← Chapters

အနီရင့်

Vol. 24 Ch. 356

အနီရင့်

Vol. 24 Ch. 356

ရှန်းထူနန်ထျန်းက ကျန်းရှောင်ယုကို ကြည့်နေသည်မှာ ဝမ်းသားရိပ်အချို့ ပါဝင်နေကြောင်း ယီယွင် သိသည်။ ယင်းသည် အဆိပ်ပြင်းမြွေတစ်ကောင်က ဆူဖြိုးသော သားရဲတစ်ကောင်ကို ကြည့်နေသည်နှင့် ဆင်တူလေသည်။

ယီယွင် ကျန်းရှောက်ယု၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ အလွန်စိုးရိမ်နေကာ လက်ဝါးများတွင် ချွေးထွက်နေ၏။ သူ၏စိတ်ထဲတွင် နိမိတ်ပုံတစ်ခုကို ထင်ထင်ရှားရှား အာရုံရနေလေ၏။

ရှန်းထူနန်ထျန်းက ကျန်းရှောက်ယုအား မည်သည့်အရာ လုပ်လိုနေကြောင်းကို ယီယွင် မသိပေ။ ယီယွင်က အမြဲတမ်းလိုပင် တည်ငြိမ်သော်လည်း လက်ရှိတွင်မူ စိတ်ထဲတွင် ဗလာကျင်းဖြစ်နေ၏။

" ဘာတွေဖြစ်နေကြတာလဲ "

ထိုစဥ် လူအုပ်ထဲသို့ အကြီးအကဲနှစ်ဦး တိုးဝင်လာသည်။ ရှေ့မှလာသူက လက်သည်းလေးခု ရွှေနဂါးဝတ်စုံကို ဝတ်ဆင်ထားလေ၏။ ထိုသူက ဆံပင်များဖြူနေကာ မျက်ဝန်းများ တောက်ပသည်။ ထိုသူက ချူဘုရင် ဖြစ်လေ၏။

ချူဘုရင်၏နံဘေးမှ အကြီးအကဲက မီးခိုးရောင် ဝတ်ဆင်ထားသည်။

" ချူဘုရင်ကြီး... ယီယွင်ရဲ့အစ်မ သရုပ်မှန်က ပြဿနာရှိနေပါတယ် " အစောင့်တစ်ဦးက ဆုတ်ခွာသွားကာ ချူဘုရင်ဆီသို့ အသံပို့လွှတ်ပြီး အခြေအနေများ ရှင်းပြလိုက်သည်။

ချူဘုရင်မှာ ထိုအဖြစ်ကို မျှော်လင့်မထားမိလေသောကြောင့် မှင်တက်မိသွားလေ၏။

" သခင်လေးနန်ထျန်း... ဒီမိန်းကလေးက ဘာလဲ "

လက်ရှိတွင် ကျန်းရှောင်ယု၏ သရုပ်မှန်က မရေမရာဖြစ်နေသည်။ ရှန်းထူနန်ထျန်း တစ်ဦးတည်းကသာ အဖြေကိုသိသည်။

" သူက ပျက်စီးခြင်းမျိုးနွယ်ဝင်ပဲ " ရှန်းထူနန်ထျန်း ကျန်းရှောင်ယု၏ သရုပ်မှန်ကို ရှင်းပြချက်ပင်မပေးဘဲ ဆုံးဖြတ်ပေးလိုက်လေ၏။

ယီယွင် စိတ်မွန်းကျပ်သွားရလေ၏။

သူမ၏သွေးက နီနေသည့်တိုင်အောင် ပျက်စီးခြင်းမျိုးနွယ်ဝင်တဲ့လား။

ကျန်းရှောင်ယုက ပျက်စီးခြင်းမျိုးနွယ်ဖြစ်နေပြီး မတော်တဆ မွေးစားခံခဲ့ရခြင်းဖြစ်ပြီး လမ်းပြလူငယ်ကို မသိပါက ကျန်းရှောင်ယုကို ဖိအားပေးမည်မဟုတ်ဟု ရှန်းထူနန်ထျန်းက ပြောဖူးလေသည်။ သို့သော် ထိုကိစ္စက မရိုးရှင်းတော့ကြောင်း သိသာလေ၏။

" သခင်လေးနန်ထျန်း... ခင်ဗျား ကျုပ်ရဲ့အစ်မကို ဘာလုပ်ချင်တယ်ဆိုတာကို ကျုပ် သိလို့ရမလား။ သူက ပျက်စီးခြင်းမျိုးနွယ်ဝင် ဖြစ်နေရင်တောင် သာမန်ပျက်စီးခြင်းမျိုးနွယ်ဝင်ပါပဲ " ယီယွင် ခံစားချက်များကို ချိုးနှိမ်ကာ ရှန်းထူနန်ထျန်းကို လေးစားသောလေသံဖြင့် မေးလိုက်လေ၏။

