အေးချမ်းသောအပြုံး
Vol. 24 Ch. 358
ရှန်းထူနန်ထျန်း၏ လက်က ကျန်းရှောင်ယုအား ဆုပ်ကိုင်ရန်သွားနေသည်ကို ယီယွင် ကူရာမဲ့စွာဖြင့် ကြည့်နေရလေ၏။ ရှန်းထူနန်ထျန်း၏ လှုပ်ရှားမှုများက မြန်ဆန်ခြင်းမရှိသော်လည်း သူ့အဖို့ သေမျိုးတစ်ဦး၏စိတ်ကို ဖျက်ဆီးရန်အတွက် မြန်ဆန်ရန်မလိုအပ်ပေ။
မလုပ်နဲ့...။
ယီယွင် စိတ်ထဲတွင် ဟစ်အော်နေမိသည်။ သူ၏လက်များက အပျက်အစီးပုံထဲတွင် နက်ရှိုင်းစွာ မြုပ်နေလျက်ရှိပြီး မျက်ဝန်းများက သွေးထွက်လုနီးပါး ဖြစ်နေရသည့်တိုင်အောင် သူ့အဖို့ ထိုဖြစ်ရပ်ကို တားဆီးရန်အတွက် စွမ်းအားမဲ့နေရသည်။
လက်ရှိအချိန်၌ ယီယွင်၏ခန္ဓာကိုယ် လုံးဝနာကျင်နေသည်။ သူ၏စွမ်းအင်များက ရှန်းထူနန်ထျန်းကြောင့် ပိတ်ဆို့နေဆဲသာဖြစ်၍ ယွမ်ချီများ သုံးမရသေးပေ။ သူ ယွမ်ချီများ သုံး၍ရလာပြီး ရှန်းထူနန်ထျန်းအား ရင်ဆိုင်မည်ဆိုလျှင်ပင် ယီယွင်၏စွမ်းအားက စာဖွဲ့လောက်စရာ မရှိပေ။ သူသာ ရှန်းထူနန်ထျန်း၏ ဩဇာအာဏာကို ထပ်မံစိန်ခေါ်မိပါက သူ့အဖို့ ကျန်းရှောင်ယုအား ကယ်နိုင်မည်မဟုတ်တော့သည်သာမက သူသည်လည်း ကျန်းရှောင်ယုနှင့်အတူ သေဆုံးရခြင်းဖြင့် အဆုံးသတ်ရပေလိမ့်မည်။
လက်ရှိတွင် သူက အလွန်တရာပင် သေးနုပ်လှသည်ဟု ယီယွင် နက်နဲစွာ ခံစားမိနေလေ၏။
သူ၏ သေးနုပ်မှုကြောင့် အခြားသူများက နည်းလမ်းပေါင်းစုံနှင့် ဖိနှိမ်သည်ကို ခံနေရ၏။
သူ၏ သေးနုပ်မှုကြောင့် သူ ကာကွယ်ပေးလိုသူများကို ကာကွယ်နိုင်ခြင်းမရှိချေ။
စွမ်းအား...။ သူ စွမ်းအားလိုအပ်တယ်။ သူ ကြီးထွားဖို့အတွက် အချိန်လိုအပ်ပေမဲ့ အခုက နောက်ကျလွန်းသွားပြီ။
အချိန်များက အေးခဲနေဟန်ရှိပြီး ရှန်းထူနန်ထျန်း၏လက်က ကျန်းရှောင်ယု၏ ဦးခေါင်းဆီသို့ အတားအဆီးမဲ့ ကျဆင်းသွားနေလျက်ရှိသည်။ ယင်းက ယီယွင်၏နှလုံးသားကို ခွဲချေနေသည့်အလားပင်။
ကျန်းရှောင်ယု မျက်စိမှိတ်ထားလေ၏။ သူမက ချဥ်းကပ်လာနေသော ကံကြမ္မာကို လက်ခံထားသည်။ နောက်ဆုံးအခိုက်အတန့်တွင် သူမက ယီယွင် အဆင်ပြေနေရန်ကိုသာ ဆုတောင်းပေးမိနေလေ၏။ သူမ သေသွားပြီးလျှင် ရှန်းထူနန်ထျန်းက ယီယွင်ကို အန္တရာယ်ပေးမည် မဟုတ်လောက်ပေ။
ကျန်းရှောင်ယုက သူမ၏ကံကြမ္မာကို လက်ခံလိုက်ချိန်တွင် ထူးဆန်းသောအရာ ဖြစ်ပျက်လာသည်။ အရာအားလုံးကို လူသတ်လိုစိတ်တစ်ခု လွှမ်းခြုံသွားလေ၏။
ဟမ်...။
