← Chapters

အခန်း (၁၃၈)

Vol. 12 Ch. 138

အခန်း (၁၃၈)

Vol. 12 Ch. 138

စုရှီ ကိုယ်ဝန်ရှိကြောင်း အတည်ပြုလိုက်သည့်နေ့တွင် အလွန် ဝမ်းသာနေသော ဗိုလ်မှူးကြီးရှဲ့သည် တစ်စက္ကန့်မျှ အချိန်မဖြုန်းတော့ပေ။ သူသည် အိမ်ရှိလူတိုင်းကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ပြုံးပျော်နေသော ထန်စစ်ယွင်ကို ဆေးရုံ၌ စုရှီ တွေ့လိုက်ရသည်။

စုရှီ အံ့ဩစွာဖြင့် မတ်တတ်ရပ်လိုက်သည်။ "အမေ... ဘာလို့ ဒီရောက်နေတာလဲ"

ထန်စစ်ယွင်သည် စုရှီ၏ ရုံးခန်းထဲသို့ အမြန်ဝင်လာပြီး ချွေးမဖြစ်သူ၏ စားပွဲပေါ်တွင် အိတ်တစ်လုံး တင်လိုက်ကာ သူမကို ထိုင်ခိုင်းလိုက်သည်။

"သမီးကို ပြုစုဖို့ လာတာလေ။ ထောင်ထောင်ကို ကိုယ်ဝန်ရှိတုန်းက အမေက အဝေးကြီးမှာ နေရတော့ မလာနိုင်ဘူး။ အခု သမီးက ဒီလောက်နီးနီးလေးမှာ ရှိနေတာ၊ ဘယ်လိုလုပ် မလာဘဲ နေနိုင်မလဲ"

စုရှီလည်း ယောက္ခမဘေးတွင် ဝင်ထိုင်လိုက်ပြီး ရယ်မောလိုက်သည်။ "ကျွန်မကို ပြုစုစရာ မလိုပါဘူး။ ကြည့်ပါဦး၊ ကျွန်မမှာ ဘာလက္ခဏာမှ မရှိပါဘူး။ ဒါ့အပြင် ရံဖန်ရံခါ လာလည်တာတော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီမှာ ရေရှည်လာနေမယ်ဆိုရင် ဗိုလ်ချုပ်ရှဲ့ က သဘောတူပါ့မလား"

ထန်စစ်ယွင်က လက်ကာပြလိုက်သည်။ "ကိစ္စမရှိပါဘူး။ သမီးရဲ့ ဗိုလ်ချုပ် ရှဲ့ကို ပြောပြီးပါပြီ။ အမေက ဒီမှာ နေ့တိုင်း လာနေချင်တာ။ အမေက ချက်ပြုတ်တာ သိပ်မကောင်းလို့ သမီးအတွက် ဟင်းချိုလာပို့မယ်၊ ပြီးတော့ အဝတ်လျှော်တာတို့ ဘာတို့ ကူလုပ်ပေးမယ်လို့ ဆုံးဖြတ်ထားတယ်..."

ထန်စစ်ယွင်သည် အရာအားလုံး စီစဉ်ထားပြီးဖြစ်သော်လည်း စုရှီက သူမကို အကုန်လုပ်ခွင့်မပေးနိုင်ပေ။ ယောက္ခမဖြစ်သူသည် တစ်ဘဝလုံး သက်တောင့်သက်သာ နေလာခဲ့ရပြီး ယခု အသက် ၆၀ ရှိနေပြီဖြစ်သည်။ သူမကို ဤမျှ ပင်ပန်းခံခိုင်း၍ မဖြစ်နိုင်ပေ။

စုရှီက ငြင်းဆန်သည့်အနေဖြင့် ခေါင်းခါလိုက်သည်။ "အမေရယ်... တကယ် မလိုပါဘူး၊ အနည်းဆုံးတော့ အခုအချိန်မှာ မလိုသေးပါဘူး။ ကျွန်မကို ကြည့်ပါဦး၊ ဘာမှ မဖြစ်ပါဘူး။ ရှဲ့ကျန်း ရှိနေရင် အဝတ်လျှော်တာ သူလုပ်နေကျပဲလေ။ သူရှိရင် ကျွန်မ အဝတ်လျှော်စရာမှ မလိုတာ"

ထန်စစ်ယွင်က လက်ကာပြလိုက်သည်။ "သူက ယောက်ျားလေးလေ။ အဝတ်လျှော်တာ သူ့တာဝန်ပေါ့..."

