← Chapters

အခန်း (၁၄၀)

Vol. 12 Ch. 140

အခန်း (၁၄၀)

Vol. 12 Ch. 140

၁၉၇၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့သည် မင်္ဂလာဆောင်ရန် အခါကောင်းရက်မြတ် ဖြစ်ပေသည်။

ကောင်းကင်ကြီးက သာယာနေပြီး အပူချိန်မှာလည်း အနေတော်ပင် ဖြစ်သည်။ ကျန်းကျွင့်နှင့် ရှောင်းနန်မို တို့သည် ထိုကဲ့သို့သော နေ့ရက်ကောင်းလေးတွင် မင်္ဂလာပွဲကို အသံတိတ် ကျင်းပခဲ့ကြသည်။

တကယ်လည်း အသံတိတ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ သူတို့၏ မိသားစု နောက်ခံ အခြေအနေများကြောင့် မင်္ဂလာဧည့်ခံပွဲတွင် စားပွဲ သုံးလေးဝိုင်းသာ ပါရှိပြီး ဧည့်သည်များမှာလည်း ရင်းနှီးသည့် ဆွေမျိုးမိတ်ဆွေများလောက်သာ ဖြစ်လေသည်။

စုရှီသည် ထောင်ထောင်လေးကို ပွေ့ချီထားသည့် ထန်စစ်ယွင်နှင့်အတူ ထိုင်နေရင်း မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည့် ကျန်းကျွင့်က သူ၏ဇနီးသည်နှင့်အတူ စတင်၍ မင်္ဂလာအထိမ်းအမှတ် ယမကာလိုက်လံတိုက်ကျွေးသည်ကို ကြည့်နေမိသည်။ စစ်မှန်သော ချစ်သူများမှာ နောက်ဆုံးတွင် ဇနီးမောင်နှံ ဖြစ်လာကြသည့်အပေါ် ယောက္ခမဖြစ်သူနှင့်အတူ သက်ပြင်းချကာ ကြည်နူးနေမိကြသည်။

ထန်စစ်ယွင်သည် မြေးမလေး၏ ပါးစပ်ထောင့်စွန်းကို လက်ကိုင်ပဝါဖြင့် သုတ်ပေးရင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျွင့်ဇီလည်း ဒီနှစ်တွေအကုန်လုံး သည်းခံစောင့်ဆိုင်းခဲ့ရတာ တကယ်မလွယ်ပါဘူး၊ ဒါပေမဲ့ နန်မိုနဲ့ လက်ထပ်ခွင့်ရသွားတော့ နောက်ထပ် နှစ်နည်းနည်းလောက် ထပ်စောင့်ရရင်တောင် တန်ပါတယ်၊ အမေကျန်းကို မတွေ့လိုက်ဘူးလား၊ တစ်နေ့လုံး ပြုံးနေတော့တာပဲ"

စုရှီ ပြုံးလိုက်သည်။ ဒါက အမှန်ပင်။ ဒေါ်လေး ကျန်း တစ်ယောက် နန်မိုနှင့် ပတ်သက်ပြီး အတော်လေး ကျေနပ်နေပုံရသည်၊ သို့မဟုတ်ပါက ဤမျှ ပျော်ရွှင်စွာ ပြုံးနေမည် မဟုတ်ပေ။ သို့သော်...

"အမေ... သမီး ကြားတာကတော့... နန်မိုရဲ့ မိခင်ဘက်က မိသားစု အပြစ်က လွတ်သွားပြီဆို၊ ဒီနေ့ သူတို့ကို မတွေ့မိပါလား"

ထန်စစ်ယွင်သည် ထိုစကားကို ကြားသောအခါ ချွေးမဖြစ်သူကဲ့သို့ပင် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

