ဖော်မပြနိုင်တဲ့စွမ်းအား
Vol. 31 Ch. 458
အဘွားရှန်းသည် ကောင်းမင်အား အနက်ရောင်မြူထဲတွင် လမ်းနှစ်ခုရှိနိုင်ကြောင်း သတိပေးခဲ့သည်။ သေးငယ်သောအက်ကွဲကြောင်းသည် အစစ်အမှန်အမှန်တရားဆီ ဦးတည်မည်ဖြစ်ပြီး ကြီးမားသည့်လမ်းကြောင်းကတော့ အစစ်အမှန်သေခြင်းတရားဆီ ဦးတည်မည်ဖြစ်သည်။သို့သော်လည်း သူ့ရှေ့မှ လမ်းကြောင်းနှစ်ခုလုံးသည် အက်ကွဲကြောင်းသေးသေးများ ဟုတ်မနေချေ။
“အခွင့်အရေး တစ်ခုပဲရှိတယ်”
နောက်ပြန်စီးနေသော ရေစက်များပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဘတ်စ်ကားသည် လမ်းခွဲသို့ရောက်ရှိလာသောအခါ နံရံပေါ်ရှိ ကောင်းမင်၏အလောင်းများကို ထပ်မမြင်ရတော့ချေ။ယင်းသည် အရင်က ကောင်းမင်ဘယ်တော့ကမှ မရောက်ခဲ့သည့် နေရာလိုဖြစ်သည်။
“ခင်ဗျားတို့ ဒီလာခဲ့တုန်းက ဘယ်လမ်းကလာခဲ့လဲ မှတ်မိသေးလား”
ကောင်းမင်က ကြောက်ရွံ့နေသော ဆရာမလီဘက် လှည့်လိုက်သည်။
“ခင်ဗျားတို့ကို အိမ်ပြန်ခေါ်သွားဖို့ ကျွန်တော် လမ်းကြောင်းအမှန်ကို သိဖို့လိုတယ်”
“ကျွန်မ ကျွန်မ ဘယ်ဘက်က လမ်းလို့ထင်တယ် ၊ ဝေထျန်း ဥမင်လှိုဏ်ခေါင်းထဲဝင်တော့ ကျောင်းသားတွေက လမ်းဆောက်လုပ်ရေးမြင်ကွင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးနေတာ ကျွန်မမှတ်မိတယ် ၊ ဒါပေမယ့် ဝေထျန်းက လမ်းက ညာဘက်မှာလို့ပြောခဲ့တယ် ၊ သူက ဒီလမ်းကို မကြာခဏသွားတတ်လေ”
“မှန်တယ် ၊ လမ်းက ဘယ်ဘက်မှာပဲ “
အတန်းခေါင်းဆောင်ချန်ကျင်းက ခေါငိးငြိမ့်သည်။
“လမ်းက စုတ်နေပြီး မညီမညာဖြစ်နေတာ ၊ အဲ့ဒီနေရာမှာ သိပ်မကြာသေးခင်က ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်လို့ ကျွန်တော်ကြားခဲ့ရတယ် “
“ကျွန်တော့် မွေးစားအဖေက သယ်ယူပို့ဆောင်ရေးကပဲ ၊ ထရပ်ကားမောင်းသမားတွေက ဒီလိုလမ်းတွေကို မကြိုက်ကြဘူး “
ဝေကျူးက ရုတ်တရက်ပြောလိုက်သည်။
“ဒီလမ်းက အရမ်းကံဆိုးတတ်တယ်လို့ ကျွန်တော်ကြားဖူးတယ် ၊ လွန်ခဲ့တဲ့နှစ်များစွာက ဒီနေရာမှာ ပျောက်ဆုံးမှုတစ်ခုဖြစ်ခဲ့တယ် ၊ ဒါကို ခုထိမဖြေရှင်းနိုင်သေးဘူး”
ဝေကျူးသည် အလွန်တော်သည်။သူသည် အတန်းချိန်များကို ဘယ်တော့မှစိတ်မဝင်စားသော်လည်း ထိုမြို့ပြကောလဟာလများကို အလွန်စိတ်ဝင်စားသည်။ကျောင်းသားအားလုံး ဘယ်ဘက်လမ်းကို ရွေးချယ်ကြသည်။ကောင်းမင် ခေါင်းငြိမ့်လိုက်ပြီး ကြေးဒင်္ဂါးသုံးပြားကို ထုတ်ယူလိုက်သည်။
