ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 19 Ch. 289
ချန်ချင်းနတ်ဘုရားမြို့တော်။
နတ်ဘုရားဓားဂိုဏ်း။
ယခင်အတိုင်း ခြံဝင်းငယ်လေးတစ်ခု ဖြစ်နေဆဲပင်။
သို့သော် လူဦးရေမှာ မူလနှစ်ယောက်မှ၊ သုံးယောက်အထိ တိုးပွားလာခဲ့သည်။
ယနေ့တွင် ယန်လျန်သည် အထက်ဘုံသို့ တက်လှမ်းလာခဲ့ကာ အောက်ဘုံ နတ်ဘုရားဓားဂိုဏ်း၏ တတိယမြောက် တက်လှမ်းသူ ဖြစ်လာခဲ့သည်။
လီချန်သည် အချိန်ခေါင်းလောင်းကို အသုံးပြု၍၊ အောက်ဘုံ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံအတွင်းသို့ အသိစိတ် သက်ဆင်းနိုင်သဖြင့် အောက်ဘုံ နတ်ဘုရားဓားဂိုဏ်း၏အခြေအနေကို အလွန်ကောင်းမွန်စွာ နားလည်ထား၏။
အထက်ဘုံ၌ သုံးနှစ်ကျော်မျှသာ ကုန်လွန်သေးသော်လည်း ရှင်းကျွေး အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ နှစ်ပေါင်း ၁၂၀၀ ကျော် ရှိနေခဲ့ပြီဖြစ်သည်။
မူလက ယန်လျန်သည် လွန်ခဲ့သော နှစ်ပေါင်း သုံးရာကျော်ကတည်းက တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း၊ နတ်ဘုရားဓားဂိုဏ်း၌ ပြည့်စုံသောဗလာသို့ပြန်ခြင်းအဆင့် အသစ်တစ်ဦး မပေါ်ထွက်သေးသဖြင့် ယနေ့အထိ ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားဓားဂိုဏ်း၌ ပြည့်စုံသောဗလာသို့ပြန်ခြင်း အသစ်တစ်ဦး ရှိနေမှသာလျှင် တက်လှမ်းခွင့် ပြုသည်မှာ လီချန် ချမှတ်ထားသော စည်းကမ်းချက်ဖြစ်၏။
ဤသို့ဖြင့် နတ်ဘုရားဓားဂိုဏ်း၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
နှစ်ပေါင်း တစ်ထောင်ကျော် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ယခု အောက်ဘုံ နတ်ဘုရားဓားဂိုဏ်းသည် အမတနယ်မြေ၏ အင်အားအကြီးမားဆုံး ထိပ်သီးအင်အားစုကြီး ဖြစ်သည်ဟု ဆိုနိုင်၏။
နတ်ဘုရားဓားဂိုဏ်းက ဗိုလ်ကျစိုးမိုးမှု မရှိ၍သာ၊ မဟုတ်ပါက အမတနယ်မြေတစ်ခုလုံးကို စည်းလုံးညီညွတ်စေရန် လုံလောက်နေပြီဖြစ်သည်။
လီချန် ခန့်မှန်းရသလောက် နောက်ထပ် တစ်နှစ် နှစ်နှစ်အတွင်း အောက်ဘုံ နတ်ဘုရားဓားဂိုဏ်းမှ လူအများအပြား ထပ်မံ တက်လှမ်းနိုင်ဖွယ်ရှိသည်။
အဓိကအားဖြင့် ယခင်တစ်ကြိမ် အချိန်ခေါင်းလောင်း အဆင့်မြှင့်တင်ခဲ့စဉ် နတ်ဘုရားဓားဂိုဏ်းမှ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်အဆင့် ကျင့်ကြံသူ အမြောက်အမြားသည် အကျိုးကျေးဇူးများ ရရှိခဲ့ပြီး၊ နတ်ဘုရားဝိညာဉ်ချီ၏ အာဟာရ ဖြည့်တင်းမှုကို ခံရကာ နတ်ဘုရားတစ်ပိုင်းခန္ဓာကိုယ်အဖြစ်သို့ ရောက်ရှိသွားသဖြင့်၊ သူတို့၏ ကျင့်ကြံမှုအရှိန်မှာ များစွာ မြန်ဆန်လာခဲ့ခြင်း ဖြစ်သည်။
"ဆရာ၊ တပည့် သတင်းတစ်ခု ရထားတယ်။ နတ်ဘုရားမြို့တော်သခင်က လေလံပွဲတစ်ခု ကျင်းပပြီး ပိုင်ရှင်မဲ့နေတဲ့ ဗလာသို့ပြန်ခြင်းနေရာ နယ်မြေတစ်ခုကို လေလံတင် ရောင်းချမယ်တဲ့။ ကျွန်မတို့ နတ်ဘုရားဓားဂိုဏ်းက ယွီဟွာနတ်ဘုရားဂိုဏ်းရဲ့ လက်အောက်ခံအဖွဲ့အစည်းအနေနဲ့ လေလံပွဲမှာ ပါဝင်ခွင့် ရှိတယ်။"
ရှင်းကျွေးက ပြောလာသည်။