ရှန်းထူနန်ထျန်း ရုတ်တရက်ပင် နောက်သို့လှည့်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်..." ဘယ်သူလဲ "
ဖောင်း...။
ကျယ်လောင်သော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ ရှန်းထူနန်ထျန်း၏ ခန္ဓာကိုယ် တုန်ယင်သွားကာ ဆုတ်ခွာသွားလေ၏။ ပိန်ပါးသော မီးခိုးရောင်ပုံရိပ်တစ်ခုက သူ့အား တိုက်ခိုက်ခဲ့ချေသည်။
ရှန်းထူနန်ထျန်း နောက်သို့ဆုတ်သွားရချိန်တွင် ဓားမောက်တစ်ချောင်းက လည်ပင်းအား ခုတ်ပိုင်းလာ၏။
" ဦးလေးကျိုး.... ခင်ဗျား "
ချူဘုရင် မှင်တက်မိနေသည်။ သူ၏အိမ်တော်ထိန်းက ရှန်းထူနန်ထျန်းကို အမှန်တကယ်ပင် တိုက်ခိုက်ခဲ့ချေ၏။
ယခင်က ဆန်းကြယ်နယ်မြေတစ်ခုထဲတွင် ဦးလေးကျိုးက ချူဘုရင်၏အသက်ကို ကယ်တင်ဖူးလေသည်။ ဦးလေးကျိုး၏ စွမ်းပကားနှင့် တည်ငြိမ်သောစရိုက်တို့ကြောင့် ချူဘုရင်က ဦးလေးကျိုးကို ကြီးစွာပင် ယုံကြည်ခဲ့သည်။
အမည်ခံအားဖြင့် ဦးလေးကျိုးက ချူဘုရင်၏ အစောင့်နှင့် အိမ်တော်ထိန်း ဖြစ်သော်ငြားလည်း စင်စစ်တွင်မူ ချူဘုရင်၏ မိတ်ဆွေကောင်းတစ်ဦးသာ ဖြစ်လေ၏။ အများသောအားဖြင့် သူတို့က ညီအစ်ကိုပမာ သုံးနှုန်းပြောဆိုကြလေသည်။
အရေးအကြောင်းအခြေအနေတွင် ဦးလေးကျိုးက ရှန်းထူနန်ထျန်းကို ချောင်းမြောင်းတိုက်ခိုက်ခဲ့လိမ့်မည်ဟု ချူဘုရင် ထင်မထားခဲ့ချေ။
" သေချင်နေတာပဲ "
ရှန်းထူနန်ထျန်း အော်လိုက်လေပြီး လက်ထဲတွင် ဓားတစ်လက် ပေါ်ထွက်လာကာ ဦးလေးကျိုး၏ ဓားမောက်ကို ခုခံလိုက်လေ၏။ သူသာ အနည်းငယ်ခန့် ထိန်းထားနိုင်ပါက ရှန်းထူမိသားစု၏ ကျွမ်းကျင်သူများ ရောက်ရှိလာကာ ထိုသူအား သတ်ပစ်လိမ့်မည်ကို သူ သိသည်။
" ကျုပ် ခံစားမိနေတဲ့ ပျက်စီးခြင်းမျိုးနွယ်ဝင်က ခင်ဗျားပဲကိုး " ရှန်းထူနန်ထျန်း ပြုံးကာ ဦးလေးကျိုး၏ သရုပ်မှန်ကို ဖွင့်ချလိုက်လေသည်။
ဦးလေးကျိုးက ပျက်စီးခြင်းမျိုးနွယ် သူလျှို ဖြစ်လေ၏။
ကျန်းရှောင်ယုက အလွန်အားနည်းလေသည်။ သူမ၏သွေးမျိုးဆက်က စင်ကြယ်သည့်တိုင်အောင် ရှန်းထူနန်ထျန်းအဖို့ သူမ၏တည်ရှိမှုကို ခံစားမိရန်မှာ မဖြစ်နိုင်ပေ။ သူ ခံစားမိနေသည်မှာ အားကောင်းသော ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး ဖြစ်လေသည်။
ထိုပျက်စီးခြင်းမျိုးနွယ်ဝင်က ပုန်းအောင်းရာတွင် တော်လွန်းလှပြီး ပျက်စီးခြင်းကြေးမုံကျောက်တုံးနှင့် ရှာဖွေနိုင်ခြင်းမရှိပေ။