"အပြစ်က လွတ်သွားတယ်ဆိုတာက အခုမှ လတ်တလောလေးတင် ဖြစ်တာပါ၊ လူကြီးတွေက သူတို့ကို မူလရာထူးတွေဆီ ပြန်သွားဖို့ ခွင့်မပြုသေးဘူး၊ ဒါကြောင့် သူတို့အတွက် နည်းနည်းတော့ အဆင်မပြေဖြစ်နေတာပေါ့၊ သူတို့မြေးမလေးအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ မဖြစ်စေချင်လို့ နေမှာပါ၊ ဟင်း... လျို မိသားစုက အစဉ်အလာကောင်းရှိတဲ့ မိသားစုပါ၊ ဒီလောကကြီး ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ တကယ်မသိတော့ဘူး"

ယောက္ခမဖြစ်သူက ရှဲ့ယင်း အကြောင်း တွေးနေမှန်း သိလိုက်သဖြင့် စုရှီ နှုတ်ခမ်းကို စေ့လိုက်မိသည်။ သူမအနေဖြင့် စောစောက ထိုအကြောင်း စကားစမိလိုက်သည့်အတွက် နောင်တရသွားသော်လည်း ဘာဆက်ပြောရမည်ကို မသိတော့ပေ။ သူမသည် ယောက္ခမဖြစ်သူ၏ လက်ဖမိုးကို ပုတ်ကာ အားပေးနှစ်သိမ့်ရင်း ပြောလိုက်လေသည်။

"...အမေ၊ အဆင်ပြေသွားမှာပါ"

နှစ်ပေါင်းများစွာ ခက်ခဲကြမ်းတမ်းမှုများကို ခံစားခဲ့ရသော၊ ယခုအခါ မူလအခြေအနေကို မှန်းဆ၍မရနိုင်တော့သော လျို မိသားစုနှင့် နှိုင်းယှဉ်ကာ မိမိသမီးရင်း၏ လက်ရှိဘဝကို တွေးမိသောအခါ ထန်စစ်ယွင် သက်ပြင်းချလိုက်သည်။

"အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်၊ အဲ့ဒီနေ့ရောက်တဲ့အထိ အမေ စောင့်နိုင်ပါ့မလားတောင် မသိတော့ပါဘူး..."

စုရှီသည် ထိုအရာကို သေချာပေါက် ဖြစ်လာမည်ဟု ယုံကြည်သဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

"အမေ... စိတ်မပူပါနဲ့၊ အမေ သေချာပေါက် စောင့်နိုင်မှာပါ၊ အမေက ငယ်ငယ်လေး ရှိပါသေးတယ်၊ အဲ့ဒီလို စိတ်ဓာတ်ကျစရာ စကားတွေ မပြောပါနဲ့၊ နောက်ထပ် နှစ်နည်းနည်းလောက်ဆိုရင် အခြေအနေတွေ ကောင်းလာနိုင်တာပဲလေ"

ထန်စစ်ယွင် ပြုံးပြီး ချွေးမဖြစ်သူ၏ နူးညံ့သော ပါးပြင်လေးကို လှမ်းဆွဲကာ ပြောလိုက်သည်။

"သမီးက အနာဂတ်ကို ကြိုမြင်နေရသလိုမျိုး ပြောနေတာပဲ"

စုရှီ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ ဤကိစ္စတွင် သူမက အနာဂတ်ကို ကြိုမြင်နေရသည် မဟုတ်ပါလား။

ယောက္ခမနှင့် ချွေးမတို့ စကားပြောနေကြစဉ် ကျန်းကျွင့် သည် ဇနီးဖြစ်သူနှင့်အတူ သူတို့ဝိုင်းသို့ ရောက်လာခဲ့သည်။ ကျန်းကျွင့်သည် စုရှီကို အမှန်တကယ် ကျေးဇူးတင်နေသော်လည်း မိသားစုချင်း ရင်းနှီးသူများဖြစ်သဖြင့် အလွန်အမင်း ခံစားချက်ပါသော စကားများ ပြောစရာမလိုပေ။ စုရှီနှင့် ခေတ္တမျှ စကားစမြည်ပြောပြီးနောက် သူသည် ဝိုင်တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

