အတူပျော်ကြစို့
Vol. 12 Ch. 169
"လန်ယွဲ့ ရောက်လာပါပြီ"
ချပ် …
တံခါးပွင့်သွားပြီးနောက် သိမ်မွေ့နူးညံ့သည့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။
သူမသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တင့်တယ် လှပေသည်။ သူမ၏ ဦးခေါင်းထက်ရှိ ဆံနွယ်သည် လွှင့်ဝဲနေပြီး အခန်းအတွင်းအား တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများသည် အန်လင်းထံ ရောက်ရှိလာသည်။ အသာဦးညွတ်လိုက်ပြီး နောက်တွင် လေသံဖျော့ဖျော့ဖြင့် စကားဆို လာသည်။ "သခင်လေးကို နှုတ်ဆက်ပါတယ်။ လန်ယွဲ့ ပါ။"
အန်လင်းသည် လန်ယွဲ့အား ကြည့်လိုက် ပြီးနောက်တွင် တပိုင်အား စိုက်ကြည့် လိုက်ပြန်သည်။ "မင်းခေါ်ထားတာလား။"
တပိုင်သည် ခေါင်းယမ်း လိုက်သော်လည်း ချက်ချင်း ဆိုသလိုပင် သူ၏ မျက်လုံးများ အရောင လက်လာသည်။ "မခေါ်ထားပါဘူး။ ဒါပေမဲ့ သူမက အရမ်းမိုက်တယ်။ ခေါ်ထား လိုက်မယ်လေ။"
အန်လင်းမှာ ကိုယ့်နဖူးသာ ကိုယ်ရိုက်မိတော့သည်။ တပိုင်သည် ကယ်တင်လို့ မရတော့ချေ။ အလှလေး များကိုတွေ့လျှင် ထိန်းချုပ်နိုင်ခြင်း မရှိပုံပင်။ ချင်ဟွာအား မည်သို့ လုပ်ရပါ့မည်နည်း။
အန်လင်း နောက်တွင်ရှိသည့် ပွဲစားမည်သည် ထိုအခါမှ စကားဆို လာသည်။ "လန်ယွဲ့က ကျွန်မတို့ နွေဦးမြစ်စံအိမ်ရဲ့ ထိပ်တန်း မိန်းကလေးပဲ။ သူမရဲ့ သီဆိုသံနဲ့ တီးခတ်မှုက ရှစ်ဟွာ စီရင်စု တစ်ခုလုံးမှာ အကောင်းဆုံးပဲ။ သခင်လေးက နားထောင်ချင်ပါရဲ့လား။"
"ရှစ်ဟွာစီရင်စုမှာ အကောင်းဆုံးတဲ့လား။" အန်လင်းသည် ပွဲစားမ၏ မိတ်ဆက်ပေးမှုအား ခေါင်းညိတ်ပြ လိုက်သည်။
သူသည် ကိုးပြည်ထောင်နိုင်ငံတော်ရှိ တေးသီချင်းများအား အတော်လေး သဘောကျလှသည်။ အစ်ကိုယ်၍ လန်ယွဲ့သာ သီဆိုနိုင်မည်ဆိုလျှင် နားထောင်ရသည့် အတွက် အကျိုးမယုတ်ပေ။
"အဲဒီတော့ သခင်လေးကို ဒီထက်ပိုပြီး မနှောင့်ယှက်တော့ပါဘူး" ပွဲစားမသည် ပြုံးလျက်နှင့် အခန်းအတွင်းမှ ထွက်ခွာ သွားလေသည်။
လန်ယွဲ့သည် သိမ့်မွေ့စွာ ပြုံးလိုက်ပြီးနောက် ခုံတစ်ခုပေါ်တွင် ထိုင်ကာ သစ်သားဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်း ဗျပ်စောင်း တစ်ခုအား သူမ၏ ပေါင်ပေါ်တွင် တင်လိုက်သည်။ “သခင်လေးက ဘယ်လို ဖျော်ဖြေမှုမျိုးကို နားဆင်ချင်ပါသလဲ။”
