ပြန်ကောင်းလာပြီ
Vol. 31 Ch. 462
အိပ်ရာထဲလဲနေရသော လူနာတစ်ဦးနှင့် လျစ်လျူရှုခံထားရသော ကလေးငယ်တစ်ဦး။
ဆက်စပ်မှုမရှိသင့်သော ထိုနှစ်ဦးသည် သရဲခြောက်သည့်အိမ်များထဲတွင် ဘုံဘာသာစကားတစ်ခုကို တွေ့လိုက်ကြသည်။ ကောင်းမင်သည် သူအဘယ်ကြောင့် သရဲခြောက်တဲ့အိမ်တွေဟူသော စကားလုံးများကို ရုတ်တရက်ထုတ်ပြောမိသည်ကို နားမလည်နိုင်သေးပေ။ ကောင်လေး၏ ဘလော့တုံးအဆောက်အဦးတုံးများသည် အရောင်အသွေးစုံလင်ပြီး လှပနေသည်။
ကောင်လေးသည် ပထမဆုံးအကြိမ်အဖြစ် ကောင်းမင်ကို မော့ကြည့်လိုက်သည်။ သူသည် သူ၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ စိုးရိမ်မှုနှင့် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။
ကောင်လေးက သူ၏လက်သေးသေးလေးများဖြင့် အဝတ်စများကို ဆွဲပွတ်နေပြီး မဝံ့မရဲပြောလိုက်သည်။
“သားမိဘတွေ သားကိုမွေးတုန်းက သူတို့က အိမ်သေးသေးလေးမှာ ငှားနေခဲ့ကြတာ ၊ အဲဒီနေရာက မပြည့်စုံဘူးဆိုပေမဲ့ သူတို့က သားကို နွေးထွေးတဲ့အိမ်တစ်လုံး ပေးချင်ခဲ့ကြတယ် ၊ အဲဒါကြောင့် သားနာမည်မှာ ‘ဖန်’ ဆိုတဲ့ စကားလုံးပါနေတာ”
“ဒါက တစ်ခုတည်းသော အကြောင်းပြချက်လား”
ကောင်းမင် အံ့အားသင့်သွားသည်။
“သားက ဦးဦးမေးခွန်းကို ဖြေပြီးပြီဆိုတော့ အခု သားကို ပြန်ဖြေပေးလို့ရပြီလား”
ကောင်လေးသည် တရားမျှတမှုကို အလေးထားပြီး အလွန်ယဉ်ကျေးသည်။ သူသည် ကောင်းမင်၏ မေးခွန်းတစ်ခုကိုဖြေပြီးမှသာ ကောင်းမင်ကို မေးခွန်းတစ်ခု မေးဝံ့သည်။
“ဦးဦးက ဘယ်လိုလုပ်ပြီး… သားက လူသေတွေအတွက် အိမ်တွေဆောက်နေတယ်ဆိုတာ ပြောနိုင်တာလဲ”
ကောင်းမင်၏မျက်နှာပေါ်တွင် ကိုးရိုးကားရားနိုင်သော အပြုံးတစ်ခုဖြစ်သွားသည်။ နတ်ဘုရားသည်ပင် ထိုအဆောက်အဦဘလော့တုံးများမှာ သရဲခြောက်သည့်အိမ်များအတွက် အုတ်ခဲများဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်ပေ။
“ဘာလို့လဲဆိုတော့ ဦးလည်း တကယ်မသိဘူး ၊ ဦးပါးစပ် ဖွင့်လိုက်တော့ အဲဒီစကားလုံးတွေ ထွက်လာတာပဲ ၊ ဦးတို့ အရင်ကတွေ့ဖူးကြလား ၊ ဦးသတိမေ့နေတုန်းက ဦးပတ်ဝန်းကျင်မှာ အဲဒါနဲ့ပတ်သက်တာတစ်ခုခု သားပြောခဲ့ဖူးလား”
