အခန်း (၁၃၉)
Vol. 12 Ch. 139
"ကိုယ်လည်း လန့်သွားတာပဲ။ မင်းက ဘာလို့ အဲ့လောက်တောင် လန့်တတ်ရတာလဲ။ အခု မင်းဗိုက် ဘယ်လောက်ကြီးနေပြီလဲဆိုတာ မတွေးမိဘူးလား"
သူ၏ ရှားရှားပါးပါး တည်ကြည်သောလေသံကြောင့် စုရှီ ခြိမ်းခြောက်ခံရသည်ဟု မခံစားရပေ။ ထိုအစား သူမက သူ့လက်မောင်းကို ခပ်ဖွဖွရိုက်ကာ အပြစ်တင်လိုက်သည်။
"အားလုံး ရှင့်အပြစ်ပဲ။ အသံမပေးဘာမပေးနဲ့ ဝင်လာတာကိုး။ ပြီးတော့ ရုတ်တရက်ကြီး စကားထပြောမှတော့ လန့်မှာပေါ့"
ရှဲ့ကျန်းက သူ ပုံမှန်အတိုင်း ဝင်လာကြောင်းကို ရှင်းပြမနေတော့ပေ။ စုရှီ အတွေးလွန်နေသဖြင့် သူ့အသံကို မကြားရခြင်းဖြစ်ကြောင်း သိသာနေသည်။ သူက စနောက်သောလေသံဖြင့် တောင်းပန်လိုက်သည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ကိုယ့်အပြစ်ပါ။ နောက်ဆို အခန်းထဲဝင်လာရင် အသံဗလံကြားအောင် လုပ်ပြီးဝင်လာပါ့မယ်၊ ဟုတ်ပြီလား။ ဘယ်လိုလဲ။ အခုထိ ကြောက်နေတုန်းပဲလား"
ထိုစကားကို ကြားသောအခါ စုရှီသည် သူမ အလွန်အကျွံတုံ့ပြန်မိသည်ဟု ခံစားလိုက်ရသော်လည်း ဝန်ခံရန် ဆန္ဒမရှိပေ။ ကိုယ်ဝန်ကြောင့် သူမ စိတ်မငြိမ်မသက်ဖြစ်နေခြင်းသာ ဖြစ်ရမည်။
စိတ်ငြိမ်သွားပြီးနောက် စုရှီသည် ခင်ပွန်းသည်၏ ရင်ခွင်ထဲတွင် မှီကာ အနားယူလိုက်သည်။
"ကျွန်မ ဘာမှမဖြစ်ပါဘူး၊ ရှင်အသိဆုံးပါ။ အခုချိန်ထိ လူနည်းနည်းလောက်ကိုတော့ ကောင်းကောင်းကြီး နိုင်ပါသေးတယ်"
ရှဲ့ကျန်း က သူမ၏စကားကြောင့် ရယ်မောလိုက်ပြီး စူထွက်နေသော ဗိုက်လေးကို ဖွဖွလေး နမ်းလိုက်သည်။
"ဒါပေါ့... ကိုယ့်ရဲ့ ရှီရှီ ပဲဟာ။ တပ်ထဲမှာ မင်းအကြောင်း ပုံပြင်တွေ ပြောနေကြတုန်းပဲလေ"
ရှဲ့ကျန်းသည် ယခင်က ထိုအကြောင်းကို မပြောခဲ့သော်လည်း ယခု ပြောလာသောအခါ စုရှီသည် သူမ၏ ဒေါသကို မထိန်းနိုင်တော့ပေ။
"အဲ့ဒါကို ထပ်မပြောနဲ့နော်၊ ပြောရင် ကျွန်မ စိတ်ဆိုးမှာ"
ယမန်နှစ်က စစ်တပ်ဝင်းထဲတွင် သူမသည် ကျန်းဖေးနှင့်တူသော စစ်သည်တော်တစ်ဦးဖြစ်ပြီး ကျွဲတစ်ကောင်ကဲ့သို့ သန်မာသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ထိုအချိန်က သူမသည် ကျန်းဖေး တမင်နာမည်ဖျက်လို၍ လုပ်ကြံပြောဆိုခြင်းဖြစ်မည်ဟု ယူဆကာ ရယ်စရာဟု သဘောထားပြီး သိပ်အရေးမစိုက်ခဲ့ပေ။
ထိုကိစ္စကို မေ့ပျောက်လောက်ပြီဟု သူမ ထင်ထားခဲ့သော်လည်း သူနာပြုခေါင်းဆောင်က သူမ နာမည်ကြီးနေပြီဖြစ်ကြောင်း ဆန်းကြယ်စွာ လာပြောပြခဲ့သည်။ သူမသည် ကျန်းဖေးနှင့်တူသော အမျိုးသမီးစစ်သည်တော်ဖြစ်ပြီး ခွန်အားကြီးမားသည်ဟု ကောလာဟလများ ပြန့်နှံ့နေခြင်းဖြစ်သည်။ စုရှီသည် အတင်းအဖျင်းစကားများကို လိုက်စုံစမ်းကြည့်ရာ ထိုကောလာဟလများသည် သူတို့အဖွဲ့ထဲမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အံ့အားသင့်ဖွယ် သိရှိလိုက်ရသည်။
ယခုတော့ ထိုခေါင်းစဉ်အကြောင်း ပြောလာတိုင်း သူမ တစ်စုံတစ်ယောက်ကို ထိုးကြိတ်ချင်စိတ် ပေါက်လာတော့သည်။
စုရှီ - "ကျွန်မ ရေချိုးပြီးပြီ"
ရှဲ့ကျန်း - "ရပါတယ်၊ အတူတူ ထပ်ချိုးကြတာပေါ့"
စုရှီ - .....
