အိမ်
Vol. 31 Ch. 465
“ငါ့မှာရှိတဲ့ အချက်အလက်တွေအရ လျိုယီက ငါနဲ့အရင်းနှီးဆုံးလူ ဖြစ်သင့်တယ် ၊ ငါသူ့ကို အိပ်မက်ဆိုးထဲမှာလည်း မှတ်မိနေခဲ့တယ်”
ကောင်းမင် တွေဝေနေပြီးနောက် သော့ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။ အသံလုံမှုအားနည်းသော အခန်း ၄၀၁ ထဲမှ အသံတစ်ခုထွက်ပေါ်လာသည်။
“စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီဆိုပေမဲ့ ဘဏ်နဲ့ ရှင့်ရဲ့ ကြွေးမြီဆက်ဆံရေးက အိမ်ရာအခြေအနေကြောင့် ပြောင်းလဲသွားမှာမဟုတ်တဲ့အတွက် ရှင်အိမ်ချေးငွေကို ဆက်ဆပ်ရဦးမှာပါ ၊ အိမ်ပိုင်ရှင်နဲ့ ကန်ထရိုက်တာရဲ့ဆက်ဆံရေးက ကုန်သွယ်မှုတစ်ခုဖြစ်သလို ဘဏ်နဲ့ ဆက်ဆံရေးက အကြွေးတစ်ခုပဲ၊ ရှင်က အိမ်ဝယ်မယ့်စာချုပ်လျှောက်ဖို့ ဘဏ်ကို သွားခဲ့ပေမဲ့ စာချုပ်နှစ်ခုက တစ်ခုနဲ့တစ်ခု သီးသန့်ဖြစ်နေတယ်လေ”
ကောင်းမင် သက်ပြင်းချလိုက်သည်။ သူ့ဖုန်းပေါ်ရှိ မက်ဆေ့ချ်များမှတစ်ဆင့် သူသည် အခြေအနေကို အကြမ်းဖျင်း နားလည်ထားသည်။ သူသည် လက်ရှိတွင် လျိုယီမိသားစု၏အိမ်ဟောင်းတွင် ရှိနေခြင်းဖြစ်သည်။ ဤအိမ်သည် လျိုယီ၏အဘိုးထက်ပင် ပိုအသက်ကြီးနေပြီဖြစ်သည်။ ၎င်းသည် သေးငယ်ပြီး ကျဉ်းသည်။ ဤနေရာမှ ရွေ့ပြောင်းရန်အတွက် သူနှင့်လျိုယီတို့သည် အိမ်အသစ်တစ်လုံး ဝယ်ရန် ချေးငွေယူခဲ့ကြသည်။ သူတို့ လက်ထပ်သောအခါ ပြောင်းရွှေ့ကြမည်ဖြစ်သည်။ သို့သော်လည်း စီမံကိန်းသည် ဖျက်သိမ်းခံလိုက်ရပြီး ထိုအချိန်မှစ၍ နှစ်နှစ်တာကာလ ရှိသွားပြီဖြစ်သည်။
ကောင်းမင် တံခါးဖွင့်လိုက်ပြီး အိမ်ထဲရှိလူကို ကြည့်လိုက်သည်။ သူ့ဖုန်းဓာတ်ပုံများထဲက အမျိုးသမီးသည် သူ့ရှေ့မှအမျိုးသမီးနှင့် တစ်ထပ်တည်းကျနေသည်။ အဖြူရောင် ရှပ်အင်္ကျီနှင့် အပြာရောင်ဂျင်းဘောင်းဘီက သူမအား သန့်ရှင်းအသွင်အပြင်တစ်ခုကို ပေးစွမ်းသည်။ သူမသည် လိမ္မာပါးနပ်ပြီး ထက်မြက်ပုံရသည်။ လျိုယီသည် အပြင်ပန်းအဆင်တန်ဆာများနှင့် မိတ်ကပ်လိမ်းခြယ်မှုများကို ဂရုစိုက်တတ်သူမဟုတ်ပေ။
“ကျွန်မ မနက်ဖြန်အလုပ်ဆင်းပြီးရင် တခြားဝယ်ယူသူတွေနဲ့အတူ စာရွက်စာတမ်းတွေကို ပြင်ဆင်ထားပါ့မယ် ၊ မကြာသေးခင်က အစိုးရက မူဝါဒအသစ်တစ်ခု ချမှတ်ခဲ့တယ် ၊ ဖျက်သိမ်းထားတဲ့ စီမံကိန်းတွေအများအပြားကို ပြန်လည်စတင်နေပြီတဲ့ ၊ ကျေးဇူးပြုပြီး စိတ်ပူမနေပါနဲ့”
လျိုယီသည် တံခါးဘက်သို့ ကျောခိုင်းထားခြင်းဖြစ်သည်။ သူမသည် တံခါးဖွင်သံမကြားမိခင်အထိ တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေခဲ့သည်။