အဘွားရှန်းသည် သူမပျောက်ကွယ်သွားပြီးနောက် ဒင်္ဂါးသုံးပြားကို ချန်ထားရစ်ခဲ့သည်။ထို ဒင်္ဂါးပြားများတွင် သူမ၏စွမ်းအား ၊ အသက်စွမ်းအားနှင့် မျှော်လင့်ချက်တို့ပါဝင်သည်။
“ငါ့ရွေးချယ်မှုကို အတည်ပြုဖို့လိုတယ်”
ဒင်္ဂါးတစ်ပြားကို သူပစ်မြောက်လိုက်သည်။ ဒင်္ဂါးပေါ်တွင် ထွင်းထုထားသောမျက်လုံးက လေထဲတွင် မျက်လုံးဖွင့်လာသည်။ကောင်းမင်သည် ဒင်္ဂါးကို ရှေ့သို့ပစ်လိုက်သည်။ဒင်္ဂါးပြားသည် မြေပြင်ပေါ်သို့ကျသွားပြီး ၎င်း၏သွေးများလုံးဝပျောက်ကွယ်သွားသည်အထိ ဘယ်ဘက်လမ်းဆီသို့ လှိမ့်ဆင်းသွားသည်။ကောင်းမင်က ကျန်ရှိသော ဒင်္ဂါးပြားများကို သိမ်းဆည်းလိုက်သည်။ သူ စတီယာရင်ဘီးကို လှည့်၍ ဘယ်ဘက်ဥမင်ဆီသို့ မောင်းနှင်လိုက်သည်။
လမ်းက ပိုမိုကြမ်းတမ်းလာလေသည်။ သုတ်ဆေးနံ့များနှင့် ဖုန်မှုန့်များ လေထဲတွင် ဝေ့ဝဲလျက်ရှိနေကြသည်။ အရာအားလုံးမှာ ပိုမိုရှင်းလင်းလာတော့သည်။ကောင်းမင်သည် ယင်းကို ဖော်မပြနိုင်ပေ။ယင်းသည် သူ့နှင့်သူ့ရှေ့မှ ကမ္ဘာကြားတွင်ရှိသော လိုက်ကာစတစ်ခုနှင့်တူသည်။ယခုသည် လိုက်ကာစသည် အပြည့်အဝဆွဲဖွင့်ခံလိုက်ရပြီ ဖြစ်သည်။
“မြူခိုးတွေ ကျဲသွားပြီ ၊ ဆရာမ ကြည့်လိုက်ဦး”
ဝေကျူးသည် ပြတင်းပေါက်နားတွင် ကပ်၍ရှိနေခြင်းဖြစ်သည်။သူသည် အစောပိုင်းက သရဲများလိုက်ဖမ်းခံနေရသည်ကို မေ့လုနီးပါးဖြစ်သွားသည်။
“ငါတို့ အိမ်ပြန်နေကြပြီ”
ကျောင်းသားများထရပ်လိုက်ပြီး ပြတင်းပေါက်များအပြင်ဘက်သို့ ကြည့်လိုက်ကြသည်။အနက်ရောင်မြူများသည် သာမန်မြူများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့ပေါ်ရှိ မမြင်ရသောဖိအားက အားပျော့လာခဲ့သည်။သူတို့၏အရေပြားထဲမှ အနက်ရောင်ချွေးများ စိမ့်ထွက်လာကြသည်။ မွန်းကြပ်နေသောခံစားမှုက ပျောက်ကွယ်သွားတော့သည်။ကျောင်းသားများက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ကောင်းမင်သည် ခြေနင်းကိုပြင်းထန်စွာ နင်းလိုက်သည်။သူ့အမူအရာမှာ တည်ကြည်လေးနက်နေသည်။ လမ်းမှန်ကို ရွေးချယ်ခဲ့ကြောင်းသူသိသည်။ သူသည် ဤမျှသက်ဝင်ရှင်သန်သော ခံစားမှုကို မခံစားခဲ့ရဖူးပေ။ သို့သော်လည်း သူတို့နောက်မှ အမည်မသိခြောက်ခြားစရာက သူတို့ကို လိုက်လံဖမ်းဆီးနေကြောင်းလည်း သူသိသည်။
အနက်ရောင်မြူထဲတွင် သရဲစွမ်းအားများကို အသုံးပြခြင်းသည် မပြောသင့်သူများ၏ ပစ်မှတ်ထားခြင်းကို ခံရစေနိုင်လေသည်။ကောင်းမင်သည် သူ့စွမ်းအားပြည့်ကို သုံး၍ မြို့တော်အရှေ့ပိုင်းမှ သရဲများအားလုံးကိုပင် ဖိတ်ခေါ်ခဲ့သည်။သူတို့သည် ညအမှောင်ထဲတွင် မီးရှုးမီးပန်းများကဲ့သို့ဖြစ်ပြီး အမည်မသိတည်ရှိမှုများကို ဆွဲဆောင်မိခဲ့သည်။
