← Chapters

အခန်း (၁၄၁)

Vol. 12 Ch. 141

အခန်း (၁၄၁)

Vol. 12 Ch. 141

ဒါရိုက်တာလီ ခေါင်းညိတ်လိုက်ပြီး ဒေါက်တာ ချူး၏ စွမ်းဆောင်ရည်ကို ကျေနပ်ပုံရသည်။ သို့သော် လတ်တလောတွင် သူ့နောက်သို့ လိုက်ပါလေ့လာနေသော ကျောက်ယင်း အကြောင်း တွေးမိသောအခါ အစားအသောက်ပျက်ချင်သလို ဖြစ်သွားလေသည်။

"ကျောက်ယင်းကတော့ အဆင့်မမီဘူး၊ သူ့အရည်အချင်းက သူနာပြုခေါင်းဆောင်လောက်တောင် မရှိဘူး၊ သူက ကျွမ်းကျင်ဆရာဝန်တစ်ယောက် ဖြစ်ရမယ့်သူ၊ ဒါပေမဲ့ သူနာပြုတွေလောက်တောင် အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး၊ သူ့ဆေးကုသခွင့်လိုင်စင်ကို ဘယ်လိုရလာလဲတောင် မသိဘူး၊ ဟာသပဲ!"

အလုပ်သမား၊ လယ်သမားနှင့် စစ်သား တက္ကသိုလ်များမှ ကျောင်းသားများ၏ အရည်အသွေး ကွာခြားချက် ကြီးမားကြောင်း စုရှီ သိထားသော်လည်း ကျောင်းတစ်ကျောင်းတည်းမှ လူနှစ်ဦး ဤမျှ ကွာခြားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒါရိုက်တာလီ အနေဖြင့် မည်သို့စီစဉ်ထားသည်ကို မေးရန် ပြင်လိုက်စဉ်မှာပင် သူတို့ နောက်ဘက်မှ "ဒုန်း!" ဆိုသော အသံကျယ်ကြီး ထွက်ပေါ်လာသည်။

စုရှီနှင့် အခြားသူများ အလိုအလျောက် လှည့်ကြည့်လိုက်ရာ ကျောက်ယင်းသည် မည်သည့်အချိန်က ရောက်နေမှန်းမသိဘဲ သူတို့နောက်တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုအသံမှာ သူမ၏ ထမင်းချိုင့်ကို ဆောင့်ချလိုက်သော အသံဖြစ်သည်။

မော့ကြည့်လိုက်သောအခါ ကျောက်ယင်း၏ ဒေါသထွက်နေသော အကြည့်များနှင့် ဆုံလိုက်ရသည်။ သူမ၏ ရင်ဘတ်မှာ အမောမြန်နေပြီး အရှက်ခွဲခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

"ဒါရိုက်တာလီ... ရှင်က အသက်ကြီးနေပြီမို့ ကျွန်မ လေးစားပါတယ်၊ ဒါပေမဲ့ ရှင်က ဘယ်လိုလုပ်ပြီး လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ ဒီလိုစကားမျိုး ပြောရတာလဲ၊ သူများကွယ်ရာမှာ အတင်းပြောတတ်တဲ့ သိမ်ဖျင်းတဲ့လူတွေနဲ့ ရှင့်မှာ ဘာကွာခြားချက် ရှိလို့လဲ၊ ပြီးတော့ ကျွန်မက ဆရာဝန်ပါ၊ ရှင်က ကျွန်မကို သူနာပြုအလုပ်တွေ ခိုင်းချင်နေတာလား၊ ရှင်က သက်သက်မဲ့ ကျွန်မကို အခက်တွေ့အောင် လုပ်နေတာပဲ"

သူမ ဒေါသကြောင့် တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

စားပွဲနှင့် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အစားအစာများကို ကြည့်ရင်း စုရှီ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒါရိုက်တာလီကို သိမ်ဖျင်းသောလူဟု ကျောက်ယင်း ပြောဆိုလိုက်သည်ကို ကြားရသောအခါ သူမ ပို၍ စိတ်ဆိုးသွားသည်။ သူတစ်ပါးအကြောင်း ကွယ်ရာတွင် မကောင်းပြောခြင်းမှာ မှားယွင်းသော်လည်း စောစောက ဒါရိုက်တာလီ ပြောခဲ့သော စကားများမှာ မှားယွင်းသည်ဟု သူမ မထင်ပေ။