ကိုယ်ဝန်ကြောင့် ဧည့်ခန်းထဲတွင် ရေချိုးရန်နေရာ အသေးစားလေး လုပ်ပေးထားသဖြင့် အပြင်ထွက်ရေချိုးစရာ မလိုတော့သော်လည်း ဤလူကြီးကတော့ အရှက်မရှိလွန်းသည်...
ဤလူဆိုးကြီး ဘာကြံစည်နေသည်ကို သူမ မသိဘူးဟု မထင်လိုက်ပါနှင့်...
.....
အတင်းပြောတတ်သော သူနာပြုခေါင်းဆောင်ကို သင်ခန်းစာပေးချင်၍ ဖြစ်ကောင်းဖြစ်နိုင်သလို၊ ဒါရိုက်တာလီထံမှ ရှင်းလင်းပြတ်သားသော အဖြေမရရှိဘဲ ဆရာဝန်သစ်နှစ်ယောက် ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် ဆရာဝန်နှစ်ယောက်အတွက် ကြိုဆိုပွဲအခမ်းအနားတွင် သူနာပြုခေါင်းဆောင်မှာ စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။
"စုရှီ၊ ညည်း မသိပါဘူး။ အဖိုးကြီးလီက ပြောင်းလဲသွားပြီ။ အရင်က ဒီလိုမဟုတ်ပါဘူး"
စုရှီ နှုတ်ခမ်း မမဲ့ဘဲ မနေနိုင်တော့ပေ။ ဒါရိုက်တာလီက သူတို့ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်ကို သတိထားမိလိုက်သည်နှင့် စိတ်ဆိုးနေဆဲဖြစ်သော သူနာပြုခေါင်းဆောင်ကို အလျင်အမြန် တို့လိုက်ပြီး သတိထားရန် သတိပေးလိုက်သည်။ ဒီနေ့ ဒါရိုက်တာက အတော်လေး စိတ်မကြည်ဖြစ်နေပုံရသည်ဟု သူမ ထူးဆန်းစွာ ခံစားနေရသည်။
ယုတ္တိတန်အောင် တွေးကြည့်မည်ဆိုလျှင် ဆရာဝန်သစ်နှစ်ယောက် ရောက်လာသည့်အတွက် သူ ပျော်ရွှင်နေသင့်သော်လည်း အဘယ်ကြောင့် မျက်နှာဆူပုတ်နေရသနည်း။
ထို့နောက် စုရှီသည် ဒါရိုက်တာလီ ဘေးတွင် ရပ်နေသော ဆရာဝန်နှစ်ယောက်ထံသို့ အကြည့်ရွှေ့လိုက်သည်။
ဆရာဝန်သစ်နှစ်ယောက်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ငယ်ရွယ်ပုံရကာ အသက် ၃၀ ပင် ပြည့်ပုံမရသေးပေ။
စုရှီ စိတ်ဝင်စားသွားသည်။ ပြောရလျှင် သူမ ဘွဲ့ရခဲ့သည်မှာ ခြောက်နှစ်ရှိပြီဖြစ်ရာ ဤနှစ်ယောက်သည် အတန်းကျော်ပြီး စောစောဘွဲ့ရခဲ့သော သူမကဲ့သို့သောသူများ ဖြစ်နိုင်သလို ထောက်ခံချက်ဖြင့် တက်ရောက်ခဲ့သော ကျောင်းသားများလည်း ဖြစ်နိုင်သည်။ ရိုးရိုးသားသား ပြောရလျှင် သူတို့ကို ပထမအမျိုးအစားထဲတွင် ပါဝင်သည်ဟုသာ သူမ တွေးချင်သည်။
ဒါရိုက်တာလီက တင်းမာသော မျက်နှာထားဖြင့် လူအုပ်ကို ပြောလိုက်သည်။ "အဖွဲ့ဝင်သစ်တွေကို မိတ်ဆက်ပေးဖို့ လူတိုင်းကို စုစည်းလိုက်တာပါ။ သူတို့ကတော့ ဒေါက်တာ ကျောက်ယင်းနဲ့ ဒေါက်တာ ချူးကျွင့်တို့ ဖြစ်ပါတယ်။ သူတို့က ငါတို့နဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ပူးပေါင်းကြမှာဖြစ်လို့ လူတိုင်း ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်။ လက်ခုပ်တီးပြီး ကြိုဆိုပေးလိုက်ကြပါဦး"
"ဖြောင်း... ဖြောင်း... ဖြောင်း..."