ထန်း...။
ဓားနှင့်ဓားမောက် ဆုံတွေ့မိသွားပြီး ရှန်းထူနန်ထျန်းက ကျယ်လောင်စွာရယ်ကာ..." အဆင့်မြင့်တဲ့ ပျက်စီးခြင်းမျိုးနွယ်ဝင် နောက်တစ်ဦးပဲ။ သိပ်ကောင်းတယ်... ဒီနေ့တော့ ငါ ကြီးကြီးမားမား ရိတ်သိမ်းနိုင်တော့မယ်။ နေရစ်ခဲ့ပြီး ဆေးမီးဖိုထဲသာ ဝင်လိုက်ကြတော့ "
ရှန်းထူနန်ထျန်း၏ အသံက အေးစက်နေသည်။ သူ၏လည်ပင်းအား စမ်းကြည့်လိုက်ချိန်တွင် ပြတ်ရှရာတစ်ခု ပေါ်လာသည်။ ပြတ်ရှရာက လည်ပင်းသွေးလွှတ်ကြောမှ ညှပ်ရိုးအထိ ရှည်လျားလေသည်။
လည်ပင်းသွေးလွှတ်ကြော ပွင့်ထွက်သွားကာ သွေးများ ပန်းထွက်လာ၏။
ရှန်းထူနန်ထျန်း မူးဝေသွားရပြီး အေးခဲသွားရ၏။ သူက သူလျှို၏ ဓားချက်ကို အရှင်းသားပင် ခုခံနိုင်သည်။ အဘယ်သို့ဖြစ်၍ သူ ပြင်းထန်စွာ ဒဏ်ရာရသွားလေသနည်း။ မမြင်ရသော ဓားမောက်ဓားသွားက သူ့အား ခုတ်ပိုင်းသွားကာ ဒဏ်ရာရစေခဲ့ချေသည်။
သူ လှည့်ကြည့်လိုက်သည့်အခိုက်တွင် ဖန်ခွက်ကွဲသံတစ်ခု ကြားလိုက်ရသည်ကို သတိရသွားလေ၏။ ထို့နောက်တွင် ရှန်းထူနန်ထျန်းက အဖြစ်အပျက်များကို နားလည်သွားလေ၏။
နေရာလပ်ရှုထောင့်ဓားသွား။
နေရာလပ်ရှုထောင့်ဥပဒေသ။
ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦးက နေရာလပ်ရှုထောင့်ဥပဒေသကို အမှန်တကယ်ပင် ကျင့်ကြံနိုင်ထားကာ မမြင်ရသော နေရာလပ်ရှုထောင့်ဓားသွား အသုံးပြုပြီး သူ့အား ဒဏ်ရာရစေခဲ့ချေသည်။
လျှို့ဝှက်ဆန်းကြယ်ကာ အဆင့်အတန်းမြင့်မားသော နေရာလပ်ရှုထောင့်ဥပဒေသ ဆိုသည်မှာ လူအများ မနာလိုဖြစ်ရသည့် နယ်ပယ်တစ်ခု ဖြစ်လေသည်။ နေရာလပ်ရှုထောင့်ဥပဒေသက အလွန်အစွမ်းထက်ပြီး တိုက်ခိုက်မှုပုံစံကလည်း အလွန်နားလည်ရခက်သည်။ နေရာလပ်ရှုထောင့်ဥပဒေသကို လူပေါင်းများစွာက လေ့ကျင့်လိုကြသော်လည်း မည်သူတစ်ဦးကမျှ ထိတွေ့မိနိုင်ခြင်းမရှိပေ။
" ရှန်းထူနန်ထျန်း... ဒီနေ့ ငါ မင်းနဲ့အတူ သေမယ် "
ဦးလေးကျိုးက ရှန်းထူနန်ထျန်းကို ရန်ငြိုးကြီးတစ်ခု ရှိနေသည့်ပမာပင် မုန်းတီးနေသည်။ သူ၏ဓားမောက် လျင်မြန်စွာ လှည့်သွားကာ ရှန်းထူနန်ထျန်း၏ နှလုံးကို ခုတ်ချသည်။
