ကြီးမြတ်သောဆရာ
Vol. 31 Ch. 460
သူနာပြုမလေးသည် ကောင်းမင်အား အလွန်ကောင်းမွန်စွာ ပြုစုပေးခဲ့သည်။ နေ့စဉ်ပြုစုစောင့်ရှောက်မှုများအပြင် သူမသည် ကောင်းမင်၏မှတ်ဉာဏ်ကို လှုံ့ဆော်ပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် စာများ ဖတ်ပြပေးလေ့ရှိသည်။
“ဘာလို့ ကျွန်တော့်ကို ဆရာလို့ ခေါ်တာလဲ ၊ ကျွန်တော်က ဘယ်မှာလဲ”
ကောင်းမင်သည် အားနည်းနေသော်လည်း သူ့ခန္ဓာကိုယ်က အန္တရာယ်တစ်ခုခုမှ ကာကွယ်ပေးရန် လိုအပ်နေသကဲ့သို့ မသိစိတ်မှ ခန္ဓာကိုယ်ကို ကွေးညွတ်ထားချင်နေသည်။
“ရှင် ဒီနေရာကို မေ့သွားပြီလား”
သူနာပြုမလေး အံ့အားသင့်သွားသည်။ သူမ၏မျက်လုံးများက နာကျင်မှုဖြင့် တောက်ပသွား၏။
“ရှင်က ရှင်းလု အမှတ်(၁)အထက်တန်းကျောင်းက စိတ်ပညာဆရာပါ ၊ ကျောင်းအကြံပေးလည်း ဖြစ်ပါတယ် ၊ပြီးခဲ့တဲ့ လအနည်းငယ်က ရှင်က ဒုတိယနှစ်က ကျောင်းသားတစ်စုနောက်ကို ကျောင်းလေ့လာရေးခရီးထွက်ရာမှာ လိုက်ပါခဲ့တယ် ၊ ဘတ်စ်ကား မတော်တဆမှုဖြစ်ခဲ့တယ် ၊ ရှင်က ကလေးတွေကို ကယ်တင်ဖို့အတွက် အသက်ကို စွန့်စားခဲ့တာပဲ ၊ ဆရာက ရှေးဦးသူနာပြုစုနည်း ဗဟုသုတကိုသုံးပြီး ကယ်တင်ခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်လွန်းလို့ မေ့လဲသွားခဲ့တယ်”
“ဒဏ်ရာတွေ ဒီလောက်ပြင်းထန်နေရင် ကျွန်တော်က ကျောင်းသားတွေကို ဘယ်လို ကယ်ခဲ့တာလဲ”
“ကျောင်းသားတွေက ဘတ်စ်ကားပေါ်ကနေ လွှင့်ထွက်သွားကြတယ် ၊ တချို့က မေ့လဲသွားပြီး တချို့က အပျက်အစီးတွေအောက်မှာ ပိတ်မိနေကြတယ် ၊ ရှင် ဒဏ်ရာရခဲ့တယ် ၊ ရှင့်အရိုးတွေက ကိုယ်တွင်းအင်္ဂါတွေကိုတောင် ထိုးဖောက်သွားခဲ့တာ ၊ ရှင့်ဦးနှောက်က ရှင်အသက်မရှင်နိုင်တော့ဘူးလို့ တွေးလိုက်မိပြီး ခန္ဓာကိုယ်ထဲက အက်ဒရီနယ်လင်းကို ထုတ်ပေးခဲ့တာဖြစ်နိုင်တယ် ၊ အဲဒါက ရှင့်ရဲ့ နာကျင်မှုခံစားချက်တွေကို ပိတ်ချပစ်လိုက်ပြီး လူတိုင်းကို ကယ်တင်တဲ့ အံ့ဖွယ်လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ခဲ့တာ”