အချိုရည် သောက်ပြီးနောက် ကျန်းကျွင့် ရယ်မောကာ ပြောလိုက်သည်။

"မရီး... ဟိုကောင်စုတ် ရှဲ့ကျန်းက ကျွန်တော့်ကို ဝိုင်တစ်ခွက် တိုက်ဖို့ အကြွေးကျန်နေသေးတယ်နော်၊ အိမ်ပြန်ရောက်ရင် သူ့ကို ပြောပေးပါဦး၊ နောက်တစ်ခါ ပြန်တွေ့ရင် မူးလဲသွားတဲ့အထိ သောက်ကြမယ်လို့"

စုရှီသည် သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ရှာတွေ့သွားကြပြီး အတူတူ ပေါင်းဖက်ခွင့်ရသည်အထိ စောင့်ဆိုင်းနိုင်ခဲ့ကြသည့်အတွက် စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုလိုက်သည်။ ဗိုက်ထဲမှ ကလေးကို ငဲ့ညှာသောအားဖြင့် သူမသည် ရေနွေးကိုသာ သောက်နေပြီး ကျန်းကျွင့်၏ စကားကို ကြားသောအခါ ပြုံးလိုက်သည်။

"ကောင်းပြီလေ... အဲ့ဒီအချိန်ကျရင် ရှင်တို့ သဘောရှိ သောက်ကြတာပေါ့"

တကယ်တော့ သူမက ထိုသို့ပြောလိုက်ရုံသာ ရှိသည်။ သူမ၏ ခင်ပွန်းသည် အရက်သောက်နိုင်စွမ်းမှာ ပုံမှန်သာဖြစ်ပြီး အရက်ပြင်း ကျင်တစ်ဝက်လောက်ဆိုလျှင်ပင် မူးလဲသွားလောက်ပေသည်။

ကျန်းကျွင့်သည် သူ၏ ငယ်သူငယ်ချင်းဖြစ်သူ၏ အရက်သောက်နိုင်စွမ်းကို သတိရသွားပုံရသည်။ သူ တွက်ကိန်းလွဲသွားကြောင်း သိလိုက်ရသဖြင့် တောက်ခေါက်လိုက်မိသည်။ ထိုအချိန်တွင် သူ့ဘေး၌ ထိုင်နေသော ရှောင်းနန်မိုက သူ့ကို နောက်ပြောင်ကာ တံတောင်ဖြင့် တွန်းလိုက်သည်။ သူက သူမအား ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သောအခါ သူမသည် စုရှီ ဘက်သို့ လှည့်လာပြီး ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။

"ရှီရှီ... နင် ငါတို့မိသားစုအပေါ် ပြခဲ့တဲ့ စေတနာတွေအတွက် ငါ အများကြီး ပြောမနေတော့ပါဘူး၊ ငါတို့အားလုံး အမှတ်ရနေမှာပါ၊ နောက်နောင် ငါ့ဆီက အကူအညီလိုတာရှိရင် ဘာမှ အားမနာဘဲ ပြောနော်"

ရှောင်းနန်မိုသည် စုရှီက သူမ၏ မိခင်ဖြစ်သူကို အလွန်တန်ဖိုးရှိသော ပစ္စည်းများ ပေးခဲ့သည်ကို သိထားပြီး သူတို့အနေဖြင့် ကြီးမားသော ကျေးဇူးကို ခံစားခဲ့ရကြောင်း သိနားလည်သည်။ ကျန်းကျွင့်သည် စကားများစွာ ပြောစရာမလိုဘဲ ကျေးဇူးတင်ကြောင်း ပြသပြီးဖြစ်သော်လည်း သူမကမူ အပြည့်အဝ ထုတ်ဖော်မပြောရသေးပေ။ တစ်နေ့နေ့တွင် သူမနှင့် စုရှီတို့သည် ဘာမဆို တိုင်ပင်ဆွေးနွေးနိုင်သော သူငယ်ချင်းများ ဖြစ်လာကောင်း ဖြစ်လာနိုင်သည်။