အထက်ဘုံ နတ်ဘုရားဓားဂိုဏ်း တည်ထောင်ပြီးကတည်းက၊ သူမနှင့် မျိုးနွယ်ဘိုးဘေးတို့သည် ဆရာဖြစ်သူ၏ အရင်းအမြစ်များကို အဓိက မှီခိုအားထား၍ ကျင့်ကြံနေရသော်လည်း... သူတို့နှစ်ဦးသည် အခွင့်အရေး ရှာဖွေ၍ နတ်ဘုရားမြို့တော်အတွင်း၌ အသေးစား အရောင်းအဝယ်အချို့ ပြုလုပ်ကာ ဝိညာဉ်ကျောက်တုံးများ ရှာဖွေနေကြ၏။
ဤတစ်ကြိမ် လေလံပွဲ သတင်းအချက်အလက် ရရှိခဲ့ခြင်းမှာ မျိုးနွယ်ဘိုးဘေး စုံစမ်းရရှိခဲ့သော သတင်းဖြစ်သည်။
အကယ်၍ နတ်ဘုရားဓားဂိုဏ်းက ဗလာသို့ပြန်ခြင်းနေရာ နယ်မြေတစ်ခုကို ရယူနိုင်ခဲ့ပါက ပိုမို မြင့်မားသော ဝင်ငွေကို ရရှိနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားဓားဂိုဏ်းသည် လက်အောက်ခံ အဖွဲ့အစည်းတစ်ခုအနေဖြင့် နှစ်စဉ် နတ်ဘုရားသလင်းကျောက် တစ်ရာ ပေးဆောင်နေရရာ ဤကုန်ကျစရိတ်မှာ အလွန်များလွန်းလှသည်။
"ဒီလေလံပွဲ ပြိုင်ဆိုင်မှုက အရမ်း ပြင်းထန်မယ် ထင်တယ်။"
လီချန်က မေးလိုက်၏။
"ဒီတစ်ခေါက် စာရင်းသွင်းထားတဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက ဆယ်ဂဏန်းလောက် ရှိတယ်လို့ ကြားတယ်။ တကယ် လေလံအောင်ချင်ရင် ဈေးနှုန်းက နည်းမှာ မဟုတ်လောက်ဘူး။"
ချန်ချင်းနတ်ဘုရားမြို့တော်အတွင်း၌ အဖွဲ့အစည်း အင်အားစု အမျိုးမျိုးမှာ အလွန်များပြားသော်လည်း ယွီဟွာနတ်ဘုရားဂိုဏ်း၏ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ခွင့်ရသူမှာမူ မများပြားလှပေ။
မည်သို့ပင်ဖြစ်စေ တစ်နှစ်လျှင် နတ်ဘုရားသလင်းကျောက် တစ်ရာဟူသော ဈေးကြီးသည့် ကုန်ကျစရိတ်ကို သာမန် အဖွဲ့အစည်းများ တတ်နိုင်သည် မဟုတ်ပေ။
ဤလက်အောက်ခံ အဖွဲ့အစည်းများသည် မကြာခဏဆိုသလို ယွီဟွာနတ်ဘုရားဂိုဏ်းမှ နတ်ဘုရားအထောက်အထားရတပည့်များ တည်ထောင်ထားခြင်း ဖြစ်၏။
"အင်း၊ ငါ သိပြီ။"
လီချန်က ခေါင်းညိတ်လိုက်သည်။
လေလံအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ၊ သူ သွားကြည့်ရန် ပြင်ဆင်ထား၏။
နတ်ဘုရားဓားဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်စေလိုပါက နောင်တွင် ဗလာသို့ပြန်ခြင်းနေရာနှင့် သေချာပေါက် ပတ်သက်ရမည်ဖြစ်သည်။
မူလက သူသည် ထျန်းနတ်ဘုရားအဆင့်သို့ ရောက်ရှိပြီး နတ်ဘုရားအထောက်အထား ရရှိပြီးမှ လုပ်ဆောင်ရန် စဉ်းစားထားသော်လည်း... ယခု ဗလာသို့ပြန်ခြင်းနေရာ လေလံပွဲ ရှိနေသဖြင့် စမ်းသပ်ကြည့်ရန်ဆုံးဖြတ်လိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားဓားဂိုဏ်းအတွက် လည်ပတ်နိုင်သော လုပ်ငန်းတစ်ခု ရှာဖွေပေးရမည်။ မဟုတ်ပါက သူထောက်ပံ့ပေးသော ကျင့်ကြံခြင်း အရင်းအမြစ်များကိုသာ လုံးဝမှီခိုအားထားနေရခြင်းသည်လည်း ရေရှည်အစီအစဉ်မဟုတ်ပေ။
.....
ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ချန်ထားခဲ့ပြီးနောက် လီချန်သည် နတ်ဘုရားဓားဂိုဏ်းမှ ထွက်ခွာခဲ့ပြီး ချန်ချင်းနတ်ဘုရားမြို့တော်ရုံးသို့ သွားရောက်ကာ ဗလာသို့ပြန်ခြင်းနေရာ လေလံပွဲအခြေအနေကို စုံစမ်းမေးမြန်းပြီးနောက် နတ်ဘုရားသလင်းကျောက် တစ်မှတ်သုံးစွဲ၍ စာရင်းသွင်းလိုက်ပြီး၊ လေလံပွဲ တံဆိပ်ပြားတစ်ခုကို ရရှိခဲ့သည်။
တံဆိပ်ပြား ကိုင်ဆောင်ထားပါက လေလံပွဲ ကျင်းပသည့်နေ့တွင် ဝင်ရောက်နိုင်ပြီး ဗလာသို့ပြန်ခြင်းနေရာလေလံပွဲသို့ ပါဝင်နိုင်ပေသည်။
.......