ဆေးပညာ အသက်မွေးဝမ်းကျောင်းသည် အလွန်အကဲဆတ်သည်။ အကယ်၍ တစ်စုံတစ်ယောက်တွင် စစ်မှန်သော ကျွမ်းကျင်မှုမရှိပါက လူ့အသက်ကို ကယ်တင်ရန် ကြိုးစားခြင်းသည် အန္တရာယ်ရှိရုံသာမက လူများကိုပါ ဒုက္ခပေးသလို ဖြစ်သွားနိုင်သည်။

သူ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဒါရိုက်တာလီသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ကာ မတ်တပ်ထရပ်လိုက်သည်။

"ငါက လူသစ်တိုင်းကို အတူတူပဲ ဆက်ဆံတယ်၊ ဒေါက်တာ စုတုန်နဲ့ စုရှီတို့ ရောက်လာတုန်းကလည်း ငါ တစ်လကျော်လောက် စမ်းသပ်ခဲ့တာပဲ၊ အဲ့ဒါက ပုံမှန်လုပ်ထုံးလုပ်နည်းပဲ၊ ပြီးတော့ ငါက သူများမကောင်းကြောင်း ပြောနေတာလား၊ မဟုတ်ဘူး... ငါက အချက်အလက်တွေကို ပြောနေတာ၊ စောစောက မင်းမျက်နှာကို ထောက်ပြီး ငါ လျှော့ပြောခဲ့တာ၊ တကယ်ဆို ပိုပြီးတည့်တည့်ပြောသင့်တာ၊ မင်းက တို့ဆေးရုံက သူနာပြုတွေရဲ့ စံချိန်မီအောင်တောင် မလုပ်နိုင်ဘူး၊ မင်းလိုလူမျိုးက ဆေးကုသခွင့် အရည်အချင်းစစ်ဆေးတာကို ဘယ်လိုလုပ် အောင်လာတာလဲ၊ မင်းရဲ့ ထောက်ခံချက်တွေကို ဘယ်သူက လက်မှတ်ထိုးပေးခဲ့လဲဆိုတာ ငါ စုံစမ်းတော့မယ်၊ မင်းကို ဆရာဝန် ဖြစ်ခွင့်ပေးလိုက်တာက လူ့အသက်ကို တန်ဖိုးမထားတာပဲ၊ မင်းရဲ့ မပြည့်တပြည့် ပညာလေးနဲ့ ဆရာဝန်အဖြစ် ကြာကြာရပ်တည်နိုင်မယ် ထင်နေလား၊ ငါမြင်တွေ့ခဲ့ပြီးဖြစ်တဲ့အတွက် မင်းကို လူနာတွေ ဒုက္ခရောက်အောင် ဆက်လုပ်ခွင့် ငါ မပြုနိုင်ဘူး"

ပြဿနာရှာတတ်သူဟု အပြောခံလိုက်ရသဖြင့် ကျောက်ယင်း ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီလာသည်။ သို့သော် သူမ၏ ဆေးဘက်ဆိုင်ရာ အရည်အချင်းအကြောင်း ပြောလာသောအခါ သူမ ခါးကို မတ်လိုက်ပြီး ဒါရိုက်တာလီကို သရော်တော်တော် ကြည့်ကာ ပြောလိုက်သည်။

"ကျွန်မမှာ ရယူနိုင်တဲ့ အရည်အချင်းရှိလို့ ရတာပေါ့၊ ရှင်က ဘယ်လောက်ပဲ ဒေါသထွက်ထွက် ဘာလုပ်နိုင်မှာမို့လို့လဲ၊ ရှင်က ကွယ်ရာမှာပဲ ပြောရဲတာပါ၊ ကျွန်မက ရှင်နဲ့ ဖက်ပြီး ရန်တောင်မဖြစ်ချင်ဘူး၊ စောင့်ကြည့်လိုက်ပါ၊ ဘယ်သူက ဘယ်သူ့ကို မောင်းထုတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့၊ ဟွန့်"