သူမ ထိုနေ့ရက်ကို စောင့်မျှော်နေမိသည်။

စိုးရိမ်ပူပန်မှုများ ကင်းဝေးသွားပုံရသော နန်မိုကို ကြည့်ရင်း စုရှီ သူမအတွက် ဝမ်းသာမိသည်။ မင်္ဂလာမောင်နှံမှာ ဧည့်သည်အများအပြားကို လိုက်လံနှုတ်ဆက်ရန် ရှိနေသေးသဖြင့် သူတို့နှစ်ဦး အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ်ပြောပြီးနောက် ထိုဇနီးမောင်နှံ ထွက်ခွာသွားကြသည်။

ကျန်းကျွင့်၏ မင်္ဂလာပွဲ တက်ရောက်ပြီးနောက် စုရှီသည် အခြားနေရာများသို့ မသွားတော့ဘဲ အိမ်၌သာနေ၍ အဖွားဖြစ်သူ၊ သမီးလေးတို့နှင့် အချိန်ကုန်ဆုံးခဲ့သည်။ ညနေ ၆ နာရီရောက်မှသာ စစ်တပ်ဝင်းသို့ ပြန်လိုက်လေသည်။

နံနက်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်ကြားမှတစ်ဆင့် ဖြာကျလာပြီး မှိန်ဖျဖျ လင်းနေသော အခန်းကို အလင်းရောင် အနည်းငယ် ဖြည့်စွက်ပေးနေသည်။

စုရှီသည် အပြင်ဘက်မှ စစ်ရေးလေ့ကျင့်သံများကြောင့် နိုးလာခဲ့သည်။ သူမ မျက်လုံးများကို မှေးစင်းကာ ခေါင်းအုံးအောက်မှ လက်ပတ်နာရီကို စမ်းယူကြည့်လိုက်ပြီး ပျင်းရိလေးတွဲစွာ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မနက် ၆ နာရီပင် မထိုးသေးကြောင်း တွေ့လိုက်ရသည်။

ရှဲ့ကျန်းသည် တပ်ဖွဲ့ကို ဦးဆောင်ပြီး တောင်ပေါ်သို့ လေ့ကျင့်ရေးထွက်သွားသဖြင့် ဒီရက်ပိုင်း အိမ်တွင်မရှိပေ။ လတ်တလောတွင် သူမသည် မနက်တိုင်း သူ့ရင်ခွင်ထဲ၌ အိပ်ရာနိုးထလေ့ရှိပြီး ယခု သူ မရှိတော့သဖြင့် နေသားကျရန် အနည်းငယ် ခက်ခဲနေသည်။ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့သလို ခံစားနေရသည်။

စောသေးသဖြင့် သူမ အနည်းငယ် ထပ်အိပ်နိုင်သေးသည်။ အထူးသဖြင့် ၇ နာရီခွဲအထိ အလုပ်လုပ်စရာ မလိုသေးသော်လည်း အိပ်ရာထ နောက်ကျသွားမည်ကို စိုးရိမ်မိသည်။ စိတ်ထဲတွင် ချင့်ချိန်စဉ်းစားပြီးနောက် စုရှီသည် အိပ်ချင်စိတ်ကို တွန်းလှန်လိုက်သည်။ သူမ မျက်နှာကို ပွတ်သပ်လိုက်ပြီး အိပ်ရာထဲမှ မထချင်ထချင်ဖြင့် အတင်းထလိုက်သည်။

နွေဦးရာသီသည် အိပ်စက်ရန် အကောင်းဆုံး ရာသီဟု ဆိုကြသည်မှာ အမှန်ပင်ဖြစ်သည်။ စုရှီသည် မနက်ခင်း လုပ်စရာများကို လုပ်ဆောင်နေစဉ် ပျင်းရိစွာ သမ်းဝေလိုက်မိပြီး စိတ်များ လွင့်မျောနေလေသည်။

"ဒီနေ့ ဘာလို့ စောစောထနေတာလဲ"