လော်ယွမ်းတာအိုကျောင်းတော်သို့ ပြန်ရောက်ပြီးနောက်။
လီချန်သည် လှိုဏ်ဂူစံအိမ်သို့ တိုက်ရိုက် ပြန်သွားရန် ပြင်ဆင်လိုက်စဉ် လူငယ် အမျိုးသမီး ကျင့်ကြံသူတစ်ဦး လျှောက်လှမ်းလာ၏။ "ဆရာတူမောင်လေးလီချန်၊ မင်းကို လာရှာတဲ့သူ ရှိတယ်။"
"ဆရာတူအစ်မကျန်း၊ ဘယ်သူက ကျွန်တော့်ကို ရှာတာလဲ။"
ဤလူငယ်အမျိုးသမီးကျင့်ကြံသူ ဆရာတူအစ်မကျန်းသည်လည်း ထျန်းလန်ကျောင်းတော်သခင်၏ တပည့်ဖြစ်ပြီး၊ အမှတ်စဉ် ၁၂ ဖြစ်ကာ၊ လီချန်ဟူသော ဆရာတူမောင်လေးထက် တစ်ဆင့်သာ မြင့်၏။
ဆရာတူအစ်မကျန်းသည် လော်ယွမ်းတာအိုကျောင်းတော်တွင် တည်ရှိမှု အလွန်နည်းပါးပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့သော်လည်း၊ ကံမကောင်းသည်မှာ ပါရမီ အနည်းငယ် ညံ့ဖျင်းကာ လော်ယွမ်းတာအိုကျောင်းတော်အတွင်း၌ ကျင့်ကြံမှုလည်း အောက်ဆုံးတွင် ရှိနေပြီး ယခုမှ ဗလာနတ်ဘုရား အဆင့်လေးသာ ရှိသေး၏။
မတော်တဆမှု မရှိပါက၊ ဤဆရာတူအစ်မကျန်းသည် နောင်တွင် လော်ယွမ်းတာအိုကျောင်းတော်မှ တပည့်တစ်ဦးဦးနှင့် တာအိုမိတ်ဖက်ပြုကာ၊ သားသမီး မွေးဖွား၍ နေထိုင်သွားဖွယ် ရှိသည်။
ဤသည်မှာလည်း လော်ယွမ်းတာအိုကျောင်းတော်မှ တပည့်များစွာ၏ နောက်ဆုံး ရပ်နားရာ ဖြစ်၏။
သူတို့၏ မျိုးဆက်များထဲတွင် ဝိညာဉ်အမြစ် ထူးချွန်သူများ ရှိပါက လော်ယွမ်းတာအိုကျောင်းတော်သို့ ထပ်မံ ဝင်ရောက်လာကြမည်။
"ဝူရွှမ်းတာအိုနန်းတော်ကလို့ ပြောတယ်။ နာမည်က နန်ရှီတဲ့"
"ဆရာတူအစ်မကျန်း၊ သူအခု ဘယ်မှာလဲ။"
"ချီယွဲ့ခန်းမဆောင်မှာ စောင့်နေတယ်။"
လီချန်က ခေါင်းညိတ်လိုက်ပြီးနောက် လှည့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်၊ ရုတ်တရက် ဆရာတူအစ်မကျန်းက လီချန်ကို လှမ်းခေါ်လိုက်၏။ "ဆရာတူမောင်လေးလီချန်၊ မင်း ဆရာတူအစ်မကို ဘယ်လို မြင်လဲ။"
"အဲ... ဆရာတူအစ်မကျန်း၊ အစ်မက နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတာပဲ။ ဆရာတူအစ်ကို ဘယ်လောက်များများက အစ်မနဲ့ တာအိုမိတ်ဖက် ဖြစ်ချင်နေကြလဲ မသိဘူး။"
လီချန်က ရယ်မောလျက် ဖြေလိုက်သည်။
သူ အလကား ပြောဆိုနေခြင်း မဟုတ်ပေ။
ဆရာတူအစ်မကျန်း ကျင့်ကြံမှု ညံ့ဖျင်းသည် မှန်သော်လည်း၊ ရုပ်ရည်လှပကာ ခန္ဓာကိုယ်သေးသွယ် ချစ်စရာကောင်းပြီး၊ စိတ်သဘောထား နူးညံ့သိမ်မွေ့ကာ၊ ပုံမှန် အိမ်တွင်းပုန်း အမျိုးသမီးလေး ပုံစံမျိုး ဖြစ်ရာ၊ တိတ်တဆိတ်အားဖြင့် လော်ယွမ်းတာအိုကျောင်းတော်မှ ဆရာတူအစ်ကိုကြီးများ လိုက်လံ ပိုးပန်းနေကြသည်ဟု ကြားသိရသည်။
"ဆရာတူမောင်လေး မင်းသာ တာအိုမိတ်ဖက် ရွေးမယ်ဆိုရင်၊ ဆရာတူအစ်မကို ရွေးချင်မလား။"
ဆရာတူအစ်မကျန်း၏ ပါးပြင်များ နီရဲလာပြီး၊ အသံမှာလည်း အလွန် တိုးသွား၏။
လီချန် ကြောင်အသွားသည်။ ဆရာတူအစ်မကျန်းက သူ့ကို သဘောကျနေတာလား။
သို့သော် သူ့ဦးနှောက်ထဲတွင် အခြား ပုံရိပ်တစ်ခု ပေါ်ထွက်လာရာ ချက်ချင်းပင် ကြက်သီးထသွားပြီး၊ ဘယ်လိုလုပ် ဒီကိစ္စကို ပြန်သတိရသွားတာပါလိမ့်။ ချက်ချင်းပင် ဟာသလုပ်သလို ရယ်မောလိုက်ကာ၊ "ဆရာတူအစ်မကျန်း၊ အစ်မက ကျွန်တော့်ကို နောက်နေတာပဲ။ ကျွန်တော် အရင် သွားလိုက်ဦးမယ်။"
ပြောရင်း ဆရာတူအစ်မကျန်း စကားပြောသည်ကိုပင် မစောင့်တော့ဘဲ ဓားပျံကို စီးနင်းလျက် လျင်မြန်စွာ ထွက်ခွာသွားရာ၊ ဆရာတူအစ်မကျန်းကို ခြေဆောင့် ကျန်ရစ်ခဲ့စေသည်။
သူမသည်လည်း သတ္တိမွေးပြီးမှ ပြောထွက်ခဲ့ခြင်းဖြစ်သော်လည်း၊ ဆရာတူမောင်လေးက ဤသို့ တုံ့ပြန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
.......
