လူနာများ
Vol. 31 Ch. 464
နေဝင်ချိန်သည် မီးတောက်ကဲ့သို့ လောင်ကျွမ်းနေသည်။ နေမင်းသည် နောက်ဆုံးရောင်ခြည်တန်းကို ထွန်းလင်းနေသည်။ ကောင်းမင် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူ နေဝင်သည်ကို မမြင်ခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ သူ့မှတ်ဉာဏ်ထဲတွင် ကောင်းကင်သည် အမြဲတမ်း မှောင်မည်းသော တိမ်များဖြင့် ပြည့်နှက်နေခဲ့သည်။ ကောင်းကင်ကြီး မှောင်သွားပြီးနောက် လင်လင်သည် သက်သေခံပြေစာတစ်စောင်နှင့် အနက်ရောင်ကျောပိုးအိတ်တစ်လုံးဖြင့် ပြန်ရောက်လာသည်။
“လုံခြုံရေးဌာနက လူတွေက ရှင့်လိုလူနာတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ အဲဒီကိုသွားပြီး ရှင့်ပစ္စည်းတွေကို ပြန်ယူဖို့ အခိုင်အမာတောင်းဆိုနေခဲ့တယ်တဲ့ ၊ ကျွန်မ ရှင့်အတွက် သူတို့ကို ဆူခဲ့သေးတယ်”
ကောင်းမင်သည် အိတ်ကို စိတ်အားထက်သန်စွာ လက်ခံယူလိုက်ပြီး အတွင်းထဲက ပစ္စည်းများကို ထုတ်လိုက်သည်။ ပြုပြင်ထားပြီးသား လက်ပ်တော့ပ်တစ်လုံးနှင့် ဈေးပေါသည့် အနက်ရောင်ဖုန်းတစ်လုံးရှိသည်။ သူ လက်ပ်တော့ပ်ကို ဖွင့်လိုက်သည်။ ၎င်းတွင် သင်ကြားရေး သင်ခန်းစာများ ၊ အလုပ်အချက်အလက်များဖြင့် ပြည့်နှက်နေသည်။ သူသည် အလွန် တာဝန်ယူတတ်သော ဆရာတစ်ဦးဖြစ်ခဲ့သည်။
“ငါက သုံးနှစ်တိုင်တိုင် အကောင်းဆုံးဆရာအဖြစ် မဲပေးခံခဲ့ရတယ် ၊ ငါက ကျောင်းရဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာ ဝန်ထမ်းတွေကို ကိုယ်စားပြုပြီး မိန့်ခွန်းပြောခဲ့ဖူးတယ်…”
လက်ပ်တော့ပ်ပေါ်တွင် ဖိုင်များစွာ ရှိသည်။ ကောင်းမင် ၎င်းတို့ထဲ နစ်မြုပ်သွားသည်။ သူသည် သူ့အကြောင်း ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် ဆောင်းပါးများကို လေ့လာခဲ့သော်လည်း ၎င်းတို့နှင့် ပတ်သက်မှုကို သူမခံစားရပေ။ သို့သော်လည်း တခဏကြာပြီးနောက် သူ့တွင် ၎င်းတို့ကို ဆန့်ကျင်သည့် ခံစားချက်မျိုးမရှိတော့ပေ။
“ဒါက တကယ်ပဲ ငါလား”
“အချိန်ယူလိုက်ပါဦး ၊ ကျွန်မ အလုပ်သွားလုပ်လိုက်ဦးမယ်နော်၊ ပြီးရင် ပြန်လာခဲ့မယ်”
သူနာပြုမလေးသည် ကောင်းမင်ကို အနှောင့်အယှက်မပေးပေ။ သို့သော်လည်း သူမသည် သူ့အား သနားစိတ်ဖြင့် ကြည့်နေလေသည်။ မှတ်ဉာဏ်ပျောက်ဆုံးခြင်းသည် နာကျင်စရာကိစ္စတစ်ခု ဖြစ်သည်။ တံခါးကို ညင်သာစွာ ပိတ်သွားသည်။ လက်ပ်တော့ပ်၏အေးစက်သော စခရင်အလင်းရောင်က သူ့မျက်နှာပေါ် ထိုးကျနေသည်။
“ဒါတွေအားလုံးအပေါ် ငါဘာမှ မှတ်မိတာမရှိဘူး”
