← Chapters

အခန်း (၁၃၅)

Vol. 12 Ch. 135

အခန်း (၁၃၅)

Vol. 12 Ch. 135

မိနစ် ၂၀ ခန့်အကြာတွင် စားပွဲပေါ်ရှိ ဖုန်းမြည်လာခဲ့သည်။ စုချန်းကျုံး ကိုင်လိုက်သော်လည်း တစ်ဖက်မှ ဖြေသူမှာ ချွေးမဖြစ်နေသည်။

သူ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "မင်း ယောက်ျား ဘယ်သွားလဲ"

တစ်ဖက်မှ စုကော၏ ဇနီးသည်မှာ မောဟိုက်နေပြီး ယောက္ခမဖြစ်သူထံမှ ဖုန်းလာသဖြင့် တစ်ခုခုဖြစ်သည်ဟု ထင်မှတ်ကာ အလျင်အမြန် ပြန်ဖြေလိုက်သည်။

"သူ ရေချိုးခန်းသွားတယ် အဖေ။ အိမ်မှာ ဘာကိစ္စရှိလို့လဲ"

စုချန်းကျုံးက သိသိသာသာ စိတ်ဆိုးသွားပြီး ပြန်ပြောလိုက်သည်။ "အိမ်မှာ ဘာကိစ္စရှိရမှာလဲ။ ငါနဲ့ နင့်အမေ နေကောင်းပါတယ်။ ကောဇီလည်း နေကောင်းတယ်။ မနက်စောစောစီးစီး သူက ဘာကိစ္စ ရေချိုးခန်းသွားရတာလဲ။ ကြီးကျယ်နေပြန်ပြီ"

လူအများစုအတွက် မယုံနိုင်စရာဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုခေတ်အခါက လူများသည် အအေးမိမည်ကို ကြောက်ကြသလို ထင်းကိုလည်း ချွေတာချင်ကြသည်။ လူအများစုသည် တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်သစ်ကူးမတိုင်မီ တစ်ရက်အလိုတွင်သာ ရေနွေးဖြင့် ရေချိုးနိုင်ကြသည်။ ကျန်အချိန်များတွင်မူ... ထိုကဲ့သို့ ဇိမ်ခံနိုင်သော အခြေအနေမျိုး မရှိပေ။

စုကော၏ ဇနီးသည်မှာ ယောက္ခမဖြစ်သူ၏ စကားကြောင့် ခေတ္တမျှ စကားစပိတ်သွားသည်။ ကလေးဆန်သော လူကြီးတစ်ယောက်နှင့် ငြင်းခုံနေ၍ အပိုပဲဟု သူမ တွေးလိုက်သည်။

ထို့ကြောင့် သူမက ရှင်းပြလိုက်သည်။ "သယ်ယူပို့ဆောင်ရေးအဖွဲ့က အခုလေးတင် ပြန်ရောက်တာဆိုတော့ သူက ပေရေနေလို့လေ။ ရေချိုးလိုက်ရင် သူ့စိတ်နည်းနည်း ကြည်သွားမလားလို့ပါ"

စုချန်းကျုံးသည် စီးကရက်ကို တစ်ဖွာရှိုက်လိုက်ပြီး သားဖြစ်သူကို အနည်းငယ် သနားသွားမိသည်။ ပြင်ပလူများက သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့တွင် အလုပ်လုပ်ရသည်မှာ ကောင်းသည်ဟု ထင်ကြသော်လည်း မိသားစုဝင်များသာလျှင် အခက်အခဲကို အမှန်တကယ် နားလည်ကြသည်။ တစ်ခါတစ်ရံ ကုန်ပစ္စည်းများ အလျင်အမြန်ပို့ရသဖြင့် တစ်ရက်၊နှစ်ရက်မျှ အိပ်ချိန်မရှိသည်မှာ ပုံမှန်လိုပင် ဖြစ်သည်။ ထိုအရာက အဆိုးဆုံးမဟုတ်သေး၊ တစ်ခါတစ်ရံ လမ်းပြကြီး ဓားပြများနှင့်ပင် ကြုံရတတ်သည်။ လုံးဝ လွယ်ကူသော အလုပ်မဟုတ်ပေ။