သူနာပြုမလေးသည် ကောင်းမင်အား အထင်ကြီးလေးစားနေသည်။
“ကျွန်တော်က မြင့်မြတ်တဲ့လူတစ်ယောက်လိုပဲနော်”
ကောင်းမင်၏ထုံကျင်နေသော လေသံကို ကြားရသည့်အခါ သူနာပြုမလေးက သက်ပြင်းချလိုက်သည်။
“ရှင်က တကယ်ကို မယုံနိုင်စရာလုပ်ရပ်ကို လုပ်ခဲ့တာပါ ၊ သေခြင်းတရားကနေ ထွက်ပြေးဖို့ဆိုတာ လူသားဗီဇပါ ၊ ဒါပေမဲ့ ရှင်က သေခြင်းတရားနဲ့တိုက်ပွဲဝင်ပြီး အနိုင်တောင် ရခဲ့တယ်”
“သေခြင်းတရား…”
ကောင်းမင်၏ မျက်လုံးများ မှေးမှိန်သွားသည်။ သူ၏ခန္ဓာကိုယ် နာကျင်လာသည်။
“ဆရာကောင်း၊ ရှင် ပြန်ကောင်းလာဖို့ ငြိမ်းချမ်းမှုနဲ့ တိတ်ဆိတ်မှု လိုအပ်တယ် ၊ ဒါကြောင့် ရှင်ဆေးရုံကနေ ဆင်းလို့မရသေးဘူး ၊ ရှင်ကယ်ခဲ့တဲ့ ကျောင်းသားရဲ့မိဘတွေကလည်း ရှင်နိုးလာတယ်လို့ ကြားတော့ အရမ်းစိတ်လှုပ်ရှားသွားကြတယ် ၊ သူတို့က ကိုယ်တိုင် ကျေးဇူးတင်ဖို့ လာချင်ခဲ့ကြပေမဲ့ ဆရာဝန်က အားလုံးကို ငြင်းထားခဲ့တယ်”
သူနာပြုမလေးသည် ကောင်းမင်အတွက် ဆေးဝါးများ အလွယ်တကူ လဲပေးလိုက်သည်။
“ကျောင်းသားမိဘတွေပဲလား ၊ ကျွန်တော့်မိဘတွေကရော”
ကောင်းမင် သူမကို စိုက်ကြည့်လိုက်သည်။ ဤမေးခွန်းသည် အလွန်အရေးကြီးသည်။
“ရှင်…”
သူနာပြုမလေး တုံ့ဆိုင်းသွားပြီးနောက် အမှန်တရားကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“ဆရာ၊ ရှင့်မှတ်ဉာဏ်တွေက ဝေဝါးနေတာလေ၊ ရှင်မိသားစုကို တောင့်တနေမှန်း ကျွန်မသိပါတယ် ၊ ဒါပေမဲ့ ရှင်က မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့တာပါ”
“မဖြစ်နိုင်တာပဲ!”