အခန်းတစ်ခုလုံး လက်ခုပ်သံများဖြင့် ချက်ချင်း ဆူညံသွားသည်။
လက်ခုပ်သံများမှာ သိပ်ညီညာမှုမရှိဘဲ ပြန့်ကျဲနေသော်လည်း ဒါရိုက်တာလီ၏ မျက်နှာထားထက်တော့ များစွာ ပိုနွေးထွေး၏။
သူနာပြုခေါင်းဆောင်က စုရှီ ဘက်သို့ ကိုင်းလိုက်ပြီး စုပ်သပ်လိုက်သည်။ "ညည်းနဲ့ စုတုန် ရောက်တုန်းကတောင် ဒီလိုကြိုဆိုပွဲမျိုး မရှိခဲ့ပါဘူး"
စုရှီက မဲ့ပြုံး ပြုံးလိုက်သည်။ "အဲ့ဒီတုန်းက ဒါရိုက်တာလီ စိတ်မကြည်ဘူးဆိုတာ ရှင်လည်း သိသားနဲ့"
သူနာပြုခေါင်းဆောင်က စနောက်နေခြင်းသာ ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးအနေဖြင့် သူမသည် ဒါရိုက်တာလီနှင့် သူ့ဇနီးအတွက် အမှန်တကယ် ဝမ်းသာမိ၏။ လုပ်ငန်းခွင်တွင် တည်ကြည်တင်းမာတတ်သော်လည်း ယခုအခါ ပုဂ္ဂလိကအချိန်များတွင် ပိုပြုံးရွှင်တတ်လာပြီဖြစ်သည်။
သူမ အကျင့်ပါနေသလို စကားအနည်းငယ် ရေရွတ်နေချိန်တွင် သူတို့ရှေ့၌ရပ်နေသော ဆရာဝန်နှစ်ဦးမှာ ဒါရိုက်တာလီ၏ ညွှန်ကြားချက်အတိုင်း မိတ်ဆက်စကား စတင်ပြောကြားနေပြီဖြစ်သည်။
ဆရာဝန်နှစ်ဦး၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် စုရှီသည် ဒါရိုက်တာလီကို မသိစိတ်အရ လှမ်းကြည့်လိုက်ရာ မူလကတည်းက မကောင်းသော မျက်နှာထားမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။
အလုပ်သမား၊ လယ်သမားများနှင့် စစ်သား တက္ကသိုလ်မှ ဘွဲ့ရလာသူများပင်။
စုရှီက ခွဲခြားဆက်ဆံခြင်း မဟုတ်သော်လည်း ထိုခေတ်ကာလက အလုပ်သမား၊ လယ်သမား၊ စစ်သား တက္ကသိုလ်မှ ကျောင်းသားများ၏ အရည်အသွေးမှာ အလွန်ကွာခြားမှုရှိသည်။ ယခု သူမလုပ်နိုင်သည်မှာ ထိုနှစ်ယောက်သည် တော်သောလူနည်းစုထဲတွင် ပါဝင်ပါစေဟု ဆုတောင်းနေရုံသာ ရှိတော့သည်။
သို့မဟုတ်ပါက ပြဿနာတက်ဖွယ် ရှိသည်။
ဒါရိုက်တာလီက စိတ်မကြည်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။
"ကဲ... မိတ်ဆက်တာ ပြီးပြီ။ အားလုံး အလုပ်ပြန်လုပ်ကြတော့။ သူနာပြုခေါင်းဆောင်... ဒေါက်တာ ချူးနဲ့ ဒေါက်တာ ကျောက်ကို ရုံးခန်းလိုက်ပြပြီး ကျန်းမာရေးစင်တာရဲ့ အခြေအနေကို ရှင်းပြလိုက်ပါ။ စုရှီ၊ မင်း နေခဲ့ဦး"
ယခုအချိန်တွင် ခေါင်းဆောင်ဖြစ်သူကို စိတ်အနှောင့်အယှက် မပေးချင်သဖြင့် လူတိုင်း ထွက်ခွာသွားကြသည်။
လူတိုင်း ထွက်သွားပြီးနောက် ဒါရိုက်တာလီက သက်ပြင်းချလိုက်သည်။ "ငါ အကောင်းမြင်လွန်းခဲ့တာပဲ။ တက္ကသိုလ်တွေ ပိတ်ထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အရည်အချင်းရှိတဲ့သူတွေ ဘယ်မှာရှိတော့မလဲ။ မင်းနဲ့ စုတုန်တို့ ဒီကိုရောက်လာတာက ငါတို့အဖွဲ့အတွက် ကံကောင်းခြင်းတစ်ခုပဲ"