အန်လင်းသည် သူမ၏ စကားများကြောင့် အနည်းငယ်မျှ ခေါင်းရှုပ် သွားသည်။ “ဖျော်ဖြေမှုပုံစံ ဘယ်နှစ်မျိုးလောက် ရှိတာလဲ။”
“ပေါ့ပေါ့ပါးပါး ဖျော်ဖြေမှုဆိုရင် တေးသီချင်း တစ်ပုဒ်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာပါ။ ပုံမှန်ဖျော်ဖြေမှု မျိုးကတော့ တေးသီချင်း တစ်ပုဒ်အတွက် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာပါ။ လေးနက်တဲ့ ဖျော်ဖြေမှုမျိုး အတွက် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာကို တေးသီချင်း တစ်ပုဒ်ပါ။ တေးသီချင်း တစ်ပုဒ်ကို စိတ်ဝိညာဉ်ကျောက်တုံး ငါးရာကျသင့်မည့် ဖျော်ဖြေမှုကိုတော့ စွဲမက်ဖွယ်ရာ ဖျော်ဖြေမှုလို့ ခေါ်ပါတယ်။” လန်ယွဲ့၏ မျက်လုံးများသည် ရေကဲ့သို့ ကြည်လင်နေပြီး အလွန်သာယာ နာပျော်ဖွယ်ရှိသည့် လေသံဖြင့် ဖျော်ဖြေမှု အမျိုးအစားများကို ရှင်းလင်း ပြလေသည်။
သူမ၏ စကားအား နားထောင်ပြီးသည့် အခါတွင် အန်လင်း၏ နှုတ်ခမ်းများ တွန့်သွားတော့သည်။ ပေါ့ပေါ့ပါးပါး ဖျော်ဖြေမှုက ဘာကြီးတုန်း။ သူက ထိပ်တန်း မိန်းကလေး မဟုတ်ဘူးလား။
တပိုင်၏ မျက်လုံးများသည် နောက်ထပ်တစ်ဖန် တောက်ပ လာပြန်သည်။ “ဝုတ် … စွဲမက်ဖွယ်ရာ အဖော်အချွတ် ဖျော်ဖြေမှုမျိုးကော ရနိုင်မလားဟင်။”
ဘုန်း …
အန်လင်းသည် တပိုင်၏ခေါင်းအား ထုလိုက်သည်။ ချက်ချင်း ဆိုသလိုပင် တပိုင်၏ နဖူးတွင် ဖုတစ်လုံး ပေါ်လာသည်။ “မင်းအနေနဲ့ ခွေးကောင်း ဖြစ်ပေးလို့ မရဘူးလား။ ဘာလို့များ လူတစ်ယောက် ဖြစ်နေချင်ရတာတုန်း။”
တပိုင်၏ မျက်ရည်ဝေ့သီ နေမှုကြောင့် လန်ယွဲ့သည် သူမ၏နှုတ်ခမ်းအား လက်ဖြင့်ကာလျက် တခစ်ခစ် ရယ်မောလေသည်။ “အစ်ကိုကြီးပိုင်ကို စိတ်ဆိုး ရပါမယ်။ ညီမက အတတ်ပညာကိုပဲ ရောင်းချတာရှင် ခန္ဓာကိုယ်ကို မရောင်းပါဘူးနော်။”
“အဲဒီတော့လည်း စွဲမက်ဖွယ်ရာ ဖျော်ဖြေမှုပဲ နားထောင်တာပေါ့။” အန်လင်းသည် ချမ်းသာ ကြွယ်ဝနေသူ ဖြစ်သည်။ ထို့အတွက်ကြောင့် သီဆိုဖျော်ဖြေမှုအား နားထောင်မည် ဆိုလျှင် အကောင်းဆုံးကိုသာ ရွေးချယ်မည် ဖြစ်သည်။