သို့သော်လည်း သူသည် နူးညံ့သောစကားများကို ပြောဆိုရန် မဖြစ်နိုင်သဖြင့် စုချန်းကျုန်းသည် ဖုန်းခေါ်ရသည့် ရည်ရွယ်ချက်ကို အမြန်ရှင်းပြလိုက်ပြီး အငယ်ကောင်များကိုပါ သတင်းစကားပါးလိုက်ရန် ချွေးမကြီးကို မှာကြားလိုက်သည်။

မှာကြားပြီးသည်နှင့် စုချန်းကျုံးသည် တစ်ဖက်မှ ချွေးမဖြစ်သူ၏ မမျှော်လင့်ထားသော သတင်းအပေါ် တုံ့ပြန်မှုကို မစောင့်တော့ပေ။ "ဒေါက်" ခနဲမြည်အောင် ဖုန်းချလိုက်တော့သည်။ ဘာပဲပြောပြော ဒီခေတ်မှာ ဖုန်းပြောခတွေက ဈေးကြီးသည်လေ။ သူက အတွင်းရေးမှူးဟောင်း ဖြစ်နေသည့်တိုင် ဖုန်းခေါ်ခြင်း၊ ဖုန်းလက်ခံခြင်းတို့အတွက် ပိုက်ဆံကုန်ကျသည်သာ ဖြစ်သည်။

သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့မှ ဖုန်းကိုင်သော အဒေါ်ကြီးက စုကော၏ ဇနီးသည် ကြောင်အမ်းအမ်းဖြစ်နေသည်ကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ စုကောရဲ့ မိန်းမ။ နင် ကြောင်နေပါလား။ အိမ်မှာ တစ်ခုခုဖြစ်လို့လား"

ဒါပေမဲ့ သူမစိတ်ထဲမှာတော့ တကယ်ပဲ တစ်ခုခုဖြစ်လို့လားဟု တွေးနေမိသည်။

စုကော၏ ဇနီးသည်မှာ နောက်ဆုံးမှ သတိပြန်ဝင်လာသည်။ ဖုန်းချပြီးနောက် သူမက ပြုံးလျက် မေးလိုက်သည်။

"အဆင်ပြေရဲ့လား။ ဘယ်လောက်ကျလဲ"

အဒေါ်ကြီးက ပြောလိုက်သည်။ "ခြောက်မောက်( မောက် - ယွမ် မတိုင်ခင် ရှေးခေတ်က သုံးခဲ့တဲ့ ပိုက်ဆံ ယူနစ်ပါ။ မြန်မာပြည်က မတ်လိုမျိုး) ကျတယ်။ အဆင်ပြေတယ် မဟုတ်လား။ နင့်မျက်နှာထား တစ်မျိုးဖြစ်သွားသလိုပဲ"

စုကော၏ ဇနီးသည်က ပြောလိုက်ပြီး ရွှင်လန်းသော မျက်နှာထားဖြင့် အိမ်သို့ပြေးတော့သည်။

"တကယ် အဆင်ပြေပါတယ်။ ဒီမှာ ခြောက်မောက် ကောင်တာပေါ် တင်ထားလိုက်မယ်နော်။ ကျွန်မ ပြန်လိုက်ဦးမယ်"

ဒုတိယ၊ တတိယနှင့် စတုတ္ထသားတို့ကို အကြောင်းကြားရန်အတွက် အိမ်တွင်ရှိသော ပြဿနာရှာတတ်သည့် ကောင်လေးများကို လွှတ်ပြီး သတင်းပို့ခိုင်းလိုက်သည်။ ဖုန်းသုံးခါဆက်မည့်အစား ဝက်သား နှစ်ပေါင်လောက် သက်သာသွားမည်လေ။

မနက် ၁၀ နာရီဝန်းကျင်တွင် စက်ဘီးကိုယ်စီဖြင့် စု မိသားစုမှ ညီအစ်ကို လေးယောက် အိမ်သို့ အလျင်အမြန် ပြန်ရောက်လာကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က စုချန်းကျုံး၏ ဒုတိယနှင့် စတုတ္ထသားတို့သည် အဆက်အသွယ်များသုံးပြီး မြို့နယ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ယခုအခါ ညီအစ်ကိုလေးယောက်စလုံး ထိုနေရာတွင် အခြေချနေထိုင်ကြပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်ကြပြီ ဖြစ်သည်။