ကောင်းမင်သည် သူ့မိဘများအကြောင်း ဘာတစ်ခုမှမမှတ်မိနိုင်သော်လည်း သူတို့သည် အစစ်အမှန်ဖြစ်ကြောင်း သေချာသည်။
“သေချာပါတယ်ရှင်”
သူနာပြုမလေးက သနားစိတ်ဖြင့် သူ့အား ကြည့်လိုက်သည်။ သူမသည် ဆေးဝါးများကို ကူညီပေးပြီးနောက် အိပ်ရာကိုသပ်ရပ်အောင် ပြုလုပ်ပြီး ထွက်သွားခဲ့သည်။
ကောင်းမင် ချောင်းဆိုးလိုက်ပြီး သူ့လက်များကို ကြည့်လိုက်သည်။ သူ၏လက်ချောင်းများ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ အချို့ဒဏ်ရာများက သူ့အသားထဲ ထိုးဝင်နေသည်။ သူ၏ ခြေလက်များနှင့် မျက်နှာပေါ်ရှိ ဒဏ်ရာများကတော့ ပိုကောင်းနေပြီဖြစ်သည်။ အန္တရာယ်အရှိဆုံး ဒဏ်ရာမှာ ရင်ဘတ်ပေါ်တွင်ဖြစ်သည်။ သူ့နှလုံးနားတွင် ဓားဒဏ်ရာတစ်ခု ထင်ရှားစွာ ရှိနေသည်။ ဆရာဝန်က သူ့ခန္ဓာကိုယ်ထဲမှ တစ်ခုခုကို ထုတ်ယူထားပုံရသည်။ သတ္တုအပိုင်းအစများ သို့မဟုတ် ကျောက်တုံးများ ဖြစ်နိုင်သည်။
သူ၏ဦးနှောက်သည် လစ်ဟာနေ၏။ ကောင်းမင်သည် သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို ခံစားလိုက်သည်။ မွေးကင်းစကလေးတစ်ဦးကဲ့သို့ သူသည် ငိုကြွေးပြီး အမှန်တရားကို ထိတွေ့နေသည်။ အသက်ရှူလိုက်တိုင်း နာကျင်မှုကို ခံစားရသော်လည်း ထိုခံစားချက်ကို သူနှစ်သက်သည်။ သူ့တွင် ထူးခြားသော စိတ်ပိုင်းဆိုင်ရာမျိုးရှိသည်ဟု မထင်ပါဘဲ အဘယ်ကြောင့် ထိုသို့ ခံစားနေရသနည်း။
နေရောင်ခြည်သည် သစ်ရွက်များကြားမှ စိမ့်ဝင်လာပြီး ကြမ်းပြင်ပေါ်သို့ ကျရောက်နေသည်။ သူကိုယ်တိုင်မှ လွဲ၍…သူ၏မျက်လုံးထဲရှိ အရာအားလုံးသည် အသက်ဝင်လှုပ်ရှားနေလေသည်။
သူသည် သူ့အိပ်ရာဘေးရှိ သတင်းစာကို ကောက်ယူလိုက်သည်။ အင်တာနက် တိုးတက်လာမှုကြောင့် သတင်းစာသည် အခြားမည်သည့်အရာထက်မဆို အလှဆင်ပစ္စည်းနှင့် ပိုတူနေပြီဖြစ်သည်။ ကောင်းမင်သည် ရှေ့စာမျက်နှာပေါ်ရှိ သူ့အကြောင်းဆောင်းပါးကို မြင်လိုက်ရသည်။ သတင်းထောက်သည် ကောင်းမွန်သည့် ဇာတ်လမ်းရေးနည်းကို သိသူဖြစ်သည်။ ကားမတော်တဆမှုပုံများနှင့် ကောင်းမင် ကလေးများကို ကယ်တင်ခဲ့သည့် ပုံများကြောင့် ကောင်းမင်ကိုယ်တိုင်ပင် သူသည် သူရဲကောင်းတစ်ဦးဖြစ်သည်ဟု ခံစားရသည်။
“ကျောင်းသားငါးဦးနဲ့ ယာဉ်မောင်းဝေထျန်းတို့ နေရာမှာတင် သေဆုံးခဲ့ပါတယ် ၊ ကျောင်းဆရာ ကောင်းမင်နဲ့ ကျောင်းသားနှစ်ဦး မေ့မြောသွားခဲ့တယ်…”