လန်ယွဲ့သည် ခေါင်းညိတ် လိုက်ပြီးနောက် သူမ၏ သွယ်လျလျ လက်ချောင်း လေးများသည် ဗျပ်စောင်းအား စတင်တီးခတ် တော့သည်။ သာယာနာပျော်ဖွယ် ဗျပ်စောင်းသံနှင့် အတူ ထွက်ပေါ်လာသည့် သူမ၏ နူးညံ့သိမ်မွေ့သည့် အသံလေးသည် အန်လင်းနှင့် တပိုင်အား စိတ်အပန်းပြေ စေသည်။
ထိုအချိန်တွင် အနီရောင် အတွင်းဝတ်နှင့် အမျိုးသမီးနှင့် အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးတို့သည် အန်လင်း၏ တပိုင်တို့၏ ခွက်များအား သေရည်ငှဲ့ပေးလျက် ရှိကြသည်။
လှပသည့် တေးသီးချင်းနှင့် ပေါင်းစပ် ခံစားလိုက်သည့်အခါတွင် အန်လင်းသည် အရာအားလုံးအား မေ့ဖျောက် ပစ်လိုက်တော့သည်။
အန်လင်း : “တပိုင် … မလိမ်နဲ့နော်။ မင်းက ခွေးယောင် ဆောင်ထားတဲ့ လူမဟုတ်လား။”
တပိုင်သည် သေရည်ငုံကာဖြင့် တေးသီချင်းအား ပျော်ရွှင်စွာ နားဆင် ခံစားနေခြင်း ဖြစ်သည်။ သို့သော်လည်း အန်လင်း၏ မေးခွန်းကြောင့် ချက်ချင်း ဆိုသလိုပင် သူ၏ အမူအရာမှာ ရှုံ့မဲ့ သွားလေသည်။ “အစ်ကိုကြီးအန်ကလည်း ကျွန်တော်က တကယ်ကို ကျွန်တော့် အမေရဲ့ ဗိုက်ထဲကနေ ထွက်လာခဲ့တဲ့ ခွေးထီးဆိုတာ သေချာပါတယ်ဗျ။ လူမတွေကို သဘောကျရတဲ့ အကြောင်းကိုတော့ ကျွန်တော် ကိုယ်တိုင်တောင် မသိပါဘူးဗျာ။”
အန်လင်းသည် လေးနက်သည့် အမူအရာဖြင့် မေးလာသည်။ “အဲတော့ကွာ လန်ယွဲ့နဲ့ ချင်ဟွာ နှစ်ယောက်ကို မင်းရဲ့ ဇနီးအဖြစ် ရွေးရမယ်ဆိုရင် မင်းဘယ်သူ့ကို ရွေးမလဲ။”
တပိုင်၏ မျက်နှာတွင် ဝိရောဓိ ဖြစ်မှုများ ပေါ်လာပြီး မျက်မှောင်ကြုတ် လိုက်သည်။ အကျပ်ရိုက်နေပုံပင်။
အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချ လိုက်မိသည်။ တပိုင်၏ တုံ့ဆိုင်းနေမှုသည် သူ့အား မဆုံးရှုံးရသေးဟု ဆိုလေသည်။ တပိုင်အား ကယ်တင် နိုင်သေးသည်။
တပိုင်သည်လည်း သက်ပြင်းချ လိုက်သည်။ “ဒါက တကယ်ကို ခက်ခဲတဲ့ ရွေးချယ်မှုပဲ။ လန်ယွဲ့က အရမ်းကို လှပပေမဲ့ ခွေးပေါက်လေးတွေ မမွေးပေး နိုင်ဘူးလေ။ ချင်ဟွာကတော့ ခွေးပေါက်လေးတွေ မွေးပေးနိုင်ပေမဲ့ သူ့ရဲ့သွင်ပြင်က အရမ်းကို သာမန်ဆန်လွန်းတယ်။ ကောက်ကြောင်းတွေလည်း မရှိဘူး။”
အန်လင်းသည် တပိုင်၏ တုံ့ပြန်ချက်ကြောင့် မူးမေ့ သွားမတတ်ပင်။