အပြန်ခရီးမှာ မိုင် ၄၀ ခန့် ကွာဝေးပြီး အပူချိန်မှာ အနှုတ် ၂၀ ဒီဂရီအောက် ရောက်နေသော်လည်း သူတို့ရောက်လာချိန်တွင် အားလုံး ချွေးများ ရွှဲနေကြသည်။ နွေးထွေးသော အခန်းထဲသို့ ဝင်ပြီး အပေါ်ထပ်အင်္ကျီများကို ချွတ်လိုက်မှသာ အအေးဓာတ် လျော့ပါးသွားသလို ခံစားလိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်က ဝမ်ကွေ့ကျစ် ပေးသော ရေခဲသစ်တော်သီးကို ကိုက်စားလိုက်သည်။ သစ်သီး၏ အေးမြမှုကြောင့် သူတို့ သက်သာရာရသွားပြီး ထိုအခါကျမှသာ အဖေဖြစ်သူအား ကိစ္စရပ်၏ အသေးစိတ်ကို စတင်မေးမြန်းကြတော့သည်။

နောက်ဆုံးတွင် သူတို့သည် စုရှီကို ဖုန်းဆက်ပြီး လူ ၂၀ ကျော် လာမည်ဆိုလျှင် ဝန်ထုပ်ဝန်ပိုး ဖြစ်မဖြစ် အတည်ပြုကြသည်။ ထို့နောက် ညီအစ်ကိုလေးယောက်စလုံး ပြတ်ပြတ်သားသား သဘောတူလိုက်ကြသည် - အားလုံးလိုက်သွားကြမည်။

ဒါက ကလေးတွေရဲ့ ဗဟုသုတကို ချဲ့ထွင်ပေးဖို့ အခွင့်အရေးကောင်း တစ်ခုပင်။ ဘာပဲဖြစ်ဖြစ် J မြို့ ဆိုတာ လူအတော်များများ တစ်သက်လုံး မရောက်ဖူးနိုင်တဲ့ နေရာမျိုးလေ။

ယခု သူတို့ညီမလေးက ထိုနေရာတွင် အခြေချနေပြီဆိုတော့ အစ်ကိုကြီးတွေဖြစ်တဲ့ သူတို့အတွက်လည်း မျက်နှာပွင့်စရာပင်။

ခရီးစရိတ် မနည်းသော်လည်း သူတို့ သွားစေ့ကိုကြိတ်ပြီး အကုန်အကျခံလိုက်ကြသည်။

စုရှီသည် ယောက္ခမဖြစ်သူမှတစ်ဆင့် ရထားလက်မှတ်များကို စီစဉ်ပေးခဲ့သည်။ သို့သော် နှစ်သစ်ကူးကာလတွင် နေရာကျပ်သဖြင့် အိပ်စင်များချည်း ရရန် မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် ရှဲ့ပေါ်၏ ပုဂ္ဂိုလ်ရေးအရ ကူညီမှုကြောင့် စုချန်းကျုံး၊ ဝမ်ကွေ့ကျစ်နှင့် ညီအစ်ကိုလေးယောက်၊ သူတို့၏ ဇနီးသည်များသာ အိပ်စင် ရရှိခဲ့သည်။ လူငယ်ပိုင်းများကမူ ရိုးရိုးခုံဖြင့်သာ လိုက်ပါခဲ့ရသည်။

ကံကောင်းသည်မှာ ခရီးစဉ်သည် နှစ်ရက်ခွဲခန့်သာ ကြာမြင့်ခြင်းဖြစ်သည်။ သို့မဟုတ်ပါက အတော်ပင် ပင်ပန်းပေလိမ့်မည်။

ရထားဆိုက်ရောက်သောအခါ ဝမ်ကွေ့ကျစ်ကို ချွေးမများက တွဲ၍ ခေါ်ဆင်းလာကြသည်။ ဤအချိန်တွင် ရထားပေါ်စတက်တုန်းက သူမမျက်နှာတွင် ရှိခဲ့သော စိတ်လှုပ်ရှားမှုများ မရှိတော့ပေ။ အိပ်စင်ဖြင့် လိုက်ပါလာသော်လည်း ပင်ပန်းနွမ်းနယ်နေပြီး သူမ၏ ခင်ပွန်းနောက်သို့ လိုက်နေစဉ်တွင် အနည်းငယ် မျက်စိလည်လမ်းမှား ဖြစ်နေသည်။