" သာမန်ပျက်စီးခြင်းမျိုးနွယ်ဝင်တဲ့လား " ရှန်းထူနန်ထျန်းက ယီယွင်ကို တစ်ချက်ကြည့်ကာ ရယ်လိုက်လေပြီး..." သူက သာမန်မျိုးနွယ်ဝင်ဆိုတာကို မင်း ဘယ်လိုသိလဲ။ သူက သာမန်မျိုးနွယ်ဝင် မဟုတ်သလို သူ့ရဲ့သရုပ်မှန်က အရမ်းထူးခြားတယ် "

" ငါ မင်းရဲ့အစ်မကို ခေါ်သွားမယ်။ ငါက မုသားချိုချိုတွေ သုံးပြီးတော့ မင်းကို စိတ်ကူးယဥ်အိပ်မက်တွေနဲ့ ထားခဲ့လို့ရပေမဲ့ ငါ မလုပ်ချင်ဘူး။ လူသားမျိုးနွယ်နဲ့ ပျက်စီးခြင်းမျိုးနွယ်ဆိုတာ ခါးသီးတဲ့ရန်သူတွေဆိုတာကို ငါ မင်းကို သိစေချင်တယ်။ ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်တယ်ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး "

" ငါတို့အတွက် ပျက်စီးခြင်းမျိုးနွယ်ဆိုတာက စကားပြောနိုင်တဲ့ ပျက်စီးခြင်းသားရဲတွေပဲ။ ဒီမိန်းမလေးသာ သာမန်ပျက်စီးခြင်းမျိုးနွယ်ဝင်ဖြစ်ပြီး ဘာမှမထူးခြားဘူးဆိုရင် မင်းအဖို့ ဒီမိန်းကလေးကို အိမ်မွေးတိရစ္ဆာန် ဒါမှမဟုတ် လိင်ကျွန်အဖြစ် ခေါ်ထားချင်ရင်တောင် ပြဿနာမရှိဘူး။ ငါက ခွင့်ပြုပေးမှာပဲ။ ဒါပေမဲ့ သူက သာမန်ပျက်စီးခြင်းမျိုးနွယ်ဝင် မဟုတ်ဘူး။ သူ့ရဲ့နောက်ခံနဲ့ပတ်သတ်ပြီး ကြီးကျယ်တဲ့သမိုင်းကြောင်း ရှိတယ်။ သူသာ ပျက်စီးခြင်းမျိုးနွယ်ဆီ ပြန်ရောက်သွားမယ်ဆိုရင် လူသားတွေအတွက် အကန့်အသတ်မရှိတဲ့ ကပ်ဘေးတွေ ဆောင်ကြဥ်းလာလိမ့်မယ်။ လမ်းပြလူငယ် ဖန်တီးထားတဲ့ သားရဲအုပ်ထက်တောင် ပိုပြင်းထန်သွားနိုင်တယ် "

လူတိုင်း မှင်တက်မိသွားကြ၏။

" ဒါကြောင့် ငါ သူ့ကို သတ်ရမယ်။ သူ့ရဲ့သွေးကိုတော့ ငါ ဆေးဖော်ဖို့အတွက် သုံးမယ်။ အမှန်တရားက ရက်စက်တယ်ဆိုပေမဲ့ မင်းက မေးလာတာကြောင့် ငါလည်း အမှန်အတိုင်း ပြောပြလိုက်တာပဲ "

စကားဆိုပြီးသည်နှင့် ရှန်းထူနန်ထျန်း၏ အပြုံးများ ပျောက်ကွယ်သွားလေသည်။ သူ၏အသံက ရေခဲတမျှ အေးစက်နေကာ သတ်ဖြတ်လိုစိတ်အပြည့် ဖြစ်နေသည်။

ယီယွင်၏ကျောဘက်မှ ကျန်းရှောင်ယုမှာ မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရလေ၏။

သူမက ဆေးဖော်ခံရပေတော့မည်လော။

ယီယွင် သွေးများဆူပွက်လာကာ မျက်လုံးများ သွေးကဲ့သို့ နီရဲနေလေ၏။

ရှန်းထူနန်ထျန်းက ကျန်းရှောင်ယုကို ဆေးဖော်ရန်အတွက် အမှန်တကယ်ပင် အသုံးပြုလိုနေသည်တဲ့လား။

လက်ရှိတွင် ယီယွင် ခန္ဓာကိုယ်တွင် ဝိညာဥ်မရှိတော့သည့်ပမာ ခံစားနေရလေ၏။ သူက လောကကြီးနှင့် သီးခြားခွဲထုတ်ခံလိုက်ရဟန်ရှိပြီး ရှန်းထူနန်ထျန်းကိုသာ မြင်နေရလေသည်။

ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်သင့်လဲ။

ယီယွင်၏စိတ်ထဲတွင် အတွေးပေါင်းထောင်ချီကာ ပေါ်လာသော်လည်း မည်သည့်အတွေးကမျှ လက်ရှိအခြေအနေကို ဖြေရှင်းပေးနိုင်ခြင်းမရှိပေ။

ထိုစဥ် ရှန်းထူနန်ထျန်းက ချူဘုရင်ကိုကြည့်ကာ..." ချူဘုရင်က အချိန်ကိုက် ရောက်လာတာပဲ။ ခင်ဗျားရဲ့အိမ်တော်မှာ ဆေးမီးဖို ရှိလား။ ကျေးဇူးပြုပြီး ကျုပ်ကို ခင်ဗျားမှာရှိတဲ့ အကောင်းဆုံး ဆေးမီးဖိုတစ်ခု ငှားပေးပါဦး "

" ဆေးမီးဖိုလား " ချူဘုရင် အောင့်သက်သက်ပြုံးကာ ယီယွင်ကို မျက်ဝန်းထောင့်စွန်းမှ လှမ်းကြည့်လိုက်သည်။

သူက ယီယွင်ကို အရေးမစိုက်သော်လည်း တိုင်အာနတ်ပြည်ထောင်မှ ရာထူးမြင့်ပိုင်းများကမူ ယီယွင်ကို အလွန်ပင် အလားအလာကောင်းမွန်သည်ဟု ရှုမြင်ထားကြသည်။ သူတို့သည် ယီယွင်က တိုင်အာနတ်ပြည်ထောင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည်ဟု မျှော်လင့်ထားကြလေ၏။

သို့သော် သူသာ ရှန်းထူနန်ထျန်းကို ကူညီပေးပြီး ယီယွင်၏အစ်မကို ဆေးဖော်စပ်လိုက်ပါက ယီယွင် ဒေါသပေါက်ကွဲကာ ရူးသွပ်သွားနိုင်လောက်သည်။ ထိုသို့ဆိုလျှင် ပြဿနာပေါင်းစုံ ဖြစ်ပွားလာကာ သူ့ကိုသာ အပြစ်တင်ကြပေလိမ့်မည်။

" အဘိုးရေ... သခင်လေးနန်ထျန်းက ဆေးမီးဖိုတစ်ခု လိုချင်နေတယ်ဆိုတော့ ကျွန်တော်တို့က သူ့ကို တစ်ခုလောက် ပေးလိုက်မယ်လေ။ ကျွန်တော်ဆီမှာ တော်ဝင်ဆေးဖက်ဝင်မီးဖို ရှိတယ်မဟုတ်လား။ အဲ့ဒါက မြေမီး ဆေးမီးဖိုပဲ။ တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးမှာဆိုရင် တော်ဝင်မြို့တော်က နဂါးဆေးမီးဖိုကပဲ တော်ဝင်ဆေးဖက်ဝင်မီးဖိုကို ယှဥ်နိုင်တယ် "

ချူဘုရင်၏နံဘေးမှ ယန်တင်းခွမ်က အားရဝမ်းသာဟန်ဖြင့် ဆိုလိုက်လေသည်။ သူ အလွန်ပျော်ရွှင်နေကာ ပန်းများပွင့်နေသည့်ပမာ ခံစားနေရလေ၏။ သူသည် ရှန်းထူနန်ထျန်းက မကြိုက်မည်ကို စိုးရိမ်သောကြောင့် တော်ဝင်ဆေးဖက်ဝင်မီးဖို၏ အဆင့်ကို ချဲ့ကားပြောဆိုထားခြင်း ဖြစ်လေ၏။

ယီယွင်၏အစ်မကို ချူတော်ဝင်အိမ်တော်၏ တော်ဝင်ဆေးဖက်ဝင်မီးဖိုနှင့် ဆေးဖော်လိုက်ပါက အလွန်ပင် စိတ်ဝင်စားဖွယ်ရာ ဖြစ်လာပေလိမ့်မည်။

ယန်တင်းခွမ်က ယီယွင်အား ကြည့်လိုက်လေ၏။ ယီယွင်၏ လက်တစ်ဖက်က သိုလှောင်လက်စွပ်အား ထိထားကြောင်းကို သူ မြင်လိုက်ရသည်။ နဖူးတွင် သွေးကြောများ ထောင်ထနေသည့် ယီယွင်က အလွန်ဒေါသထွက်နေကြောင်း သိသာလှသည်။