ရိုင်းစိုင်းသော စကားများကို ပြောပြီးနောက် ကျောက်ယင်းသည် မျက်ဖြူလှန်ကြည့်ကာ သူမ၏ ရှူးဖိနပ်လေးကို အသံမြည်အောင် နင်းပြီး အရာအားလုံးကို ဂရုမစိုက်ဘဲ ဒေါသတကြီး ထွက်ခွာသွားလေသည်။

စုရှီ - ... ဒီလူက စိတ်များ မမှန်တာလား။

"သူက အကျိုးကြောင်း မဆီလျော်တဲ့သူပဲ"

ဒါရိုက်တာလီ ရေရွတ်လိုက်ပြီး မျက်နှာမဲမှောင်ကာ ပြန်ထိုင်လိုက်သည်။ သူ အလွန်ဒေါသထွက်နေကြောင်း သိသာနေသည်။

စုတုန်က သူ့ကို နှစ်သိမ့်လိုက်သည်။ "သူ့လိုလူမျိုးအတွက်နဲ့ ဒေါသထွက်မနေပါနဲ့၊ သူ့ရဲ့ တကယ့်စွမ်းဆောင်ရည် အမှန်အတိုင်း အစီရင်ခံစာတင်ပြီး နေရာပြောင်းခိုင်းလိုက်ပေါ့"

"အဲ့ဒါလောက်နဲ့ ဘယ်လုံလောက်မလဲ၊ သူက ဆေးကုသခွင့်လိုင်စင် ကိုင်ဆောင်ထားဖို့တောင် အရည်အချင်းမရှိဘူး၊ ဒါက လူ့အသက်ကို မလေးစားတာပဲ၊ ငါ ဒီကိစ္စကို ဒီအတိုင်း လွှတ်မထားနိုင်ဘူး၊ အခုချက်ချင်း ဗိုလ်ချုပ်ဆီ ဆက်သွယ်လိုက်မယ်"

ထိုသို့ပြောပြီးနောက် ဒါရိုက်တာလီသည် ထမင်းချိုင့်ကို အမြန်ဆေးကြောပြီး ထွက်သွားလေသည်။

စုရှီနှင့် အစ်ကိုဖြစ်သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"မသိပါဘူး၊ ကျောက်ယင်းက အရမ်း ယုံကြည်မှုရှိနေသလိုပဲ၊ သူ့မှာ ဒါရိုက်တာလီကို ရှင်းထုတ်နိုင်လောက်တဲ့ နောက်ခံအင်အား တကယ်များ ရှိနေမလား"

စုတုန် ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်ပါဘူး၊ အပြင်က လက်ရှိအခြေအနေနဲ့ဆိုရင် ဘယ်သူကများ ရဲတင်းရဲမှာလဲ၊ ကျောက်ယင်းသာ ပြဿနာရှာရင် သူ့နောက်ကွယ်က လူတွေကိုပါ ဆွဲချသလို ဖြစ်သွားမှာပေါ့"

စုရှီ စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ ဒါရိုက်တာလီသည် တစ်ခါတစ်ရံ ကြမ်းတမ်းသော်လည်း သူ၏ ကြမ်းတမ်းမှုမှာ ဆေးပညာ ကျွမ်းကျင်မှုအပေါ်တွင်သာ အာရုံစိုက်ထားခြင်း ဖြစ်သည်ကို ငြင်းမရနိုင်ပေ။ အခြားကိစ္စများတွင် သူသည် အလွန်ခွင့်လွှတ်သည်းခံတတ်သည်။ ဆေးပညာအပေါ် ဤမျှ သန့်စင်စွာ မြှုပ်နှံထားသူတစ်ဦး မတရားသော ဆက်ဆံမှု ခံရမည်ကို သူမ အမှန်တကယ် မလိုလားပေ။

"စောင့်ကြည့်ရအောင်၊ ဒါရိုက်တာလီ တကယ် မကိုင်တွယ်နိုင်ရင် ညီမ တခြားနည်းလမ်း ရှာကြည့်မယ်"

နောက်ရက်အနည်းငယ်တွင် စုရှီသည် ပုံမှန်အတိုင်း အလုပ်သွား၊ အလုပ်ပြန် လုပ်ရိုးလုပ်စဉ်ကို ဆက်၍လုပ်ဆောင်ခဲ့သည်။

