ထိုင်နေသည်ကို မြင်လိုက်ကြရသည်။

ထိုသူက အစိမ်းရောင်ဝတ်ထားကာ ဦးခေါင်းတွင် ဆီပင်ချည်ကြိုးရှိပြီး လက်ထဲတွင် ပလွေတစ်ချောင်း ကိုင်ထားလေသည်။ ထိုသူ၏ မျက်နှာထက်တွင် အပြုံးတစ်စ ရှိနေလေ၏။

သူ၏အမူအရာသည် တိုင်းပြည်တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည့် သားရဲအုပ်ကြီးထဲရှိ ဧရာမလိပ်ကြီးတစ်ကောင်၏ ဦးခေါင်းပေါ်တွင် ရပ်နေသည့်အလားပင်။ ထို့အစား သူက အပျော်ခရီး ထွက်လာသည့်အလား ရှိနေချေ၏။

" လမ်းပြလူငယ် "

တစ်စုံတစ်ယောက်က တုန်ယင်နေသောအသံနှင့် ဆိုလိုက်လေ၏။ လက်တလောတွင် ထိုအမည်က တိုင်အာနတ်မြို့နှင့် အခြားအဖွဲ့အစည်းကြီးသုံးခုအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်နေချေသည်။

" တကယ်ကို သူပဲ "

လူအများ ထိတ်လန့်နေသည်။ လမ်းပြလူငယ် ပေါ်လာခြင်းသည် သွေးမုန်တိုင်းတစ်ခု ဖြစ်စေသည်ဟု ဆိုကြသော်လည်း လမ်းပြလူငယ်က မည်မျှသန်မာကြောင်းကိုမူ မည်သူကမျှ မသိကြပေ။

လမ်းပြလူငယ်တွင် ယွမ်ချီစွမ်းအင် တစ်အောင်စပင် ထွက်မနေသလို မည်သည့်ဖိအားကိုမျှလည်း ထုတ်လွှတ်မနေပေ။ သူက သာမန်ဆယ်ကျော်လူငယ်တစ်ဦးနှင့် မကွာခြားလှသော်လည်း လူအများအတွက်မူ သူနှင့် ရင်ဆိုင်ရရုံမျှနှင့်ပင် ရှင်းပြမရသော ကြီးမားသည့် ဖိအားတစ်ခုကို ခံစားမိကြရလေသည်။

သူ ထိုင်နေသည့် လိပ်ကြီးကလည်း လူအများကို အသက်ရှုမရ ဖြစ်စေလေသည်။ လမ်းပြလူငယ်နှင့် သားရဲအုပ်ကြီးကို အင်အားသုံးကာ ရင်ဆိုင်၍မရနိုင်ဟူသည့် ခံစားချက်က လူအများ၏ စိတ်ထဲတွင် ကြီးစိုးလာခဲ့သည်။

သူတို့က ဤသားရဲအုပ်ကို အမှန်တကယ် တောင့်ခံနိုင်ပါမည်လော။

သူတို့ ဤနေရာတွင် သေရတော့မည်လော။

လူအများ၏စိတ်ထဲတွင် ထိုအတွေးများ ဖြစ်လာကြရသည်။ ထို့နောက်တွင် သားရဲအုပ်ဟူသည့် စကားလုံးကို တွေးမိသွားကြရသည်။ လူအများ ထိုအကြောင်းကို စဥ်းစားချိန်တွင် သာမန်သားရဲအုပ်ထက် အဆအနည်းငယ်ခန့် ပိုကြီးမားသော သားရဲအုပ်တစ်စုကိုသာ တွေးမိလေသည်။ ရှေးဦးမျိုးစိတ်များ များပြားနေပါက တိုက်ပွဲသည် သွေးထွက်သံယို များပြားနေပေလိမ့်မည်။

သို့သော် လမ်းပြလူငယ် ဖန်တီးထားသည့် သားရဲအုပ်က ဤမျှအထိ ကြောက်မက်ဖွယ်ရာ ဖြစ်နေလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။ ဧရာမလိပ်ကြီး တစ်ကောင်တည်းကပင် ရှေးဦးမျိုးစိတ်မျာ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေချေသည်။

"မြို့သခင် "

တိုင်အာနတ်မြို့မှ ပညာရှိအချို့က မြို့သခင်၏ နံဘေးသို့ ရောက်ရှိလာကြသည်။ အားလုံးသည် တည်ကြည်နေကြပြီး နဖူးထက်တွင် ချွေးများသီးနေသည်။

ယွင်လုံနတ်ပြည်ထောင်မှ ပညာရှိများသည်လည်း ခုနစ်စင်ကြယ်စေတီပိုင်ရှင်၏ အနီးတွင် စုစည်းနေကြသည်။ ဤကဲ့သို့ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်၌ သူတို့ လမ်းပျောက်နေကြရသည်။

ဘုန်း...ဘုန်း...ဘုန်း...ဘုန်း...။

နတ်လိပ်ကြီး၏ ခြေလှမ်းများက နှေးကွေးသော်လည်း ခြေလှမ်းတိုင်းသည် မိုင်ပေါင်းဆယ်ချီကာ ဖြတ်ကျော်နေလေ၏။ နတ်လိပ်ကြီးအဖို့ မိုးကုတ်စက်ဝိုင်းမှတစ်ဆင့် တိုင်အာနတ်မြို့ဆီသို့ ရောက်ရှိရန်အတွက် ခြေလှမ်းပေါင်းဆယ်ချီခန့်သာ လိုအပ်လေသည်။