စုရှီက ပြောလိုက်သည်။ "ဒီလိုလုပ်ရင်ရော... ပထမ ၃ လအတွင်း မီးဖိုချောင်တပ်ဖွဲ့က ရဲဘော်တွေကို နေ့တိုင်း ဟင်းချိုတစ်အိုး လုပ်ခိုင်းလိုက်မယ်။ သူတို့ကို လုပ်အားခ ပိုပေးလိုက်ရင် ရတာပဲ။ ဒါဆို အမေလည်း အဝေးကြီးကနေ လာစရာမလိုတော့ဘူးလေ။ ၃ လပြည့်ပြီးမှ အခြေအနေကြည့်ပြီး ဆက်လုပ်ကြမယ်။ ဘယ်လိုလဲ"

ထန်စစ်ယွင်သည် ထိုအကြံကို သိပ်သဘောမကျပေ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ချက်သော အစားအစာကို မမီနိုင်ပေ။

သို့သော် ချွေးမဖြစ်သူက သူမ အသွားအပြန် ပင်ပန်းမည်ကို စိုးရိမ်နေမှန်း နားလည်သည်။ နေ့စဉ် ကားမောင်းချိန်ချည်း ၄၊ ၅ နာရီ ကြာပေလိမ့်မည်။ မြေးများအတွက် သူမ အားအင်ရှိသည်ဟု ခံစားရသော်လည်း စုရှီ၏ စေတနာကို လစ်လျူရှု၍ မရပေ။ ထို့ကြောင့် ၃ လကြာမှ ပြန်လည်စဉ်းစားကြရန် သူတို့နှစ်ဦး သဘောတူလိုက်ကြသည်။

သို့သော် အစီအစဉ်အများစုလိုပင် အရာအားလုံးသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာတတ်ပေ။

၃ လပင် မပြည့်သေး၊ ၂ လခွဲခန့်သာ ရှိသေးသော်လည်း စုရှီသည် သူမ၏ ဗိုက်အနည်းငယ် ပူလာသည်ကို သတိထားမိလိုက်သည်။

ထောင်ထောင်ကို ကိုယ်ဝန်ဆောင်စဉ်က ၄ လဝန်းကျင်အထိ ဗိုက်ပူမလာခဲ့ပေ။ ဒါကို တွေးမိပြီး ကလေးနှစ်ယောက် ရနိုင်သည့် အံ့ဩဖွယ်ရာများကို ပြန်သတိရလိုက်သောအခါ ဘာဖြစ်နေလဲဆိုသည်ကို သူမ ရိပ်မိလိုက်သည်။

ထိုညနေခင်းတွင် ရှဲ့ကျန်း အိမ်ပြန်ရောက်သောအခါ စုရှီသည် သူ့ရင်ခွင်ထဲသို့ တိုးဝင်ပြီး တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

"ဒုတိယဦးလေးနဲ့ တတိယဦးလေးက အမွှာတွေဆိုတာ ကျွန်မ မှတ်မိတယ်နော်"

သူမက ရှဲ့ပေါ်၏ ညီများကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ဇနီးဖြစ်သူက ဘာကြောင့် ရုတ်တရက် မေးမှန်း ရှဲ့ကျန်း မသိသော်လည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်၊ သူတို့က အမွှာတွေလေ။ အဘိုးပြောတာ ကြားဖူးတယ်၊ သူ့မှာလည်း အမွှာအစ်ကို နှစ်ယောက် ရှိခဲ့ဖူးတယ်တဲ့။ ဒါပေမဲ့ အဲဒီတုန်းက အခြေအနေတွေ ခက်ခဲလို့ အသက်မရှင်ခဲ့ကြဘူး"

စုရှီက ရေရွတ်လိုက်သည်။ "မဆန်းပါဘူး... မျိုးရိုးလိုက်တာကိုး"

"မျိုးရိုး... ရှီရှီ... မင်း ဆိုလိုတာက..."