သို့သော် ကျောက်ယင်းမှာမူ လုံးဝ ဘေးဖယ်ခံထားရသည်။ ဒါရိုက်တာလီသည် သူမကို ချက်ချင်း မောင်းမထုတ်နိုင်သော်လည်း လူနာများနှင့် ထိတွေ့ခွင့်မရအောင် တားဆီးပိုင်ခွင့်တော့ ရှိပေသည်။

ဒါရိုက်တာ၏ ဆက်ဆံပုံကြောင့် ကျောက်ယင်း ပြဿနာရှာလိမ့်မည်ဟု စုရှီ ထင်ထားသော်လည်း အံ့ဩစရာကောင်းသည်မှာ ကျောက်ယင်းသည် အတော်လေး သက်တောင့်သက်သာ နေထိုင်နေခြင်း ဖြစ်သည်။ နေ့တိုင်းတွင် သူမသည် မှန်ရှေ့၌ အလှပြင်နေခြင်း သို့မဟုတ် အလုပ်ပျက်ကွက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ သူမ၏ မျက်နှာပေါ်တွင် "ငါ့မှာ အဆက်အသွယ်တွေ ရှိတယ်" ဟု စာတမ်းထိုးထားသကဲ့သို့ပင်။

စုရှီ တကယ်ပင် ကြံရာမရ ဖြစ်နေသည်။ သူမသည် ဤကဲ့သို့သော လူမျိုးကို တစ်ခါမျှ မတွေ့ဖူးသလို ဘာပြောရမှန်းပင် မသိတော့ပေ။

တစ်ရက်တွင် အစည်းအဝေးတစ်ခု ပြီးဆုံးပြီးနောက် ဒါရိုက်တာလီသည် ပုံမှန်အတိုင်း သူတို့ထဲမှ လူအနည်းငယ်ကို ခေါ်ထားလိုက်သည်။

"ကျောက်ယင်း မနက်ဖြန် လာတော့မှာ မဟုတ်ဘူး၊ ငါ ဆရာဝန်အသစ် တစ်ယောက် တောင်းထားတယ်၊ ဒီတစ်ခါတော့ ဗိုလ်ချုပ်ကို ငါ အသေအချာ ပြောထားတယ်၊ ကျောက်ယင်းလို လူမျိုးကို ဒီမှာ လုံးဝ လက်မခံနိုင်ဘူးလို့"

ဒါရိုက်တာလီ၏ လျင်မြန်သော အရေးယူဆောင်ရွက်မှုကြောင့် စုရှီ အံ့ဩသွားသော်လည်း ချူးကျွင့် ပင်လျှင် အံ့ဩသွားခဲ့သည်။ ကျောက်ယင်း၏ မိသားစု ဘာလုပ်သည်ကို သူ အတိအကျ မသိသော်လည်း သူမသည် ယခင်ဆေးရုံတွင် နှစ်နှစ်၊ သုံးနှစ်ခန့် နေနိုင်ခဲ့ပြီး နေ့တိုင်း အချိန်ဖြုန်းနေနိုင်သည်ကို ကြည့်လျှင် သူမ၏ မိသားစုသည် ဩဇာအာဏာရှိကြောင်း ဖော်ပြနေသည်။ ထိုအချက်ကို တွေးမိပြီး သူ မမေးဘဲ မနေနိုင်တော့ပေ။

ဒါရိုက်တာလီ စကားမဆုံးခင်မှာပင် သူနာပြုခေါင်းဆောင်က စပ်စုလိုက်သည်။

"ဒေါက်တာ ချူး... ပြောချင်တာက ကျောက်ယင်းက အရင်အလုပ်ခွင်တုန်းကလည်း ဒီလိုပဲလား၊ နေ့တိုင်း အချိန်ဖြုန်းနေတာပဲလား"

ချူးကျွင့် ခေါင်းညိတ်လိုက်သည်။ "သူ့လို အရည်အချင်းမျိုးနဲ့ဆိုရင် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ် နည်းနည်းလေးရှိတဲ့ ဘယ်ဆေးရုံကမှ သူ့ကို ဆက်ခန့်ထားရဲမှာ မဟုတ်ဘူး"

သူနာပြုခေါင်းဆောင် လျှာတစ်ချက် သပ်လိုက်သည်။ "ဒါကြောင့်ကိုး... လောင်လီရဲ့ အပယ်ခံထားရတာတောင် သူက မထိတ်လန့်ဘူး၊ ကြည့်ရတာ သူမက ဒီလိုမျိုး နေသားကျနေပုံရတယ်"

ဒါရိုက်တာလီ မျက်နှာ မဲမှောင်သွားသည်။ "အဟမ်း...!"