သူမသည် လူရှုပ်နေသော ထွက်ပေါက်ကိုကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။"အဘိုးကြီးရေ... ငါတို့ ရှီရှီ အိမ်ကို ဘယ်လိုသွားကြမလဲ"

စုချန်းကျုံးကိုလည်း သားဖြစ်သူက တွဲထားရသည်။ သူကသာ နုပျိုသေးသည်ဟု အမြဲပြောနေသော်လည်း ဒီအချိန်မှာတော့ သူအိုမင်းလာပြီဖြစ်ကြောင်း ဝန်ခံရပေမည်။ ရထားပေါ်တွင် နှစ်ရက် သုံးရက်လောက် စီးလိုက်ရုံဖြင့် သူနွမ်းနယ်နေပြီ ဖြစ်သည်။

ဇနီးသည်၏ လေသံတွင် အားကိုးရာမဲ့ဖြစ်နေမှုကို ကြားလိုက်ရသဖြင့် သူမသည် ရင်းနှီးသော ပတ်ဝန်းကျင်တွင် ရဲရင့်သော်လည်း စိမ်းသက်သော နေရာများတွင် အလွယ်တကူ လမ်းပျောက်တတ်မှန်း သူသိလိုက်သည်။

"ရှီရှီ ပြောတော့ ခမည်းခမက်တွေက ငါတို့ကို လာကြိုမယ်တဲ့"

သူပြောပြီးသည်နှင့် စုအန်းသည် အရပ်ရှည်ရှည် လူတစ်ယောက်က သူတို့ကို လက်ပြနေသည်ကို တွေ့လိုက်ရသည်။ သူသည် အနီးကပ်ကြည့်လိုက်သောအခါ ထိုသူကို မှတ်မိသွားသည်။

"ဟိုမှာ ကြည့်စမ်း... အဲဒါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ရှီရှီ မင်္ဂလာဆောင်တုန်းက လိုက်ပို့ပေးတဲ့ လူငယ်လေးပဲ"

ထိုလူကို မှတ်မိသွားသဖြင့် စုအန်းသည် ကျန်းကျွင့်ကို အလိုအလျောက် ပြန်လည်လက်ပြလိုက်ပြီး ဖခင်ဖြစ်သူဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် လှည့်ပြောလိုက်သည်။

"အဖေ... ကျွန်တော် ကျန်းကျွင့်ကို တွေ့တယ်။ သူ ကျွန်တော်တို့ကို လက်ပြနေတယ်။ ကျွန်တော်တို့ကို လာကြိုတာ ဖြစ်ရမယ်"

ဒီအချိန်တွင် စုချန်းကျုံးလည်း သူ့ကို မြင်သွားသည်။ ရင်းနှီးသူတစ်ယောက်ကို မြင်လိုက်ရသဖြင့် ဤစိမ်းသက်သော ပတ်ဝန်းကျင်တွင် စိုးရိမ်စိတ် အနည်းငယ် လျော့ပါးသွားကြသည်။

သူတို့ တွေ့ဆုံကြသောအခါ ကျန်းကျွင့်သည် စုချန်းကျုန်းကို နွေးထွေးစွာ နှုတ်ဆက်ပြီး သူနှင့်အတူ ရပ်နေသော ထန်စစ်ယွင်ကို စုချန်းကျုံးနှင့် အခြားသူများအား မိတ်ဆက်ပေးလိုက်သည်။

စု မိသားစုသည် ထန်စစ်ယွင်နှင့် ရှဲ့ယင်းတို့ ရုပ်ချင်း အလွန်ဆင်တူသည်ကို မြင်သောအခါ အံ့ဩသွားကြပြီး ကျန်းကျွင့် မိတ်ဆက်မပေးလျှင်ပင် သူမ ဘယ်သူဖြစ်သည်ကို ခန့်မှန်းမိကြသည်။