ရှဲ့ကျန်းသည် တုံးအသူ မဟုတ်သဖြင့် ဇနီးသည်၏ စကားများမှတစ်ဆင့် ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။

တစ်ပြိုင်နက်တည်း အံ့ဩစရာနှစ်ခု ရရှိလောက်အောင် ကံကောင်းသည်ကို သူ မယုံနိုင်ဖြစ်နေပုံရပြီး သူ့အသံတွင် မယုံကြည်နိုင်မှုများ ပါဝင်နေသည်။ သူ့ခန္ဓာကိုယ်သည် ကျောက်တုံးကဲ့သို့ တောင့်တင်းသွားပြီး စုရှီ၏ ခါးပေါ် တင်ထားသော လက်ပင်လျှင် သတိမထားမိဘဲ လက်သီးဆုပ်မိလျက်သား ဖြစ်သွားသည်။

စုရှီသည် ဆုပ်ထားသော သူ့လက်သီးကို သူမလက်ဖြင့် ဖြည်းညှင်းစွာ ဖြေလျော့လိုက်ပြီး အဆစ်များသော သူ့လက်ကြီးကို သူမ၏ အနည်းငယ် စူထွက်နေသော ဗိုက်ပေါ်တွင် တင်ပေးလိုက်သည်။ သူမ ပြုံးပြီး ပြောလိုက်သည်။

"ရှင်ကိုယ်တိုင် ကြည့်လေ။ နှစ်လကျော်ကျော်ပဲ ရှိသေးတာ၊ ဒီလောက်စောစော ဗိုက်မပူသင့်သေးဘူး။ ထောင်ထောင်တုန်းက လေးလလောက်မှ ဗိုက်နည်းနည်း စပူတာ။ အဲ့ဒါကြောင့် ကျွန်မထင်တာတော့... ကျွန်မတို့ အမွှာရတာ ဖြစ်နိုင်တယ်"

ဇနီးသည်၏ အတည်ပြုချက်ကို ရရှိလိုက်သောအခါ ရှဲ့ကျန်း အလွန် ဝမ်းသာသွားသည်။ သူသည် ကိုယ်ကိုမတ်ကာ အမြန်ထိုင်လိုက်ပြီး သူ့လက်မောင်းပေါ် ခေါင်းမှီထားသော အမျိုးသမီးငယ်လေးကို စူးစိုက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူမ၏ ချောမွတ်သော နဖူးပြင်ကို နမ်းလိုက်ပြီး မျက်ခွံများ၊ နှာခေါင်းနှင့် နောက်ဆုံးတွင် ပျားရည်ကဲ့သို့ ချိုမြိန်သော နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ သူသည် ချိုမြိန်မှုကို ခံစားရင်း နက်ရှိုင်းစွာ နမ်းလိုက်ပြီးနောက် ကျေနပ်စွာ သက်ပြင်းမော ချလိုက်ပြီး ပြောလိုက်သည်။

"ရှီရှီ.. ကိုယ် အရမ်းပျော်တာပဲ၊ တကယ်ကို ပျော်တာပါ။ ကျေးဇူးပါကွာ"

ကိုယ်ဝန်ကြောင့် ပိုပြီး အာရုံခံစားလွယ်နေသော စုရှီသည် အနမ်းများကြောင့် ရှက်သွေးဖြာကာ မျက်နှာရဲသွားသည်။ သူမသည် အသက်ရှူသံ ခပ်မျှင်းမျှင်းဖြင့် သက်ပြင်းချလိုက်ပြီး ကျီစယ်သလို ပြောလိုက်သည်။

"မသေချာသေးပါဘူး။ မနက်ဖြန်ကျရင် ဒါရိုက်တာလီ ကို သွေးခုန်နှုန်း စမ်းခိုင်းကြည့်ဦးမယ်။ သူက တိုင်းရင်းဆေးပညာမှာ တော်တော် ကျွမ်းကျင်တယ်လို့ ကြားဖူးတယ်"

တကယ်တော့ ဒါရိုက်တာလီသည် ငယ်စဉ်က တိုင်းရင်းဆေးပညာကို လေ့လာခဲ့ဖူးသည်။ နောက်ပိုင်းမှ သူသည် အနောက်တိုင်းဆေးပညာကို ပိုနှစ်သက်ကြောင်း သိလာပြီး ကောလိပ်တွင် ဆေးပညာကို သင်ယူခဲ့သည်။

အနောက်တိုင်း ဆေးပညာဘက်သို့ ပြောင်းလိုက်သည်မှာ ကောင်းသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက ဒီခေတ်ကြီးထဲတွင် ယခုကဲ့သို့ တည်ငြိမ်သော အလုပ်အကိုင်မျိုး ရရှိလိမ့်မည် မဟုတ်ပေ...