သူနာပြုခေါင်းဆောင်က ဘာမှမသိသလို ဟန်ဆောင်ကာ နောက်ပြောင်သော လေသံဖြင့် ချူးကျွင့် ဘက်လှည့်၍ မေးလိုက်သည်။

"သိချင်လို့ မေးကြည့်တာပါ၊ ဆရာက ပုံမှန်လူကောင်းတစ်ယောက်လိုပါပဲ၊ ဘယ်လိုလုပ်ပြီး ကျောက်ယင်းလိုလူမျိုးနဲ့ တွဲခဲ့တာလဲ"

အတိတ်က အကြောင်းအရာကို ထည့်ပြောလိုက်သဖြင့် ချူးကျွင့် မျက်နှာလည်း မဲမှောင်သွားသည်။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အခြားသူများ၏ အကြည့်အောက်တွင် သူ အံကြိတ်ကာ ပြောလိုက်သည်။

"အဲ့ဒီတုန်းက ကျွန်တော်က တက္ကသိုလ် ပထမနှစ်ကျောင်းသားပဲ ရှိသေးတာပါ၊ ငယ်ရွယ်ပြီး စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးတော့ ရုပ်ရည်ကိုပဲ ကြည့်ခဲ့မိတယ်၊ တွဲပြီး ရက်သတ္တပတ် အနည်းငယ်ကြာတော့ ကျွန်တော် သည်းမခံနိုင်တော့လို့ လမ်းခွဲခဲ့တာပါ"

သူ မပြောခဲ့သည့်အချက်မှာ သူသည် ကျောက်ယင်းကို အရှက်ရစေခဲ့ဖူးသည့် တစ်ဦးတည်းသော အမျိုးသား ဖြစ်နိုင်ခြင်းပင်။ ထို့ကြောင့် သူမသည် သူ့ကို မျှော့တစ်ကောင်လို တွယ်ကပ်နေပြီး သူ ဘယ်လောက်ပင် ကြိုးစားပြီး ဖယ်ရှားပါစေ မခွာဘဲ နေခဲ့သည်။ သူ ရှေ့ဆက်လှမ်းသွားသည်ကို သူမ လက်မခံနိုင်ဘဲ ပြန်လည်သင့်မြတ်ချင်နေသော်လည်း သူကမူ အမှန်ကို သိနေသည်။ သူမ သူ့ကို ပြန်လိုချင်နေခြင်း မဟုတ်ဘဲ သူ အဆင်ပြေနေသည်ကို မကြည့်ရက်နိုင်သောကြောင့်သာ ဖြစ်သည်။

ချူးကျွင့်တဲ့တိုး ထုတ်မပြောသော်လည်း ဘေးလူတိုင်း ရိပ်မိကြသည်။ ကျောက်ယင်း၏ ယခုလက်ရှိ မောက်မာသော အပြုအမူကို ကြည့်ရုံဖြင့် သူမသည် နှစ်များတစ်လျှောက် ဆုတ်ယုတ်မှုများစွာ ကြုံတွေ့ခဲ့ရမည်မှာ သိသာလှသည်။

ဒါရိုက်တာလီက ချောင်းဟန့်လိုက်ပြီး အားလုံးကို စကားလမ်းကြောင်း လွဲနေကြောင်း သတိပေးလိုက်သည်။

"ကဲ... တော်ကြပါတော့၊ အစည်းအဝေး ဒီမှာပဲ ရပ်လိုက်ကြစို့"

စုရှီသည် မတ်တပ်ထရပ်ကာ ဗိုက်ကို ကိုင်ထားရင်း အစ်ကိုဖြစ်သူကို တိုးတိုးလေး ပြုံး၍ ပြောလိုက်သည်။