စုရှီ သွားတိုက်နေရင်း ငိုက်မြည်းလုနီးပါး ဖြစ်နေချိန်တွင် သူမနောက်ဘက်မှ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ သူမ လှည့်ကြည့်လိုက်သောအခါ အစ်ကိုအကြီးဆုံး စုတုန်ကို တွေ့လိုက်ရသည်။

စုတုန်သည် မနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီးစဖြစ်၍ မျက်နှာပေါ်တွင် ချွေးစများ ရှိနေသေးသည်။

စုရှီ ပါးစပ်ထဲမှ အမြှုပ်များကို ပလုတ်ကျင်းလိုက်ပြီး ပြန်ဖြေလိုက်သည်။

"အိပ်ရာထ နောက်ကျပြီး အလုပ်နောက်ကျမှာ စိုးလို့ပါ"

စုတုန်သည် မျက်နှာသုတ်ပုဝါ လျှော်နေသည်ကို ရပ်တန့်လိုက်သည်။ သူသည် ညီမဖြစ်သူ၏ မျက်နှာကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်ပြီး ပုံမှန်အတိုင်း ရှိနေသည်ကို မြင်မှ စိတ်သက်သာရာရစွာဖြင့် သူလုပ်လက်စ အလုပ်ကို ဆက်လုပ်ရင်း ပြောလိုက်သည်။

"နောက်ထပ် တစ်နာရီလောက် ပြန်သွားအိပ်လိုက်ဦး၊ မနက်စာစားဖို့ ၇ နာရီကျမှ ငါ လာနိုးမယ်"

အစ်ကိုဖြစ်သူက သူမအတွက် စိတ်ပူနေသဖြင့် စုရှီ အနေဖြင့် အလွန်အမင်း ယဉ်ကျေးမနေတော့ပေ။ သူမ တကယ်ပင် ပင်ပန်းနေသဖြင့် အိပ်ဆောင်သို့ ပြန်သွားပြီး နောက်ထပ် တစ်နာရီခန့် အိပ်စက်လိုက်သည်။

ဗိုက်ဝအောင် စားပြီးနောက် စုရှီသည် အလုပ်သို့ ရောက်ရောက်ချင်းတွင်ပင် သူနာပြုခေါင်းဆောင်က သူမ၏ ရုံးခန်းအနီးတွင် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူနာပြုသည် သူမအတွက် ရေနွေးအိုးကိုပင် ဖြည့်ထားပေးခဲ့သည်။ စုရှီ အားနာသွားပြီး အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။ သူမ ကိုယ်ဝန်စရှိကတည်းက ဆေးရုံရှိ လူတိုင်း၏ ဂရုစိုက်မှုကို အများကြီး ရရှိခဲ့သဖြင့် တကယ်ပင် စိတ်ထိခိုက် ကြည်နူးရသည်။ ဤခေတ်ကာလမှ လူများသည် အလွန်ကူညီတတ်ပြီး သဘောကောင်းကြပါပေသည်။

သို့သော် သူနာပြုခေါင်းဆောင်သည် စုရှီ၏ ကျေးဇူးတင်စကားကို ဂရုမစိုက်သလို ပြောလိုက်သည်။

"ဆရာမကလေ... နေရာတိုင်းမှာ လူကောင်းပီသလွန်းတယ်၊ ဒါပေမဲ့ သိပ်ပြီး အားနာတတ်လွန်းတယ်၊ ပြီးတော့ တို့တွေက ဒီအတိုင်း လုပ်ပေးနေတာမှ မဟုတ်တာ၊ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဆရာမကျေးဇူးနဲ့ စားစရာကောင်းတာတွေ အများကြီး စားခဲ့ရပြီးပြီလေ၊ ပြီးတော့ ဆရာမ ယောက္ခမ လာတိုင်း တို့တွေအတွက် ဘီစကွတ်တွေ၊ သကြားလုံးတွေ အမြဲလက်ဆောင်ပါလာတတ်တယ်၊ အဲ့ဒါတွေက တကယ့် အစားကောင်းတွေနော်"