ဇနီးသည်၏ မျက်နှာပေါ်မှ ရှက်သွေးဖြာပြီး ဆွဲဆောင်မှုရှိသော အမူအရာကြောင့် အညို့ခံလိုက်ရသော ရှဲ့ကျန်းသည် စိတ်ကို မနည်းထိန်းချုပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူသည် သူမ၏ နူးညံ့သော ပါးပြင်ကို အကြိမ်အနည်းငယ် ထပ်နမ်းရှိုက်ပြီး သူမ၏ လည်ပင်းကြားတွင် မျက်နှာအပ်ကာ စိတ်ငြိမ်သွားစေရန် အတင်းကြိုးစားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ အသံဝင်ဝင်ဖြင့် ပြောလိုက်သည်။"မနက်ဖြန်ကျရင် ကိုယ်လိုက်ခဲ့မယ်"

စုရှီ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလျက် ညင်သာစွာ သဘောတူလိုက်သည်။ "ကောင်းပြီလေ"

အမှန်တကယ်တော့ သူမလည်း ခင်ပွန်းဖြစ်သူကို လိုက်စေချင်သည်လေ။

.......

"သေချာပေါက် အမွှာပဲ"

နောက်တစ်နေ့မနက်တွင် စုရှီသည် ခင်ပွန်း၊ အစ်ကိုကြီးတို့နှင့်အတူ ဒါရိုက်တာလီ၏ ရုံးခန်းသို့ ရောက်သွားခဲ့သည်။

ရှီးယန်နန်ကမူ အလုပ်သို့ စောစောစီးစီး လွှတ်လိုက်ရပြီဖြစ်သည်။ ဗိုလ်မှူးကြီးရော ဒုတိယဗိုလ်မှူးကြီးပါ နှစ်ယောက်စလုံး ပျက်ကွက်၍ မဖြစ်နိုင်ပေ။

စိုးရိမ်တကြီး စောင့်ဆိုင်းနေသော လူအုပ်စုသည် ဒါရိုက်တာလီ၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ အခြားသူများရှေ့တွင် အလွယ်တကူ ခင်မင်လို့မရနိုင်သော၊ တည်ငြိမ်လေ့ရှိသော ရှဲ့ကျန်းပင်လျှင် သူ့ပျော်ရွှင်မှုကို မထိန်းနိုင်တော့ပေ။ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးတတ်သော စုတုန်လည်း လက်သီးဆုပ်ကာ ထပ်ခါတလဲလဲ အော်ဟစ်မိသည်အထိ ဖြစ်သွားသည်။

"ကောင်းလိုက်တာကွာ"

ဘဝအသစ်တစ်ခုသည် မိသားစုတစ်ခုအတွက် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်ကို အမြဲ ဆောင်ကြဉ်းပေးလေ့ရှိပြီး ယခုအကြိမ်တွင်မူ မျှော်လင့်ချက် နှစ်ဆပင် ဖြစ်သည်။

ဒါရိုက်တာလီလည်း ဝမ်းသာပီတိဖြစ်ကာ သူတို့ကို ဂုဏ်ပြုစကား ဆိုလိုက်သည်။

စုရှီသည် ပျော်ရွှင်မှုကြောင့် မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်သည်။

"ကျေးဇူးပါ... ကျေးဇူးပါရှင်"

ဒါရိုက်တာလီ၏ ကလေးမှာ စုရှီ၏ ကလေးထက် နှစ်လသာ ကြီးသဖြင့် ၎င်းသည် တကယ်ကို မျှဝေခံစားရသော ပျော်ရွှင်မှုပင် ဖြစ်သည်။

မိသားစုဝင်များ သိသွားလျှင် မည်သို့တုံ့ပြန်ကြမည်ကို စုရှီ တွေးမနေဘဲ မနေနိုင်တော့ပေ။ ထိုအတွေးကြောင့် သတင်းကောင်းကို သူတို့အား မျှဝေရန် စိတ်လောသွားမိသည်။

အသက် ၆ နှစ် ရှိပြီဖြစ်သော ထောင်ထောင်လေးကိုလည်း မေ့ထား၍ မရပေ။ သူမ မမကြီး ဖြစ်တော့မည်ကို သိလိုက်ရကတည်းက ထိုကလေးမလေးသည် အပျော်လွန်နေပြီး ညီမလေး မြန်မြန်ထွက်လာပါ၊ အတူတူ ကစားကြမယ်ဟု စိတ်လှုပ်ရှားစွာဖြင့် အမြဲအော်ဟစ်နေတက်သည်။

.....