ထိုဆောင်းပါးသည် ကောင်းမင်အတွက် များများစားစား အထောက်အကူ မဖြစ်ခဲ့ပေ။ သူ့နာမည်ကို ဖတ်လိုက်ရသည့်တိုင် သူစိမ်းသက်နေသည်ဟု ခံစားရသည်။
“ဒါက တကယ်ပဲ ငါ့နာမည်လား ၊ သတိမေ့နေတဲ့ ကျောင်းသားနှစ်ဦးက ဘယ်သူတွေလဲ”
ကောင်းမင်၏ခန္ဓာကိုယ်က သူ့အား အိပ်ရာမှ ထွက်ခွာခွင့် မပြုခဲ့ပေ။ သူသည် အိပ်ရာထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေရသည်။ သို့သော်လည်း အတွင်းပိုင်းတွင်မူ သူသည် စိုးရိမ်ပူပန်မှုနှင့် ရှုပ်ထွေးသော စိတ်ခံစားမှုများ ပြည့်နှက်နေသည်။ ကံကောင်းထောက်မစွာပင် သူသည် သူ၏စိတ်ခံစားမှုများကို ဖုံးကွယ်ထားရန်ဗီဇဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
“ရေတွေ စီးကျနေတဲ့အသံကို ငါကြားနေရတယ်ထင်တယ် ၊အဲဒါက နာရီသံလိုပဲ”
ကောင်းမင် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ရေယိုစိမ့်မှုကို မတွေ့ခဲ့ရပေ။ နောက်ဆုံးတွင် သူ့မျက်လုံးများက တိုင်ကပ်နာရီပေါ်သို့ ကျရောက်သွားသည်။ သူသည် တံခါးပြန်ပွင့်လာပြီး အမျိုးသမီးဆရာဝန်တစ်ဦး ဝင်လာသည်အထိ တစ်နာရီကြာအောင် နာရီကို ကြည့်နေခဲ့သည်။
အဖြူရောင်ကုတ်အင်္ကျီသည် သူမ၏ပြည့်တင်းနေသော ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် မစွမ်းနိုင်ပေ။ သူမ၏ ပခုံးထိရှည်နေသော လှိုင်းတွန့်ဆံပင်က သူမအား အခြားဆရာဝန်များနှင့် ကွဲပြားစေသည်။ ကောင်းမင်သည် သူမ၏မျက်နှာကိုပင် မမြင်လိုက်ရသေးပေ။ သူမ၏အော်ရာကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
ယုံကြည်မှု၊ နူးညံ့မှုညင်သာမှု နဲ့ အလှတရား။
“သူ့ကို ရင်းနှီးနေတယ် ၊ ဒါပေမဲ့ ငါ မမှတ်မိဘူး”
ကောင်းမင်က သူမ၏မျက်နှာကို အသေးစိတ် ကြည့်ရှုလိုက်ပြီး အလွန်အရေးကြီးသော အရာတစ်ခုခုကို မေ့နေသည်ဟု ခံစားလိုက်ရသည်။
“ရှင် နိုးလာပြီပေါ့”
“ဟုတ်ကဲ့”
ကောင်းမင် ခေါင်းညိတ်လိုက်သည်။ တစ်ခုခု ပြောချင်နေသည့်အလား သူ၏နှုတ်ခမ်းများ ပွင့်ဟသွားသည်။
“မေးစရာရှိရင် မေးလို့ရပါတယ် ၊ ဒါက ရှင့်ကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးပါလိမ့်မယ်”
ဆရာဝန်မသည် သူ၏အိပ်ရာဘေးတွင် ရပ်နေသည်။ သူမသည် သူ၏ဆေးမှတ်တမ်းကို စစ်ဆေးလိုက်သည်။ ယင်းမှာ သူမ နေ့စဉ်လုပ်ရမည့်အရာ ဖြစ်သည်။