ချီယွဲ့ခန်းမဆောင်သို့ ရောက်ရှိသွားသည့်အခါ။
လီချန် ဝင်သွားသည်နှင့် ပန်းနံရံတစ်ခုအောက်တွင် ရပ်နေသော နန်ရှီကို တွေ့လိုက်ရသည်။
သူ အနည်းငယ် သံသယ ဖြစ်မိသည်၊ နန်ရှီက ငါ့ကိုလာရှာရလောက်အောင် ဘာကိစ္စရှိလို့လဲ။
"တာအိုရောင်းရင်းနန်ရှီ။"
သူ ရှေ့တိုး၍ နှုတ်ဆက်လိုက်၏။
နန်ရှီ လှည့်ကြည့်လိုက်ပြီး၊ ခပ်ပြုံးပြုံးဖြင့်၊ "စီနီယာအစ်ကိုလီချန်၊ ကျွန်မတို့ အတူတူ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး၊ ဗလာသို့ပြန်ခြင်းနေရာမှာ နယ်မြေတစ်ခု ယူကြမယ်ဆို စိတ်ဝင်စားလား။"
လီချန် တစ်ချက် တွေဝေသွားပြီးနောက် ချက်ချင်း သဘောပေါက်လိုက်သည်။ နန်ရှီသည် အောက်ဘုံမှ ဗလာသို့ပြန်ခြင်းကျင့်ကြံသူများအတွက် လမ်းခင်းပေးနေခြင်း ဖြစ်နိုင်လောက်သည်။
မည်သို့ပင်ဖြစ်စေ နန်ရှီသည် ဝူရွှမ်းတာအိုနန်းတော်၏ တာအိုအသီးအဆင့် တပည့် ဖြစ်လာခဲ့ပြီဖြစ်ရာ၊ အနာဂတ်တွင် နတ်ဘုရားအထောက်အထား ရရှိနိုင်ခြေ အလွန်ကြီးမားလှသည်။ ဤသို့ဆိုလျှင် အောက်ဘုံမှ ဗလာသို့ပြန်ခြင်းကျင့်ကြံသူတစ်ဦးကို ကာကွယ်ပေးရန်မှာ ဘာပြဿနာမျှ မရှိပေ။
"တာအိုရောင်းရင်းနန်ရှီ၊ ခင်ဗျား ပိုင်ရှင်မဲ့ ဗလာသို့ပြန်ခြင်းနေရာရှိနေတာကို သိတာလား။"
"ဟုတ်တယ်၊ ကျွန်မ ချန်ချင်းနတ်ဘုရားမြို့တော်ဘက်မှာ ဗလာသို့ပြန်ခြင်းနေရာနဲ့ ပတ်သက်တဲ့ လေလံပွဲတစ်ခု ရှိတယ်။ ကျွန်မ ရှိနေတဲ့ အောက်ဘုံ ဗလာသို့ပြန်ခြင်းနေရာက ချန်ချင်းနတ်ဘုရားမြို့တော်ရဲ့လက်အောက်မှာ ရှိနေတာ။ စီနီယာအစ်ကိုလီချန်၊ ရှင်ရှိနေတဲ့ အောက်ဘုံကလည်း အဲ့ဒီဘက်မှာပဲ ဖြစ်လောက်တယ်။"
နန်ရှီက ခေါင်းညိတ်၍ ပြန်ဖြေလေသည်။
"တာအိုရောင်းရင်းနန်ရှီ၊ ခင်ဗျား တစ်ယောက်တည်း လုပ်ဆောင်လို့ ရနေတာပဲ။ ဘာလို့ ကျွန်တော့်ကို ဆွဲထည့်ရတာလဲ။"
လီချန်က မေးလိုက်၏။
နန်ရှီ၏ အဆင့်အတန်းဖြင့် ဗလာသို့ပြန်ခြင်းနေရာကို လေလံဆွဲ ရယူလိုပါက... အခက်အခဲမှာ သူ့အခြေအနေထက် များစွာနည်းပါးလေသည်။
ထို့အပြင် နန်ရှီ၏လက်ထဲတွင် နတ်ဘုရားဝိညာဉ်အရည်တစ်ပုလင်း ရှိနေသေးရာ၊ နတ်ဘုရားသလင်းကျောက် သောင်းဂဏန်း အနည်းငယ် တန်ဖိုး ရှိသဖြင့် လက်အောက်ခံ အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး ဗလာသို့ပြန်ခြင်းနေရာကို လေလံဆွဲ ရယူရန်မှာ သေချာပေါက် ပြဿနာမရှိပေ။
"ဘာလို့လဲဆိုတော့ ရှင်နဲ့ကျွန်မက အရင်တုန်းက ဗလာသို့ပြန်ခြင်းကျင့်ကြံသူတွေ ဖြစ်ခဲ့ကြလို့လေ။"
ထို့အပြင် လူတစ်ယောက် ပိုလာပါက အန္တရာယ်ကို ခွဲဝေယူနိုင်ပေသည်။
"တာအိုရောင်းရင်းနန်ရှီ၊ တကယ်တော့ ကျွန်တော် လက်အောက်ခံ အဖွဲ့အစည်းတစ်ခုကို စောစောကတည်းက တည်ထောင်ထားပြီးပြီ။ အဲ့ဒီ ပိုင်ရှင်မဲ့ ဗလာသို့ပြန်ခြင်းနေရာကို လေလံဆွဲဖို့ ပြင်ဆင်နေတာ။"
လီချန်က ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။
မည်သို့ပင်ဖြစ်စေ သူသည် ထိုဗလာသို့ပြန်ခြင်းနေရာကို လေလံအောင်မြင်ရန် ယုံကြည်ချက်များများစားစား မရှိပေ။
အခြားကြောင့် မဟုတ်ဘဲ၊ သူ့နောက်ခံအင်အား မလုံလောက်ခြင်းကြောင့် ဖြစ်သည်။
တာအိုကျောင်းတော်မှ အလုပ်ကြမ်းတပည့်တစ်ဦးမျှသာဖြစ်ပြီး၊ နောက်ခံတောင်ကြီးမှာ ယခုလေးတင် ထျန်းနတ်ဘုရားဖြစ်လာသော ဆရာဖြစ်သူ ထျန်းလန်ကျောင်းတော်သခင်သာ ရှိသည်။
ဗလာသို့ပြန်ခြင်းနေရာကို လုယက်ကြမည့် ထိုလက်အောက်ခံအဖွဲ့အစည်းများတွင် မည်သူက ထျန်းနတ်ဘုရား သို့မဟုတ် ရွှမ်းနတ်ဘုရားအဆင့် နောက်ခံတောင်ကြီး မရှိဘဲနေပါ့မလဲ။
အကယ်၍ နန်ရှီ ပါဝင်လာပါက နောက်ခံတောင်ကြီးက ပြဿနာ မရှိတော့ပေ။
နန်ရှီသည် နတ်ဘုရားအထောက်အထားရတပည့် မဟုတ်သော်လည်း၊ သူမသည် ဝူရွှမ်းတာအိုသခင်မ၏ တာအိုအသီးအဆင့် တပည့် ဖြစ်ရာ၊ ဤအဆင့်အတန်းသည် သာမန်နတ်ဘုရားအထောက်အထားရတပည့်များထက် ပိုမို မြင့်မား၏။
"စီနီယာအစ်ကိုလီချန်၊ လက်အောက်ခံအဖွဲ့အစည်း တည်ထောင်တာက တစ်နှစ်ကို နတ်ဘုရားသလင်းကျောက် တစ်ရာ ပေးဆောင်ရမှာနော်။ ရှင်..."