လက်ရှိတွင် ရှန်းထူနန်ထျန်း၏ သွေးပြန်ကြောမှ သွေးများပန်းထွက်နေပြီး လည်ပင်းတစ်ဝက်ခန့် ခုတ်ပိုင်းခံထားရသည်။ သာမန်စစ်သည်တစ်ဦးဆိုပါက သေနေသည်မှာ ကြာလောက်ချေပြီ။ သို့တိုင်အောင်ပင် ရှန်းထူနန်ထျန်း၏ တိုက်ခိုက်ရေးစွမ်းရည်များ တစ်ဝက်နီးပါး ကျဆင်းသွားရလေ၏။ သူ့အဖို့ နေရာလပ်ရှုထောင့်ဥပဒေသ ပါဝင်နေသည့် ထူးဆန်သော တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိတော့ပေ။
စက္ကန့်ဝက်အတွင်းမှာပင် ရှန်းထူနန်ထျန်း၏ရင်ဘက်တွင် နတ်အလင်းတစ်ခု တောက်ပသွားပြီး အကာအကွယ်တံဆိပ်ပြားတစ်ခုက ဦးလေးကျိုး၏ ဓားသွားဆီသို့ ပြေးဝင်သွားလေ၏။
ထန်း...။
ဓားသွားအလင်း ကွဲကြေသွားကာ အကာအကွယ်တံဆိပ်ပြားတွက် အက်ကြောင်းများ ပေါ်လာလေ၏။ သို့သော် ရှန်းထူနန်ထျန်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့သည်။
ရှန်းထူနန်ထျန်း၏ မျက်ဝန်းများ အေးစက်သွားကာ... " မင်းက ငါ့ကို သတ်ချင်နေတာလား။ မင်းက အတော်ကို တုံးအတာပဲ။ မင်းမှာ အချိန်မရှိတော့ဘူး "
ရှန်းထူနန်ထျန်း စကားဆုံးသည်နှင့် ဘေးပတ်လည်မှ ယွမ်ချီခုနစ်ခု ထွက်ပေါ်လာသည်။
" ငါတို့မိသားစုရဲ့ သခင်လေးကို ဘယ်သူက လုပ်ကြံဝံ့နေတာလဲ "
" အသက်ကို ဖက်နဲ့ထုပ်ထား "
အကြီးအကဲခုနှစ်ဦး အရပ်မျက်နှာပေါင်းစုံမှ ရောက်လာကြသည်။ သူတို့အားလုံးက ရှန်းထူမိသားစု၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်များဖြစ်ပြီး တစ်ဦးချင်းစီတိုင်းက အလွန်အစွမ်းထက်ကြသည်။
လူခုနစ်ယောက်၏ အမြန်နှုန်းက လျှပ်ပြက်သည့်ပမာ မြန်ဆန်လှပြီး ဦးလေးကျိုးဆီသို့ ပြေးဝင်သွားကြသည်။
ထိုသူများထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သော ယွမ်ချီများ ၊ ရှန်းထူနန်ထျန်း၏ ဘေးပတ်လည်မှ ထူထဲလှသော အကာအကွယ်ဒိုင်းကာကို ကြည့်နေရင်းဖြင့် ဦးလေးကျိုးမှာ ခါးသီးခြင်းနှင့် မလိုလားခြင်းများ ဖြစ်လာရသည်။ သူ ရှန်းထူနန်ထျန်းကို မသတ်နိုင်တော့ပေ။
" မိုးကောင်းကင်မှာ အမြင်ရှိတယ်... မင်းရဲ့သွေးနဲ့ ပြန်ပေးဆပ်ရမယ် " ဦးလေးကျိုး အံကျိတ်ကာ ဆုတ်ခွာသွားပြီး ကျန်းရှောင်ယု၏နံဘေးတွင်ရပ်ကာ ပခုံးကို ကိုင်လိုက်လေ၏။
ရှန်းထူနန်ထျန်း စိတ်များမွန်းကျပ်သွားရ၏။ ပျက်စီးခြင်းမျိုးနွယ်ဝင်က ထွက်ပြေးတော့မည်ကို သူ သိသည်။
" ပြေးလမ်းတွေအားလုံး ပိတ်ဆို့ထား။ ဒီအဖိုးကြီးနဲ့ စုန်းမလေးကို ထွက်မပြေးစေနဲ့ " ရှန်းထူနန်ထျန်းက သွေးထွက်နေသည့် လည်ပင်းကို အုပ်ထားရင်းဖြင့် အော်လိုက်သည်။