ကောင်းတယ်။ သိပ်ကောင်းတယ်။ ယီယွင် ဒေါသထွက်လာပြီး တိုက်ခိုက်လာရင် ပျော်စရာအခိုက်အတန့်တစ်ခု ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် ငါက ရှန်းထူနန်ထျန်းကို လူစားထိုးပြီး ယီယွင်ကို သတ်ပစ်နိုင်လိမ့်မယ်။

ရှန်းထူနန်ထျန်း၏ မျက်လုံးထဲတွင် ယီယွင်ကဲ့သို့ လူစားမျိုးက မည်မျှကြီးကျယ်နိုင်ပါမည်နည်း။

ယန်တင်းခွမ်က ယီယွင်ဆီသို့ အသံပို့လွှတ်ကာ ခပ်ထေ့ထေ့ဆိုသည်..." ယီယွင်... ဟဲဟဲ မင်းရဲ့ပုံစံက ကြောက်ဖို့ကောင်းတယ်ဆိုပေမဲ့ မင်း ဘာလုပ်နိုင်လို့လဲ။ အခု မင်းရဲ့အစ်မ ဆေးအဖြစ် သန့်စင်ခံရတာကို မကူနိုင်မကယ်နိုင်ဘဲ ထိုင်ကြည့်နေလိုက်တော့။ ပျက်စီးခြင်းမျိုးနွယ်ဝင်က အားပိုကောင်းလေလေ သွေးစွမ်းအား ပါဝင်မှုက ပိုမိုများလေလေလို့ သခင်လေးနန်ထျန်းက ပြောဖူးတယ်။ ဖော်စပ်တဲ့ ဆေးကလည်း အရည်အသွေးမြင့်မားသွားလိမ့်မယ်။ မင်းရဲ့အစ်မဆီမှာ သခင်လေးနန်ထျန်းကိုယ်တိုင် အရေးတယူလုပ်ရတဲ့အထိ အတော်ကိုကောင်းတဲ့ သွေးမျိုးဆက်တစ်ခု ရှိနေတယ်။ ငါသာ ဆေးလုံးနည်းနည်းလောက် ရနိုင်မယ်ဆိုရင် ကောင်းမှာပဲ "

ယန်တင်းခွမ်၏ စကားအားလုံးက ထူးဆန်းသောပုံစံ ဖြစ်နေလေသောကြောင့် ယီယွင်၏မျက်နှာ သုန်မှုန်သွားရသည်။ ယခုတွင် သူ၏စိတ်ထဲ၌ ယန်တင်းခွမ်ကို သေမိန့်ပေးထားချေပြီ။

စင်စစ်တွင် ယီယွင်က လက်ရှိအချိန်အထိ လူသတ်ဖူးခြင်း မရှိသေးပေ။ လက်ရှိအချိန်၌မူ ယီယွင်က ယန်တင်းခွမ်ကို အမှန်တကယ်ပင် သတ်ပစ်ချင်နေသည်။

ယီယွင်၏ အေးစက်သော မျက်ဝန်းများကြောင့် ယန်တင်းခွမ် ရင်ထိတ်သွားရသည်။ သူ ကျောချမ်းသွားရလေ၏။

ယီယွင်က ဒေါသစိတ်ကြောင့် ဆင်ခြင်တုံ့တရားပျောက်ပြီး အရူးပမာ တိုက်ခိုက်ခြင်းမပြုပေ။ ယင်းအဖြစ်ကြောင့် ယန်တင်းခွမ် မပျော်မရွှင် ဖြစ်နေရသော်လည်း ယီယွင်၏ သတ်ဖြတ်လိုသော အကြည့်များကြောင့် သူ ကြောက်လန့်သွားရသည်။

" ဘာကြောက်စရာရှိလို့လဲ " ယန်တင်းခွမ် သူ့ကိုယ်သူ ပြောလိုက်သည်။ သူက ဆေးမီးဖို ပြင်ဆင်ပေးပြီး ရှန်းထူနန်ထျန်းကို ကပ်ဖားကာ ရှန်းထူနန်ထျန်း ကျေနပ်မှုရစေရန် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားသည်။

အချိန်ကျလာလျှင် သူက ဥက္ကာခဲတစ်လုံးပမာ အမြင့်သို့ တက်လှမ်းခြင်းဖြင့် အဆုံးသတ်ရပေလိမ့်မည်။

ယီယွင်က ကြီးကျယ်နေလျှင်ပင် ဘာဖြစ်သေးသနည်း။ ထိုကောင်က တိုင်အာနတ်မြို့ထဲတွင် ထူးခြားသော်လည်း သခင်လေးနန်ထျန်းနှင့် ယှဥ်လိုက်မည်ဆိုပါက လေလည်သည်ထက် မပိုပေ။

All Chapters