ငါ့ကို သတ်ပါ
Vol. 31 Ch. 457
ကောင်းမင်သည် သူ့ကိုယ်သူ ကြည့်၍ သူ့နှလုံးသားကို ဆန်းစစ်လိုက်သည်။ သူသည် အနာဂတ်မှ ထိုးဖောက်ဝင်လာသော ဓားကို မြင်လိုက်ရ၏။
“ငါ့ရဲ့လူသတ်သမားက ကောင်းမင်ပေါ့”
ကောင်းမင်သည် သူ၏လူသတ်သမားကို မမြင်ခဲ့ရသော်လည်း သူ၏ သေဆုံးမှတ်ဉာဏ်များစွာကို နိဂုံးချုပ်လိုက်သောအခါ ခန့်မှန်းချက်အချို့တော့ ရှိခဲ့သည်။ အစီအစဉ်ချောမွေ့စွာ အကောင်အထည်ဖော်ရန် သူသည် ဖန်လီအား အတိတ်နှင့်အနာဂတ်၏ မရဏဘုံ၌ ကောင်းယန်ကို ရှာဖွေရန် မစ်ရှင်တစ်ခု ပေးခဲ့သည်။
သူ့စိတ်ထဲမှ မရေရာမှုများကို အတည်ပြုရန် ကောင်းမင်သည် မရဏဘုံမှ ထွက်ခွာလာပြီးနောက် ဟန်ဟိုင်းကို ပြန်မသွားမီ အနာဂတ်နတ်ဘုရား၏စွမ်းအားကို အသုံးပြု၍ ကောင်းယန်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို သူ့စိတ်ထဲမှ ဖယ်ရှားပစ်ခဲ့သည်။ ထို့ကြောင့် သူသည် ဘတ်စ်ကားပေါ်မှ ကလေးငယ်သည် ကောင်းယန်ဖြစ်သည်ကိုပင် မသိခဲ့ပေ။ ကံကြမ္မာကို လှည့်စားရန်အလို့ငှာ ကောင်းမင်သည် သူကိုယ်သူ အရင်လှည့်စားဖို့ လိုအပ်ခဲ့သည်။
လက်တွေ့ဘဝက သူ မှန်ကန်ကြောင်း သက်သေပြခဲ့၏။
သားစားကြူးနတ်ဘုရားနှင့် ရုပ်တုအပိုင်းအစနှင့် လူသေဓာတ်ပုံများ၏ မီးတောက်များက လူသတ်သမားကို မတားဆီးနိုင်ခဲ့ပေ။ တစ်ဖက်လူက ကောင်းမင်၏ အစိတ်အပိုင်းတိုင်းကို သိနေခဲ့၏... ကောင်းယန်နှင့် ပတ်သက်သည့်အပိုင်းမှ လွဲ၍ ဖြစ်သည်။
နောက်ပြန်ရစ်သွားသည့် တစ်စက္ကန့်သည် ကံကြမ္မာဇာတ်ညွှန်း၏အပြင်ဘက်မှ တစ်စက္ကန့်ဖြစ်သည်။ မတည်ရှိသင့်သော ဤတစ်စက္ကန့်ကြောင့် ကောင်းမင်သည် သူ၏လူသတ်သမား၊ သူ့ကိုယ်သူကို မြင်လိုက်ရတော့သည်။
အပေါ်သို့ တက်နေသော ရေစက်က ရပ်တန့်သွား၏။ ဥမင်လှိုဏ်ခေါင်းမှာ စတင်တုန်ခါလာတော့သည်။ ကမ္ဘာနှစ်ခု တိုက်မိသွားခဲ့သည်။
လူသတ်သမား၏ မျက်နှာသည် စတင်ကွဲအက်လာပြီး ကွာကျလာ၏။ ဤကမ္ဘာကြီး၌ အသက်ရှင်နေသော ကောင်းမင်တစ်ယောက်တည်းသာ တည်ရှိနိုင်ပုံရသည်။ ဥမင်လှိုဏ်ခေါင်းထဲ ပုန်းအောင်းနေသော လူသတ်သမားကို ကောင်းမင် မြင်လိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်မှာ စတင်ပြိုကွဲလာတော့သည်။