ထန်စစ်ယွင်သည် ချွေးမဖြစ်သူထံ လာလည်တိုင်း အစားအစာများ အများအပြား ယူဆောင်လာလေ့ရှိပြီး ထိုအထဲမှ ထက်ဝက်ခန့်ကို ဆေးခန်းရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ဝေမျှစားသောက်လေ့ရှိသည်ကို သူနာပြုခေါင်းဆောင်က ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။

"လက်ဆောင်တစ်ခုက လက်ခံသူကို တာဝန်ရှိစေတယ်" ဆိုသော စကားအတိုင်း ထန်စစ်ယွင်၏ စေ့စပ်သေချာသော အပြုအမူများတွင် ရည်ရွယ်ချက် မရှိတာ မဟုတ်ပေ။ စုရှီ အနားတွင် အချိန်ပြည့် မနေနိုင်သဖြင့် သူမသည် စုရှီ၏ လုပ်ဖော်ကိုင်ဖက်များအား စိတ်နှလုံးကို သိမ်းပိုက်ထားခဲ့သည်။ ယခုအခါ ဆေးခန်းမှ လူတိုင်းသည် စုရှီကို ရတနာလေးတစ်ပါးကဲ့သို့ ဆက်ဆံနေကြပြီ ဖြစ်သည်။

တကယ်တော့ ထန်စစ်ယွင် လက်ဆောင်များ ယူလာ၍ချည်း သက်သက်တော့ မဟုတ်ပေ။ ထိုအချက်က အစိတ်အပိုင်း သေးသေးလေးတစ်ခုသာ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ စုရှီသည် စိတ်သဘောထား ကောင်းမွန်ပြီး လူတိုင်းနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်း၊ ထို့အပြင် ထူးချွန်ထက်မြက်သည့် စုတုန်ကဲ့သို့ အစ်ကိုတစ်ယောက် ရှိနေခြင်းတို့ကြောင့် လူတိုင်းက သူမကို ကူညီရန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြခြင်း ဖြစ်သည်။

စုရှီသည် သူနာပြုခေါင်းဆောင်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး ဝင်ပေါက်မှ ယူလာခဲ့သော သတင်းစာကို စားပွဲပေါ် တင်လိုက်သည်။ သတင်းထူးများ ပါမပါ နောက်မှ ဖတ်ကြည့်ရန် စီစဉ်ထားသည်။ စစ်သားများကို ရှဲ့ကျန်းက တောင်ပေါ်သို့ လေ့ကျင့်ရေး ခေါ်သွားသဖြင့် ဒီရက်ပိုင်းတွင် ဆေးခန်းသည် အနည်းငယ် တိတ်ဆိတ်နေသင့်သည်။

"သတင်းစာ မဖတ်နဲ့ဦး၊ ဆရာမက မနေ့က မလာတော့ မသိလိုက်ဘူး၊ မနေ့က ဒေါက်တာ ချူးနဲ့ ဒေါက်တာ ကျောက်တို့ ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြတယ်၊ နှစ်ယောက်စလုံး ဒါရိုက်တာလီဆီမှာ အဆူခံလိုက်ရတယ်၊ တကယ့် ပွဲကြီးပွဲကောင်းပဲ"

စုရှီ သတင်းစာ ဖတ်တော့မည်ကို မြင်သည်နှင့် သူနာပြုခေါင်းဆောင်က နေ့စဉ်သတင်းထူးများကို ချက်ချင်း စတင်ပြောပြလေတော့သည်။

စုရှီသည် မူလကတည်းက သူနာပြုခေါင်းဆောင်ရှေ့တွင် သတင်းစာဖတ်ရန် အစီအစဉ် မရှိခဲ့ပေ၊ ထိုသို့ပြုလုပ်ခြင်းက ရိုင်းရာရောက်ပေသည်။ "ငါ့ကို မေးစမ်းပါ" ဟု ပြောနေသယောင်ရှိသော သူနာပြုခေါင်းဆောင်၏ မျက်နှာထားကို မြင်လိုက်ရသဖြင့် သူမ မပြုံးဘဲ မနေနိုင်တော့ပေ။