နန်ရှီ အံ့အားသင့်သွား၏။
တစ်နှစ်လျှင် နတ်ဘုရားသလင်းကျောက် တစ်ရာ၊ ဤသည်မှာ သာမန် အလုပ်ကြမ်းတပည့်များအတွက် အရမ်းကိုမှများပြားလှသောပမာဏဖြစ်သည်။
သူမသည် ဝူရွှမ်းတာအိုနန်းတော်၏ တာအိုအသီးအဆင့် တပည့် ဖြစ်သည့်တိုင် အလွန်ဝန်ပိလှသည်။
အကယ်၍ သူမသည် လွန်ခဲ့သော တစ်နှစ်ကျော်က နတ်ဘုရားနယ်မြေအတွင်း၌ လီချန်နှင့် နတ်ဘုရားဝိညာဉ်အရည်ကို ညီတူညီမျှ ခွဲဝေယူခြင်း မရှိခဲ့ပါက၊ တန်ဖိုး သောင်းဂဏန်း အနည်းငယ် ရှိမနေခဲ့ပါက၊ သူမသည်လည်း လက်အောက်ခံ အဖွဲ့အစည်း တည်ထောင်ရဲမည် မဟုတ်ဘဲ၊ ဗလာသို့ပြန်ခြင်းနေရာကို လေလံဆွဲရယူရန်ယုံကြည်ချက် ပို၍ပင်ရှိမည်မဟုတ်ပေ။
"စီနီယာအစ်ကိုလီချန်၊ ရှင် တည်ထောင်ထားတဲ့ အဲ့ဒီ လက်အောက်ခံ အဖွဲ့အစည်းကို ကျွန်မ တစ်ဝက် စိုက်ထုတ်မယ်။ ဗလာသို့ပြန်ခြင်းနေရာ လေလံဆွဲမယ့် ကုန်ကျစရိတ်ကိုလည်း၊ ကျွန်မတို့ အတူတူ တစ်ယောက်တစ်ဝက် စိုက်ထုတ်ကြမယ်။ ဒါပေမဲ့ ကျွန်မ နောင်ကျရင် လက်အောက်ခံ အဖွဲ့အစည်းကို စီမံခန့်ခွဲဖို့ အချိန်သိပ်ရှိမှာ မဟုတ်ဘူး။ ရှင်ပဲ ပိုပြီး တာဝန်ယူပေးရလိမ့်မယ်။"
အဆင်သင့် လက်အောက်ခံ အဖွဲ့အစည်း ရှိနေပြီဖြစ်ရာ ဗလာသို့ပြန်ခြင်းနေရာ လေလံဆွဲရန်မှာ များစွာ ပိုမိုလွယ်ကူသွားလေပြီ။
"ပြဿနာ မရှိဘူး။"
လီချန်က ခေါင်းညိတ်လိုက်ပြီး၊ ချက်ချင်းသဘောတူလိုက်၏။
နန်ရှီ ပါဝင်လာပါက နတ်ဘုရားဓားဂိုဏ်း ဗလာသို့ပြန်ခြင်းနေရာ တစ်နေရာကို လေလံဆွဲ ရယူရန်အတွက် အတားအဆီးများ များစွာလျော့နည်းသွားပေလိမ့်မည်။
မဟုတ်ပါက သူကဲ့သို့သော နောက်ခံအင်အားမရှိသည့် အလုပ်ကြမ်းတပည့်တစ်ဦး၊ ဗလာသို့ပြန်ခြင်းနေရာကို လေလံအောင်သွားသည့်တိုင်၊ နောက်ပိုင်းတွင် ပြဿနာများ အထပ်ထပ် ကြုံတွေ့ရပေမည်။ ဒါ့အပြင် နန်ရှီက တစ်ဝက် စိုက်ထုတ်ပေးပါက သူ့ဝန်ထုပ်ဝန်ပိုးကိုလည်း လျော့နည်းစေနိုင်သည်။
ယခု သူ့မှာ နတ်ဘုရားသလင်းကျောက် မရှားပါးသော်လည်း၊ ချွေတာနိုင်သလောက်ချွေတာလိုက်ခြင်းက အကောင်းဆုံးပင်။
.......
နန်ရှီ ထွက်ခွာသွားပြီးနောက်၊ လီချန်သည် လှိုဏ်ဂူစံအိမ်အတွင်းသို့ ပြန်လည် ရောက်ရှိလာ၏။
သူသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်ကာ နောက်ဆုံး သတင်းအချက်အလက်များကို ကြည့်ရှုလိုက်၏။
မြေနတ်ဘုရားအဆင့် အဆင့် ၃ (၈၈/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၁၂၅၇/၁၀၀၀၀၀၀၀)။
ကောင်းကင်ဘုံသတ္တမဓား (အနည်းငယ်ပြီးမြောက်ခြင်း ၅၁/၁၀၀)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ပရမ်းပတာ လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၆၇/၁၀၀)။
ဓားတာအိုအငွေ့အသက် (တာအိုကိုမြင်ခြင်း ၉၅/၁၀၀)။
နိယာမ: လင့်တုန်းမျိုးစေ့ (အညှောင့်ပေါက်ခြင်း ၁၁/၁၀၀)။
ချန်ယွမ်အစီအရင်ကျမ်း (ဆယ့်ခြောက်အခြေခံ ၃/၁၀၀)။
ကဏ္ဍအသီးသီးမှ တိုးတက်မှုများမှာ မဆိုးလှသော်လည်း၊ နိယာမ လင့်တုန်းမျိုးစေ့၏ အညှောင့်ပေါက်ခြင်း တစ်ခုတည်းသာ တိုးတက်မှု တစ်မှတ်မျှ မရှိခြင်း ဖြစ်၏။
တာအိုအငွေ့အသက် အဆင့်အတန်း မလုံလောက်သေးကြောင်း၊ တာအိုအဖြစ်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိမှသာလျှင် နိယာမ၏ အညှောင့်ပေါက်မှု တိုးတက်မှုကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်းသိရှိသည်။
"နောက်ထပ် လနည်းနည်းလောက်ဆိုရင် မြေနတ်ဘုရား စတုတ္ထအဆင့်ကို တက်လှမ်းနိုင်လောက်ပြီ။"
လီချန်က စိတ်ထဲ၌ တိတ်တဆိတ် တွေးလိုက်၏။