ပုံရိပ်ခုနစ်ခုက ပြေးဝင်လာနေရင်း အစီရင်တစ်ခု ဖွဲ့စည်းထားပြီး ဖြစ်လေသည်။ သူတို့က လမ်းကြောင်းအားလုံးကို ပိတ်ဆိုထားကာ ဦးလေးကျိုး ထွက်မပြေးနိုင်အောင် လုပ်ထားလေ၏။
သို့သော် ယခုအခါ၌ ဦးလေးကျိုး၏ အမူအရာက စိတ်ပိုင်းဖြတ်ထားပြီးဟန် ပြသနေသည်။ ရုတ်တရက်ပင် သူ၏ရင်ဘက်အား လက်သီးနှင့် ထိုးချလိုက်လေ၏။
ဝေါ့...။
ဦးလေးကျိုး ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး သွေးများက ကျန်းရှောင်ယု၏ အဝတ်များကို ပေကျံသွားလေသည်။ ငွေရောင်သွေးများက နေရောင်အောက်တွင် ရတနာတစ်ခုပမာ တောက်ပနေလေ၏။
ကျန်းရှောင်ယု လုံးဝမှင်တက်မိနေသည်။ ရုတ်တရက် အဖြစ်အပျက်များကို သူမ တုန့်ပြန်နိုင်ခြင်းမရှိပေ။
ထိုစဥ် ဦးလေးကျိုးက ကျန်းရှောင်ယု၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အသာပြုံးပြလိုက်၏။ တောက်ပသော နေရောင်အောက်တွင် သူ၏ အရေးအကြောင်းများ ပြည့်နေသည့် မျက်နှာနှင့် အပြုံးတို့က ထာဝရအေးခဲနေဟန် ရှိနေလေ၏။
" ဆက်ခံသူ... ဒီအစေခံအိုကြီးက အခု ဆက်ခံသူကို အိမ်ပြန်ပို့ပေးပါ့မယ် "
ဦးလေးကျိုး၏ စကားလုံးများက ကျန်းရှောင်ယု၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။.ထိုစကားလုံးများက သူမ၏စိတ်ထဲတွင် ထာဝရစွဲထင်နေတော့မည့်ပုံပင်။
ထို့နောက်တွင်မူ သူမ၏ရင်ဘက်ရှိ ဦးလေးကျိုး၏ သွေးများက လောင်ကျွမ်းလာသည့်ပမာ နွေးထွေးလာသည်ကို ခံစားလိုက်ရ၏။ ငွေရောင်သွေးများက မီးမြစ်တစ်စင်းနှင့် ဆင်တူလှပြီး သူမ၏ရင်ဘက်တွင် နာကျင်မှုကို ခံစားရသည်။
လက်ရှိအချိန်တွင် ကျန်းရှောင်ယုသည် ဦးလေးကျိုးကို ကြည့်နေရင်းဖြင့် ဖော်မစွမ်းနိုင်သော နာကျင်မှုကို ခံစားနေရသည်။ ထိုခံစားချက်က မည်သည့်နေရာမှ ထွက်လာသည်မှန်းမသိရသော်လည်း သူမအတွက် အသက်ရှုရန်ပင် ခက်ခဲနေရသည်။
ကျန်းရှောင်ယုအား သက်တံ့အလင်းတစ်ခု လွှမ်းခြုံသွားလေ၏။
" ဟင်းလင်းပြင် တည်နေရာကူးပြောင်းခြင်း။ အဲ့ဒီတိရိစ္ဆာန်ကြီးက နေရာလပ်ရှုထောင့်ဥပဒေသကို သိတယ်။ သူ့ရဲ့ သွေးအဆီအနှစ်တွေကို လောင်ကျွမ်းစေပြီးတော့ အဲ့ဒီစုန်းမလေးကို ဟင်းလင်းပြင် တည်နေရာကူးပြောင်းပေးတော့မယ် "
ရှန်းထူနန်ထျန်းက ဦးလေးကျိုး လုပ်နေသည့်အရာကို နားလည်သွားကာ ဒေါသထွက်သွားလေ၏။ ကျန်းရှောင်ယုကို သွားခွင့်ပေး၍မရပေ။
ရှန်းထူနန်ထျန်းက ကျန်းရှောင်ယုကို ဖမ်းဆုပ်ရန်အတွက် ရွှေရောင်လက်ကြီးတစ်ဖက် ဖန်တီးလိုက်သည်။