အားဖန်က ဘလော့တုံးများကို ဆက်လက်ကစားနေစဉ် ကောင်းမင်သည်လည်း ကီးများကို တဖျောက်ဖျောက်နှိပ်နေခဲ့သည်။ သူသည် သူ့ကိုယ်ပိုင်အတိတ်ကို မြင်တွေ့နေရသော်လည်း ယင်းအဖြေသည် သူလိုချင်သောအရာမဟုတ်ပေ။လက်တွေ့ဘဝထက်စာလျှင် အိမ်မက်ဆိုးထဲမှ အတွေ့အကြုံက ပိုမိုလက်တွေ့ဆန်ပေသည်။
မည်သည့်ရလဒ်မှမရှိဘဲ ကောင်းမင်သည် ဖုန်းဘက်သို့ လှည့်လိုက်သည်။ လက်ဗွေရာဖြင့် လော့ခ်ဖွင့်လိုက်သည်။ ဖုန်းနောက်ခံပုံသည် ဓာတ်ပုံတစ်ပုံ ဖြစ်သည်။ သူနှင့်အမျိုးသမီးတစ်ဦးသည် နှင်းတောထဲတွင် ရင်းရင်းနှီးနှီး ရပ်နေကြသည်။ စကားပြောမှတ်တမ်းများမှတစ်ဆင့် ကောင်းမင်သည် မိန်းကလေး၏နာမည်မှာ လျိုယီဖြစ်ကြောင်း သိရှိခဲ့သည်။
“ငါဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီး မိသားစုမရှိဘူးလို့ ဆေးရုံကပြောတယ် ၊ ဒါကြောင့် သူတို့က ငါ့ကို ပြုစုစောင့်ရှောက်ဖို့ သူနာပြုကို လွှတ်ခဲ့တာပဲ ၊ ဒါပေမဲ့ ငါ့မှာ ငါ့ကိုချစ်တဲ့ ချစ်သူတစ်ယောက် ရှိတယ်မဟုတ်ဘူးလား ၊ ဆေးရုံက ငါ့အတွက်အကောင်းဆုံးကို တကယ်လိုချင်ခဲ့ရင် လျိုယီကို နေ့တိုင်း လာတွေ့ခွင့်ပြုသင့်တယ် ၊ ဒါပေမဲ့ သူနာပြုမလေးက ဆေးရုံအကြီးအကဲတွေက လျိုယီကို ငါ့အနား မကပ်အောင် တမင်တားဆီးထားတယ်လို့ ပြောခဲ့တယ် ၊ ဘာလို့လဲ”
ကောင်းမင်သည် အရေးကြီးသောတစ်ခုခုကို လွဲချော်သွားသည်ဟု ခံစားရသည်။
ည ၉ နာရီတွင် သူနာပြုမလေးသည် အားဖန်အား ခေါ်ဆောင်သွားသဖြင့် ကောင်းမင် တစ်ယောက်တည်း ကျန်နေရစ်ခဲ့သည်။ သူ အိပ်ရာထဲ လဲလျောင်းနေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေ၏။အမှောင်ထုထဲတွင် တစ်စုံတစ်ခု ပုန်းအောင်းနေပုံရသည်။ သူ ရုတ်တရက် ကြောက်ရွံ့လာတော့သည်။ ယင်းသည် ရှရန်၏သရဲပုံပြင်များ၏ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ကောင်းမင်၏စိတ်သည် ထူးဆန်းသောနေရာများဆီသို့ လွင့်မျောနေခဲ့သည်။ သူ လှည့်လိုက်နှင့် သူ့နောက်တွင်တစ်စုံတစ်ယောက်ရှိနေသည်ဟု ခံစားရသည်။ သူ မျက်လုံးများ မှိတ်လိုက်သည်နှင့် မျက်နှာကျက်မှ သူ့အားစိုက်ကြည့်နေသော မျက်လုံးတစ်စုံကို ခံစားရသည်။
သန်းခေါင်ကျော်ပြီ ဖြစ်သော်လည်း ကောင်းမင်အိပ်မပျော်နိုင်ပေ။ ကော်ရစ်ဒါရှိ မီးသီးများကို ပိတ်သတ်ထားသည်။ မှန်ပေါ်တွင် လက်သည်းဖြင့်ကုတ်ခြစ်သံကို ကြားလိုက်ရသောအခါ သူသည် သူ့ချစ်သူနှင့်ပို့ထားသော မက်ဆေ့ချ်များကိုစစ်ဆေးရန် သူ့ဖုန်းကို ကောက်ယူလိုက်သည်။ ကောင်းမင်သည် ပြတင်းပေါက်သို့ လှည့်လိုက်မိပြီး မှန်ပေါ်တွင် လူတစ်ဦး၏မျက်နှာကို မြင်လိုက်ရသောအခါ သေလုနီးပါးဖြစ်သွားသည်။
