လမ်းအဆုံး
Vol. 24 Ch. 357
" မြေမီးဆေးအိုးလား။ ဒါက အလုပ်ဖြစ်လောက်မှာပါ " ရှန်းထူနန်ထျန်းက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
ရှန်းထူနန်ထျန်း၏စကားက ထိုကိစ္စကို ဆုံးဖြတ်ပေးသွားလေ၏။
ချူဘုရင် မည်သည့်အရာကို လုပ်နိုင်ပါဦးမည်နည်း။ တိုင်အာနတ်ပြည်ထောင်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေချိန်တွင် သူက သခင်လေးနန်ထျန်း၏ အမိန့်ကို အဘယ်သို့များ မလိုက်နာရပါမည်နည်း။
" ဦးလေးကျိုး... သခင်လေးနန်ထျန်းအတွက် တော်ဝင်ဆေးဖက်ဝင်မီးဖို ပြင်ဆင်ထားပေးပါ " ချူဘုရင်က ဆိုလိုက်ပြီးနောက် ယီယွင်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ချိန်လုံး ယီယွင် တုန့်ပြန်သည်ကို သူ မမြင်ရပေ။ သူသည်လည်း ထိုကောင်လေးအတွက် စာနာစိတ်အချို့ ဖြစ်မိသည်။
" ဟုတ်ကဲ့ပါ ချူဘုရင် "
ဦးလေးကျိုး ဆိုသည်မှာ ချူဘုရင်၏နောက်သို့ တစ်ချိန်လုံး လိုက်ပါနေသည့် မီးခိုးရောင်ဝတ် အကြီးအကဲ ဖြစ်လေသည်။ သူက ချူဘုရင်၏ ကိုယ်ပိုင်အစောင့်ဖြစ်ပြီး ချူတော်ဝင်အိမ်တော်၏ အိမ်တော်ထိန်း ဖြစ်လေသည်။
" ဦးလေးကျိုး... ကျွန်တော်နဲ့ တင်းခွမ် စီစဥ်ပေးလိုက်ပါ့မယ် " ယန်ယွဲ့ဖုန်းက ဆိုလိုက်သည်။ သူက သခင်လေးနန်ထျန်း ကျေနပ်မှုရစေရန် အလုပ်လုပ်ပေးကာ အခွင့်အရေးကို ဖမ်းဆုပ်လိုသည်။ ဤကဲ့သို အခွင့်အရေးမျိုးက အလွန်ရှားပါးလေ၏။
" သခင်လေးတင်း ၊ သခင်လေးဖုန်း..." ဦးလေးကျိုး တုန့်ဆိုင်းသွားသော်လည်း တားဆီးခြင်းမပြုပေ။ သူက ချူဘုရင်၏နံဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့က ယီယွင်ကို သရော်ဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ရှန်းထူနန်ထျန်းကို ပြောလေသည်... " အခု လုပ်ကြတော့မှာလား သခင်လေးနန်ထျန်း။ သခင်လေးနန်ထျန်း ပစ္စည်းတစ်ခုခု လိုအပ်တယ်ဆိုရင် ကျုပ်တို့ ချက်ချင်းပြင်ဆင်ပေးပါ့မယ် "
ယန်တင်းခွမ်က ရင်ဘတ်ကိုပုတ်ပြကာ အာမခံလိုက်သည်။
ရှန်းထူနန်ထျန်းက ပြုံးကာဆိုသည်..." မလိုပါဘူး။ မင်းတို့ဆီမှာ ငါ လိုအပ်တဲ့အရာ ရှိမနေမှာကို စိုးရိမ်မိပါရဲ့ "
" ဟုတ်တာပေါ့...ဟုတ်တာပေါ့... သခင်လေးနန်ထျန်း လိုအပ်တာက ကျုပ်တို့ ပြင်ဆင်မပေးနိုင်တဲ့ အဖိုးတန်ရတနာတွေပဲ ဖြစ်ရမယ်။ သခင်လေးနန်ထျန်းရဲ့ရှေ့မှာ ဟာသလုပ်မိသွားလို့ ခွင့်လွှတ်ပေးပါ " သူက ရှန်းထူနန်ထျန်းကို မြောက်ပင့်နေဆဲပင်။