"ကြည့်ရတာ ဒါရိုက်တာလီမှာလည်း နောက်ခံအင်အား ရှိပုံရတယ်၊ ကျောက်ယင်း ဒီတစ်ခါတော့ တကယ့် အုတ်နံရံနဲ့ ဝင်တိုက်မိပြီ၊ သူမ ရူးများသွားမလား မသိဘူး"

ဘယ်သူကရော မရူးဘဲ နေပါ့မလဲ။ သူမကို နေရာပြောင်းရွှေ့လိုက်ကြောင်းနှင့် သူမ၏ ဆေးကုသခွင့် အရည်အချင်းကို ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း အသိပေးလိုက်သောအခါ ကျောက်ယင်း ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ သူမ၏ တစ်သက်တာလုံးတွင် ချူးကျွင့်နှင့် ကိစ္စမှလွဲ၍ သူမ လိုချင်တာ မှန်သမျှ ရခဲ့သည်။ သူမ မည်သည့် အတားအဆီးမှ မကြုံတွေ့ခဲ့ဖူးပေ။ သူမ လိုချင်တာမှန်သမျှ တပ်မဟာမှူးဖြစ်သော ဖခင်ဖြစ်သူက ရအောင် ယူပေးလေ့ရှိသည်။

သို့သော် သူမ မည်မျှပင် ရုန်းကန်ခြင်း၊ ပြဿနာရှာခြင်းများ ပြုလုပ်စေကာမူ ဗိုလ်ချုပ် ကျူး စေလွှတ်လိုက်သော အစောင့်များ၏ ခေါ်ထုတ်သွားခြင်းကို ခံလိုက်ရလေသည်။

နောက်ပိုင်းတွင် စုရှီက ဒါရိုက်တာလီကို မေးကြည့်ရာမှ ကျောက်ယင်း၏ ဖခင်မှာ သူမ ထင်ထားသလောက် အာဏာမရှိကြောင်း သိလိုက်ရသည်။ သူသည် တပ်မဟာမှူး ဖြစ်သော်လည်း ကျောက် မိသားစုသို့ အိမ်ထောင်ပြု၍ ဝင်ရောက်လာသူဖြစ်ပြီး ကျောက် မိသားစု၏ စစ်ဘက်ဆိုင်ရာ အဆက်အသွယ်များကြောင့် ယခုရာထူးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကျောက် မိသားစု၏ ခေါင်းဆောင်ဖြစ်သော သခင်ကြီးသည် တော်လှန်ရေး စစ်သားဟောင်းကြီး တစ်ဦးဖြစ်သည်။ အငြိမ်းစား ယူထားသော်လည်း အငြိမ်းစားမယူမီ ဗိုလ်ချုပ်ရာထူးအထိ ရောက်ရှိခဲ့သူ ဖြစ်သည်။

သခင်ကြီးကျောက်တွင် ကိုယ်ပိုင် ရည်မှန်းချက်များ ရှိသော်လည်း သူ၏ အဓိက တန်ဖိုးထားမှုများမှာ ခိုင်မာနေဆဲဖြစ်သည်။ သူသည် မြေးမဖြစ်သူ ကျောက်ယင်းနှင့် သိပ်မရင်းနှီးလှပေ။ သူ့တွင် မြေးယောက်ျားလေးများ အများအပြား ရှိသည်။

ထို့ကြောင့် သမက်ဖြစ်သူက သူ၏ အမည်ကို အသုံးပြုပြီး မဆင်မခြင် ပြုမူနေသည်ကို သိလိုက်ရသောအခါ သူသည် ချက်ချင်း ဖုန်းဆက်ပြီး ကျောက်ယင်း၏ ဘဝကို ခက်ခဲစေရုံသာမက သူမ၏ ဖခင်ကိုပါ ပေးဆပ်မှုများ ပြုလုပ်စေရန် အမိန့်ပေးလိုက်လေသည်။