ဒီမအေပေးကတော့။ ခွေးမတွေက လူမဟုတ်ဘူးကွ။ ဘယ်လိုလုပ်ပြီး ကောက်ကြောင်း ရှိရမှာလဲ။
မင်းမေကို ကောက်ကြောင်း ရှိလိုက်။ တပိုင်က အဲဒါကြောင့် တုံ့ဆိုင်းနေတာဆိုရင် ကုသလို့ မရတော့ဘူးပဲ။
ရုတ်တရက် ဆိုသလိုပင် အန်လင်းသည် အခြားဖြစ်နိုင်ချေ တစ်ခုအား စဉ်းစားမိလိုက်သည်။ “တပိုင် … မင်းရဲ့အဖေကကော မင်းလိုမျိုး လူမလှလှလေးတွေကို သဘောကျသလား။”
မျိုးရိုးလိုက်ခြင်းများလား ဆိုသည်ကို သိရှိရန် လိုအပ်ပေသည်။ တပိုင်၏ မျိုးရိုးဗီဇကြောင့် ဆိုလျှင် သူ့အနေဖြင့် ဘာမျှ မတတ်နိုင်တော့ချေ။
တပိုင်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးလိုက်သည်။ “သေချာတာပေါ့။ ဟိုးအရင်တုန်းက အဖေက ခဏတိုင်း ဆိုသလို ဆောင်ကြာမြိုင်ကို ခေါ်သွားလေ့ရှိတယ်။ ပုံမှန်မဟုတ်တဲ့ ခွေးသားအဖ လို့တောင် ခေါ်ကြသေးတယ်။”
အန်လင်းသည် တုန်လှုပ်မှုကြောင့် လုံးလုံးလျားလျား တိတ်ဆိတ် သွားတော့သည်။
သောက်ခွေး။ ဒါက မျိုးရိုးလိုက်မှု ထက်တောင် ပိုဆိုးသွားပြီ။ ပိုင်ရှန်က တပိုင်ကို ဆောင်ကြာမြိုင်တွေ ခေါ်သွားတယ်တဲ့လား။
အန်လင်းမှာ ထို့ထက်ပို၍ ဘာပြောရမည်ကို မသိတော့ချေ။ တပိုင် ဤကဲ့သို့ ဖြစ်လာရခြင်းသည် ပိုင်ရှန်၏ အမှားကြောင့်သာလျှင် ဖြစ်သည်။
ဟုတ်သည်။ ဖခင်ဖြစ်သူ၏ မှားယွင်းသည့် အမူအကျင့်ကြောင့် သားဖြစ်သူမှာ ထိုသို့ဖြစ်ရခြင်းပင်။
အစ်ကိုယ်၍ တပိုင်သာ လူမတစ်ဦးအား ဇနီးအဖြစ် ယူဆောင်ကာ ဒဏ္ဍာရီ သားရဲဂိုဏ်းသို့ ပြန်သွားမည်ဆိုလျှင် ပိုင်ရှန်အတွက် ခေါင်းခဲစရာ ဖြစ်လာပေလိမ့်မည်။
အန်လင်းအနေဖြင့် အပြစ်တင်ခံရခြင်း မရှိနိုင်တော့ချေ။
အန်လင်းသည် ထိုအခြေအနေအား စဉ်းစားမိသည့်အခါတွင် သက်ပြင်းရှိုက်မိ တော့သည်။ တပိုင်၏ လူမများအား ကြိုက်နှစ်သက်မှုသည် သူ၏အမှား မဟုတ်တော့ချေ။ မည်သို့ပင်ဆိုစေ လူမများတွင် ရှိသည့် ကောက်ကြောင်းများသည် ခွေးမများထက် ပို၍ စိတ်ကျေနပ်စရာ ကောင်းသည်မှာ သေချာပေါက်ပင် ဖြစ်သည်။
အန်လင်းသည် စိတ်လျှော့လိုက်ပြီ ဖြစ်သည်။
ထို့နောက်တွင် အမျိုးသမီးနှစ်ဦး ခြံရံကာဖြင့် တပိုင်နှင့်အတူ ပျော်ရွှင်စွာ သောက်စား တော့သည်။ လန်ယွဲ့၏ ဖျော်ဖြေမှုနှင့် ပေါင်းစပ် လိုက်သည့်အခါတွင် အရာအားလုံးသည် ပြီးပြည့်စုံ သွားသကဲ့သို့ပင်။
အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်းဂိုဏ်းရှိ တောင်ထိပ် တစ်ခုတွင် …
ရှောင်ချိုးသည် တံခါးဝတွင် ထိုင်ကာဖြင့် အန်လင်းနှင့် တပိုင်တို့အား စောင့်မျှော် နေလေသည်။
အန်လင်းသည် ချက်ချင်း ပြန်လာမည်ဟု ဆိုခဲ့သည်။ ထို့နောက်တွင် သူတို့သည် သစ်တောစိမ်း အင်ပါယာ နန်းတော်သို့ သွားရောက်ကြမည် ဖြစ်သည်။ ထို့ကြောင့် ရှောင်ချိုးသည် ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ထို့သို့ဖြင့် နေလယ်ပိုင်းသို့ ရောက်ရှိ လာသော်လည်း အန်လင်းအား အရိပ်ပင် မမြင်ရသေးချေ။ ရှောင်ချိုးသည် စောင့်မျှော် နေဆဲပင်။ တဖြည်းဖြည်းနှင့် မွန်းလွဲပိုင်းသို့ ရောက်ရှိ လာချေပြီ။ သို့သော်လည်း အန်လင်း ပြန်မလာသေးပါ။
အစ်ကိုကြီးအန်က တပိုင်ကို လိုက်ရှာနေရင်း တစ်ခုခု ဖြစ်နေတာများလား။
ရှောင်ချိုးသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသည်။ သို့သော်လည်း တံခါးပေါက်ဝတွင် စောင့်မျှော် နေဆဲပင်။
နေလုံးသည် မိုးကုတ်စက်ဝိုင်းတွင် ဝင်ရောက် ပျောက်ကွယ်ကာ ညကောင်းကင်တွင် ကြယ်များစွာ ခြံရံကာဖြင့် လမင်းသည်သည် ထွက်ပေါ်နေလေပြီ ဖြစ်သည်။
ဘုန်း …
ရုတ်တရက် ဆိုသလို မြေပြင်သည် ပြင်းထန်စွာ တုန်ခါ သွားသည်ကြောင့် ရှောင်ချိုးမှာ အလန့်တကြားဖြင့် မတ်တတ် ရပ်လိုက်မိသည်။
တုန်ခါရာ နေရာအား ကြည့်လိုက်သည့် အခါတွင် တပိုင်၏ ဦးခေါင်သည် မြေကြီးထဲသို့ စိုက်ဝင်နေသည်ကို တွေ့ရှိ လိုက်ရသည်။
တပိုင်၏ ခြေလေးချောင်းလုံးမှာ လေထဲတွင် ယက်ကန်နေပြီး နာကျင်စွာဖြင့် ငိုကြွေး နေလေသည်။ အန်လင်းသည်လည်း နောက်ကျောဖြင့် ပြုတ်ကျသည်ကြောင့် ထော့နဲ့ ထော့နဲ့ဖြင့် လမ်းလျှောက် နေရသည်။
“အစ်ကိုကြီးအန် မောင်းတာက အရမ်းကြမ်းတာပါ။ ကျွန်တော့် ခေါင်းအရမ်း နာနေပြီဗျ။ ကျွန်တော့်ကို ခွေးသစ်ပင် ဖြစ်စေချင် နေတာလား။” တပိုင်သည် ညည်းညူကာ ပြောလေသည်။
အန်လင်းသည် တပိုင်၏ခေါင်းသို့ တစ်ချက်ရိုက်လိုက်ပြီး နောက်တွင် ရယ်မောကာဖြင့် “ငနုံလေး … ခွေးနုံလေး … မင်းကို ဒီနားမှာ ဆင်းလိုက်လို့ ငါမပြောဘူးလား။ ဒါပေမဲ့ မင်းက ၃၆၀ဒီဂရီ လှည့်လိုက်ပြီးမှ ဆင်းတယ်လေ။ ပြီးတော့ ခေါင်းငိုက်စိုက်နဲ့ ကျပါလေရောလား။ မင်းကိုယ်မင်း ဘာထင်နေတာတုန်း။ တွင်းတူးစက်များ ထင်နေတာလား။”