အမွှာကိုယ်ဝန်ဆောင်ရသည်မှာ အမှန်ပင်ကွာခြားလှ၏။ စုရှီသည် ကိုယ်ဝန် ငါးလသာရှိသေးသော်လည်း သူမ၏ဗိုက်မှာ ကလေးတစ်ယောက်တည်း ကိုယ်ဝန်ဆောင်ထားရသည့် ခုနစ်လ၊ ရှစ်လခန့်အရွယ် ဗိုက်ကဲ့သို့ ကြီးမားနေပြီဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ယခုတစ်ခေါက်တွင် ကိုယ်ဝန်ဆောင် လက္ခဏာများမှာ သိပ်မဆိုးရွားလှပေ။ ကလေးများက သူမကို ဒုက္ခပေးခြင်းမရှိသလောက်ပင်။ အိပ်ငိုက်ခြင်းမှလွဲ၍ အခြားဆိုးကျိုးများ မရှိပေ။

ကျန်းမာရေးစင်တာမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးက သူမကို အထူးဂရုစိုက်ကြ၏။ ထို့အပြင် အစ်ကိုကြီးနှင့် ဒါရိုက်တာလီတို့က အပိုအလုပ်များအားလုံးကို တာဝန်ယူလုပ်ကိုင်ပေးကြသဖြင့် သူမအနေဖြင့် ကွင်းဆင်းဆေးမှူးအဖြစ် လုပ်ကိုင်စရာ မလိုတော့ပေ။ ထိုတာဝန်များကို သူတို့နှစ်ဦးလုံးက လုံးဝတာဝန်ယူလိုက်ပြီး စုရှီအား ကျန်းမာရေးစင်တာအတွင်းမှ အလုပ်များကိုသာ အာရုံစိုက်စေခဲ့၏။

အမှန်တကယ်တော့ စုရှီက အကြိမ်အနည်းငယ် ကန့်ကွက်ခဲ့ဖူး၏။ သူမအနေဖြင့် နေထိုင်မကောင်းဖြစ်ခြင်းမရှိပါ။ သူမ၏ ဗိုက်မှာ ကြီးမားနေသော်လည်း ခန္ဓာကိုယ်မှာ ပေါ့ပါးသွက်လက်နေဆဲဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု မခံစားရပေ။ တကယ်တမ်းတွင် သူမ၏ ဗိုက်ကိုမြင်ပြီး ပို၍စိတ်ပူနေကြသူများမှာ အခြားသူများသာ ဖြစ်၏။

မနက်ခင်းအစည်းအဝေး၌။

ဒါရိုက်တာလီက အစည်းအဝေးများကို မြန်ဆန်ထိရောက်စွာ ပြုလုပ်ရမည်ဟူသော မူဝါဒကို စွဲကိုင်ထားဆဲပင်။ အစည်းအဝေး အကြောင်းအရာကို ဆယ်မိနစ်ခန့် ဆွေးနွေးပြီးနောက် အခြားသူနာပြုများကို သူတို့တာဝန်ကျရာနေရာများသို့ ပြန်လွှတ်လိုက်ပြီး စုတုန်၊ စုရှီနှင့် သူနာပြုခေါင်းဆောင်တို့ကို ချန်ထားရစ်ခဲ့၏။

ဒါရိုက်တာလီက လက်ပိုက်ကာ စားပွဲပေါ်တင်လိုက်ပြီး စုရှီနှင့် အခြားသူများကို ပြုံး၍ကြည့်လိုက်သည်။

"ဟိုတလောက အထက်ကို ဆရာဝန်နှစ်ယောက်ထပ်တောင်းဖို့ လျှောက်လွှာတင်ထားခဲ့တယ်။ နောက်ရက်အနည်းငယ်အတွင်း သူတို့ တာဝန်လာထမ်းဆောင်ကြလိမ့်မယ်။ အဲ့ဒါဆိုရင် ငါတို့အားလုံးအတွက် အလုပ်တွေပိုပြီးအဆင်ပြေသွားမှာပါ"