ယခုကဲ့သို့သော ကျင့်ကြံမှုအရှိန်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြောရပေမည်။
အချိန်ခေါင်းလောင်း၏ အထောက်အကူပြု အာနိသင်ကြောင့်ဖြစ်ပြီး၊ နောက်တစ်ခုမှာ နတ်ဘုရားဝိညာဉ်ချီကို အသုံးပြု၍ ကျင့်ကြံခြင်းကြောင့် ဖြစ်သည်။ အခြားသူများဖြင့် အစားထိုးလိုက်ပါက မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက် နှစ်ဆယ်ဂဏန်းလောက်ကြာမှ အဆင့်တစ်ဆင့် တိုးတက်နိုင်ခြင်းမှာ ပုံမှန်ဖြစ်၏။
ထို့အပြင် သူ၏ တာအိုကိုမြင်ခြင်းတိုးတက်မှုသည်လည်း ၉၅ သို့ ရောက်ရှိနေပြီဖြစ်ရာ တာအိုအဖြစ်ပြောင်းလဲခြင်းသို့ ထိုးဖောက်ရန်လည်း မဝေးတော့ပေ။
ဤသည်မှာ အဆင့်အတန်းသည် ကျင့်ကြံမှုထက် ပိုမို မြန်ဆန်စွာ တိုးတက်နေသည်နှင့် ညီမျှနေ၏။
မည်သို့ပင်ဖြစ်စေ တာအိုအဖြစ်ပြောင်းလဲခြင်းသည် ထျန်းနတ်ဘုရားနှင့် ပိုမိုမြင့်မားသော ရွှမ်းနတ်ဘုရားတို့နှင့် သက်ဆိုင်နေသည်။
သူ ယခု အမျှော်လင့်ဆုံးမှာ တာအိုအငွေ့အသက်သည် တာအိုအဖြစ်ပြောင်းလဲခြင်းသို့ ရောက်ရှိပြီးနောက်၊ နိယာမ လင့်တုန်းမျိုးစေ့၏ အညှောင့်ပေါက်မှု တိုးတက်မှုကို မြှင့်တင်ပေးနိုင်ခြင်း ရှိမရှိပင်။
ဤအတောအတွင်း သူသည် ယွီဟွာနတ်ဘုရားဂိုဏ်း၏ ထိုက်ရွှမ်းဆယ့်နှစ်ဆောင်သို့လည်း အထူးတလည် သွားရောက်ခဲ့သေးသည်။
ဤထိုက်ရွှမ်းဆယ့်နှစ်ဆောင်သည် အဆောင်ဟု ဆိုသော်လည်း လက်တွေ့တွင် အလွန် ထူးခြားသော နေရာလွတ် လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်ပြီး၊ ယွီဟွာနတ်ဘုရားဂိုဏ်း၏ များပြားလှသော ကျမ်းစာအုပ်များကို သိမ်းဆည်းထားကာ အမျိုးအစားစုံလင်သော ကျင့်ကြံခြင်းကျင့်စဉ်များ၊ လျှို့ဝှက်သိုင်းများ အစရှိသည်တို့ ပါဝင်၏။
လျှို့ဝှက်နယ်မြေတစ်ခုလုံးကို စုစုပေါင်း အလွှာ၁၂လွှာ ခွဲခြားထားပြီး၊ အလွှာတစ်လွှာစီသည် သီးခြား နေရာလွတ်တစ်ခု ဖြစ်ကာ အချင်းချင်းအကြား နေရာရွှေ့ပြောင်းခြင်း အစီအရင်မှသာလျှင် ဝင်ရောက်နိုင်ပေသည်။
လီချန် ဝင်ရောက်ခဲ့သည်မှာ ပထမအလွှာမျှသာ ဖြစ်ပြီး ဤသည်မှာလည်း အလုပ်ကြမ်းတပည့်များ အခမဲ့ဝင်ရောက်နိုင်သော တစ်ခုတည်းသော နေရာဖြစ်၏။
ဒုတိယအလွှာအထက်နှင့် ပတ်သက်၍ နတ်ဘုရားအထောက်အထားရတပည့်များသာလျှင် အရည်အချင်း ရှိပေသည်။
အလုပ်ကြမ်းတပည့်များ အပေါ်သို့ တက်လိုပါက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ထိုအရာမှာ နတ်ဘုရားသလင်းကျောက် သုံးစွဲခြင်းဖြစ်သည်။
သို့သော် အလုပ်ကြမ်းတပည့်များအတွက် နတ်ဘုရားသလင်းကျောက်ဆိုတာ ဘယ်လောက်တောင် အဖိုးတန်လိုက်လဲ။ ဘယ်သူကများ ဒီလိုနေရာအတွက် သုံးစွဲချင်ကြပါ့မလဲ။
လီချန်သည်လည်း နတ်ဘုရားသလင်းကျောက် သုံးစွဲပြီး ဒုတိယထပ်သို့ တက်ရောက်မည် မဟုတ်ပေ။
ထို့အပြင် ပထမအလွှာ၏ ကျမ်းစာအုပ်များသည်ပင် ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောများပြားလှပြီး၊ အမျိုးအစားစုံလင် ခွဲခြားထားကာ အလွန် များပြားလှရာ၊ လီချန် ကြည့်ရှုရန် လုံလောက်နေပြီဖြစ်သည်။
သူသည် လိုအပ်သော သတင်းအချက်အလက်များကို အမှန်တကယ်ပင် ရှာဖွေ တွေ့ရှိခဲ့၏။
မွေးရာပါ ဝိညာဉ်ပစ္စည်း၊ နိယာမမျိုးစေ့၊ အညှောင့်ပေါက်ခြင်းအစရှိသည်တို့နှင့် ပတ်သက်၍လည်း နားလည် သဘောပေါက်ခဲ့ပြီဖြစ်သည်။
သူသည် တာအိုအဖြစ်ပြောင်းလဲခြင်းသို့ မရောက်ရှိသေးဘဲ၊ နိယာမမျိုးစေ့ကို ဉာဏ်အလင်းပွင့်နိုင်ခဲ့ပြီး၊ အညှောင့်ပင် ပေါက်နေပြီဖြစ်ခြင်းမှာ ဘယ်လောက်ရှားပါးကြောင်း နားလည်သွားခဲ့၏။