တပိုင်သည် ခေတ္တမျှ အန်လင်း၏ စကားများအား စဉ်းစား လိုက်သည်။ အမှန်တကယ်ပင် သူအနည်းငယ် နုံအသွားမိခဲ့ခြင်းဟု ခံစားမိ လိုက်သည်။ ထို့နောက်တွင် အော်ဟစ်ကာဖြင့် ရယ်မော လိုက်လေသည်။
အခြေအနေ တစ်ခုလုံးသည် ရယ်စရာ ကောင်းလှသည်ဟု အန်လင်း တွေးမိနေသည်။ ထို့ကြောင့် နှစ်နှစ်ကာကာပင် ရယ်မော လိုက်ကြသည်။
သူတို့နှစ်ဦးသည် သေရည်နံ့ တထောင်းထောင်း ထလျက်ရှိပြီး တစ်ယောက်နှင့် တစ်ယောက် ပခုံးချင်း ဖက်ကာဖြင့် လမ်းလျှောက် လာကြသည်။
ထို့နောက်တွင် တံခါးဝ၌ ကြောင်အစ်ကိုဖြင့် မတ်တတ် ရပ်နေသည့် ရှောင်ချိုးအား မြင်လိုက်ရသည်။ အန်လင်းသည် ရှောင်ချိုး၏ ပခုံးအား တောင်းပန် တိုးလျှိုးသည့် ဟန်ဖြင့် ပုတ်လိုက်ပြီးနောက် “အိုး ရှောင်ချိုးရေ … တောင်းပန်ပါတယ်ကွာ။ နွေဦးမြစ်စံအိမ်က မိန်းကလေးတွေက အရမ်းကို အရည်အချင်း ရှိကြတယ်ကွ။ မင်းငါတို့နဲ့ မလိုက်ခဲ့ရတာ နာတယ်ကွာ။”
ရှောင်ချိုးသည် အန်လင်း၏ စကားများကြောင့် မျက်နှာမဲ့ လိုက်သည်။ “အစ်ကိုကြီးအန်က တပိုင်ကို ဆောင်ကြာမြိုင်ကနေ သွားခေါ်တာ မဟုတ်ဘူးလား။ ဘာလို့များ အဲဒီမှာ အချိန်ကုန် နေခဲ့ကြတာလဲ။”
အန်လင်းသည် မျက်မှောက်ကြုတ်လိုက်ပြီးနောက် “ငါတို့က ထူးဆန်းတဲ့အရာတွေ မလုပ်ခဲ့ပါဘူးနော်။ အဲဒီတော့ ဆောင်ကြာမြိုင်ကို သွားခဲ့တယ်လို့ မင်းစရာ မလိုဘူး။ ပြောရမယ်ဆိုရင် လှပတဲ့ မိန်းမတွေ ခြံရံပြီး စိတ်အပန်းဖြေ ခဲ့တယ်ပေါ့ကွာ။”
တပိုင်၏ မျက်လုံးများ အရောင်လက်လာပြီး ဂုဏ်ယူသည့် အပြုံးတစ်ခု ပေါ်လာသည်။ “မျှော်လင့်ထားတဲ့အတိုင်း အစ်ကိုကြီးအန်က အရမ်းမိုက်တာပဲ။ နောက်တစ်ခါကျ အစ်ကိုကြီးချိုးကိုပါ ခေါ်သွားရမယ်။ ကျွန်တော်တို့အားလုံး လှပတဲ့မိန်းမတွေ ခြံရံပြီး ပျော်ကြတာပေါ့နော်။”
“သိပ်ကောင်းတဲ့ အစ်ကိုပေါ့ကွာ” အန်လင်းသည် နှစ်နှစ်ခြိုက်ခြိုက် ရယ်မော လိုက်ပြီးနောက် ရှောင်ချိုးအား ဖက်ကာဖြင့် အိမ်ထဲသို့ ဝင်သွားတော့သည်။
ခမ်းနား ကြီးကျယ်လွန်းသည့် နေ့တစ်ရက်၏ အဆုံး ဖြစ်ပေသည်။
***