" စုန်းမလေး...မင်း နေရစ်ခဲ့စမ်း "
ဘုန်း...။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ လက်ကြီးက ကျန်းရှောင်ယုကို လွှမ်းခြုံထားသည့် ဥပဒေသမှဖြစ်ပေါ်လာသော အလင်းများကို ဖမ်းဆုပ်လိုက်လေသည်။ အလင်းအကာအကွယ် တုန်ခါသွားကာ နေရာလပ်ရှုထောင့်ထဲတွက် ဂယက်ငယ်များ ဖြစ်ပေါ်လာရ၏။
တုန်ခါမှုကြောင့် ရှန်းထူနန်ထျန်း၏လက် နာကျင်လာရသော်လည်း အလင်းအကာအကွယ်အတွင်းမှ ကျန်းရှောင်ယုကမူ ဘေးကင်းလုံခြုံနေဆဲပင်။
နေရာလပ်ရှုထောင့်ဥပဒေသကို အသက်သွင်းထားပြီး ဖြစ်လေ၏။ သူတို့က ကျန်းရှောင်ယုကို မြင်နေရသေးသော်လည်း လက်ရှိအချိန်၌ ကျန်းရှောင်ယုက လုံးဝမတူညီသော အချိန်ဟင်းလင်းပြင်ရှုထောင့်ထဲသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
" နောက်ကျသွားပြီး "
ရှန်းထူနန်ထျန်း စိုးရိမ်ထူပူလာကာ..." ဒီအစီရင်ကို အောင်မြင်ခွင့်ပေးလို့မရဘူး။ အဲ့ဒီတိရိစ္ဆာန်အိုကြီးကို သတ်ပြီး အစီရင်ကို တားဆီးကြစမ်း။ ဟင်းလင်းပြင်ရှုထောင့်လိုဏ်ခေါင်းကို ဆွဲဖွင့်ပြီး အဲ့ဒီစုန်းမလေးကို ဆွဲထုတ်ကြစမ်း "
ရှန်းထူနန်ထျန်းက ရူးနေသည့်ပမာ ဟစ်အော်လိုက်သည်။
ရှန်းထူမိသားစုမှ ဒဏ္ဍာရီလာပုဂ္ဂိုလ်များက ထောင့်ပေါင်းစုံမှ တိုက်ခိုက်လာသည်။ ဓားလေးချောင်း ၊ ဓားမောက်နှစ်ချောင်း ၊ လှံတစ်ချောင်းတို့က ဦးလေးကျိုးကို ပြိုင်တူထိုးစိုက်လာ၏။
လက်နက်များ၏အလင်းများက တောက်ပနေသော်လည်း ဦးလေးကျိုးကမူ တစ်ချက်ပင် မကြည့်ပေ။ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် ပျက်စီးခြင်းစွမ်းအင်များ ထုတ်ဖော်ခြင်းပင် မပြုချေ။
သူ လျှာကိုကိုက်ကာ အစီရင်ထဲသို့ သွေးအဆီအနှစ်တစ်လုတ် ထပ်မံထွေးထုတ်လိုက်လေ၏။
ရွှတ်...ရွှတ်...ရွှတ်...။
လက်နက်ခုနစ်ခုက ဦးလေးကျိုး၏ ခန္ဓာကိုယ်ကို ပြိုင်တူထိုးဖောက်သွားလေသည်။
ငွေရောင်သွေးများ ပြန့်ကျဲသွားလေ၏။ ဦးလေးကျိုး၏ခန္ဓာကိုယ် ရုတ်တရက်ပင် တုန်ခါသွားရ၏။ သူ၏ကိုယ်တွင်းအင်္ဂါများ ထိုးဖောက်ခံရကာ ပါးစပ်တွင် သွေးများပြည့်သွားသည်။
သူ၏လက်များ အနည်းငယ် တုန်ယင်နေလျက်ရှိပြီး ကျန်းရှောင်ယုကို ဝန်းရံထားသော အလင်းအကာအကွယ်အား ဖိလိုက်သည်။ နောက်ဆုံးလက်ကျန် ခွန်အားနှင့် သွေးကို အသုံးပြုကာ စားလုံးရေးထွင်းလိုက်လေ၏။