ဝန်ထမ်းအသစ်ဖြည့်တင်းခြင်းမှာ အမှန်တကယ် လိုအပ်နေခြင်းဖြစ်သည်။ ယမန်နှစ်က ရှဲ့ကျန်း ဦးဆောင်သော အထူးစစ်ဆင်ရေးအဖွဲ့သည် အလွန်စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သဖြင့် တစ်ချိန်က သူတို့ကို ကန့်ကွက်ခဲ့ဖူးသူများပင် ပြောစရာစကားမရှိ ဖြစ်ခဲ့ရသည်။ ယခုနှစ်တွင် အထူးလေ့ကျင့်ရေးဆင်းရန်အတွက် လူအင်အား တစ်ထောင်နီးပါးကိုပင် မိမိသဘောဆန္ဒအလျောက် ရွေးချယ်ထားကြသည်။

လူအင်အားတိုးလာခြင်းသည် အဖွဲ့ခေါင်းဆောင်များဖြစ်သော ရှဲ့ကျန်းနှင့် ရှီးယန်နန်တို့ကိုသာမက ကျန်းမာရေးစင်တာမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကိုပါ အလုပ်ပိစေ၏။ ဒေါက်တာ စုရှီ ကိုယ်ဝန်ရှိနေသည်ကို ထည့်မပြောလျှင်ပင် အရာရာမှာ ယခင်ကကဲ့သို့ အဆင်ပြေခြင်း မရှိတော့ပေ။

ထို့အပြင် ဒါရိုက်တာလီသည် ယခင်က ဆေးရုံ၌သာ အနေများသော်လည်း ယခုအခါ အိမ်တွင် ကိုယ်ဝန်ဆောင် ဇနီးသည် ရှိနေပြီဖြစ်သဖြင့် မိသားစုကို ပြုစုစောင့်ရှောက်ရန် အာရုံစိုက်ရတော့မည်ဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်လကျော်ကတည်းက သူသည် ဗိုလ်ကြီးကျူးထံသို့ ဆေးဘက်ဆိုင်ရာဝန်ထမ်း အပိုထပ်မံခန့်ထားပေးရန် တောင်းဆိုလွှာ တင်ခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုချက်မှာ ကြာကတည်းက ကျပြီးဖြစ်သော်လည်း ဆရာဝန်ရှားပါးနေပြီး ဤဒေသရှိ ဆရာဝန်များ၏ နိုင်ငံရေးနောက်ခံမှာလည်း အတော်လေးတင်းကြပ်၏။ ထို့ကြောင့် နှစ်လကြာပြီးမှ ဒါရိုက်တာလီ တစ်ယောက် သတင်းကောင်း လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

သူသည် ထိုသတင်းကို လူတိုင်းအားဝေမျှရန် မစောင့်နိုင်တော့ပေ။

သူနာပြုခေါင်းဆောင်က သက်ပြင်းချလိုက်သည်။ "သူတို့က သူနာပြုအပို ထပ်မပေးဘူးလား"

ဒါရိုက်တာလီက သူမကို မျက်စောင်းထိုးလိုက်သည်။ "ရှိပြီးသား သူနာပြု တစ်ဒါဇင်လောက်က မလောက်သေးလို့လား"

သူနာပြုခေါင်းဆောင်မှာ ပြောစရာစကားမဲ့သွားသည်။ "လောက်တော့လောက်ပါတယ်... ဒါပေမဲ့ လူများတာကို ဘယ်သူက ငြင်းမှာလဲလို့"

ဒါရိုက်တာလီက စကားဆက်မပြောချင်တော့ပေ။ ထိုအစား သူကပြုံးပြီး စုရှီနှင့် သူမ၏အစ်ကိုဘက်သို့ လှည့်လိုက်သည်။

"ဝန်ထမ်းအင်အားပြည့်သွားတာနဲ့ တစ်ပြိုင်နက် ငါတို့ အချိန်ဇယားဆွဲကြမယ်။ ရည်ရွယ်ချက်ကတော့ လူတိုင်း တစ်ပတ်မှာ တစ်ရက် နားရက်ရဖို့ပဲ။ ပြီးတော့ ညဆိုင်းကိစ္စ၊ အရင်က ဆရာဝန်မလောက်လို့ သူနာပြုတွေပဲ တာဝန်ကျခဲ့ရတယ်။ အခုတော့ ဆရာဝန်တွေပါ ညဆိုင်းအလှည့်ကျ ဆင်းရလိမ့်မယ်။ ဒါပေမဲ့ စုရှီ၊ မင်းကတော့ ကင်းလွတ်ခွင့်ရှိတယ်။ ဒါက မင်းတစ်ယောက်တည်းအတွက်မဟုတ်ဘူး၊ အထူးကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစားပြီး အဆင်ပြေအောင် စီစဉ်ပေးမှာ... ကန့်ကွက်စရာရှိလား။ ရှိရင်လည်း ဆွေးနွေးလို့ရအောင် အခုပြောကြ"