မိသားစုနှစ်စု ခမည်းခမက်တော်စပ်ခဲ့သည်မှာ ၅ နှစ်ရှိပြီဖြစ်သော်လည်း လူကြီးချင်း လူချင်းတွေ့ဆုံသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူတို့၏ နှုတ်ဆက်မှုမှာ နွေးထွေးမှုတို့ ပြည့်နှက်နေသည်။

တကယ်တော့ ထန်စစ်ယွင်သည် သူမ၏ သမီးဆီသို့ အလည်သွားရင်း ခမည်းခမက်များနှင့်ပါ တွေ့ဆုံလိုစိတ် ရှိခဲ့ဖူးသည်။ သို့သော် ခင်ပွန်းဖြစ်သူက သမီးနှင့် သားမက်အတွက်သော်လည်းကောင်း၊ တစ်စုံတစ်ယောက် သိသွားပါက ရှဲ့ မိသားစုအတွက်သော်လည်းကောင်း ပြဿနာဖြစ်လာနိုင်သည်ဟု သတိပေးတားမြစ်ခဲ့သဖြင့် H ခရိုင်သို့ မသွားဖြစ်ခဲ့ပေ။

သို့သော် စု မိသားစု၏ အစ်ကိုကြီးနှင့် သူ့မိသားစု J မြို့ သို့ အလည်လာမည်ကို သိလိုက်ရသောအခါ ၎င်းသည် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း သူမသိလိုက်သည်။ သူမ၏ သမီးနှင့် သားမက်ကို စု မိသားစုက လွန်ခဲ့သည့် ၅ နှစ်လုံး စောင့်ရှောက်ပေးခဲ့သဖြင့် ထန်စစ်ယွင်သည် ကျေးဇူးတင်မဆုံး ဖြစ်နေခဲ့သည်။ ထို့ကြောင့် ချွေးမဖြစ်သူ၏ ကန့်ကွက်မှုကို လစ်လျူရှုကာ သူတို့ကို သွားကြိုရန် အလျင်အမြန် လာခဲ့ခြင်းဖြစ်သည်။

ထန်စစ်ယွင်သည် ကိုယ့်လူရင်းများနှင့် တွေ့ရချိန်တွင် အေးစက်စက် နေတတ်သူမဟုတ်ပေ။ သူမက စုချန်းကျုံးနှင့် ဝမ်ကွေ့ကျစ်တို့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုရင်း ဝမ်းသာပီတိဖြစ်နေကာ အအေးဓာတ်လွန်ကဲသော လေထုထဲတွင် စကားပြောရင်း ရပ်နေမိမှန်း သတိရသွားသည်။

"ကြည့်စမ်းပါဦး... အရမ်းအေးတာပဲ။ ကားပေါ် မြန်မြန်တက်ကြစို့။ အိမ်ရောက်မှပဲ စကားဆက်ပြောကြတာပေါ့"

ကျန်းကျွင့်နှင့် စစ်သားငယ်လေးတစ်ဦးက သူတို့၏ ခရီးဆောင်အိတ်များကို ကူသယ်ပေးချင်သော်လည်း စုကော က ငြင်းဆန်လိုက်သည်။ သူသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သဖြင့် နိုင်ငံအနှံ့ ခရီးသွားခဲ့ဖူးသည်။ J မြို့သို့ မရောက်ဖူးသော်လည်း ညီငယ်များထက် အတွေ့အကြုံ ပိုရှိသူဖြစ်ပြီး အနည်းငယ် နေရခက်သော်လည်း ရှင်းလင်းပြတ်သားစွာ ပြောဆိုနိုင်သည်။

"မလိုပါဘူး၊ မလိုပါဘူးဗျာ။ ဒီမှာ လူငယ်တွေ အများကြီး ပါလာတာပဲ၊ အိတ်တွေကလည်း သိပ်မများပါဘူး။ သူတို့ဘာသာ သယ်ပါစေ"