အတိတ်တွင်သာ ရှင်သန်နိုင်သည့် ထိုလူသတ်သမား၏မျက်နှာတွင် ဒေါသ သို့မဟုတ် နာကျင်မှုများ မရှိခဲ့ပေ။ သူ၏ ဝေဒနာကင်းသော တည်ငြိမ်မှုထဲတွင် လွတ်မြောက်ခြင်းအတွက် သတိမထားမိလောက်သည့် ပျော်ရွှင်မှုတစ်ခု ပါဝင်နေလေသည်။
ကောင်းမင် ဥမင်လှိုဏ်ခေါင်းထဲ နောက်ဆုံးဝင်ခဲ့စဉ်က သူသေဆုံးခါနီး နောက်ဆုံးအခိုက်အတန့်၌ သူလှည့်ကြည့်လိုက်ရာ မုန်တိုင်းမိနေသော ဘတ်စ်ကားတစ်စီးထဲတွင် သူနောက်တစ်ယောက်ကို မြင်ခဲ့ရသည်။
ဒီတစ်ကြိမ်တွင်တော့ သူလှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာအတိုင်းရှိသည့် လူသတ်သမားကို မြင်လိုက်ရသည်။ သူ၏လူသတ်သမားသည် သူ၏မျက်စိရှေ့၌ပင် ပျော်ဝင်သွားခဲ့သည်။ ၎င်းသည် တားမြစ်ချက်တစ်ခု ကွဲကြေသွားသကဲ့သို့ ဖြစ်သည်။ တစ်ယောက်က အမှောင်ထဲတွင် ကွဲကြေသွားပြီး နောက်တစ်ယောက်က မီးတောက်မီးလျှံထဲ၌ လက်သီးကို ဆုပ်ထားခဲ့သည်။
ပြင်းထန်သော ဟွန်းသံများ သို့မဟုတ် ရှေ့မီးမှထွက်လာသော မျက်စိကျိန်းစရာ အလင်းရောင်များ ရှိမနေခဲ့ပေ။ ကောင်းမင်သည် လူသတ်သမား၏ နောက်ဆုံးတီးတိုးပြောသံကို ကြားလိုက်ရသည်။
“ကံကြမ္မာဆိုတာ အရာအားလုံးကို ဆုံးဖြတ်ပြီးသားဖြစ်တယ် ၊ အရာအားလုံးဟာ သူ့နေရာနှင့်သူ ရှိနေကြတယ် ၊ ဒါပေမယ့်လည်း အခုတော့ အရာအားလုံး ထိန်းချုပ်မှုအပြင်ဘက် ရောက်သွားခဲ့ပြီ ၊ မင်းမှာ ကံကြမ္မာရဲ့ထိန်းချုပ်မှုက လွတ်မြောက်ဖို့ အခွင့်အရေးရှိနိုင်ပါတယ်”
ထူးဆန်းသော ကြက်သီးထဖွယ်ဖိအားများ လျော့ပါးသွားသည်။ လူသတ်သမားက နောက်ဆုံးစကားတစ်ခွန်း ပြောလိုက်သည်။
“ငါတို့ရဲ့နာမည်တွေက ကောင်းမင်မဟုတ်တာကို ငါသိတယ် ၊ ဒီတစ်ကြိမ်တော့ မင်းလုပ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်”
လူသတ်သမားသည် မူလကတည်းက ထိုနေရာတွင် မရှိခဲ့သကဲ့သို့ အတိတ်ထဲ ပျောက်ကွယ်သွားတော့သည်။ ကောင်းမင်သည် သူ၏လူသတ်သမား ရပ်နေခဲ့သည့် နေရာကို စိုက်ကြည့်နေခဲ့သည်။