လျိုယီ လှည့်ကြည့်လိုက်ရာ အေးခဲသွားလေသည်။ သူမသည် ကောင်းမင်အား ကြည့်ရှုလိုက်ပြီး သူမ၏ မျက်လုံးများ နီရဲလာတော့သည်။ သူမ၏ သန်မာသောမိန်းမသားပုံစံ ပျက်စီးသွားသည်။ မကြာသေးမီက သူမခံစားခဲ့ရသော ဖိအားများက သူမ၏မျက်လုံးနီနီများထဲတွင် လည်ပတ်နေခဲ့သည်။
သူမသည် ကောင်းမင်အိမ်ပြန်လာမည်ကို ပြင်ဆင်ထားခြင်း မရှိပေ။သူမသည် သူမမြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် ဘာမှမပြော ဘာမှမမေးဘဲ ကောင်းမင်ထံ လျှောက်သွား၍ ပွေ့ဖက်လိုက်သည်။
“ကျွန်မ ဆေးရုံကို အကြိမ်ပေါင်းများစွာသွားခဲ့ပေမဲ့ သူတို့က ကျွန်မကို ရှင့်ဆီလာလည်ခွင့်မပေးခဲ့ဘူး ၊ ရှင်က နောက်ဆုံးပေါ် ကုသမှုမှာရှိနေလို့ အနှောင့်အယှက်မပေးသင့်ဘူးလို့ သူတို့ပြောခဲ့ကြတယ်”
“ရပါတယ် ၊ ငါအခုပြန်ရောက်လာပြီလေ”
ကောင်းမင်သည် ထွေးပွေ့မှုထဲမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။ မြို့တော်ကြီးသည် ရုတ်တရက် ပိုမိုနွေးထွေးလာခဲ့သည်။ သူသည် လက်များကို ဖြည်းညှင်းစွာမြှောက်လိုက်ပြီး လျိုယီအား ပြန်လည်ပွေ့ဖက်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် သူ၏လက်များသည် လေထဲတွင်သာ တွဲလောင်းဖြစ်နေလေသည်။ အချက်အလက်အားလုံးက လျိုယီသည် သူ့ချစ်သူဖြစ်ကြောင်း ပြသနေသော်လည်း သူမမှတ်မိနိုင်ပေ။ လျိုယီ၏ပြင်းထန်သော စိတ်ခံစားမှုများကို သူခံစားမိနိုင်သော်လည်း သင့်လျော်သောတုံ့ပြန်မှုတစ်ခု မပေးနိုင်ခဲ့ပေ။
“မတော်တဆမှုအကြောင်းကို ကျွန်မကြားရတော့ ကျွန်မမပြိုလဲနိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ပြောခဲ့တယ် ၊ ကျွန်မတို့ရဲ့ အိမ်အသစ်ကို ပြန်ပြင်ကြမယ်၊ ပြီးရင် ကျွန်မတို့ အတူတူပြောင်းရွှေ့ကြမယ်လို့ပေါ့”
လျိုယီသည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်မထားနိုင်တော့ဘဲ စတင်ငိုကြွေးတော့သည်။ ကောင်းမင်သည် သူ့ရင်ဘတ်ပတ်လည်တွင် စိုစွတ်မှုကို ခံစားလိုက်ရသည်။ လျိုယီသည် အလွန် ဂုဏ်ယူတတ်သောသူဖြစ်သည်။ သူမ အမှန်တကယ်ချစ်မြတ်နိုးသူ တစ်ဦးဦးမဟုတ်ပါက သူမသည် မည်သူ့ရှေ့တွင်မှ ဘယ်တော့မှ ငိုလိမ့်မည်မဟုတ်ပေ။
“ရှင် နောက်ထပ် ဘယ်တော့မှနိုးလာတော့မှာ မဟုတ်ဘူးလို့ ကျွန်မထင်နေခဲ့တာ”
လျိုယီသည် ကောင်းမင်၏ရင်ဘတ်ထဲတွင် သူမ၏မျက်နှာကို မော့လိုက်သည်။ သူမ၏လှပသော မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံနေလေသည်။
လျိုယီသည် ကောင်းမင်အား ထပ်မံဆုံးရှုံးသွားမည်ကို စိုးရိမ်နေသကဲ့သို့ တင်းကျပ်စွာ ပွေ့ဖက်ထားလေသည်။
“ရှင် ဗိုက်ဆာနေတော့မှာပေါ့ ၊ ကျွန်မ ရှင်အတွက် ချက်ပြုတ်ပေးမယ်”