"ဘာဖြစ်ခဲ့တာလဲ၊ ကျွန်မအစ်ကိုဆီက ဘာလို့ မကြားမိပါလိမ့်"

သူနာပြုခေါင်းဆောင်က လက်ခုပ်တီးလိုက်သည်။ "ဒေါက်တာ စုတုန်က သိက္ခာရှိတဲ့လူဆိုတော့ တို့တွေနဲ့ အဲ့ဒီလို အတင်းအဖျင်းတွေ လာပြောပါ့မလား၊ သူ့အဆင့်အတန်းနဲ့ မလိုက်ဖက်ပါဘူး"

စုရှီ - .....

"ဒါနဲ့... တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ"

သူနာပြုခေါင်းဆောင်က သဘောကျစွာ ရယ်မောလိုက်သည်။ "ဪ... တို့လည်း မနေ့ကမှ သိရတာ၊ တကယ်တော့ သူတို့နှစ်ယောက်က အရင်တုန်းက တွဲခဲ့ကြဖူးသတဲ့၊ တို့ဖြင့် ထင်တောင် မထင်ထားမိဘူး"

ဒေါက်တာချူးနှင့် ဒေါက်တာ ကျောက်တို့ အဆင်မပြေကြသည်မှာ သိသာထင်ရှားသော်လည်း ဤကဲ့သို့သော ကိစ္စမျိုးဖြစ်နေလိမ့်မည်ဟု စုရှီ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ဒါက "အချစ်အမုန်းသံယောဇဉ်" ဆက်ဆံရေးမျိုး ဖြစ်နေသလား။

"ကျွန်မ ကြားတာကတော့ သူတို့ ဒီမှာ အလုပ်လုပ်ဖို့ အတူတူ လျှောက်ခဲ့ကြတာဆို၊ သူတို့သာ အဆင်မပြေရင် ဘာလို့ ဒီမှာ အတူတူ တာဝန်ကျဖို့ လျှောက်ခဲ့ကြမှာလဲ"

သူနာပြုခေါင်းဆောင်သည် စုရှီ ကမ်းပေးသော ဘီစကွတ် အသေးလေးကို ယူလိုက်ပြီး အိတ်ခွံကို ဖောက်ကာ စားရင်း ပြန်ပြောလိုက်သည်။

"ဟေ့... မနေ့က သူတို့ ပြောနေတာကို ကြားလိုက်ရတယ်၊ ကြည့်ရတာ သူတို့နှစ်ယောက်လုံး မြို့ကြီးက ဆေးရုံမှာ အတူလုပ်တုန်းက အဆင်ပြေနေကြတာပဲ၊ ဒါပေမဲ့ နောက်တော့ ဒေါက်တာ ချူးက တခြားတစ်ယောက်နဲ့ တွဲသွားတယ်၊ ဒေါက်တာ ကျောက်က ပြဿနာတွေ လိုက်ရှာတော့တာပဲ၊ ဒါကြောင့် ဒေါက်တာချူးက ပြောင်းရွှေ့ဖို့ လျှောက်လိုက်တာ၊ မူလက သူ့ကောင်မလေးနဲ့အတူ ပြောင်းရွှေ့ဖို့ စီစဉ်ထားပေမယ့် ဒေါက်တာ ကျောက်က ကြားဖြတ်ပြီး ဝင်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ကြည့်ရတာ ဒေါက်တာ ကျောက်ရဲ့ နောက်ခံက တော်တော်တောင့်ပုံရတယ်၊ တို့ထင်တာ ပြောရရင် သူ တမင်သက်သက် လုပ်တာနေမှာ၊ သူတို့ လမ်းခွဲပြီးသွားပြီကို သူက နေ့တိုင်း တွယ်ကပ်နေတုန်းပဲ၊ တကယ် မသင့်တော်ဘူး... ကျွတ်စ်ကျွတ်စ်... ပြီးတော့ မနေ့က ဒါရိုက်တာလီရဲ့ မျက်နှာကို ဆရာမ မြင်လိုက်ရမှာ၊ လူကို ဝါးစားတော့မယ့်အတိုင်းပဲ"