သူ မှတ်မိသည်မှာ နောက်ဆုံးအကြိမ် သူအသတ်ခံရစဉ်က လူသတ်သမားသည် ကံကြမ္မာကို ကူညီပြီး သူ့အား မစ်ရှင်တစ်ခု ပေးခဲ့၏၊ ထို့ပြင် သူသည် အရေးကြီးသည့် စကားတစ်ခွန်းကိုလည်း ပြောခဲ့သည်။
“ဒီအချိန်ကစပြီး မင်းရဲ့နာမည်က ကောင်းမင်ပဲ”
ကောင်းမင်သည် သူ့ကိုသတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီးနောက် ထိုလူသတ်သမားက တခြားစကားတစ်ခွန်း ပြောခဲ့သည်။
“တကယ်တော့ ငါတို့နာမည်တွေက ကောင်းမင်မဟုတ်ဘူး”
“စကားနှစ်ခွန်းက အကြီးအကျယ် ကွဲပြားတယ် ၊ ငါ့ရဲ့ ဥမင်လှိုဏ်ခေါင်းထဲက လူသတ်သမားဟာ ငါ့အလောင်းတွေကို စုဆောင်းဖို့ ငါ့ကို အကြိမ်ကြိမ်အခါခါ သတ်ဖြတ်ခဲ့တယ် ၊ သူက ကံကြမ္မာရဲ့လက်ပါးစေလို ပေါ်လာပေမယ့် ငါ့ကို ပြန်စတင်ဖို့ ဘယ်တုန်းကမှ မတားဆီးခဲ့ဘူးသလို ဥမင်လှိုဏ်ခေါင်းထဲမှာလည်း မပိတ်မိစေခဲ့ဘူး ၊ သူက ငါ့ကို အမှန်တရားကိုသိလာအောင် တားခဲ့တာပဲ”
တစ်ခါတစ်ရံတွင် အလွန်အကျွံသိနေခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။ လူသတ်သမားသည် ဂိတ်စောင့်တစ်ယောက်နှင့် ပိုတူ၏။ သူသည် အရည်အချင်းမပြည့်မီသော ကောင်းမင်များကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤနည်းလမ်းဖြင့် ကောင်းမင်သည် သေခြင်းတရားဖြင့် ပိုးအိမ်ထဲမှဖောက်ထွက်၍ နောက်ဆုံး၌ လူသတ်သမားနှင့် ရင်ဆိုင်ရန် လုံလောက်သော စွမ်းအားကို ရရှိနိုင်ခဲ့သည်။
ကောင်းမင်၏စိတ်ထဲတွင် အဓိပ္ပါယ်မရှိသော အတွေးတစ်ခု ပေါ်လာ၏။
‘သူက ငါ့ကို ကာကွယ်ဖို့ ငါ့ကို ကြိမ်ဖန်များစွာသတ်ခဲ့တာ ဖြစ်နိုင်မလား။
’ မဖြစ်နိုင်ဘူး။
သေခြင်းတရား၏နာကျင်မှုသည် ကောင်းမင်၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေ၏။ သူသည် အလောင်းများဖြင့် ပြည့်နှက်နေသော ဥမင်လှိုဏ်ခေါင်းကို ကြည့်ရှုလိုက်ပြီး သူ့ဦးနှောက်က အလုပ်မလုပ်နိုင်တော့ပေ။ ကောင်းမင် လျှာကိုက်လိုက်သည်။ သူ စိတ်တည်ငြိမ်လာသောအခါ ဥမင်လှိုဏ်ခေါင်း၏ အခြားလမ်းကြောင်းကို ငုံ့ကြည့်လိုက်သည်။
အရင်ကနှင့်မတူဘဲ လူသတ်သမား ပျောက်ကွယ်သွားပြီးနောက်တွင် အတိတ်မှဘတ်စ်ကားက ပေါ်မလာခဲ့ပေ။ သံသရာစက်ဝန်းမှာ ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။