သူသည် စစ်သားများအတွက် စိတ်ပူနေခြင်းဖြစ်ကြောင်း စုရှီ သိသည်။ ထို့ကြောင့် သူ ဤမျှ စိတ်ခံစားမှု ပြင်းထန်နေခြင်းဖြစ်သည်။ ဒါရိုက်တာလီ သာမက သူမပင်လျှင် အနည်းငယ် စိတ်ပျက်မိသည်။ သို့သော် လူများရောက်လာပြီဖြစ်ရာ အမှားတစ်ခုခု မလုပ်မိသေးသရွေ့ အကြောင်းပြချက်မရှိဘဲ ပြန်လွှတ်လိုက်၍ မရနိုင်ပေ။
ထိုအကြောင်းကို တွေးပြီးနောက် စုရှီက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ "ဒါရိုက်တာ... အကောင်းဘက်က တွေးကြည့်ပါဦး။ အလုပ်သမား၊ လယ်သမား၊ စစ်သား တက္ကသိုလ်မှာလည်း တော်တဲ့သူတွေ ရှိပါတယ်။"
ဒါရိုက်တာလီက မျက်နှာကို သပ်လိုက်သည်။ "ငါလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်။ ကျောက်ယင်းကို ငါ ကိုယ်တိုင် ခဏလောက် ကြီးကြပ်ပေးပြီး ကွင်းဆင်းခိုင်းကြည့်မယ်။ မဟုတ်ရင် သူ စုတုန်နဲ့ အတူရှိနေရင် အလုပ်ကြိုးစားချင်စိတ် ရှိမှာမဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်။ ချူးကျွင့်ကိုကျတော့ စုတုန်ကို တာဝန်ယူခိုင်းလိုက်မယ်။ မင်းကို ချန်ထားခဲ့ရတဲ့ အကြောင်းရင်းက ငါက အမြဲတမ်းအလုပ်ရှုပ်နေတော့ ကျန်းမာရေးစင်တာမှာ အမြဲရှိမနေနိုင်ဘူး။ ကျေးဇူးပြုပြီး သူတို့နှစ်ယောက်ကို စောင့်ကြည့်ပေးပါ။ သူတို့မှာ တကယ်ပဲ အရည်အချင်းရှိမရှိ ကြည့်ပေးပါဦး..."
စုရှီ နားလည်သွားကာ စနောက်လိုက်သည်။ "ကျွန်မတို့ စရောက်တုန်းက ဒါရိုက်တာ စစ်ဆေးသလိုမျိုးပဲမလား"
ဒါရိုက်တာလီက နောက်ဆုံးတွင် ပြုံးပြီး ခေါင်းညိတ်ပြသည်။ "ငါသာ မင်းတို့ကို အခက်တွေ့အောင် မလုပ်ခဲ့ရင် မင်းတို့ရဲ့ အရည်အချင်းကို ဘယ်လိုလုပ် မြန်မြန်သိနိုင်မှာလဲ"
စုရှီလည်း ပြုံးလိုက်သည်။ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဒါရိုက်တာ ပြောတာမှန်ပါတယ်"
"ကဲ... စနောက်နေတာ ရပ်ပြီး အလုပ်သွားလုပ်တော့။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦး"
"ဟုတ်ကဲ့၊ ကျွန်မ သွားလိုက်ပါဦးမယ်"
စုရှီ ရုံးခန်းသို့ ပြန်ရောက်သောအခါ ဆရာဝန်သစ်နှစ်ယောက်၏ ရုံးခန်းမှာ သူမရုံးခန်းနှင့် ကပ်လျက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူနာပြုခေါင်းဆောင်က သူတို့ကို တစ်စုံတစ်ခု ပြောနေသည်။
စုရှီ လာနေသည်ကို မြင်သောအခါ သူနာပြုခေါင်းဆောင်က ပြုံးပြလိုက်ပြီးနောက် ဆရာဝန်နှစ်ယောက်ဘက်သို့ ပြန်လှည့်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"သိသင့်တာတွေ အားလုံးကို ပြောပြပြီးပါပြီ။ တို့ကျန်းမာရေးစင်တာက သေးတော့ မေးစရာရှိရင် တို့ကို လာမေးလို့ရတယ်။ စုရှီကို မေးလည်းရတယ်၊ သူက ဟောဒီဘေးခန်းမှာပဲ။ ဒါပေမဲ့ သူမက အခု ကိုယ်ဝန်ရှိနေတော့ ကိစ္စရှိရင် တို့ဆီပဲ အရင်လာတာ ပိုကောင်းပါတယ်..."