လျိုယီသည် သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး ရေခဲသေတ္တာကို ဖွင့်လိုက်သည်။
“ကျွန်မ ငါး၊ ခရမ်းချဉ်သီးနဲ့ ကြက်ဥနဲနဲ ဝယ်လာခဲ့တယ် ၊ ဒီည ရှင့်အတွက် အနည်းဆုံးဟင်းပွဲသုံးပွဲလောက် ချက်ပေးမယ်”
“ငါ ကူညီပေးမယ်”
“ရပါတယ် ၊ ရှင် နားဖို့လိုတယ်လေ”
လျိုယီသည် အဝတ်လဲလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ကောင်းမင်သည်လည်း အလကား မနေခဲ့ပေ။ သူသည် လျှော်ပြီးသားအဝတ်များကို ခေါက်လိုက်ပြီး နေရာကို ရှင်းလင်းရေးလုပ်လိုက်သည်။ သူတို့၏မက်ဆေ့ချ်များအရ ဤသည်မှာ သူတို့၏အမြဲတမ်း နေထိုင်မှုပုံစံဖြစ်သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့၍ ဂရုစိုက်ပေးကြသည်။ နွေးထွေးသောအလင်းရောင်သည် အခန်းငယ်လေးကို လင်းကျင်းစေသည်။ သူတို့ အပြင်ဘက်တွင် မည်မျှပင်ပန်းနွမ်းနယ်နေပါစေ အိမ်တွင် အမြဲတမ်းပင် ခိုနားရာနေရာတစ်ခုကို ရှာတွေ့နိုင်ကြလေသည်။
ညစာစားပြီးနောက် ကောင်းမင်သည် ဘေစင်တွင် ပန်းကန်များကို ဆေးကြောလိုက်သည်။ လျိုယီက မီးဖိုချောင်လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ သူမသည် ဘေးဘက်သို့ မှီလိုက်သည်။ သူမသည် ကောင်းမင်အား စိုက်ကြည့်နေပြီး ရံဖန်ရံခါ သူ့ကို လှမ်းထိုးသည်။
“ဆေးရုံမှာ ဒီလောက်ကြာကြာနေရတာတောင် ရှင်ဘာလို့ ဝလာတာလဲ ၊ ရှင့်ဆံပင်က သန့်ရှင်းသပ်ရပ်နေတာပဲ ၊ ရှင့်လက်သည်းတွေကိုလည်း ကောင်းကောင်း ထိန်းသိမ်းထားတယ် ၊ ဆေးရုံမှာ ရှင့်ကို ဘယ်သူပြုစုစောင့်ရှောက်ပေးခဲ့တာလဲ”
လျိုယီက ကောင်းမင်ကို မှီလိုက်သည်။
“ကျွန်မ ရှင့်ဆီသွားလည်ချင်တိုင်း သူနာမတစ်ယောက် တားဆီးတာကိုခံခဲ့ရတယ် ၊ ဘာလို့ ရှင့်နဲ့ အရင်းနှီးဆုံးလူတွေက ရှင့်ဆီလာလည်ခွင့် မရတာလဲ ၊ ပြီးတော့ ဒီနောက်ဆုံးပေါ် ကုသမှုက ဘာလဲ”
ကောင်းမင်သည် ထိုမေးခွန်းကို စဉ်းစားရင်း ခဏရပ်တန့်သွားသည်။
“ကားမတော်တဆမှု ဖြစ်ပြီးတော့ ငါ့ခန္ဓာကိုယ်နဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ပြဿနာတွေအများကြီး ကြုံတွေ့ခဲ့ရတယ် ၊ ငါသေလုနီးပါး ဖြစ်ခဲ့တယ် ၊ ထူးဆန်းတာက…ပြီးခဲ့တဲ့ လအနည်းငယ်ကြာပြီးတော့ ငါခန္ဓာကိုယ်ပေါ်က ဒဏ်ရာအများစုက ပျောက်ကင်းသွားပြီ၊ ဒါပေမဲ့ ငါသိပ်မမှတ်မိတော့ဘူး”
“သိပ် မမှတ်မိတော့ဘူးလား”
လျိုယီ၏မျက်လုံးများတါင် စိုးရိမ်မှုဖြင့် ပြည့်နှက်သွားသည်။
“ဒါက ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးလား”
“မပြောတတ်ဘူး ၊ အဲဒါကြောင့် နောက်ဆုံးပေါ် ကုသမှုအကြောင်း ဘာမှမမှတ်မိတာ၊ လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး ငါကအိပ်မက်ဆိုးတစ်ခုထဲမှာ နေနေရတယ်လို့ ခံစားနေရတယ်”