တံခါးသည် တိတ်တဆိတ်ပွင့်လာ၏။ ထိုအမျိုးသားသည် တွန့်ကြေနေသော လူနာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ကောင်းမင်အား အဖိုးတန်ကျောက်မျက်ရတနာတစ်ခုကဲ့သို့ စိုက်ကြည့်နေလေသည်။
“မင်း ထွက်ပြေးနိုင်ခဲ့တယ်”
ပထမဆုံးဝါကျသည် ကောင်းမင်အား မျက်မှောင်ကြုတ်သွားစေသည်။ နောက်ဆုံးတွင် သူ တုံ့ပြန်လိုက်သည်။
“ကျွန်တော်တို့ အရင်က တွေ့ဖူးလား”
“၇၀၀၃”
“ဒါ ဘာလဲ”
“ငါ မင်းအတွက် မြေပုံတစ်ခု ထားခဲ့တယ်လေ” လူနာသည် စိတ်ဝင်တစား ဖြစ်နေသည်။
“မင်း မေးခွန်းအမှတ်အသားကို မှတ်မိလား”
ကောင်းမင်၏ခေါင်းတွင် မေးခွန်းအမှတ်အသားများ ပြည့်နှက်သွားသည်။ ထိုလူ ဘာပြောနေမှန်း သူ မသိချေ။
“မင်း ဒီဆေးရုံကနေ တတ်နိုင်သမျှ အမြန်ဆုံးထွက်သွားလိုက်ပါ ၊ နောက်ဆုံးကုသမှုမှာ ပါဝင်ခဲ့တဲ့ လူနာ ၁၃ယောက်ထဲမှာ မင်းနဲ့အဲဒီကလေးပဲ ဒီမှာနေနေဖို့အထိ တုံးအနေကြတုန်းပဲ”
ထိုလူက ကောင်းမင်၏လက်ပ်တော့ပ်နှင့် ဖုန်းကို လက်ညှိုးထိုးပြသည်။
“အဲဒါတွေကို မယုံပါနဲ့”
“ခင်ဗျား ဘာတွေပြောနေတာလဲ ၊ ဒီကုသမှုအသစ်ဆိုတာ ဘာကြီးလဲ”
ကောင်းမင်သည် ထိုအကြောင်းကို ဘာတစ်ခုမှ မမှတ်မိပေ။ သို့သော်လည်း ၁၃ သည် သူ့အတွက် အလွန်ထူးခြားသော နံပါတ်တစ်ခုဖြစ်သည်။ ၎င်းကို ပြောလိုက်သောအခါ သူ့ဦးနှောက်က လှုံ့ဆော်ခံလိုက်ရသည်။
“ငါ အတတ်နိုင်ဆုံး ရှင်းအောင်ပြောပြခဲ့ပြီးပြီ ၊ မင်းရယ် ၊ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးတဲ့ ပန်းချီဆရာရယ် နဲ့ သူ့အမေကိုစောင့်နေတဲ့ ကောင်လေး၊ မင်းတို့ သုံးယောက်လုံး နောက်ဆုံးပေါ် ကုသမှုကို ခံခဲ့ကြတယ် ၊ မင်းတို့ သုံးယောက်ကြားက တူညီချက်ကို ရှာဖွေကြည့်ပါ၊ ဒါဆိုရင် အဲဒီကုသမှုက ဘာလဲဆိုတာ မင်းနားလည်လာလိမ့်မယ်”
လူနာက သက်ပြင်းချလိုက်သည်။
“မင်း ဒီလိုဖြစ်လာတာ ကုသမှုကြောင့်ပဲ ၊ မင်း နိုးနေပြီဆိုရင် ဒီဆေးရုံကနေ ထွက်သွားလိုက်ပါ ၊ ဘာအားနည်းချက်မှ မပြပါနဲ့ ၊ သူတို့ သံသယ မဝင်စေနဲ့”
နာရီက ချက်ခနဲ မြည်သည်။ လူနာသည် ကောင်းမင်အား ထူးဆန်းစွာ ပြုံးပြလိုက်သည်။ ထို့နောက် သူသည် စုတ်ပြဲနေသောမြို့မြေပုံတစ်ခုကို သူ့ထံ ပစ်ချလိုက်သည်။
“မင်း ဘာတွေ့လဲ”
မြေပုံသည် အကြိမ်ပေါင်းများစွာ ခေါက်ခံထားရသည်။ ရှင်းလုနှင့်ကျို့ကျန်းအနီးရှိ ပင်လယ်ကို အနီရောင်ဖြင့် ဝိုင်းထားသည်။
“မင်း ဒီအကြောင်းကို မေ့သွားတာလား”
လူနာက မျက်မှောင်ကြုတ်သွားသည်။