“ကျွန်တော့်ဦးနှောက်က ဒဏ်ရာရခဲ့ပြီး အရာများစွာကို မေ့သွားခဲ့တယ် ၊ မေ့တယ်ဆိုတာက မှားယွင်းတဲ့အသုံးအနှုန်း ဖြစ်နိုင်ပါတယ် ၊ အရာရာတိုင်းက ကျွန်တော့်အတွက် စိမ်းသက်နေတယ် ၊ သူနာပြုမလေး ပြောပြနေတဲ့အရာတွေရဲ့ ပုံရိပ်တွေ ကျွန်တော့်ဆီမှာ မရှိဘူး။ ဒါပေမဲ့…”
ကောင်းမင် ဖော်ပြဖို့ ကြိုးစားလိုက်သည်။
“ဒါပေမဲ့ ဘာလဲ”
“ကျွန်တော် သတိမေ့နေတုန်းက အရမ်းကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတစ်ခုထဲမှာ ရှိနေခဲ့တယ်လို့ ယုံကြည်တယ် ၊ ကျွန်တော် နိုးထလာခဲ့တဲ့ ဒီကမ္ဘာကြီးနဲ့ နှိုင်းယှဉ်ရင် အဲဒီအိပ်မက်က ပိုပြီးလက်တွေ့ဆန်တယ်လို့ ခံစားရတယ်”
ကောင်းမင်သည် ဆရာဝန်မဆီမှ ရင်းနှီးသောအရာတစ်ခုခုကို ခံစားနေရသည်။ ယင်းကြောင့် သူသည် သူမအား ယုံကြည်စိတ်ချစွာ ပြောပြချင်နေခြင်းဖြစ်သည်။
“ဒါက ကျွန်မတို့ရဲ့ ကုသမှုနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ် ၊ ရှင့်ကို နိုးထလာအောင် ကျွန်မတို့ နည်းပညာအသစ်တွေ အသုံးပြုခဲ့ရတယ်”
“ကျွန်တော် ကျွန်တော့်ကိုယ်ကျွန်တော်မေ့သွားတဲ့အထိ ကျွန်တော့်မှတ်ဉာဏ်တွေ ဆက်ပျောက်ကွယ်သွားမှာ ကြောက်တယ်”
“ဒါဆိုရင် အခုအချိန်ကစပြီး အရာရာတိုင်းကို မှတ်တမ်းတင်ထားဖို့ ကျွန်မ ကူညီပေးပါ့မယ်”
ဆရာဝန်မသည် မှတ်တမ်းကို ချလိုက်သည်။
“ရှင် ဘယ်တော့မှ မေ့မသွားအောင် ကျွန်မ အမြဲသတိပေးနေပါ့မယ်”
“ကျေးဇူးတင်ပါတယ်”
ကောင်းမင်သည် ယင်းစကားကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသည်ဟု ခံစားရသည်။
“ဒါက ကျွန်မ အလုပ်ပါပဲ”
ဆရာဝန်မသည် ကောင်းမင်နှင့်ကိစ္စပြီးဆုံးသည်နှင့် အခြားအခန်းသို့ အလျင်အမြန် ထွက်သွားသည်။ ထိုအခိုက်အတန့်တွင် သူနာပြုမလေးသည် နေ့လယ်စာဗန်းဖြင့် ဝင်လာခဲ့သည်။
“ဟေး ၊ ရှင့်ကို ပြုစုစောင့်ရှောက်ပေးနေတာ ကျွန်မနော် ၊ ဒေါက်တာရွှမ်နဲ့ စကားတစ်ခွန်းလေး ပြောလိုက်တာနဲ့ ရှင့်ဝိညာဉ်က ဒေါက်တာရွှမ်ကို ပူးကပ်သွားပြီပဲ!”
သူနာပြုမလေးသည် သူမ၏လေသံထဲရှိ ပါးလွှာသောမနာလိုမှုကို ဖုံးကွယ်ရန် နောက်ပြောင်လိုက်သည်။
“ဒေါက်တာရွှမ်လား”
ကောင်းမင် စိတ်ထဲက တွေးလိုက်သည်။
“သူ့ရဲ့ နာမည်အပြည့်အစုံက ဘာလဲ”
“ရွှမ်ဝမ်ပါ”
သူနာပြုမလေးက ဗန်းကို ချလိုက်သည်။
“ရှင်ဒီကို ပထမဆုံး ရောက်လာတုန်းက အရမ်းကို မတည်ငြိမ်ခဲ့ဘူးလေ။ ဒေါက်တာရွှမ်နဲ့ ကျွမ်းကျင်သူတချို့က ရှင့်ကို သေမင်းလက်ကနေ ဆွဲထုတ်ခဲ့ကြတာ”