“ဒီတစ်ကြိမ်တော့ ပြန်မစတင်တော့ဘူး ၊ကြည့်ရတာ ငါဥမင်လှိုဏ်ခေါင်းက ထွက်ပြီး ဟန်ဟိုင်းကနေ ထွက်သွားနိုင်ပြီထင်တယ်”
ထိုအတွေးကြောင့် သူ စိတ်လှုပ်ရှားသွားသည်။ သို့သော်လည်း လူသတ်သမား၏ နောက်ဆုံးစကားများက ကောင်းမင်ကို စိုးရိမ်စေ၏။ ဥမင်လှိုဏ်ခေါင်းအပြင်ဘက်မှ ကမ္ဘာကြီးသည် ဟန်ဟိုင်းထက် ပိုအန္တရာယ်များနိုင်သည်။ လူသတ်သမားသည် ယင်းကို သိသောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ကောင်းမင်ကို လိုက်လံအမဲလိုက်ခဲ့ခြင်း ဖြစ်ပြီး ကောင်းမင်သည် ကံကြမ္မာ၏မျက်ကွယ်တွင် ခွန်အားစုဆောင်းနိုင်ခဲ့သည်။
“လုဇန်က ကံကြမ္မာကို အမဲလိုက်မယ့်အစီအစဉ်တစ်ခု ချမှတ်ခဲ့တယ် ၊ ဒါပေမယ့် လီစန်းဆေးရုံမှာတုန်းက သူ့လုပ်ရပ်တွေက ဒီလူသတ်သမားက ငါ့ကို ဥမင်လှိုဏ်ခေါင်းထဲမှာ သတ်နေတာကို သူမသိကြောင်း သက်သေပြနေတယ်၊ ဒီလူသတ်သမားက လုဇန်နဲ့ ကံကြမ္မာနဲ့ ဘာမှ မပတ်သက်ဘူး ၊ သူက ဒီတစ်ကြိမ်တော့ ငါလုပ်နိုင်လိမ့်မယ်လို့မျှော်လင့်တယ်လို့ ပြောခဲ့တယ် ၊ ဒီတစ်ကြိမ်တဲ့လား ၊ ငါ အရင်က အောင်မြင်ဖို့နီးစပ်ခဲ့ဖူးတာလား”
မပြောသင့်သူ၏တည်ရှိမှုသည် အနက်ရောင်မြူခိုးထဲသို့ စိမ့်ဝင်လာသည်။(ပြောပြလို့မရတဲ့သူကို မပြောသင့်သူလို့ပဲ ရေးပါတော့မယ်) ဘတ်စ်ကားပေါ်မှ သရဲများက စိုးရိမ်တကြီး ဟိန်းဟောက်နေကြသည်။ ကောင်းမင်၏အတွေးများ ပြတ်တောက်သွား၏။
“သံသရာစက်ဝန်းက ကျိုးပျက်သွားပြီ ၊ ဒါကြောင့် ငါ့မှာ နောက်ဆုတ်ဖို့ ဒါမှမဟုတ် ရှေ့ဆက်သွားဖို့ပဲ ရွေးချယ်စရာ ရှိတော့တယ်”
ကောင်းမင်သည် ဒီတစ်ကြိမ်တွင် အတိတ်မှဘတ်စ်ကားနှင့် မဆုံတွေ့ခဲ့ရသော်လည်း ဟန်ဟိုင်း၌ ဖန်တီးခဲ့သော ‘ကျောင်းဘတ်စ်ကား’ ကို မောင်းနှင်နေခဲ့ပြီဖြစ်သည်။
“ပြဿနာကို ဖြေရှင်းပြီးပါပြီ ၊ အားလုံး ဘတ်စ်ကားပေါ် ပြန်တက်ကြပါ ၊ သတိကြီးကြီး ထားကြပါ ၊ ကျွန်တော်တို့ ဥမင်လှိုဏ်ခေါင်းကထွက်ပြီး ဟန်ဟိုင်းက ထွက်သွားဖို့ စီစဉ်နေပါတယ်”
ဟန်ဟိုင်းမှ ထွက်ခွာခြင်းသည် လူသားများနှင့် သရဲအများစုအတွက် မဖြစ်နိုင်သည့် ကိစ္စတစ်ခုဖြစ်သည်။