“မင်းရဲ့အခြေအနေက ဘာလို့ ဒီလောက်ထိ ပြင်းထန်နေတာလဲ ၊ တစ်ခုခုတော့ မှားနေပြီ ၊ ငါ သွားရတော့မယ် ၊ ဒါက အရမ်းကြောက်စရာကောင်းတာပဲ”
လူနာသည် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေပုံရသည်။ သူ ညည်းညူလိုက်ပြီး မြေပုံကို မယူဘဲ ထွက်သွားလေသည်။ သူသည် ကော်ရစ်ဒါလမ်းအတိုင်း ပျောက်ကွယ်သွားသည်။
“နောက်ဆုံးပေါ် ကုသမှု…”
နေ့သစ် ရောက်ရှိလာသည်။ ကောင်းမင် အများကြီး ပြန်ကောင်းလာပြီဖြစ်သည်။ သို့သော်လည်း သူ၏ဦးနှောက်မှာ ထုံထိုင်းနေသေးသည်။ ထူးဆန်းသောလူနာ၏ လာရောက်မှုကြောင့် သူသည် ဆေးရုံတွင် ကောင်းမွန်စွာ မနေနိုင်ခဲ့ပေ။ သူ လူတိုင်းကို သံသယဝင်နေမိသည်။
နောက်ထပ် ရက်အနည်းငယ်အနားယူပြီးနောက် ဒေါက်တာရွှမ်က ကောင်းမင်အား ဆေးရုံမှဆင်းခွင့် ပြုလိုက်သည်။ သူသည် ဆေးရုံအား ကျောင်း သို့မဟုတ် သူငယ်ချင်းများကို အကြောင်းမကြားခိုင်းခဲ့ပေ။ သူတို့ မီဒီယာကို ပြောပြသည်ကို သူမလိုချင်ပေ။ သူ့ပစ္စည်းများကို ထုပ်ပိုးလိုက်ပြီး တိတ်တဆိတ်ထွက်ခွာသွားသည်။ ညနေ ၆ နာရီတွင် ကောင်းမင်သည် အနီးဆုံး မြေအောက်ရထားဘူတာသို့ တက္ကစီဖြင့်သွား၍ မြို့ပတ်ရထားစီးလိုက်သည်။
ကောင်းမင် မြေအောက်ရထားဘူတာမှ ထွက်လာသောအခါ မိုးမျှော်တိုက်ကြီးများ ပျောက်ကွယ်သွားသည်။ သူ၏မျက်စိထဲတွင် မှောင်မိုက်နေသော ပြတင်းပေါက်များနှင့် အိမ်အိုအိမ်ဟောင်းများသာ ကျန်ရှိနေသည်။
ရှင်းလုမြောက်ပိုင်းမြို့ဟောင်းသည် ရှင်းလု၏အဆင်းရဲဆုံးနှင့် အရှုပ်ထွေးဆုံး ခရိုင်ဖြစ်သည်။
ကွန်ကရစ်အဆောက်အဦများကို တရားမဝင် ဆောက်လုပ်ထားကြသည်။ အောက်ထပ်ရှိ လူများသည် တစ်နှစ်ပတ်လုံး နေရောင်ခြည်ကို လုံးဝမရကြပေ။
ကောင်းမင်သည် ကျဉ်းမြောင်းသော လမ်းကြားလေးတစ်ခုအတိုင်း လျှောက်သွားလိုက်သည်။ ရေဆိုးများက လမ်းပေါ်သို့ စီးကျနေလေသည်။ အနံ့အသက်က အသက်ရှူရခက်ခဲသည်။ အော်ဟစ်သံများနှင့် ဆဲဆိုသံများက သူ့နားများပတ်ပတ်လည်တွင် ဝန်းရံနေလေသည်။
ကောင်းမင် မော့ကြည့်လိုက်သည်။ ကောင်းကင်သည် လျှပ်စစ်ဝါယာကြိုးများ ၊ အဝတ်လှန်းကြိုးများဖြင့် ပိုင်းဖြတ်ခံထားသည်။ ကောင်းမင် လကို မမြင်ရပေ။ သူသည် ရုပ်ဆိုးအကျည်းတန်မှု၊ မွန်းကြပ်မှုနှင့် ဝမ်းနည်းမှုတို့ကိုသာ တွေ့ရသည်။
ကောင်းမင်သည် သွားဆေးခန်းတစ်ခု ဖြတ်လျှောက်သွားပြီးနောက် မှောင်မဲနေသော လှေကားထစ်ထဲသို့ ဝင်ရောက်သွားသည်။ သူသည် လီကျင်းအိမ်ရာ၊ တိုက်အမှတ် ၃၊ အခန်း ၄၀၁ ရှေ့တွင် ရပ်တန့်လိုက်သည်။ ကောင်းမင် သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ၏အိုင်ဒီအရ ၎င်းသည် သူ့အိမ် ဖြစ်သည်။