သူနာပြုခေါင်းဆောင်မှာ အားအင်အပြည့်ဖြင့် နားမနေဘဲ ပြောနေဆဲပင်။
စုရှီက ဆရာဝန်နှစ်ယောက်ကို ပြုံးပြလိုက်ပြီး ရုံးခန်းသို့ ပြန်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကျောက်ယင်းက စုရှီ ရှိရာသို့ ခြေလှမ်းအနည်းငယ် လှမ်းလာပြီး ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ဒေါက်တာ စုရှီ ၊ မင်္ဂလာပါ။ အခုကစပြီး ကျွန်မတို့က အိမ်နီးချင်းတွေ ဖြစ်သွားပြီ။ နောက်ဆို အချင်းချင်း ကူညီစောင့်ရှောက်ပေးကြမယ်လို့ မျှော်လင့်ပါတယ်"
စုရှီက ပြန်ပြုံးပြလိုက်သည်။ "အားနာစရာကြီး။ အချင်းချင်း ကူညီကြတာပေါ့"
ကျောက်ယင်းက သူမရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ ဗိုက်ကြီးတစ်လုံးနှင့် ဖြစ်သော်လည်း အလွန်လှပနေပြီး လူနှင့်ပင် မတူပေ။ မနာလိုစိတ်တစ်ခုက သူမမျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
သူမကိုယ်သူမ အတော်လေးလှသည်ဟု ထင်ထားခဲ့ပြီး ငယ်စဉ်ကတည်းက ဆန့်ကျင်ဘက်လိင်များ၏ စိတ်ဝင်စားမှုကို အမြဲခံခဲ့ရသည်။ သို့သော် ဤကျန်းမာရေးစင်တာ အသေးလေးတွင် သူမထက် ပို၍ဆွဲဆောင်မှုရှိသောသူနှင့် တွေ့ဆုံရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
မဟုတ်သေးပါ... ရိုးရိုးသားသား ဝန်ခံရလျှင် သူမနှင့် စုရှီမှာ ယှဉ်စရာပင်မရှိဟု ခံစားရသဖြင့် ပို၍ပင် နေမထိထိုင်မသာ ဖြစ်လာရသည်။
သို့သော်... သူမ၏အကြည့်က စုရှီ၏ ဗိုက်ကြောင့် ကြပ်နေသော ဂျူတီကုတ် အဖြူရောင်ဆီသို့ ရောက်သွားသောအခါ အနည်းငယ် ကျေနပ်သွားသည်။
အိမ်ထောင်ကျပြီးသွားမှတော့ လှနေလို့ ဘာလုပ်မှာလဲ။ အိမ်ထောင်ကျသွားရင် ယှဉ်ပြိုင်နိုင်စွမ်း ပျောက်သွားပြီ။ ထို့ကြောင့် သူမက မူနွဲ့နွဲ့ ပြန်ပြုံးလိုက်သည်။
"ရှင်ကလည်း ယဉ်ကျေးလွန်းနေပါပြီ။ ရှင်က ကျွန်မထက် အသက်ကြီးတာဆိုတော့ ဒီလိုလုပ်ပါလား... ကျွန်မက ရှင့်ကို 'အစ်မရှီ' လို့ ခေါ်မယ်။ ရှင်က ကျွန်မကို 'ညီမလေး ယင်း' လို့ ခေါ်ပေါ့"
စုရှီ -......
သူနာပြုခေါင်းဆောင်က မျက်လုံးလှန်ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဟေ... တို့ကြည့်ရတာတော့ ညည်းက ဒေါက်တာ စုရှီ ထက် ပိုအိုစာမယ်ထင်တယ်။ ကြည့်ပါဦး... ညည်း မျက်လုံးနားမှာ အရေးအကြောင်းတွေတောင် ပေါ်နေပြီ"
ထိုစကားပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း အေးခဲသွားသည်။ စုရှီမှာ ရယ်မိလျှင် အားလုံး အနေခက်ကုန်မည်စိုးသဖြင့် မနည်းအောင့်ထားရသည်။
သို့သော် သူမက အောင့်ထားနိုင်သော်လည်း အခြားသူများက မနေနိုင်ကြပေ။
"ဖူး..."