ကောင်းမင်သည် ကောင်လေးဆီမှ အသုံးဝင်သည့် သဲလွန်စတစ်ခုခု ရမည်ဟုမထင်ထားသော်လည်း အံ့အားသင့်စရာကောင်းစွာဖြင့် ကောင်လေးက အလေးအနက်ခေါင်းညိတ်ပြလိုက်သည်။
“သားအဖေက မကြာခဏ အလုပ်နောက်ကျတတ်တယ် ၊ အဲဒီညက အမေက အရမ်းနေမကောင်းဖြစ်နေတာ ၊ ဒါပေမဲ့ အမေက သားကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ရမှာ စိတ်ပူလို့ သားကို ဆေးရုံကို ခေါ်လာခဲ့တာ”
ကောင်လေး၏ စိတ်ခံစားမှု မှေးမှိန်သွားသည်။
“သားအမေနဲ့ သားက ဆရာဝန်ကိုစောင့်နေတုန်း အောက်ထပ်ကနေ ဆူဆူညံညံအသံတွေ ကြားလိုက်ရတယ် ၊ ဦးဦးကို ခွဲစိတ်ခန်းထဲ တွန်းသွားတာမြင်လိုက်ရတာက သားတို့ ပထမဆုံး တွေ့ဆုံတာပဲ ၊ အဲ့ဒါပြီး အမေဆေးရုံတက်နေတုန်း သား ကော်ရစ်ဒါမှာ မကြာခဏ တစ်ယောက်တည်း ကစားတယ် ၊ တစ်ခါတလေ ဦးဦးဘယ်အချိန် ပြန်နိုးလာမလဲဆိုပြီး ပြတင်းပေါက်မှီပြီး ဦးဦးကို ကြည့်နေခဲ့တယ်”
“သားလည်း ဦးလိုပဲ ဆေးရုံကို တစ်ရက်တည်းရောက်လာခဲ့တာလား”
သရဲခြောက်သည့်အိမ်များအပြင် ကောင်းမင်သည် အားဖန်နှင့်မျှဝေခံစားရသော နောက်ထပ် တူညီမှုတစ်ခုကို တွေ့လိုက်ရသည်။
ကြမ်းတမ်းသော လက်တစ်ဖက်က တံခါးကို ခေါက်လိုက်သည်။ တံခါးဝတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။ သူသည် မီးခိုးရောင်ဆွယ်တာအောက်တွင် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည် ပန်းချီကားတင်ခုံအသေးတစ်ခုကို သယ်ဆောင်လာခဲ့သည်။ သူသည် ကြင်နာတတ်ပြီး ခင်မင်ဖော်ရွေတတ်ပုံရသည်။ သူ့မျက်နှာပေါ်မှ အပြုံးသည် နေရောင်ခြည်ထက်ပင် နွေးထွေးနေသည်။
“ကောင်းမင်၊ မင်း နိုးလာပြီပေါ့”
ထိုအမျိုးသားသည် အလွန်ပျော်ရွှင်နေပုံရသည်။ သူ စကားပြောလိုက်တိုင်း သူ့မျက်လုံးများက မသိစိတ်မှ ကျဉ်းမြောင်းသွားသည်။
“ခင်ဗျား ဘယ်သူလဲ ၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား”
ကောင်းမင်သည် အတတ်နိုင်ဆုံး မှတ်မိနိုင်ရန် ကြိုးစားသော်လည်း ဤလူအား မှတ်မိခြင်းမရှိပေ။ ထိုအမျိုးသားသည် အထက်တန်းကျောင်း အနုပညာဆရာတစ်ဦးနှင့် တူနေသည်။