တကယ်တမ်းတွင် သခင်ကြီး ကျောက်သည် အချို့သူများ ယုံကြည်ထားသကဲ့သို့ ဖြောင့်မတ်တည်ကြည်သူကြီး မဟုတ်ပေ။ သူသည် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သွားမည်ကို မလိုလားခြင်းသာ ဖြစ်သည်။ ဤကဲ့သို့ တင်းမာသော အချိန်ကာလတွင် မိသားစု၏ ဂုဏ်သိက္ခာနှင့် အမွေအနှစ်ကို အလွန်အလေးထားသော မိသားစုခေါင်းဆောင် တစ်ဦးအနေဖြင့် မည်သူကိုမျှ မိသားစု၏ အကျိုးစီးပွားကို ထိခိုက်စေခွင့် မပြုနိုင်ပေ။ သူ၏ မြေးမအရင်း ဖြစ်နေလျှင်ပင် ခွင့်မပြုနိုင်ချေ။

ထို့ကြောင့် ကျောက်ယင်းမှာ စွန့်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။

ဒါရိုက်တာလီ၏ ရှင်းပြချက်ကို ကြားပြီးနောက် စုရှီ ဘာပြောရမှန်း မသိတော့ပေ။ သူမသည် ဤကဲ့သို့သော "အာဏာရှိ မိသားစုကြီး" ဆိုသူများကို နားမလည်နိုင်ပေ။ သူတို့ အာဏာရရန် ကြိုးပမ်းနေခြင်း အားလုံးသည် အနာဂတ် မျိုးဆက်သစ်များ ကောင်းစားရေးအတွက် မဟုတ်ပါလား။

သို့သော် ယခုအခါ မျိုးဆက်သစ် လူငယ်များ အမှားလုပ်မိသောအခါ သူတို့ကို ဆိုဆုံးမမည့်အစား အသုံးမဝင်သော စစ်တုရင်ရုပ်များကဲ့သို့ လွှင့်ပစ်လိုက်ကြသည်။ စုရှီသည် ကျောက်ယင်း ဘက်မှ ပြောပေးနေခြင်း မဟုတ်ပေ၊ ဤကဲ့သို့သော မိသားစုများသည် ရေရှည်တည်တံ့မည် မဟုတ်ဟု ခံစားရရုံသာ ဖြစ်သည်။ အမြစ်ကတည်းက ပုပ်သိုးနေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့သော "မိသားစုကြီး" ဆိုသူများနှင့် နှိုင်းယှဉ်ပါက ရှဲ့ မိသားစု၊ ကျန်း မိသားစု သို့မဟုတ် ဖန့်ယွင်ယွင်နှင့် ဖန့်ရှင်းတို့၏ မိသားစုများ - သူတို့ တစ်ခုချင်းစီသည် ကျောက်မိသားစုထက် ရာထူးပိုမြင့်ကြသော်လည်း - စုရှီ မြင်တွေ့ခဲ့ရသည်မှာ ဘုံရည်မှန်းချက်တစ်ခုအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းကြသော မိသားစုများ ဖြစ်သည်။

သူတို့သည် မျိုးဆက်သစ်များကို ပညာပေးရန် အလွန်အလေးထားကြသည်။ ထူးကဲသော စွမ်းရည်များ မရှိလျှင်တောင် အနည်းဆုံးတော့ မိမိတို့၏ မူလအခြေခံ စိတ်ဓာတ်ကို ဖြောင့်မတ်အောင် ထိန်းသိမ်းထားသင့်သည်။ ထိုအချက်သည် မိသားစုတစ်ခု မျိုးဆက်ပေါင်းများစွာ တိုးတက်ကြီးပွားရန် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟု သူမ ယုံကြည်သည်။

သို့သော် စုရှီ၏ အတွေးများမှာ ခဏတာ ဆင်ခြင်သုံးသပ်မှုသာ ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သူမ သတိမထားမိခင်မှာပင် ဩဂုတ်လလယ်သို့ ရောက်ရှိလာခဲ့သည်။ စုရှီသည် ယခုအခါ ကိုယ်ဝန် ၈ လကျော် ရှိနေပြီ ဖြစ်သည်။

အမြွှာများသည် လမစေ့မီ မွေးဖွားလေ့ရှိခြင်းနှင့် ရှဲ့ကျန်းသည် တာဝန်ဖြင့် ခရီးထွက်နေရပြီး ညဘက်တွင် သူမကို ဂရုစိုက်မပေးနိုင်ခြင်းတို့ကြောင့် ဒါရိုက်တာလီသည် စုရှီကို မီးဖွားခွင့် ပေးလိုက်ပြီး အလုပ်မပြန်ဝင်မီ နှစ်လတိတိ အိမ်တွင် အနားယူရန် အတင်းအကျပ် တိုက်တွန်းလေသည်။