လက်ရှိတွင် ရှန်းထူနန်ထျန်းက ကျန်းရှောင်ယုကို ကြည့်နေသည်။
ကျန်းရှောင်ယု၏ရှေ့မှ ယီယွင်က ညာလက်သီး ဆုပ်ထားပြီး ဘယ်လက်သည် ညာလက်မှ သိုလှောင်လက်စွပ်ကို ထိထားလေ၏။
" မင်းရဲ့အမည်က ယီယွင်မလား။ မင်း အတော်လေး အလားအလာရှိတာကို ငါ ခံစားမိတယ်။ တိုင်းပြည်ငယ်တစ်ခုမှာ မွေးဖွားလာရတာတောင် ဒီလောက်အထိ ပေါက်မြောက်နိုင်နေတယ်။ ဒီလောက် အသက်ငယ်ငယ်နဲ့ ယွမ်အုတ်မြစ်ချနယ်ပယ်ကို ချိုးဖျက်ထားပြီး ခိုင်မာကျစ်လျစ်တဲ့ အခြေခံအုတ်မြစ်တစ်ခု ရှိနေတာဖို့ဆိုတာ အတော်ခက်ခဲတယ် "
" မင်းရဲ့အနာဂတ်ကို ချစ်မြတ်နိုးတယ်ဆိုရင် မိုက်မဲတဲ့အရာတွေ မလုပ်နဲ့။ လူသားနဲ့ ပျက်စီးခြင်းမျိုးနွယ်တွေက ခါးသီးတဲ့ရန်သူတွေဆိုတာကို ငါ အကြိမ်ကြိမ်ပြောပြီးပြီ။ သားရဲအုပ်က ဘယ်လောက်အထိ ပြဿနာဖြစ်စေနိုင်လဲဆိုတာကို မင်း မမြင်ခဲ့ဘူးလား။ ပျက်စီးခြင်းမျိုးနွယ်က သူတို့ရဲ့ပန်းတိုင် ပြီးမြောက်ချင်တာနဲ့ သန်းပေါင်းသိန်းချီတဲ့ လူတွေကို မျက်တောင်မခတ်ဘဲ သတ်ပစ်နိုင်တယ် "
" မင်းရဲ့နောက်မှာရှိနေတဲ့ မင်းရဲ့အစ်မမှာ အထူးသွေးမျိုးဆက်တစ်ခု ရှိနေတယ်။ ငါ သူ့ကို သေချာပေါက် အသက်ရှင်ခွင့်ပေးလို့မရဘူး။ ပျက်စီးခြင်းမျိုးနွယ်သာ သူ့ကို ရှာတွေ့သွားရင် သေချာပေါက်ကို ဘေးဆိုးတစ်ခု ဖြစ်လာလိမ့်မယ် "
ရှန်းထူနန်ထျန်းက စကားပြောနေရင်း ယီယွင်နှင့် ကျန်းရှောင်ယုတို့ဆီသို့ လျှောက်သွားနေသည်။
သို့သော် ယီယွင်က အံကျိတ်ထားကာ ကျန်းရှောင်ယု၏ရှေ့တွင် ရပ်နေဆဲပင်။
ရှန်းထူနန်ထျန်း မျက်မှောင်ကုတ်လိုက်၏။ သူ ယီယွင်၏မျက်ဝန်းများကို စက္ကန့်အနည်းငယ်ခန့် စူးစိုက်ကြည့်လိုက်ရာ ယီယွင်က သိမ်ငယ်ခြင်းမရှိဘဲ ပြန်ကာစိုက်ကြည့်နေ၏။
ရှန်းထူနန်ထျန်း၏ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိလေသောကြောင့် မျက်နှာ သုန်မှုန်လာ၏။
" ငါ နောက်ဆုံးတစ်ခေါက် ပြောမယ်။ ငါ့ရှေ့ကနေ ထွက်သွားဖို့ အသက်ရှုသုံးကြိမ် စဥ်းစားချိန်ပေးမယ် "
ယီယွင် အသက်ပြင်းပြင်းရှုကာ... " သခင်လေးနန်ထျန်း... ကျုပ်ရဲ့အစ်မကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ခင်ဗျား သူ့အပေါ်မှာ တားမြစ်ချက်တွေ ကြိုက်သလိုချလို့ရပါတယ် "