ဒါက အမှန်တရားပင်။ စုမိသားစုသည် အထူး ကံကောင်းပုံရသည်။ သူ့တွင် သားလေးယောက်ရှိပြီး သူတို့က မြေးယောက်ျားလေး ၁၄ ယောက် မွေးပေးခဲ့ကာ မြေးမိန်းကလေး တစ်ယောက်မှ မပါပေ။ အကြီးဆုံးမြေးသည် အသက် ၂၆ နှစ် ရှိနေပြီဖြစ်ပြီး စုရှီ ထက်ပင် ကြီးသည်။ အကယ်၍ သူသာ လူငယ်ဘဝ တောဆင်းခဲ့ရသည့် ၂ နှစ်နှင့် အချစ်ရေးကံမကောင်းခဲ့မှုသာ မရှိခဲ့လျှင် သားကြီးသည် ယခုအချိန်တွင် အိမ်ထောင်ပြုရန် အဆင်သင့် ဖြစ်နေလောက်ပြီ ဖြစ်သည်။

ကျန်းကျွင့်သည် အရပ်ရှည်ရှည် သန်သန်မာမာ လူငယ်တစ်သိုက်ကို ကြည့်ပြီး အိတ်ကူသယ်ပေးရန် ဆက်မပြောတော့ပေ။ သူက ကားပါကင်သို့ လမ်းပြခေါ်ဆောင်သွားသည်။

ဒီနေ့ လူအတော်များသဖြင့် ကျန်းကျွင့်နှင့် ထန်စစ်ယွင် တို့ တစ်ယောက်တစ်စီး မောင်းကြပြီး ရှဲ့ပေါ်က အခြားကားတစ်စီးကို ငှားလာခဲ့သည်။ စုစုပေါင်း စစ်ဘက်သုံး ဂျစ်ကား သုံးစီး ရှိသည်။ ကျပ်ကျပ်တည်းတည်း ဖြစ်သော်လည်း အဆင်ပြေအောင် စီး၍ရသည်။

စု မိသားစုဝင်များသည် ကားသုံးစီးတန်းစီထားသည်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားကြသည်။ ထန်စစ်ယွင် က ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်သည်ကို မြင်သောအခါ သူတို့၏ စိတ်လှုပ်ရှားမှုမှာ ပို၍ တိုးလာသည်။

ထန်စစ်ယွင်သည် မိမိကိုယ်ကို သင့်လျော်သော ယောက္ခမတစ်ဦးအဖြစ် ခံယူထားပြီး အသက်အရွယ်နှင့် ဂုဏ်ဒြပ်ချင်း တူညီသဖြင့် လေးစားမှု ပြသသောအနေဖြင့် စုချန်းကျုံး၊ ဇနီးသည်နှင့် စု မိသားစုမှ ညီအစ်ကိုလေးယောက် ပါသောကားကို သူမကိုယ်တိုင် မောင်းရန် ဆုံးဖြတ်လိုက်သည်။

အမျိုးသမီး ကားမောင်းသည်ကို မြင်ဖူးသော စုကောမှလွဲ၍ ကျန်သူများမှာ အမျိုးသမီး ထွန်စက်မောင်းသမားကိုပင် တစ်ခါမျှ မမြင်ဖူးကြပေ။ ထန်စစ်ယွင်က ကားကို လွယ်ကူစွာ စက်နှိုးလိုက်သည်ကို ကြည့်ပြီး ရှေ့ခန်းတွင် ထိုင်နေသော ဝမ်ကွေ့ကျစ်မှာ ကျောချမ်းသွားသည်။ မိန်းမသားတစ်ယောက် ကားမောင်းနေသည်ကို တွေ့ရသည်မှာ သူမအတွက် တကယ်ကို ထိတ်လန့်စရာပင်။

ထန်စစ်ယွင်က သဘောကျစွာ ရယ်မောလိုက်သည်။ "စိတ်မပူပါနဲ့ ခမည်းခမက်ရယ်။ ကျွန်မက အမျိုးသမီးရဲဘော်မို့လို့ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကျွန်မ ကားမောင်းလာတာ အနှစ် ၂၀ ကျော်နေပါပြီ၊ စိတ်ချလက်ချသာ လိုက်ခဲ့ပါ။ ငြိမ့်နေအောင် မောင်းပို့ပေးပါ့မယ်"