သူမ မရှိချိန်တွင် ဆေးရုံ၌ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ဆရာဝန်မှာ ချူးကျွင့်၏ ချစ်သူ ဝိန့်ရှောင်ဖန်း ဖြစ်သည်။ သူမသည် စစ်မှန်သော မြောက်ပိုင်းသူလေးဖြစ်ပြီး သူမ၏ မိသားစုသည် မျိုးရိုးစဉ်ဆက် တိုင်းရင်းဆေးပညာရှင်များ ဖြစ်ကြသည်။ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း သူမ၏ မိသားစုသည် အိမ်နီးချင်း မိသားစုများစွာကို ကူညီပေးခဲ့သဖြင့် "ခြေဗလာ ဆရာဝန်များ" ဟု တိုက်ရိုက် သတ်မှတ်ခံရပြီး သူတို့၏ ကျေးရွာတွင်သာ အလုပ်လုပ်ခဲ့ကြရသည်။

ဝိန့်ရှောင်ဖန်းသည် ငယ်စဉ်ကတည်းက တိုင်းရင်းဆေးပညာကို သင်ယူခဲ့ပြီး နောက်ပိုင်းတွင် အနောက်တိုင်းဆေးပညာ လေ့လာရန် အလုပ်သမား၊ လယ်သမားနှင့် စစ်သား တက္ကသိုလ်သို့ တက်ရောက်ရန် ထောက်ခံချက် ရရှိခဲ့သည်။ သူမသည် တကယ်ပင် ကျွမ်းကျင်သော ဆရာဝန်တစ်ဦးဖြစ်ပြီး စုရှီ လအနည်းငယ် အနားယူနေသော်လည်း ဆေးရုံအတွက် အဆင်ပြေနိုင်ပေသည်။

တကယ်တမ်းတွင် ဒါရိုက်တာလီ၏ တိုက်တွန်းမှု မရှိလျှင်ပင် စုရှီသည် ပင်ပန်းမှုကို စတင်ခံစားနေရပြီ ဖြစ်သည်။ ဗိုက်အကြီးကြီးနှင့် အလုပ်လုပ်ရသည်မှာ သူမ ရုပ်ပိုင်းဆိုင်ရာ သန်မာသော်လည်း ဒဏ်ဖြစ်လာနေပြီ ဖြစ်သည်။

ထို့ကြောင့် မိသားစု၏ ဖိအားပေးမှုနှင့် ဒါရိုက်တာလီ၏ ခွင့်ရက်ကို တက်ကြွစွာ အတည်ပြုပေးမှုတို့ကြောင့် စုရှီသည် ယောက္ခမဖြစ်သူက သူမကို လာကြိုရန် အထူးစီစဉ်ပေးထားသော ကားပေါ်သို့ တက်လိုက်ပြီး စစ်တပ်ဝင်းသို့ ပြန်လာခဲ့လေသည်။

သူမ၏ ယောက္ခမများ နေထိုင်ရာ စစ်တပ်ဝင်းပင် ဖြစ်သည်။

အိမ်တွင် လူကြီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးသာ ရှိသဖြင့် ရှဲ့ပေါ်နှင့် ထန်စစ်ယွင်တို့သည် ချွေးမဖြစ်သူကို တစ်ယောက်တည်း နေခွင့်မပြုနိုင်ပေ။ သူတို့၏ သားဖြစ်သူက မကူညီနိုင်သဖြင့် မိဘများအနေဖြင့် ချွေးမဖြစ်သူကို သေချာပေါက် ကောင်းမွန်စွာ စောင့်ရှောက်ပေးကြမည် ဖြစ်သည်။

စုရှီ သက်တောင့်သက်သာ ရှိစေရန်အတွက် ထောင်ထောင်လေး ပြောင်းရွှေ့လာရုံသာမက ချန်ရှန်းယွင်ကိုပါ သူတို့နှင့်အတူ နေထိုင်ရန် ခေါ်ဆောင်လာခဲ့လေသည်။

All Chapters