“ဒါက မင်း ငါနဲ့ ပထမဆုံး တွေ့ဖူးတာဖြစ်ပါလိမ့်မယ် ၊ ဒါပေမဲ့ ငါနဲ့ ကောင်လေးဖန်က မင်းကို တချိန်လုံး မြင်နေခဲ့ရတာလေ”
ထိုအမျိုးသားသည် ကောင်းမင်ထက် အသက်ကြီးသည်။ သူ့စကားပြောပုံသည် ဖြည်းဖြည်းညင်းညင်းဖြင့် သာယာနာပျော်ဖွယ်ဖြစ်သည်။
“ငါက မင်းရဲ့ အိမ်နီးချင်းပဲ ၊ ငါတို့က တစ်ရက်တည်း ဆေးရုံတက်ခဲ့ကြတာလေ ၊ ဒါပေမဲ့ ဒေါက်တာရွှမ်က ဒီမနက်တင်ပဲ ငါ့ကို နောက်ဆုံးစစ်ဆေးပေးပြီး ငါဒီနေ့ ဆေးရုံကနေ ဆင်းလို့ရပြီလို့ ပြောတယ်”
ထိုအမျိုးသားကို စိုက်ကြည့်နေရင်း ကောင်းမင်၏ရင်ထဲတွင် ဖော်ပြ၍မရသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
“ကျွန်တော်တို့က ဆေးရုံ တစ်ရက်တည်းတက်ခဲ့ကြတာလား”
“မင်းက သေခြင်းတရားနဲ့ပြိုင်ပြီး အရမ်းအလုပ်များနေခဲ့တာမို့ သဘာဝအားဖြင့် မင်းအဲဒါကို သိမှာ မဟုတ်ဘူး”
ထိုအမျိုးသားက အခန်းထဲဝင်ချလာသည်။
“ငါ့ရဲ့ဆေးရုံကဆင်းတဲ့လုပ်ငန်းစဉ်က ခုတင်ပဲ ပြီးသွားတာလေ ၊ မင်းကို ကြွေနေတဲ့ သူနာပြုမလေးဆီကနေ မင်း နိုးလာပြီလို့ ကြားလိုက်ရလို့ မင်းကို နှုတ်ဆက်မလို့ ဒီကိုလာခဲ့တာ”
“ခင်ဗျား ဘာလို့ ဆေးရုံတက်ခဲ့တာလဲ ၊ ခင်ဗျားမှာ ဒဏ်ရာအပြင်းအထန်ရှိနေပုံလည်း မပေါ်ပါဘူး”
ကောင်းမင်သည် ထိုလူအား ဗီဇအရ မယုံကြည်ခဲ့ပေ။ သူသည် အိပ်မက်ထဲတွင် သူ့ကို အရင်က မြင်ဖူးခဲ့ပုံရသော်လည်း ထိုအကြောင်း၏အမှတ်သညာများက ဝေဝါးနေသည်။
“ငါ ကိုယ့်ဘာသာ သတ်သေဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ဘူးလေ”
ထိုအမျိုးသားသည် အပြုံးလေးတစ်ခုကို ဖော်ပြလိုက်သည်။ နေရောင်ခြည်က သူ့မျက်နှာပေါ်သို့ ထိုးကျနေပြီး သူတော်စင်တစ်ပါးကဲ့သို့သော အရှိန်အဝါမျိုးကို ပေးစွမ်းနေသည်။ သူသည် သူ့လက်မောင်းပေါ်ရှိ ကြောက်စရာကောင်းသော ဒဏ်ရာများကို ဖော်ပြရန် အင်္ကျီလက်ရှည်များကို ခေါက်တင်လိုက်သည်။ ထိုအမျိုးသားသည် ယင်းကို စိတ်ထဲထားဟန်ပုံမရပေ။
“သတိထားစရာ မလိုပါဘူး ၊ ငါ အခု စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အပြည့်အဝ သက်သာသွားပြီလေ”