စုရှီနှင့် စုတုန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရိုးရိုးသားသားပြောရလျှင် တစ်ပတ်လျှင် နားရက်တစ်ရက်ရသည်မှာ ကောင်းသည်ဟု သူတို့ထင်ကြသည်။ ထို့ပြင် စုရှီအနေဖြင့် ညဆိုင်းဆင်းရန် မလိုတော့သဖြင့် နှစ်ဦးစလုံးက ကန့်ကွက်စရာမရှိကြောင်း ခေါင်းခါပြလိုက်ကြသည်။ သို့သော် သူနာပြုခေါင်းဆောင်က လက်ထောင်လိုက်သည်။

ဒါရိုက်တာလီက စိတ်အားထက်သန်နေသော သူနာပြုခေါင်းဆောင်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

"ဘာကိစ္စလဲ"

သူနာပြုခေါင်းဆောင်၏ မျက်နှာပေါ်တွင် အတင်းပြောချင်သည့် အရိပ်အယောင်များ ပေါ်လာသည်။

"ဆရာဝန်အသစ်တွေက ယောကျ်ားလေးလား မိန်းကလေးလား"

ဒါရိုက်တာလီသည် သူမကို ဆူပူကြိမ်းမောင်းချင်စိတ်ကို ထိန်းချုပ်လျက် မှတ်စုစာအုပ်ကိုပိတ်ကာ မတ်တတ်ရပ်လိုက်သည်။

"ကဲ... အစည်းအဝေးပြီးပြီ"

စကားပြောပြီးသည်နှင့် သူသည် အစည်းအဝေးခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူနာပြုခေါင်းဆောင်မှာမူ လက်မလျှော့ဘဲ သတင်းဦးသတင်းထူးရရန်အလို့ငှာ သူ့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားလေသည်။

စုရှီက ဒါရိုက်တာလီ နောက်သို့ အလျင်စလိုလိုက်သွားသော သူနာပြုခေါင်းဆောင်ကိုကြည့်ပြီး မတတ်သာသည့်ပုံစံဖြင့် ခေါင်းခါလိုက်သည်။ သူမက ဗိုက်ကိုပိုက်ကာ မတ်တတ်ရပ်လိုက်ပြီး မှတ်စုများနှင့် စာရွက်စာတမ်းများကို သိမ်းဆည်းနေသော အစ်ကိုဖြစ်သူကို ပြုံးပြလိုက်သည်။

"အစ်ကိုကြီး... လူသစ်တွေရတော့မှာဆိုတော့ ကောင်းတာပေါ့။ မဟုတ်ရင် နောက်လအနည်းငယ်ကြာလို့ ညီမ မွေးခါနီးရင် ဒုက္ခရောက်နေဦးမယ်"

သူတို့နှစ်ဦး အတူတူထွက်လာကြပြီး စုတုန်က သူမကိုကာကွယ်ရန် အနောက်မှ လျှောက်လာသည်။ သူမပြောသည်ကို ကြားသောအခါ သူက ညင်သာစွာ ပြောလိုက်သည်။

"တစ်ပတ်မှာ နားရက်တစ်ရက်ရရင် အစ်ကို မနားတော့ဘူး။ နင် အပတ်တိုင်း သေချာအနားယူနိုင်အောင် အစ်ကို့ နားရက်ကို ညီမလေးကိုပေးမယ်"

စုရှီက ခေါင်းခါလိုက်သည်။ "မလိုပါဘူး။ အစ်ကိုကြီးက သံမဏိနဲ့ လုပ်ထားတာမှမဟုတ်တာ။ ဒါ့အပြင် နောက်နှစ်လ၊ သုံးလဆို ညီမ မီးဖွားခွင့်ရတော့မှာ။ အဲ့ဒီကျရင် နှစ်လ၊ သုံးလလောက် နားရမှာပဲလေ။ တစ်ရက်၊ နှစ်ရက်လောက် နားမရတာနဲ့ ဘာကွာသွားမှာမို့လို့လဲ"