နံရံထဲမှ အလောင်းများက ဦးညွတ်လိုက်ကြသည်။ ကောင်းမင်သည် အခန်း ၁၃ ဘတ်စ်ကားဆီသို့ ပြန်တက်လာပြီး စတီယာရင်ဘီးကို ဆုပ်ကိုင်လိုက်၏။
အခန်း ၁၃ မှ မည်သူမျှ စကားမပြောရဲကြပေ။ သူတို့သည် အရင်က ကောင်းမင်အား အနည်းငယ် စွမ်းအားရှိသော သာမန်ပြည်သူတစ်ယောက်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း ကောင်းမင်၏ လုပ်ဆောင်ချက်များသည် သူတို့၏ကမ္ဘာ့အမြင်ကို ရိုက်ချိုးပစ်ခဲ့သည်။ ဘယ်လိုလူမျိုးက သူတို့ရဲ့ အလောင်းတွေနဲ့လုပ်ထားတဲ့ ဥမင်လှိုဏ်ခေါင်းတစ်ခုလုံးကို ပိုင်ဆိုင်ထားမည်နည်း။
သူ၏ ကိုယ်ပွားတိုင်းသည်သည် မတူညီသောနည်းလမ်းတစ်ခုစီဖြင့် သေဆုံးခဲ့ရသည်။ မျက်နှာတိုင်းသည် နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို သယ်ဆောင်ထားသည်။ သူတို့သည် ကောင်းမင်၏ သေဆုံးခြင်းပြတိုက်ကို ဖြတ်သွားနေသကဲ့သို့ ဘတ်စ်ကားက ဥမင်လှိုဏ်ခေါင်းထဲ မောင်းနှင်သွား၏။
ကောင်းမင် ခြေနင်းကို ဖိနင်းလိုက်သည်။ အနက်ရောင်မြူခိုးထဲမှ တစ်စုံတစ်ခု ချဉ်းကပ်လာသည်ကို သူခံစားလိုက်ရသည်။
မီးတောက်၏အကာအကွယ် မပါရှိတောာ့ဘဲ ကောင်းမင်သည် အတိတ်နတ်ဘုရားနှင့် အနာဂတ်နတ်ဘုရား၏စွမ်းအားကို အသုံးပြု၍ မြူခိုးကို ဖြတ်မြင်နိုင်သွားသည်။ သူသည် အချိန်အတော်ကြာအောာင် မောင်းနှင်ခဲ့သော်လည်း ထွက်ပေါက်ကို သူမမြင်နိုင်သေးပေ။
သူ အရာအားလုံးကို မေးခွန်းထုတ်ရန် စတင်နေချိန်တွင် သူမှတ်ဉာဏ်ထဲရှိ ဖြောင့်တန်းသော ဥမင်လှိုဏ်ခေါင်းသည် ပြောင်းလဲသွား၏။သူ့ရှေ့တွင် လမ်းခွဲတစ်ခု ပေါ်လာခဲ့လေသည်။
အနက်ရောင်မြူခိုးက လမ်းနှစ်ခုကြား၌ ပြန့်ကျဲသွားသည်။ ဘယ်ဘက်လမ်းကြောင်းသည် နံရံများ ပျက်စီးနေ၏။ အမှိုက်များနှင့် ဆောက်လုပ်ရေးပစ္စည်းအဟောင်းများ မြေပြင်ပေါ် ပြန့်ကျဲနေသည်။ ညာဘက်လမ်းကြောင်းက ပုံမှန်အတိုင်းပင် ဖြစ်သည်။ သူတို့ သွားလာနေသော လမ်းနှင့် မကွာခြားပေ။
“အဘွားရှန်းက ခန့်မှန်းခဲ့တယ်... ပြင်ပကမ္ဘာကို ဦးတည်တဲ့ ထွက်ပေါက်မှာ မမျှော်လင့်ထားတဲ့ ထိခိုက်ပျက်စီးမှုတစ်ခု ရှိနေတယ်တဲ့”