များပြားလှသော တာအိုအဖြစ်ပြောင်းလဲ သန္ဓေသားဖွဲ့ခြင်းအဆင့် ရွှမ်းနတ်ဘုရားကြီးများသည်ပင်၊ နိယာမမျိုးစေ့ကို ဉာဏ်အလင်းပွင့်နိုင်ခြင်း မရှိကြပေ။ အကြောင်းအရင်းမှာ မွေးရာပါ ဝိညာဉ်ပစ္စည်းကို မရရှိနိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် မိမိ၏ကျင့်ကြံခြင်းကျင့်စဉ်နှင့် ကိုက်ညီသော မွေးရာပါ ဝိညာဉ်ပစ္စည်းဖြစ်ရန်လည်း လိုအပ်သေး၏။
မွေးရာပါ ဝိညာဉ်ပစ္စည်းမှာ အလွန်အမင်း အဖိုးတန်လှသည်။ ဤအထက်ဘုံ၌ လုံးဝ တန်ဖိုးဖြတ်၍ မရနိုင်ပေ။
ယခင်က ယွီဟွာနတ်ဘုရားနယ်မြေ ဖွင့်လှစ်စဉ် သူ ရရှိခဲ့သော ကြာပန်းဖြူနှင့် ထို ထျန်းယန်မီးကြာပန်းတို့သည် မွေးရာပါ ဝိညာဉ်ပစ္စည်းများ ဖြစ်ကြပြီး၊ မွေးရာပါ ဝိညာဉ်ပစ္စည်းနှစ်မျိုးကို တစ်ပြိုင်နက်တည်း တွေ့မြင်ရခြင်းမှာ ရှားပါးလှသည်ဟု ဆိုရပေမည်။
သူ၏ ကံအလွန် ကောင်းသည်ဟုသာ ဆိုနိုင်ပေသည်။
"ငါ့ရဲ့ လင့်တုန်းမျိုးစေ့က အညှောင့်ပေါက်နေပြီ။ အညှောင့်ပေါက်တာ ပြီးစီးသွားပြီး ကောင်းကင်နဲ့မြေကြီးမှာ အမြစ်တွယ်သွားတာနဲ့ စစ်မှန်တဲ့ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရား အခြေခံအုတ်မြစ် ဖြစ်သွားပြီ။"
လီချန်သည် ဤအရာအားလုံး ထိုဟိုင်ချွဲကျမ်းနှစ်မျက်နှာမှ အစပြုသည်ကိုလည်း သိ၏။
ဤ ဟိုင်ချွဲကျမ်းနှစ်မျက်နှာ၏ ဇာစ်မြစ်ကို မသိရှိသော်လည်း သူ ခန့်မှန်းရသလောက် အနည်းဆုံးတော့ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရား၏ အမွေအနှစ် ဖြစ်နိုင်လောက်သည်။
မည်သို့ပင်ဖြစ်စေ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားသာလျှင် နိယာမကို စစ်မှန်စွာ ဉာဏ်အလင်းပွင့်နိုင်ခြင်းဖြစ်၏။
သူ ယခု လိုအပ်နေသည်မှာ ကျင့်ကြံမှုနှင့် အဆင့်အတန်းမျှသာ ဖြစ်သည်။
သူ၏မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားလမ်းစဉ်သည် အတားအဆီးမရှိ ချောမွေ့နေမည်ဟု ဆိုနိုင်ပေသည်။
........
လဝက် ကြာပြီးနောက်။
လီချန်နှင့်ချိန်းဆိုထားသော နန်ရှီတို့ ဆုံတွေ့ကြပြီး၊ ယွီဟွာနတ်ဘုရားဂိုဏ်းမှ ထွက်ခွာခဲ့ကာ နေရာရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် ချန်ချင်းနတ်ဘုရားမြို့တော်သို့ ရောက်ရှိလာကြ၏။
လေလံပွဲတံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး လီချန်နှင့် နန်ရှီတို့သည် ချန်ချင်းနတ်ဘုရားမြို့တော်ရုံးသို့ ဝင်ရောက်သွားကြ၏။
ဤနေရာသည် ဗလာသို့ပြန်ခြင်းနေရာ လေလံပွဲကျင်းပရာနေရာဖြစ်သည်။
"ဒီလောက် လက်အောက်ခံအဖွဲ့အစည်းတွေ အများကြီး လေလံပွဲမှာ ပါဝင်နေကြတာ ဈေးနှုန်းက နိမ့်မှာ မဟုတ်ဘူး။"
နန်ရှီသည် နေရာ၌ စုရုံးနေကြသော ရာဂဏန်းနီးပါးရှိသည့် လက်အောက်ခံအဖွဲ့အစည်းများကို ကြည့်ရင်း ချက်ချင်း တိုးညင်းစွာ အသံပို့လွှတ်လိုက်၏။
"ဟုတ်တယ်၊ ဒါပေမဲ့၊ ဘယ်လောက်ပဲ ဈေးကြီးပါစေ လေလံအောင်အောင် ယူရမယ်။"
လီချန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
ယခင်က ဗလာသို့ပြန်ခြင်းနေရာ လေလံဈေးနှုန်းများအရ ဧရိယာ မတူညီခြင်း၊ ပထဝီအနေအထား ကွာခြားချက်များရှိသည်ဟု ဆိုသော်လည်း၊ ဗလာသို့ပြန်ခြင်းနေရာ တစ်နေရာလျှင် နှစ်သုံးဆယ် သက်တမ်းအတွက် အစပျိုးဈေးမှာ နတ်ဘုရားသလင်းကျောက် တစ်ထောင်အထက်တွင်ရှိသည်။
မများပြားလှဟု ထင်ရသော်လည်း ထိုအရာမှာ နတ်ဘုရားအထောက်အထားရတပည့်များအတွက် ဖြစ်သည်။