ရုတ်တရက် ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လူတိုင်း၏ မျက်လုံးများက ရယ်သံထွက်ပေါ်လာရာဆီသို့ ရောက်သွားကြပြီး ဆရာဝန်သစ် ချူးကျွင့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူသည် အရပ်သိပ်မရှည်သော်လည်း အသားဖြူပြီး ပညာတတ်ပုံစံ ပေါက်သည်။
ပြောရလျှင် ရုပ်ဆင်းသဏ္ဌာန်ကသာ ထိုသို့ဖြစ်နေခြင်းဖြစ်သည်။
သူပြုံးလိုက်သောအခါ ကျက်သရေရှိသော အမူအရာအားလုံး ပျောက်ကွယ်သွားသည်။ သူသည် ရှေ့နောက်ယိမ်းထိုးကာ အပြင်းအထန် ရယ်မောနေပြီး အတော်ကြာမှ ကျောက်ယင်း၏ စူးရှသော အကြည့်ကို ရင်ဆိုင်ရင်း လှောင်ပြောင်သရော်လိုက်သည်။
"တော်စမ်းပါ ကျောက်ယင်းရာ။ နင့်ကိုယ်နင် 'စစ်ဆေးမှူး စုရှီရဲ့ ညီမလေး' လို့ ခေါ်ရအောင် နင်က ဘယ်သူမို့လို့လဲ။ ငါထင်တာတော့ နင်နဲ့ စစ်ဆေးမှူး စုရှီရဲ့ အမေနဲ့ဆို အသက်တူလောက်မယ်..."
စုရှီ - ... အဲ့ဒါတော့ နည်းနည်း လွန်သွားပြီထင်တယ်။
အတော်အတန်လှပသော ကျောက်ယင်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။ သူမ၏ ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
"ချူးကျွင့်၊ နင် မျက်လုံးကန်းနေလား။ ငါ့အသက် ၂၈ ပဲ ရှိသေးတယ်"
ချူးကျွင့်က ကော်လာပေါ်မှ မရှိသော ဖုန်များကို ခါထုတ်ဟန်ပြုလိုက်ပြီး ပျင်းရိစွာ ကြည့်လိုက်သည်။
"၃၀ မဟုတ်ဘူးလား"
ကျောက်ယင်းက အံကြိတ်လိုက်သည်။ "ငါက ၂၈ ၊ ၂၉ ထဲ ဝင်မှာ"
ချူးကျွင့်က မဲ့ပြုံးပြုံးလိုက်သည်။ "ဟက်..."
စုရှီသည် ကလေးဆန်သော ရန်ပွဲကို ဆက်ကြည့်မနေချင်တော့ပေ။ သူမက ခေါင်းခါရင်း ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ သူတို့၏ ဆေးကုသမှုစွမ်းရည်အပေါ် ယုံကြည်မှု ပို၍လျော့နည်းသွားသည်ဟု ခံစားလိုက်ရသည်။
ဒါရိုက်တာလီသည် အဝေးမှ ဆူညံသံကို ကြားရပြီးဖြစ်ကာ မူလကတည်းက မကောင်းသော မျက်နှာထားမှာ ပို၍ဆိုးရွားလာသည်။
"ဘာလို့ ရန်ဖြစ်နေကြတာလဲ။ ဒီနေရာကို ဘာမှတ်နေလဲ။ ဆက်ပြီး ရန်ဖြစ်နေကြမယ်ဆိုရင် ဒီကနေ ထွက်သွားကြ"
သူလျှောက်လာပြီး ဆရာဝန်သစ်နှစ်ယောက်ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်း ပေါက်ကွဲသွားပြီး ဆူပူကြိမ်းမောင်းတော့သည်။
စုရှီသည် ဘေးခန်းမှ ဆူညံသံကြောင့် သက်ပြင်းချလိုက်ပြီး ရှေ့ဆက်ရမည့် နေ့ရက်များမှာ လွယ်ကူမည်မဟုတ်ကြောင်း သိလိုက်သည်။
မနက်ဖြန်သည် တနင်္ဂနွေနေ့ဖြစ်ပြီး ကျန်းကျွင့်၏ မင်္ဂလာဆောင်ရက်လည်း ဖြစ်သည်။ ရှဲ့ကျန်းက မသွားနိုင်ကြောင်း အတည်ပြုလိုက်သည်။ အလုပ်ပြီးသောအခါ သူက ဇနီးဖြစ်သူကို ပြောပြလိုက်သည်။