အိုး...။
ရှန်းထူနန်ထျန်း၏ အမူအရာ အေးစက်သွားကာ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ရှန်းထူနန်ထျန်း၏ ပုံမှန်ပုံစံက လေပြေပမာပင် သက်တောင့်သက်သာ ခံစားချက်ကို ပေးစွမ်းလေသည်။ ယခုတွင်မူ သူက နတ်ဆိုးမိစ္ဆာတစ်ကောင်အလားပင်။ ယင်းသည် ရှန်းထူနန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် သားရဲရိုင်းတစ်ကောင် နိုးထလာသည့်အလားပင်။
" ဖယ်စမ်း "
ရှန်းထူနန်ထျန်းက လက်ကိုယမ်းလိုက်ရာ ယီယွင်မှာ ကြောက်မက်ဖွယ်ရာ အင်အားတစ်ခု ထောင့်ပေါင်းစုံမှ ဝင်လာသည်ဟု ခံစားလိုက်ရသည်။ ထိုစွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းလှကာ ယီယွင် ခုခံနိုင်ခြင်းမရှိပေ။ ထိုစွမ်းအင်ကြောင့် ယီယွင် လွင့်စဥ်သွားရပြီး ချူတော်ဝင်အိမ်တော်၏ နံရံနှင့် ဝင်ဆောင့်မိလေသည်။
ဘုန်း...။
တစ်ပေခန့်ထူသော နံရံ ပြိုကျသွားလေ၏။ ယီယွင်အား ကျောက်တုံးများနှင့် ဖုန်မှုန့်များ လုံးဝလွှမ်းခြုံသွားလေသည်။
လက်ရှိတွင် ယီယွင်မှာ ကိုယ်တွင်းအင်္ဂါများ ပြောင်းပြန်လှန်သွားရသည်ဟု ခံစားနေရလေ၏။ သူ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
ယီယွင်...။
ရုတ်တရက်ဖြစ်ရပ်ကြောင့် လူတိုင်း မှင်တက်မိသွားရသည်။ သခင်လေးနန်ထျန်း၏ ရုတ်တရက် တိုက်ခိုက်မှုအောက်တွင် အစွမ်းထက်သော ယီယွင်မှာ ကလေးတစ်ဦးပမာ ဖြစ်နေရလေ၏။
ရှန်းထူနန်ထျန်းက အေးစက်စက်ဆိုလိုက်သည်... " ငါ မင်းကို မျက်နှာသာပေးခဲ့ပေမဲ့ မင်းက မလိုချင်ခဲ့ဘူး။ မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ။ ငါက မင်းကို အသိအမှတ်ပြုလို့ ချိုချိုသာသာ ပြောပေးနေတာ။ ငါသာ မင်းကို မုန်းခဲ့မယ်ဆိုရင် မင်းဆိုတာက ငါ့လက်ချက်နဲ့ ပုရွတ်ဆိတ်တစ်ကောင်လို ဖိချေပြီး အသတ်ခံရမှာပဲ "
" ငါက မင်းကို လူသားတစ်ဦးဖြစ်ဖို့ နည်းလမ်းတွေ အကြိမ်ပေါင်းမရေနိုင်အောင် ပြောပြခဲ့ပြီး ပျက်စီးခြင်းမျိုးနွယ်နဲ့ ဝေးဝေးမှာနေဖို့ ပြောခဲ့ပေမဲ့ မင်းက ငါ့ကို အကြိမ်ကြိမ် အာခံနေတယ်။ ငါက မင်းကို အကြိမ်ကြိမ် သည်းခံပေးနေမယ်လို့များ ထင်နေတာလား "
လက်ရှိတွင် ရှန်းထူနန်ထျန်းက သဘာဝ ဘုရင်တစ်ပါး၏ အရှိန်အဝါကို ထုတ်ဖော်ထားလေပြီး အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသည်။