ကောင်းမင်သည် အမြင့်ဆုံးအရှိန်ဖြင့်မောင်းနှင်နေသော်လည်း အလွန်နောက်ကျနေခဲ့ပြီဖြစ်သည်။
သူတို့သည် တိတ်ဆိတ်၍ ပုံသဏ္ဌာန်မဲ့သည်။ကောင်းမင် သူတို့ကို သတိပြုမိသောအချိန်တွင် သူတို့သည် အလွန်နီးကပ်နေခဲ့ချေပြီ။ ခပ်ပါးပါးမြူခိုးထဲမှ မျက်လုံးတစ်လုံးပွင့်လာ၏။၎င်းက ကျောင်းသားများကို ကြည့်ရှုလိုက်သည်။သူတို့၏ မှတ်ဉာဏ်များ ပြုပြင်ခံလိုက်ရသည်။သူတို့သည် ရုပ်သေးများကဲ့သို့ ကောင်းမင်ထံမှ စတီယာရင်ဘီးထိန်းချုပ်မှုကို လုယူရန်ပြေးလာကြတော့သည်။
“ဖယ်စမ်း”
ကောင်းမင်၏ အသိစိတ်သည်လည်း မျက်လုံးနဲ့တိုက်မိသွားသည်။သူ့စိတ်ထဲတွင် ထုံထိုင်းမှုတစ်ခု ရှိလာခဲ့သည်။မှတ်ဉာဏ်တစ်ခုက ဖျက်ဆီးခံလိုက်ရသည်။ သူဘာကြောင့် ထိုနေရာသို့ရောက်ရှိနေသည်ကိုပင် မေ့လျော့သွားသည်။အကယ်၍ ကောင်းမင်သည် အကြိမ်ပေါင်းများစွာ မသေခဲ့ဖူးဘဲ ၊ သူ့နှလုံးသားထဲတွင် များစွာသောသေဆုံးမှတ်ဉာဏ်များ မရှိခဲ့ပါက သူလှည့်စားခံလိုက်ရမည်ဖြစ်သည်။
မျက်လုံးက ဖျတ်ခနဲခတ်သည်။များစွာသော ဝိညာဉ်လက်များက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားကြသည်။၎င်းတို့သည် သူ့အတိတ်ကို ဆွဲထုတ်ရန် သူ့မှတ်ဉာဏ်ထဲသို့ တွားဝင်လာကြတော့သည်။
“နှိပ်စက်ခန်း”
ဝိညာဉ်က သူ့မှတ်ဉာဏ်ကို ညင်းပန်းနှိပ်စက်ခန်းထဲသို့ ဆွဲသွင်းလိုက်သည်။ကောင်းမင်သည် တိုက်ခိုက်လိုခြင်းမရှိပေ။ သူထွက်သွားချင်ရုံသာဖြစ်သည်။
မျက်လုံးထွက်ပေါ်လာပြီး မကြာမီတွင် ဥမင်နံရံပေါ်၌ အကြောင်းပြချက်မရှိဘဲ သွေးတံခါးတစ်ခုထွက်ပေါ်လာလေသည်။ အိုဟောင်းနေသော ဥမင်လှိုဏ်ခေါင်းက တုန်ခါသွားသည်။အရိပ်ထဲမှ ဧရာမပင့်ကူကြီးတစ်ကောင် တွားထွက်လာခဲ့သည်။၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးတွင် ကလေးတစ်ယောက်၏ဦးခေါင်းတစ်ခုရှိနေသည်။ပိုမိုနီးကပ်စွာကြည့်လိုက်ပါက သွေးတံခါးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါက်နေခြင်းဖြစ်ပြီး သွေးများတစ်စက်စက်စီးကျနေသည်။ ကောင်းမင် သားစားကြူးနတ်ဘုရားကို ဆင့်ခေါ်လိုက်သည်။လက်ရှစ်ဖက်ဖြင့် နတ်ဆိုးနတ်ဘုရားသည် ကောင်းမင်အတွက် အချိန်ပိုရရန် ပင့်ကူကို ခုန်အုပ်လိုက်တော့သည်။