"မနက်ဖြန် ကိုယ် ပြန်လာဖို့ အချိန်မရလောက်ဘူး။ ရှီရှီ၊ ကျွင့်ဇီကို စကားပါးပေးပါဦး"
စုရှီ အံ့သြမသွားပေ။ ဤလူနှင့် သူမ၏ဒုတိယအစ်ကိုတို့သည် နှစ်သစ်ကူးကတည်းက အနားမရခဲ့ကြပေ။ စစ်သားများမှာ တစ်ပတ်လျှင် တစ်ရက် နားရက်ရှိသည်။ သို့သော် သူတို့နှစ်ဦးမှာ နေ့စဉ် လေ့ကျင့်ရေးကွင်းထဲတွင်သာ ရှိနေကြသည်။ သူမသာ နေ့စဉ် မက်မွန်သီးအနှစ်ဖြင့် သူတို့ခန္ဓာကိုယ်ကို အားဖြည့်မပေးခဲ့လျှင် ပြင်းထန်သော လေ့ကျင့်မှုများကြောင့် သူတို့ ခန္ဓာကိုယ်များ ယခုလောက်ဆို လဲပြိုနေလောက်ပြီဖြစ်သည်။
သို့သော် သူမ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "နေ့ဝက်လောက်တောင် မနားရဘူးလား"
ရှဲ့ကျန်းက ဇနီးသည်ကို ဖျော်ထားသော နို့မှုန့်ခွက် ကမ်းပေးလိုက်ပြီး ကုတင်ပေါ်တွင်ထိုင်ကာ ခန္ဓာကိုယ်သေးသေးလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
"အင်း... မနက်ဖြန်မနက် တောင်ပေါ်တက်ပြီး ကွင်းဆင်းလေ့ကျင့်ရမယ်၊ အခုမှ ရုတ်တရက် ဆုံးဖြတ်လိုက်တာ။ တစ်ပတ်လောက် ကြာလိမ့်မယ်။ မင်းကို အိမ်ပြန်ပို့ပြီး ညကျရင် ပြန်လာကြိုဖို့ ကိုယ် အစောင့်တစ်ယောက် စီစဉ်ပေးခဲ့မယ်"
စုရှီသည် ခန္ဓာကိုယ်ကို လျှော့ချလိုက်ပြီး ခင်ပွန်းသည်၏ ရင်ခွင်ထဲသို့ ပျင်းရိစွာ မှီလိုက်ကာ ပူနေသေးသော နို့ကို မှုတ်လိုက်သည်။ သူမ တိုးတိုးလေး ပြောလိုက်သည်။
"သိပါပြီ။ ဒါပေမဲ့ ကျွန်မ ထည့်ပေးလိုက်တဲ့ မက်မွန်သီးအနှစ်ကို သောက်ဖြစ်အောင် သောက်နော်"
တောင်ပေါ်တွင် ကွင်းဆင်းလေ့ကျင့်ခြင်းနှင့် ပတ်သက်၍ ခင်ပွန်းသည် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ကြောင်း သိသော်လည်း စိတ်ပူမိသည်ကိုတော့ မတတ်နိုင်ပေ။
ရှဲ့ကျန်းက ဇနီးသည်လက်ထဲမှ ခွက်ကိုယူလိုက်ပြီး အေးသွားအောင် မှုတ်ပေးလိုက်သည်။ ထို့နောက် သူမကို ပြန်ပေးလိုက်သည်။
"အင်းပါ၊ စိတ်မပူပါနဲ့၊ ကိုယ် ဂရုစိုက်ပါ့မယ်။ သောက်လိုက်ဦး၊ အပူချိန် အတော်ပဲ"
စုရှီက ခွက်ကိုယူပြီး တစ်ရှိန်ထိုး မော့သောက်လိုက်သည်။ ထို့နောက် ခွက်လွတ်ကို သူ့အားပြန်ပေးကာ ခေါင်းရင်းကုတင်ဘေးရှိ စားပွဲပေါ်တင်ခိုင်းလိုက်ပြီး သူ့ရင်ခွင်ထဲသို့ ပြန်တိုးဝင်လိုက်သည်။
ခွက်ကို ချပြီးနောက် ရှဲ့ကျန်းက ဇနီးသည်ကို ပြန်လှဲအိပ်ရန် ကူညီပေးလိုက်ပြီး သူမဘေးတွင် ဝင်လှဲကာ စူထွက်နေသော ဗိုက်လေးပေါ်သို့ သူ့လက်ကြီးကို တင်လိုက်သည်။
"မင်းတို့ ဆေးခန်းမှာ ပြဿနာရှာတတ်တဲ့ လူသစ်တချို့ ရောက်နေတယ်လို့ ကြားတယ်"
စုရှီက ခေါင်းလှည့်ပြီး ခင်ပွန်းသည်ကို ကြည့်လိုက်သည်။ "ဘယ်သူ ပြောတာလဲ"