စုတုန့်က စကားဆက်မပြောတော့ဘဲ ညီမဖြစ်သူကို ရုံးခန်းအထိ လိုက်ပို့ပေးပြီးနောက် မိမိတာဝန်များကို ဆက်လုပ်ဆောင်ရန် ထွက်ခွာသွားသည်။ ယနေ့တွင် သူသည် လေ့ကျင့်ရေးကွင်း၌ တာဝန်ကျ၏။

နွေဦးနှောင်းပိုင်းနှင့် နွေရာသီအစောပိုင်းကာလ မေလသို့ ရောက်ရှိနေပြီဖြစ်သည်။

ည ၈ နာရီတွင် စုရှီသည် နို့မှုန့်တစ်ခွက် ဖျော်သောက်ကာ ကြက်ဥကိတ်မုန့် နှစ်တုံး စားလိုက်သည်။ ထို့နောက် ပလုတ်ကျင်းပြီး အနားယူရန် ကုတင်ပေါ်သို့ လှဲချလိုက်သည်။

ယခု ဒုတိယမြောက် ကိုယ်ဝန်ဆောင်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ နာရီအနည်းငယ်ကြာတိုင်း ထမင်းတစ်နပ် အဝစားနိုင်သည်ဟု ခံစားနေရသည်။ သူမ ဗိုက်မဆာစေရန်အတွက် ထန်စစ်ယွင်က တစ်ရက်ခြားတစ်ခါ အစားအသောက်များ လာပို့ပေးတတ်သည်။ အထုပ်ကြီး အထုပ်ငယ်များဖြင့် လာပို့ပေးသဖြင့် စုရှီ အနေဖြင့် စားချင်သည့်အချိန်တိုင်း အလွယ်တကူ စားသောက်နိုင်၏။

စုရှီသည် ဗိုက်ကိုပွတ်သပ်လိုက်ရာ အတွင်းမှ ကလေးများ၏ သိသာထင်ရှားသော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူမက တိုးတိုးလေး ရယ်မောပြီး တင်းနေသော ဗိုက်ကို လက်ဖြင့်ထိုးကာ ရေရွတ်လိုက်သည်။

"ဒီအတိုင်းသာ ဆက်စားနေရင်တော့ အမေ ဝက်ပုတ်ကြီးဖြစ်သွားတော့မှာပဲ။ သားတို့အဖေက အမေ့ကို မုန်းသွားရင် ဘယ်လိုလုပ်မလဲ ဟမ်"

ယောက်ျားတစ်ယောက်၏ အသံက အခန်းထဲတွင် ရုတ်တရက်ထွက်ပေါ်လာသဖြင့် စုရှီ လန့်ဖျပ်သွားသည်။

"ပေါက်ကရတွေ ပြောမနေနဲ့၊ ကလေးတွေ ကြားသွားဦးမယ်။ မင်း ပေါင်နှစ်ရာလောက် ဝသွားရင်တောင် ကိုယ်က ကြိုက်နေဦးမှာပါ"

သူမ ကုတင်ပေါ်မှ ထလိုက်ပြီး တံခါးပေါက်ဝသို့ ကြည့်လိုက်ရာ သူမသတိမထားမိလိုက်ဘဲ အလုပ်မှပြန်ရောက်နေသော ခင်ပွန်းသည်ကို တွေ့လိုက်ရသည်။

"ရှင်ကလည်း လန့်လိုက်တာ၊ သေတော့မှာပဲ"

ရှဲ့ကျန်းလည်း သူမ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် လန့်သွားသည်။ စက္ကန့်ပိုင်းအတွင်း သူသည် ညစ်ပေနေသော အဝတ်အစားများကို ချွတ်လိုက်ရာ အတွင်းခံဘောင်းဘီသာ ကျန်တော့သည်။ ထို့နောက် ခြေလှမ်းကျဲကြီးများဖြင့် သူမထံသို့ အပြေးအလွှား ရောက်ရှိလာသည်။

သူသည် ကုတင်စွန်းတွင်ထိုင်လိုက်ပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူ့လက်ကို ဗိုက်ပေါ်သို့ ဖွဖွလေးတင်လိုက်သည်။

All Chapters