ကောင်းမင်၏လေသံက အနည်းငယ် ပြောင်းလဲသွားသည်။
“အရမ်း ကြောက်စရာကောင်းပေမဲ့ အစစ်အမှန်အိပ်မက်ဆိုးတစ်ခု”
“ရှင် အဲဒီအကြောင်း ပိုပြောပြနိုင်မလား”
“မင်း သရဲတွေကို ယုံသလား”
ကောင်းမင်သည် လျိုယီ၏မျက်လုံးများကို လှည့်ကြည့်လိုက်သည်။ မီးဖိုချောင်သည် ရုတ်တရက် တိတ်ဆိတ်သွား၏။
ခဏအကြာတွင် လျိုယီခေါင်းခါလိုက်သည်။
“ကျွန်မ သရဲတွေကို မယုံဘူး၊ ဒါပေမဲ့ ရှင့်ကို ယုံတယ် ၊ ကြည့်ရတာ ရှင်သေလွန်သူတွေရဲ့လောကကို ရောက်သွားခဲ့တာလား”
“ငါအခု အရမ်းပဋိပက္ခဖြစ်နေတဲ့ အခြေအနေမှာရှိနေတာ”
လျိုယီက အလွန်ထောက်ခံနေသောကြောင့် ကောင်းမင် သူ့နှလုံးသားကို ဖွင့်ပြလိုက်သည်။
“ငါ့မှာ ကြောက်စရာကောင်းတဲ့တစ်ခုခုဖြစ်နေတာ သေချာတယ် ၊ ဒါက… မတော်တဆမှုမှာ ငါသေသွားခဲ့ရင် ပိုကောင်းမယ်လို့ ထင်နေရတယ်”
“အဲဒီလို ဘယ်တော့မှ မပြောပါနဲ့”
လျိုယီက ကောင်းမင်၏လက်များကို ဆွဲကိုင်လိုက်သည်။
“ကျွန်မတို့ ဒီလောက်အများကြီး ဖြတ်သန်းလာခဲ့ပြီးပြီလေ ၊ ကျွန်မတို့အတွက် စောင့်ဆိုင်းနေတဲ့ ဆုလာဘ်တွေက အရမ်းချိုမြိန်ပါလိမ့်မယ်”
ကောင်းမင် ပျော်ရွှင်စေရန်အတွက် လျိုယီသည် သူမဒီဇိုင်းဆွဲထားသော အိမ်ကိုပြသရန် သူမ၏ဖုန်းကို ထုတ်လိုက်သည်။ သူတို့သည် အနာဂတ်ကို မျှော်ကြည့်တတ်ကြပြီး သူတို့၏အိမ်အား အတူတကွ ဒီဇိုင်းဆွဲရသည်ကို နှစ်သက်ခဲ့ကြသည်။
“ရှင် ဆေးရုံမှာ ရှိနေတုန်းက ကျွန်မအစီအစဉ်တွေ ပိုလုပ်ခဲ့တယ် ၊ ရှင် ကြိုက်တဲ့ လေသာဆောင်ကြီး ရှိတယ်၊ ပြီးတော့ ကြောင်တစ်ကောင် မွေးမယ်…”
လျိုယီသည် ကောင်းမင်အား နှစ်သိမ့်ပေးချင်သော်လည်း ကောင်းမင်က စိတ်ဝင်စားမှုမပြခဲ့ပေ။
နောက်ဆုံးတွင် လျိုယီ၏စိတ်ဝင်စားမှုလည်း လျော့နည်းသွားသည်။ သူ အိမ်ပြန်ရောက်လာပြီးနောက် ကောင်းမင်၏ပြောင်းလဲမှုများကို သူမ မြင်နိုင်သည်။ သို့သော်လည်း သူမသည် သူ့ကို အပြစ်မတင်ရက်ခဲ့ပေ။ သူမသည် သူ၏ရှပ်အင်္ကျီအစွန်းကို ဆွဲထားလိုက်သည်။
ဖုန်းစခရင်က ရုတ်တရက် လင်းလက်လာ၏။ အကြွေးရှင်အမည်ရှိသော နံပါတ်တစ်ခုက လျိုယီကို ဖုန်းခေါ်နေခြင်းဖြစ်သည်။ သူမ ဖုန်းဖြေရန်အတွက် မီးဖိုချောင်သို့ လျှောက်သွားလိုက်သည်။ ၎င်းသည် ဘဏ်က သူတို့အား ချေးငွေဆပ်ရန် တောင်းဆိုနေခြင်းဖြစ်သည်။
လျိုယီ၏အကြိမ်ပေါင်းများစွာ တောင်းပန်နေခြင်းက ကောင်းမင်အား လက်တွေ့ဘဝဆီသို့ ပြန်လည် ဆွဲခေါ်လိုက်သည်။ သရဲများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အိမ်ချေးငွေကို ဆက်လက်ဆပ်ရဦးမည်ဖြစ်သည်။ ယင်းသည် ဘဝ၏အဖြစ်မှန်ပင်။