အခြေအနေများက သူနာပြုခေါင်းဆောင် ပြောသည့်အတိုင်းသာ အမှန်ဖြစ်ပါက ဒေါက်တာ ကျောက်၏ လုပ်ရပ်များမှာ တကယ်ပင် နားမလည်နိုင်စရာ ကောင်းလှသည်။ သို့သော် နှလုံးသားရေးရာ ကိစ္စများတွင် ပြင်ပလူများအနေဖြင့် ဝင်ပြောရန် ခက်ခဲသည်။

သူတို့ ရုံးတွင် ရန်ဖြစ်သည့် ကိစ္စနှင့် ပတ်သက်၍မူ ဒါရိုက်တာလီ သာမက စုရှီ ကိုယ်တိုင်လည်း သည်းမခံနိုင်ပေ။ ဆရာဝန်များက မိမိစိတ်ခံစားချက်ကိုပင် မထိန်းချုပ်နိုင်လျှင် လူနာများကို မည်သို့ စိတ်အေးလက်အေး ကုသပေးနိုင်မည်နည်း။ သူတစ်ပါးကိုရော မိမိကိုယ်ကိုပါ ဒုက္ခမပေးမိစေရန် အလုပ်ထွက်လိုက်သည်က ပိုကောင်းပေလိမ့်မည်။

အရည်အချင်းမရှိသော ဆရာဝန်တစ်ဦး၏ ပေါ့ဆမှုကြောင့် ဝမ်းနည်းဖွယ် သေဆုံးခဲ့ရသည့် ဒါရိုက်တာလီ၏ သားဖြစ်သူအကြောင်း တွေးမိသောအခါ ဒါရိုက်တာလီသည် သည်းခံနိုင်စွမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး မကြာမီ ပေါက်ကွဲထွက်တော့မည်ဟု စုရှီ ခံစားလိုက်ရသည်။

ထင်ထားသည့်အတိုင်းပင် နေ့လယ်စာ စားချိန်တွင် ဒါရိုက်တာလီသည် ထမင်းချိုင့်ကို ယူလာပြီး စုရှီ၊ စုတုန်တို့နှင့်အတူ ဝင်ထိုင်လေသည်။ သူတို့ သုံးဦး အတူတကွ အလုပ်လုပ်လာသည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး သူတို့၏ ဆက်ဆံရေးမှာ အချိန်နှင့်အမျှ ပိုမိုကောင်းမွန်လာခဲ့သည်။ ဒါရိုက်တာလီသည် ပုံမှန်အတိုင်း ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"ဒီရက်ပိုင်း ဒေါက်တာ ကျောက်နဲ့ ဒေါက်တာ ချူးတို့ရဲ့ စွမ်းဆောင်ရည်ကို မင်းတို့ ဘယ်လိုမြင်လဲ"

စုတုန်သည် အပေါ်ယံတွင် နူးညံ့သိမ်မွေ့ပြီး သဘောကောင်းပုံရသော်လည်း လုပ်ငန်းခွင်တွင်မူ စေ့စပ်သေချာသူ ဖြစ်သည်။ သူသည် ဒေါက်တာချူး နှင့်အတူ ရက်အနည်းငယ်ကြာ တွဲလုပ်ခဲ့ဖူးသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ဖြေလိုက်သည်။

"ဒေါက်တာချူးက တော်ပါတယ်၊ သူ့ရဲ့ အခြေခံကျွမ်းကျင်မှုတွေက ခိုင်မာပြီး စာတွေ့ဗဟုသုတလည်း အားကောင်းတယ်၊ သူက တကယ် ကြိုးစားတဲ့သူပါ၊ ကျန်တာတော့ အချိန်ကြာလာတာနဲ့အမျှ ကြည့်ရမှာပေါ့၊ အခုလောလောဆယ်တော့ ဘာမှပိုပြောလို့ မရသေးဘူး"

All Chapters