" ငါ မင်းကို နောက်ဆုံးအကြိမ် သတိပေးမယ်။ ပျက်စီးခြင်းမျိုးနွယ်နဲ့ ဝေးဝေးမှာနေ။ မင်း ဝေးဝေးမှာနေရင် ငါတို့လူသားတွေထဲက လူတစ်ဦး ဖြစ်နေလိမ့်မယ်။ မင်း မလုပ်ဘူးဆိုရင်တော့ မင်းကို ငါ့လက်နဲ့ သတ်မယ် " ရှန်းထူနန်ထျန်း၏ နောက်ဆံးစကားက သတ်ဖြတ်လိုစိတ်များ ပြည့်နေသည်။
" ယွင်အာ "
ကျန်းရှောင်ယုက အပျက်အစီးပုံရှေ့သို့ ပြေးသွားကာ ယီယွင်ကို တွဲကူလိုက်သည်။ လက်ရှိအချိန်၌ ယီယွင်၏ပါးစပ်တွင် သွေးများပြည့်နေ၏။ သွေးများက ဖုန်မှုန့်များနှင့် ရောထွးကာ ညိုညစ်ညစ်ဖြစ်နေသည်။
ယီယွင်၏အခြေအနေကို မြင်တွေ့ကာ ကျန်းရှောင်ယု ရင်နာသွားရလေ၏။ သူမ နှုတ်ခမ်းကိုက်လိုက်သည်။ ဤအခြေအနေတွင် သူမက ကူကယ်ရာမဲ့နေလေ၏။
သူမက ရှန်းထူနန်ထျန်းကိုကြည့်ကာ ငိုကြွေးရင်း..." ထပ်ပြီး မတိုက်ခိုက်ပါနဲ့တော့... ကျွန်မ ရှင်နဲ့လိုက်ခဲ့ပါမယ် "
" ဟားဟားဟား "
ရှန်းထူနန်ထျန်း အားပါးတရ ရယ်မောကာ..." အတော်ကို စိတ်ပျက်ဖို့ကောင်းတဲ့ မောင်နှမဆက်ဆံရေးပဲ။ လူသားတစ်ဦးနဲ့ ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦးက အပြန်အလှန် ခံစားချက်တွေရှိနေပြီး တစ်ဦးနဲ့တစ်ဦး အသက်စွန့်ပြီး ကာကွယ်ပေးနေကြတာက တကယ်ကို ရယ်ဖို့ကောင်းတယ် "
" မင်းက ငါနဲ့ထွက်သွားမယ်ဆိုတာနဲ့ပဲ မင်းမှာ ငါနဲ့ ညှိနှိုင်းပိုင်ခွင့်ရှိနေပြီလို့ ထင်နေတာလား။ မင်းရဲ့အသက်က နဂိုကတည်းကကို ငါ့လက်ထဲမှာပဲ။ ဒါပေမဲ့ ဒီနေ့ ငါ မင်းရဲ့မောင်လေးဆိုသူကို မသတ်ချင်ဘူး။ ငါက သူ့ကို သင်ခန်းစာပေးပြီး သူက ဘာမျိုးနွယ်လဲဆိုတာ သတိရအောင်လုပ်ပေးနေတာ။ သူက ဘယ်သူလဲဆိုတာ မေ့ပစ်လိုမရဘူးဆိုတာကို ငါက သူ့ကို သိသွားစေချင်တာ "
ရှန်းထူနန်ထျန်းက ကျန်းရှောင်ယုဆီသို့ လက်လှမ်းဆွဲရင်း..." မင်းတို့ အပြစ်တင်ချင်ရင် မင်းတို့ရဲ့ကံကြမ္မာကိုပဲ အပြစ်တင်လိုက်ကြ "
ရှန်းထူနန်ထျန်းက လက်တွင် ယွမ်ချီအနည်းငယ် ထည့်သွင်းကာ ကျန်းရှောင်ယု၏ဦးခေါင်းအား ဖိလိုက်သည်။ သူက ကျန်းရှောင်ယု၏စိတ်ကို ရိုက်ချိုးလိုသည်။ ထိုသို့ဖြစ်သွားခဲ့လျှင် ကျန်းရှောင်ယုက အသိစိတ်လွတ်သွားမည်ဖြစ်သော်လည်း ခန္ဓာကိုယ်ကမူ အသက်ရှင်နေဦးမည်။ အသက်ရှင်နေသော ခန္ဓာကိုယ်ကို အသုံးပြုကာ ဆေးဖော်စပ်သည်က အကောင်းဆုံးရလဒ်ကို ပေးစွမ်းလေသည်။