သူက ကျန်းရှောင်ယုကို မမှိတ်မသုန်ကြည့်နေလျက်ရှိပြီး ပြောစရာများစွာ ရှိနေသော်လည်း စကားမဆိုနိုင်တော့ပေ။
ကျန်းရှောင်ယု အသက်ရှုမဝ ဖြစ်နေရသည်။ သူမသည် ရိုးရှင်းသောဘဝတွင်သာ နေထိုင်ခဲ့ရပြီး ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမျှပင် မမြင်ဖူးပေ။
သူမအတွက် အသက်ပေးသွားသည့် အကြီးအကဲက မည်သူဖြစ်ကြောင်းကိုပင် မသိရပေ။ သူမတို့၏ ပတ်သတ်မှုကိုလည်း သူမ မသိပေ။ သူမက ကလေးဘဝမှတ်ဥာဏ်များစွာကို ဆုံးရှုံးထားရသည်။ သူမ အတင်းအကျပ် ပြန်တွေးကြည့်သော်လည်း မည်သည့်အရာမျှ မမှတ်မိပေ။
သူမက အလင်းအကာအကွယ်ကိူ ဖြတ်ကျော်ကာ အကြီးအကဲ၏မျက်နှာကို ထိချင်မိသော်လည်း လုပ်၍မရချေ။
ဘုန်း...။
အကြီးအကဲ၏ ဦးခေါင်းအား စစ်ပုဆိန်တစ်လက်က ခုတ်ပိုင်းသွားလေ၏။ အကြီးအကဲ၏ဦးခေါင်း ပွင့်ထွက်သွားကာ နဖူးထက်မှ သွေးများကျဆင်းလာသည်။
သူ၏ အံ့မခန်းစိတ်ဆန္ဒနှင့်အတူ နောက်ဆုံးထွက်သက်တွင် ရေးထိုးထားသည့် အရာအားလုံးကို လောင်ကျွမ်းပစ်ခဲ့သည်။ အလင်းများက ပိုမိုသိပ်သည်းလာကာ မီးများတောက်လောင်နေသကဲ့သို့ဖြစ်လာလေ၏။
အလင်းထဲတွင် ကျန်းရှောင်ယုက အကြီးအကဲ၏ နောက်ဆုံးအမူအရာကို မြင်နေရသည်။ ယင်းက အေးချမ်းသောအပြုံးတစ်ခု ဖြစ်လေ၏။
ဟင်းလင်းပြင်များ တွန့်လိမ်နေလေသောကြောင့် မည်သို့ဆက်ဖြစ်လာမည်ကို ကျန်းရှောင်ယု သဘောပေါက်လာသည်။ မကြာမီတွင် သူမ အဝေးဆီသို့ တည်နေရာကူးပြောင်းပေးခံရတော့မည်။
" ယွင်အာ... ယွင်အာ "
အကြီးအကဲ၏ သေဆုံးမှုကြောင့် ဝမ်းနည်းစိတ်ကို လျစ်လျူရှူထားပြီး လက်ရှိတွင် ကျန်းရှောင်ယု အစိုးရိမ်ရဆုံးမှာ ယီယွင် ဖြစ်လေ၏။ အကြီးအကဲက အသက်ကိုစတေးပြီး သူမကို အဝေးသို့ပို့ပေးခဲ့သည်မှာ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ ယီယွင်ကမူ မည်သို့ဖြစ်လိမ့်မည်နည်း။
ဒေါသထွက်နေသည့် ရှန်းထူနန်ထျန်းက ယီယွင်၏အသက်ကို ချမ်းသာပေးပါမည်လော။
" ယွင်အာ..."
ကျန်းရှောင်ယု ကျယ်လောင်စွာ အော်လိုက်သည်။ သို့သော် အလင်းအကာအကွယ်က သူမ၏အသံကို လုံးဝပင် သီးခြားခွဲထုတ်ထားလေသည်။
ဟင်းလင်းပြင် တွန့်လိမ်မှုကြောင့် သူမ သတိလစ်လုနီးပါး ဖြစ်လာရသည်ဟု ခံစားလိုက်ရသည်။ ထိုအခိုက်တွင် သူမ အဆုံးမရှိသော အချိန်ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့လေ၏။