ဝမ်ကွေ့ကျစ်မှာ သူမ၏ အတွေးများကို မသိလိုက်ဘဲ ထုတ်ပြောမိသွားမှန်း သတိပြုမိသွားသည်။ သူမ အနည်းငယ် ရှက်သွားသော်လည်း အမျိုးသမီးများလည်း ကားမောင်းတတ်ကြောင်း သိလိုက်ရသဖြင့် အံ့ဩမှင်သက်သွားသည်။

ဝမ်ကွေ့ကျစ်၏ အားကျသော မျက်နှာထားမှာ သိသာလွန်းနေပုံရသည်။ ကွေ့ကြောတစ်ခုကို ကျွမ်းကျင်စွာ ကွေ့လိုက်ပြီးနောက် ထန်စစ်ယွင်က ဆက်ပြောလိုက်သည်။

"ကားမောင်းတာက သိပ်မခက်ပါဘူး၊ လွယ်ပါတယ်။ ကျွန်မတို့ ရှီရှီ ဆိုရင် ၂ ရက်တည်းနဲ့ သင်တတ်သွားတာ"

ဝမ်ကွေ့ကျစ်မှာ ပို၍ပင် အံ့ဩသွားသည်။ "ရှီရှီလည်း ကားမောင်းတတ်တာလား"

ချမ်းသာသော မိသားစုမှ လာပြီး ခေတ်မီဆန်းပြားသည်ဟု သူမထင်ထားသော ဤခမည်းခမက်က သူမကို အံ့ဩစေသည်။ အမျိုးသမီးတစ်ယောက် ကားမောင်းသည်မှာ အံ့ဩစရာဖြစ်သော်လည်း သေချာစဉ်းစားကြည့်လျှင် ပိုက်ဆံရှိသူများသည် ဘာမဆို လုပ်နိုင်ပုံရသည်။ လူအများစု၏ အမြင်တွင် ချမ်းသာကြွယ်ဝခြင်းက မိမိလိုရာကို လုပ်နိုင်သော လွတ်လပ်မှုကို ပေးစွမ်းနိုင်သည်ဟု ထင်ကြသည်။

သို့သော် စုရှီသည် သူတို့၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာသူ ဖြစ်သည်။ ယခု သူမ အဆင်ပြေနေပြီ ဆိုသော်လည်း သူတို့၏ စိတ်ထဲတွင် သူမသည် တောသူမလေးသာ ဖြစ်နေဆဲပင်။ သူမ ကားမောင်းတတ်လိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

လွန်ခဲ့သော နှစ်အနည်းငယ်က စုရှီ ပြန်လာတုန်းက ရှဲ့ကျန်းကသာ ကားမောင်းသည်။ သူမ ကားမောင်းတတ်ကြောင်း တစ်ခါမျှ ထုတ်မပြောဖူးသဖြင့် သူတို့ လုံးဝမသိခဲ့ကြပေ။

ကားသည် တစ်နာရီခန့် ငြိမ့်ညောင်းစွာ မောင်းနှင်လာပြီးနောက် အဝင်နှစ်ထပ်ပါသော ရှေးဟောင်း ခြံဝင်းပုံစံ အိမ်ကြီးတစ်ခု၏ ဝင်ပေါက်သို့ ရောက်ရှိလာသည်။

ဒါက လွန်ခဲ့သော နှစ်နှစ်ခန့်က ကျန်းကျွင့်ကို အကူအညီတောင်းပြီး စုရှီ ဝယ်ယူခဲ့သော အိမ်ခြံမြေဖြစ်သည်။ J မြို့သို့ ပြောင်းရွှေ့လာပြီးနောက် ဤအိမ်သည် စစ်ဘက်ဆိုင်ရာ ခရိုင်နှင့် ကားမောင်းလျှင် မိနစ် ၂၀ ခန့်သာ ကွာဝေးကြောင်း သိလိုက်ရသဖြင့် ကျန်းကျွင့်ကို အစအဆုံး ပြန်လည်မွမ်းမံခိုင်းခဲ့ခြင်း ဖြစ်သည်။

ပရိဘောဂများနှင့် အခြားမရှိမဖြစ် ပစ္စည်းများကို လွန်ခဲ့သော ၆ လအတွင်း ထန်စစ်ယွင် ကိုယ်တိုင် သေချာရွေးချယ်ထားခြင်း ဖြစ်သည်။