အားဖန်သည် တိတ်တဆိတ်ဖြင့် ထောင့်ဘက်သို့နောက်ဆုတ်သွားသည်။ ကောင်လေးသည် ကောင်းမင်အနား ချဉ်းကပ်ချင်ပုံမရသော်လည်း အခြားလူကိုတော့ ကြောက်ရွံ့နေသည်။
“ပြောရရင် အဲဒီညက အရမ်း အန္တရာယ်များခဲ့တာ ၊ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တယ် ၊ လူနာတင်ယာဉ်တွေက အလျင်အမြန် ပြေးလွှားနေခဲ့ကြတယ် ၊ အရေးပေါ်ခန်းထဲက ခြေသံတွေလည်း တစ်ခါမှ ရပ်မသွားခဲ့ဘူး။ ဆေးရုံရဲ့ သွေးလှူဘဏ်ထဲက အထောက်အပံ့ပစ္စည်းတွေ အများကြီး ဆုံးရှုံးသွားတယ်လို့ ငါကြားခဲ့ရတယ်”
ထိုအမျိုးသားက သူ့အင်္ကျီလက်ကို ပြန်ချလိုက်သည်။ သူ အလင်းထဲတွင် ရပ်လိုက်သည်။
“ကံကောင်းတာက ငါတို့ ကောင်းချီးပေးခံခဲ့ရတယ် ၊ လူတိုင်းက အရမ်းကံကောင်းကြတယ် ၊ အဲဒီညက အရေးပေါ်ခန်းကို ပို့လိုက်ရတဲ့ လူနာတွေအားလုံး အသက်ကယ်နိုင်ခဲ့တယ် ၊ သူတို့ထဲက လူအများကြီးဆေးရုံက ဆင်းသွားကြပြီ ၊ အခုဆို ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ်”
“ခင်ဗျား ဘယ်လိုလုပ် အဲဒါတွေ အကုန်မှတ်မိနေတာလဲ”
“ငါ ဘယ်လိုလုပ် မေ့နိုင်မှာလဲ ၊ ငါက အပျော့ဆုံး ဒဏ်ရာလေးပဲရခဲ့တာလေ ၊ ဒါပေမဲ့ ဆေးရုံက ငါ့ကိုယ်ငါ ထပ်ပြီး ထိခိုက်အောင်လုပ်မှာကြောက်လို့ ဆေးရုံက ဆင်းခွင့်မပြုချင်ကြဘူး”
အကြောင်းအရာများသည် သွေးထွက်သံယိုများဖြစ်သော်လည်း ထိုအမျိုးသားက နူးညံ့ညင်သာစွာ ပြောပြနေသည်။
“ဒီဆေးရုံမှာတက်နေတဲ့ ငါတို့အသုတ်ထဲမှာတော့ မင်းက နောက်ဆုံးဆင်းရမယ့်သူ ဖြစ်လိမ့်မယ်”
“နောက်ဆုံးလား”
“ဟုတ်တယ်”
ထိုအမျိုးသားသည် ပန်းချီကားတင်ခုံကို ကောင်းမင်၏အိပ်ရာဘေး စားပွဲပေါ် တင်လိုက်သည်။
“မင်း ငါ့ကိုမမှတ်မိဘူးဆိုပေမဲ့ ငါတို့ အိမ်နီးချင်းဖြစ်ခဲ့ကြတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ ထည့်သွင်းစဉ်းစားပြီး မင်းနိုးလာတဲ့အတွက် ဂုဏ်ပြုလက်ဆောင်တစ်ခု ပြင်ဆင်ထားခဲ့တယ်”
ကောင်းမင် ပန်းချီကားတင်ခုံဆီသို့ လှည့်လိုက်သည်။ ၎င်းသည် အလွန်စိတ္တဇဆန်သော ပန်းချီကားတစ်ချပ်ဖြစ်သည်။