နတ်လိပ်ကြီး နီးလာချိန်တွင် တိုင်အာနတ်မြို့ ခံစားနေရသည့် တုန်ခါမှုများက ပိုမိုသိသာလာသည်။ ယခုအခါတွင် လမ်းပြလူငယ်၏ သာယာသော ပလွေသံကို နတ်အရိုင်းမြေတလွှားတွင် ကြားနေရလေသည်။ မိုင်ပေါင်းရာချီသည်လည်း ပလွေသံစဥ်ကို တားဆီးရန် မဖြစ်နိုင်ခဲ့ပေ။

လူအများ မွန်းကျပ်နေရ၏။ ပလွေသံစဥ်ကို နေရာတိုင်းတွင် ကြားနေရသည်။ သားရဲအုပ်၏ တုန်ခါမှုများသည်ပင် ပလွေသံကို ချေဖျက်ပစ်နိုင်ခြင်းမရှိပေ။

" သူက လမ်းပြလူငယ်ပဲ။ ငါတို့...ငါတို့က အရမ်း...အရမ်းကို နုံအလွန်းတယ် "

ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ခါးခါးသီးသီး ပြုံးနေလေသည်။ သူ၏စိတ်ထဲတွင် အမျိုးအမည်မသိ ခံစားချက်တစ်ရပ် ဖြစ်ပေါ်နေလေ၏။

လက်ရှိတွင် နတ်လိပ်ကြီးက တိုင်အာနတ်မြို့နှင့် မိုင်ပေါင်းဆယ်ချီခန့်သာ ဝေးကွာတော့လေသည်။ ခေါင်းမော့ထားသည့် နတ်လိပ်ကြီးက တိုင်အာနတ်မြို့၏ အမြင့်ထက်ပင် ကျော်လွန်နေလေ၏။ လူအများသည် ဦးခေါင်းကြီးကို မြင်လိုက်ရချိန်တွင် တိုင်အာနတ်မြို့၏ရှေ့၌ အနက်ရောင် တောင်ကြီးတစ်လုံး ရှိနေသည်ဟု ခံစားကြရသည်။ တောင်ထိပ်ပေါ်မှ လမ်းပြလူငယ်က ပလွေကို ပေါ့ပါးစွာပင် မှုတ်နေလျက်ရှိသည်။ သူ၏ အစိမ်းရောင်အဝတ်များက လေနှင့်အတူ တဖျပ်ဖျပ်လှုပ်ခါနေလျက်ရှိပြီး သူက နတ်ဘုရားတစ်ပါးပမာ ဖြစ်နေလေသည်။

လက်ရှိတွင် လမ်းပြလူငယ်၏ အနေအထားက မြင့်မားလွန်းလှပြီး အရာအားလုံးကို အထက်စီးမှ ကြည့်နေရလေသည်။

မြို့သခင်က ဓားမောက်ကို ကိုင်ထားလျက်ဖြင့် လမ်းပြလူငယ်ကို ကြည့်နေသည်။ သူက သက်ပြင်းဖွဖွချကာ..." ခန်းယန်... နောက်ချန်အစီအစဥ်ကို အကောင်အထည်ဖော်လိုက်တော့ "

ခန်းယန် တုန်ယင်သွားကာ... " မြို့သခင်... "

" ဘာမှပြောနေစရာမလိုတော့ဘူး။ အချိန်မရှိတော့ဘူး "

မြို့သခင်က ဆိုလိုက်ပြီးနောက် လမ်းပြလူငယ်ဆီသို့ တစ်ဦးတည်း ပျံသန်းသွားလေ၏။

" မြို့သခင် "

လူအများ ကြီးစွာထိတ်လန့်သွားကြသည်။ ခန်းယန်မှာ ထခုန်လုနီးပါး ဖြစ်သွားရလေ၏။

မြို့သခင် အဘယ်အရာကို လုပ်နေလေသနည်း။ သူက လူထု၏ ကျောရိုးမဏ္ဍိုင် ဖြစ်လေသည်။ ဤအခြေအနေတွင် မြို့သခင်ကို ဆုံးရှုံးလိုက်ရပါက အကျိုးဆက်များ ဆိုးရွားသွားပေလိမ့်မည်။

သို့သော် လက်ရှိအချိန်၌ မြို့သခင်ကို မည်သူကမျှ တားဆီးနိုင်ခြင်းမရှိကြပေ။ မြို့သခင်က လမ်းပြလူငယ်၏ရှေ့သို့ မီးခိုးငွေ့တစ်ခုပမာပင် ရောက်ရှိသွားလေသည်။ လက်ရှိတွင် မြို့သခင်က လမ်းပြလူငယ်နှင့် ပေပေါင်းထောင်ချီခန့်သာ ဝေးကွာတော့လေသည်။

လမ်းလူငယ်က မြို့သခင်ကိုကြည့်ရင်း နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေ၏။

All Chapters