သွေးတံခါးက တုန်ယင်သွားသည်။ပင့်ကူကောင်လေးသည် သွေးတံခါးကို သယ်ဆောင်သော အခွံသက်သက်သာဖြစ်သည်။ အမှန်တကယ်ခြိမ်းခြောက်မှုသည် တံခါးအတွင်းမှ လာနေခြင်းဖြစ်သည်။သို့သော် အကြောင်းတစ်ခုခုကြောင့် တံခါးက ပွင့်မလာခဲ့ပေ။
ခြောက်ခြားဖွယ်ရာ ဟိန်းဟောက်သံသည် အနောက်မှ ထွက်ပေါ်လာသည်။နတ်ဘုရားပုံစံကွက်များဖြင့် ဖုံးလွှမ်းနေသည့် ဘတ်စ်ကားသည်လည်း မပြောသင့်သူများ၏ တိုက်ခိုက်ခြင်းခံလိုက်ရသည်။ မြို့တော်အရှေ့ပိုင်းမှ ကြောက်စရာအကောင်းဆုံးသရဲများပင် ပြန်တိုက်ခိုက်ရန် စွမ်းအားမရှိကြတော့ပေ။သူတို့၏ ခန္ဓာကိုယ်များ သေဆုံးသွားသောပန်းများကဲ့သို့ ညိုးခြောက်မသွားမီ ရန်သူများကိုပင် မမြင်နိုင်ခဲ့ကြပေ။
“မပြောသင့်တဲ့သူ သုံးယောက်လား”
ကောင်းမင် လမ်းပေါ်အာရုံစိုက်လိုက်သည်။လမ်းပေါ်ရှိ အတားအဆီးသည် အလွန်အန္တရာယ်များကြောင်း သူသိသည်။ကျေးဇူးတင်ရမည်မှာ မပြောသင့်သူများက တစ်ယောက်ကိုတစ်ယောက် သတိထားနေကြသည်။ယင်းက ကောင်းမင်အား အခွင့်အရေးတစ်ခုပေးခဲ့သည်။
အနက်ရောင်မြူများက လျော့ပါးသွား၏။ထွက်ပေါက်သည် အလွန်နီးကပ်နေပြီဖြစ်သည်။
“ရပ်လိုက်”
ရုတ်တရက် ဘတ်စ်ကားရှေ့တွင် ထူးဆန်းသည့် ဂူကျောက်တိုင်တစ်ခု ပေါ်ထွက်လာ၏။ကောင်းမင်သည် စတီယာရင်ဘီးကို လှည့်ရန်ကြိုးစားလိုက်သော်လည်း ဘတ်စ်ကားသည် ထိန်းချုပ်မှုလွတ်သွားဆဲဖြစ်သည်။ အရာအားလုံးကြိုတင်သတ်မှတ်ထားခဲ့ပြီးသားဖြစ်သည်။ ဘတ်စ်ကားသည် ဥမင်လှိုဏ်ခေါင်းထဲတွင် မှောက်သွားတော့သည်။ ကောင်းမင်၏နားထဲတွင် ကျောင်းသားများ၏အော်ဟစ်သံများ ပဲ့တင်ထပ်နေခဲ့သည်။
“ဒါက ကံကြမ္မာရဲ့လက်ချက်လား ၊ မပြောသင့်သူတွေရဲ့ လက်ချက်လား”
စွမ်းအားအဆင့်ကွာခြားမှုက အလွန်ကြီးလွန်းလှသည်။ကမ္ဘာကြီးက လည်ထွက်နေသည်။ ကျောင်းသားများ၏ သွေးစွန်းမျက်နှာများက သူ့မျက်လုံးထဲသို့ ဝင်လာကြသည်။
အစောပိုင်းက သူ့လူသတ်သမားနှင့်ရင်ဆိုင်ရခဲ့စဉ်က ကောင်းမင်သည် ကျောင်းသားများကို ထိခိုက်မိစေမည်စိုးသောကြောင့် သူ့ဘာသာ ဘတ်စ်ကားထဲမှ ထွက်သွားခဲ့သည်။
သို့သော်လည်း မပြောသင့်သူများသည် ထိုအပြင်လူများကို ဂရုစိုက်ပုံမရချေ။လူသားတို့၏ အသက်များသည် သူတို့အတွက် ဘာမှ မဟုတ်သည့်အလားဖြစ်သည်။
မီးတောက်များ တဖျတ်ဖျတ်ဖြစ်နေပြီး မီးခိုးများအူထွက်လာသည်။ကောင်းမင်သည် ထိုမတော်တဆမှုတွင် သေဆုံးသွားသင့်သည်။ ကံကောင်းသည်က သူ့ခန္ဓာကိုယ်သည် သားစားကြူးနတ်ဘုရားကြောင့် အကြိမ်ပေါင်းများစွာ ပြုပြင်ခံထားရသည်။ထိုသည်က သူ့အား သေခြင်းတရားမှ လွတ်မြောက်စေခဲ့သည်။