ယခုအခါ ဤခြံဝင်းအိမ်ကြီးသည် စဝယ်စဉ်ကကဲ့သို့ ယိုယွင်းပျက်စီးနေသော နေရာမဟုတ်တော့ပေ။ နန်းတော်ကဲ့သို့ လက်ရာမြောက်သော ပန်းပုများဖြင့် ခမ်းနားထည်ဝါခြင်း မရှိသော်လည်း ရှေးဟောင်းအလှတရားနှင့် လက်ရာမြောက်သော လက်မှုပညာတို့ ပေါင်းစပ်ထားကာ ကျက်သရေရှိပြီး ဆွဲဆောင်မှု ရှိနေသည်။

စု မိသားစု ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပထမဆုံး မျက်စိကျသွားသည်မှာ ရှေးဆန်ပြီး ခမ်းနားလှသော ဤအိမ်ကြီးပင်။ ကလေးနှစ်ယောက် J မြို့ တွင် အောင်မြင်နေပြီဟု သိထားသော်လည်း ဤမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ ဒါက ချမ်းသာတဲ့ မိသားစုတွေမှ တတ်နိုင်တဲ့ အိမ်မျိုး မဟုတ်ပါလား။

အားလုံး ကြောင်ငေးနေစဉ်မှာပင် ကြီးမားသော ကြက်သွေးရောင် တံခါးကြီး ပွင့်လာပြီး ချန်ရှန်းယွင် သည် ထောင်ထောင်၏ လက်ကိုဆွဲကာ အဒေါ် ယန်နှင့်အတူ ထွက်လာသည်။ သူမသည် ဝမ်ကွေ့ကျစ်နှင့် အခြားသူများကို မြင်သောအခါ ချက်ချင်းပြုံးပြီး ပြောလိုက်သည်။

"အာ... ဘီးလှိမ့်သံကြားကတည်းက နင်တို့ ရောက်တော့မယ်ဆိုတာ ငါသိသားပဲ။ ဘာလို့ အပြင်မှာ ရပ်နေကြတာလဲ။ ဝင်လာကြလေ... ဝင်လာကြ"

ပြောရင်းဆိုရင်း အဘွားဖြစ်သူက အနည်းငယ် ရှိန်နေသော ဝမ်ကွေ့ကျစ်ကို အိမ်ထဲသို့ ခေါ်သွားသည်။ ထောင်ထောင်လေးကမူ စုချန်းကျုံး ဘေးသို့ ရောက်နေပြီး သူ့လက်ကို ဆွဲထားလေပြီ။ သူမက နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။

"ဘိုးဘိုးလေး... သမီးတို့ မတွေ့ရတာတောင် ကြာပြီနော်။ ဘိုးဘိုးလေးက ထောင်ထောင်ကို လွမ်းလား။ ထောင်ထောင်ကတော့ ဘိုးဘိုးလေးကို အရမ်းလွမ်းတာပဲ၊ ဘာလို့ သမီးဆီလာဖို့ ဒီလောက်ကြာနေရတာလဲဟင်..."

စုချန်းကျုံးသည် လွန်ခဲ့သော တစ်နှစ်ကမှ တစ်ကြိမ်သာ တွေ့ဖူးသော ထောင်ထောင်လေးက သူ့ကို မှတ်မိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရှီရှီနှင့် တဖြည်းဖြည်း ပိုတူလာသော ကလေးမလေးကို ကြည့်ရင်း စုချန်းကျုန်းမှာ မပြုံးဘဲ မနေနိုင်တော့ပေ။ သူ့မျက်နှာတစ်ခုလုံး ဝင်းလက်သွားပြီး ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

အကယ်၍ သားများကသာ သူ့ကို ထိန်းမထားလျှင် ကလေးမလေးကို ပွေ့ချီပြီး အာဘွားပေးမိမည် ဖြစ်သည်။ ဒီကလေးက သိပ်လိမ္မာတာပဲ... ဘယ်လိုလုပ် ဒီလောက် ဉာဏ်ကောင်းရတာလဲ။ သမီးမိန်းကလေးရှိတာက တကယ်ပဲ ပိုကောင်းတာပဲ...

All Chapters