မွေးနေ့ကိတ်တစ်ခုကို ထမင်းစားပွဲပေါ်တွင် တင်ထားသည်။ လူငယ်လေးတစ်ဦးသည် ဆုတောင်းရန် မျက်လုံးများ မှိတ်ထားသည်။ သူ့ပတ်ပတ်လည်တွင် အကူအညီမဲ့နေသည့် အမူအရာများရှိနေသော မကောင်းဆိုးဝါးများ ဝန်းရံနေကြသည်။ သူတို့ထဲမှ အချို့သည် လူသားပုံသဏ္ဍာန်ရှိပြီး အချို့မှာမူ လုံးဝ ပုံပျက်ပန်းပျက်ဖြစ်နေကြသည်။
“ဒါ ဘာကြီးလဲ”
ကောင်းမင် စိတ်ရှုပ်ထွေးသွားသည်။
ထိုအမျိုးသားက သူ့နဖူးကို ရိုက်လိုက်သည်။
“ငါ့ပန်းချီကားက အဲဒီလောက် ဆိုးသလားဟ ၊ ဒီကလေးက မင်းလေ ၊ မင်းက မင်းရဲ့ မွေးနေ့ပွဲကို ကျင်းပနေတာပဲ”
“ကျွန်တော့်ပတ်ဝန်းကျင်က အရာတွေကရော”
“သူတို့က မင်းမိသားစုတွေပဲ”
ထိုအမျိုးသားက စိတ်ရှည်စွာ ရှင်းပြသည်။
“မင်း ဒဏ်ရာအပြင်းအထန်ရနေပေမဲ့ ဘယ်သူမှ မင်းဆီလာလည်ကြတာမဟုတ်ဘူး ၊ မင်းကို ကူညီနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက မင်းရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးဖို့အတွက် အတိတ်က ဖြစ်ပျက်ခဲ့တာတွေကို အမှတ်ရအောင် မင်းရဲ့မိသားစုနဲ့ မိတ်ဆွေတွေကို ရှာတာပဲလို့ ဆရာဝန်ကပြောခဲ့တယ်လေ”
“ဒါက ခင်ဗျားရဲ့ပန်းချီကားနဲ့ ဘယ်လိုပတ်သက်နေလို့လဲ ၊ ကျွန်တော့်ရဲ့မိသားစုက သူတို့မျက်နှာတွေပေါ်မှာ ပါးစပ်ပေါက်သုံးခုရှိနေတာတော့ မဖြစ်နိုင်ဘူးမလား”
ကောင်းမင်သည် ထိုပန်းချီကားကို စိုက်ကြည့်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူ၏ဦးနှောက်သည် ပိုမိုအသက်ဝင်လာသည်ဟု ခံစားရသည်။
“အကောင်းဆုံးနည်းလမ်းက မင်းဦးနှောက်ကို လှုံ့ဆော်ပေးဖို့လို့ ဆရာဝန်က မပြောခဲ့ဘူးလား”
ထိုအမျိုးသား ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
“ငါက မင်းရဲ့အိမ်နီးချင်းပဲ ၊ သူနာပြုမလေးက မနက်ပိုင်းမှာ မင်းကို မင်းရဲ့အတိတ်အကြောင်းတွေ ပြောပြတယ် ၊ ညရောက်လို့ သူနာပြုမလေး ထွက်သွားပြီးနောက်မှာ ငါအိပ်မပျော်ဘူး ၊ ငါ တစ်ခါတလေ မင်းဆီလာပြီး ငါ့ရဲ့ နာကျင်စရာ အတိတ်အကြောင်းကို ပြောပြလေ့ရှိတယ် ၊ တစ်ခါတလေကျတော့လည်း မင်းကို သရဲပုံပြင်လေးတွေနဲ့ ပြုစုပေးတယ်လေ”
အားဖန်ပင်လျှင် ထိုအမျိုးသားမှာ တစ်ခုခုမှားနေပြီဟု တွေးထင်နေခဲ့သည်။
“ငါလုပ်သမျှ အားလုံးက မင်းကို ပြန်ကောင်းလာဖို့ ကူညီပေးဖို့ပါပဲ”