ရှဲ့ကျန်း မျက်မှောင်ကြုတ်လိုက်သည်။ "အဖွဲ့ထဲက ရဲဘော်တစ်ယောက် ပြောတာ။ သူတို့ မင်းကို ဘယ်လိုဆက်ဆံလဲ။ အနိုင်ကျင့်တာတို့ ဘာတို့ မရှိဘူးမလား။ အဲ့ဒီနှစ်ယောက်က တော်တော်လေး လက်ပေါက်ကပ်တယ်လို့ ကြားတယ်"
စုရှီက သူမအစ်ကိုကြီးကို မြင်လိုက်ချိန်တွင် ကျောက်ယင်း၏ မျက်လုံးများ အရောင်တောက်သွားပုံကို တွေးမိပြီး ရယ်မောလိုက်သည်။
"ရှင်လည်း သိသားနဲ့။ ကျွန်မက စုတုန်ရဲ့ ညီမဖြစ်နေသရွေ့ ဘယ်မိန်းကလေးမဆို ကျွန်မကို မုန်းဖို့ ခက်ပါတယ်။ ဒါ့အပြင် အဲ့ဒီနှစ်ယောက်က သူတို့အချင်းချင်း ရန်ဖြစ်နေကြတာ၊ ကျွန်မနဲ့ မဆိုင်ပါဘူး။ သူတို့ အရင်ကတည်းက သိပ်အဆင်မပြေကြဘူးထင်တယ်"
ကျောက်ယင်းက အစပိုင်းတွင် သူမကို မကြည်သော်လည်း စုတုန်၏ ညီမဖြစ်ကြောင်း သိသွားပြီးနောက်ပိုင်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အတော်လေး ဖော်ရွေလာသည်ဟု သူမထင်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ပြီး သူမကို ဒုက္ခမပေးသရွေ့ သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စလေးများတွင် ဝင်ပါစရာ အကြောင်းမရှိပေ။
အကယ်၍ သူမကို ဒုက္ခလာပေးခဲ့လျှင်တော့... သူမကလည်း အလွယ်တကူ အနိုင်ကျင့်ခံမည့်သူ မဟုတ်ချေ။
ဒုတိယအစ်ကိုတော့ ရူးတော့မှာပဲဟု ရှဲ့ကျန်း တွေးလိုက်မိသည်။
"အဲ့ဒီ ဆရာဝန်မလေးက အစ်ကိုကြီးကို သဘောကျနေတာလို့ ပြောချင်တာလား"
စုရှီ ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ "သဘောကျတာလို့တော့ မထင်ဘူး။ ချောမောတဲ့ ယောကျ်ားတစ်ယောက်ကို သဘောကျ နှစ်သက်တဲ့သဘောလောက်ပါပဲ"
ရှဲ့ကျန်းက နားမလည်နိုင်စွာ မျက်ခုံးပင့်လိုက်သည်။ "အဲ့ဒါ သဘောကျတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
ဒါကို ဘယ်လိုလုပ် သဘောကျတာလို့ ခေါ်နိုင်မှာလဲဟု စုရှီ တွေးလိုက်မိသည်။ သူမ ဟိုတုန်းက အဆင်လေးများကို သဘောကျသလိုမျိုးသာ ဖြစ်သည်။ သို့သော် ထိုအကြောင်းကို ခင်ပွန်းသည်အား ပြော၍မဖြစ်သဖြင့် အနေခက်စွာ ချောင်းဟန့်လိုက်သည်။
"ရှင် ထင်သလိုမျိုး 'သဘောကျတာ' မဟုတ်လောက်ပါဘူး။ အစ်ကိုကြီးက ကြည့်ကောင်းတော့ နည်းနည်းလောက် ပိုကြည့်ချင်တာမျိုး ဖြစ်မှာပါ။ ထားလိုက်ပါတော့၊ ကျွန်မကို ဒုက္ခမပေးသရွေ့ ရပါပြီ"
အစ်ကိုကြီးအတွက် သူမ သိပ်စိတ်မပူပေ။ ထို ဝံပုလွေကြီးက ညီမဖြစ်သူ စိတ်ပူပေးစရာ မလိုလောက်အောင် တော်၏။ ထိုအစား သမီးလေး ထောင်ထောင်ကိုသာ အာရုံစိုက်ချင်သည်။ မနက်ဖြန် သမီးလေးကို သွားတွေ့ရမည်။ မတွေ့ရသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်သဖြင့် သမီးလေးကို အလွန်လွမ်းနေမိသည်။