ဒါ့အပြင် ဗလာသို့ပြန်ခြင်းနေရာကို လေလံဆွဲရယူရန် လိုအပ်ချက်မှာ ယွီဟွာနတ်ဘုရားဂိုဏ်း၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်ရန် လိုအပ်ပြီး၊ နှစ်စဉ် နတ်ဘုရားသလင်းကျောက် တစ်ရာမှာလည်း ကြီးမားသော အသုံးစရိတ်တစ်ခုဖြစ်ပြန်၏။
နှိုင်းယှဉ်ကြည့်လိုက်ပါက ဗလာသို့ပြန်ခြင်းနေရာ၏ လေလံဈေးနှုန်းမှာ မကြီးမားလှဟုဆိုနိုင်သည်။
လက်အောက်ခံ အဖွဲ့အစည်း၏ အခကြေးငွေမှာတော့ ယွီဟွာနတ်ဘုရားဂိုဏ်းသို့ ပေးဆောင်ရခြင်း ဖြစ်သည်။
ဗလာသို့ပြန်ခြင်းနေရာ လေလံပွဲမှ ရရှိသော ဝင်ငွေမှာမူ ချန်ချင်းနတ်ဘုရားမြို့တော်ရုံးနှင့် သက်ဆိုင်ပြီး ဗလာသို့ပြန်ခြင်းနေရာတစ်နေရာ၏တန်ဖိုးမှာ ချန်ချင်းနတ်ဘုရားမြို့တော်ရုံးအတွက် မနိမ့်ကျလှပေ။
အချိန်အကြာကြီး မစောင့်လိုက်ရဘဲ လေလံပွဲ တရားဝင်စတင်လေတော့သည်။
လေလံပွဲကို ဦးစီးကျင်းပသူမှာ ဗလာနတ်ဘုရားတစ်ပါးဖြစ်ပြီး ထုတ်လွှတ်နေသော အငွေ့အသက်ကို ကြည့်ရသည်မှာ ဗလာနတ်ဘုရား အဆင့်တစ်ဆယ်အထက် ရှိနိုင်လောက်သည်ဟု ခန့်မှန်းရ၏။
ဤသို့သော ကျင့်ကြံမှုမျိုးသည် ချန်ချင်းနတ်ဘုရားမြို့တော်၌ မနိမ့်ကျလှဟု ဆိုနိုင်သည်။
သို့သော် ယွီဟွာနတ်ဘုရားဂိုဏ်းတွင်မူ အလုပ်ကြမ်းတပည့်များထဲ၌ပင် လက်တစ်ဆုပ်စာ ဖမ်းယူရရှိနိုင်သည့် အဆင့်မျိုး ဖြစ်သည်။
သို့သော် ချန်ချင်းနတ်ဘုရားမြို့တော်သည် ယွီဟွာနတ်ဘုရားဂိုဏ်း၏ ထိန်းချုပ်မှုအောက်ရှိ နတ်ဘုရားမြို့တော်တစ်ခုမျှသာဖြစ်ပြီး၊ အင်အားစုအသီးသီးမှာ အများအားဖြင့် ဗလာနတ်ဘုရားများကို အဓိကထားကြကာ၊ မြေနတ်ဘုရားတစ်ပါးရှိနေလျှင် အလွန် ကောင်းမွန်လှပြီဟု သတ်မှတ်နိုင်၏။
အကယ်၍ ထျန်းနတ်ဘုရားအဆင့် ကျင့်ကြံသူကြီးတစ်ပါး ရှိနေပါက သေချာပေါက် အင်အားကြီးသော အင်အားစုတစ်ခုဖြစ်ပေမည်။
"ဒီဗလာသို့ပြန်ခြင်းနေရာက အဆင့်နှစ် တတိယတန်းစား ဖြစ်ပြီး၊ အစပျိုး လေလံဈေးက နတ်ဘုရားသလင်းကျောက် ရှစ်ရာ၊ အကြိမ်တိုင်း ဈေးတိုးမြှင့်မှုက နတ်ဘုရားသလင်းကျောက် ဆယ်မှတ်ထက် မနည်းစေရဘူး။"
လေလံပွဲမှူးက စကား စပြောလိုက်၏။
ချက်ချင်းပင် လေလံဆွဲသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး အလွန်အမင်း ပြင်းထန်လှ၏။
"ရှစ်ရာ့တစ်ဆယ်။"
"ရှစ်ရာ့နှစ်ဆယ်။"
.
.
"ကိုးရာ့သုံးဆယ်။"
"ကိုးရာ့လေးဆယ်။"
ခဏအကြာတွင်၊ လေလံဈေးသည် နတ်ဘုရားသလင်းကျောက် အမှတ် ၁၂၀၀ ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဒီအချိန်မှာတော့ လေလံဆွဲသံများ မများပြားတော့ပေ။
နတ်ဘုရားသလင်းကျောက် အမှတ် ၁၂၀၀ သည် အင်အားစုများစွာ၏ စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤဗလာသို့ပြန်ခြင်းနေရာသည်လည်း ထာဝရပိုင်ဆိုင်ခွင့် မဟုတ်ဘဲ နှစ်သုံးဆယ် အသုံးပြုခွင့်သက်တမ်းသာရှိသည်။
နောက်ပိုင်း သက်တမ်းတိုးလိုပါက လေလံဈေးအတိုင်း ဆက်လက်ပေးဆောင်ရမည်ဖြစ်ပြီး သက်တမ်းတိုးခြင်းသည်လည်း အလားတူ နှစ်သုံးဆယ်ဖြစ်သည်။
ဈေးနှုန်းကြီးမြင့်လွန်းသောကြောင့်ပင် ခံနိုင်ရည် မရှိတော့သော အင်အားစုအချို့သည် ဗလာသို့ပြန်ခြင်းနေရာ၏ ထိန်းချုပ်ခွင့်ကို မတတ်သာဘဲ စွန့်လွှတ်လိုက်ရပြီး၊ လက်အောက်ခံ အဖွဲ့အစည်းကိုပင် ဖျက်သိမ်းလိုက်ရသည်အထိဖြစ်ကြလေသည်။
မည်သို့ပင်ဖြစ်စေ ဗလာသို့ပြန်ခြင်းနေရာနှင့် လက်အောက်ခံ အဖွဲ့အစည်း၏ ကုန်ကျစရိတ်မှာ ပေါင်းလိုက်လျှင် တစ်နှစ်လျှင် နတ်ဘုရားသလင်းကျောက် တစ်ရာကျော်ရှိနေပြီး အကယ်၍ ဗလာသို့ပြန်ခြင်းနေရာ၏ နှစ်စဉ်ဝင်ငွေက ဤပမာဏကို မကျော်လွန်ပါက... သေချာပေါက် အရှုံးပေါ်ပေတော့မည်။
***