ယွင်လဲ့မင်းသမီး
Vol. 12 Ch. 170
နံနက်ခင်းသို့ ရောက်ရှိ လာသည့်အခါတွင် အန်လင်း နိုးထလာခဲ့သည်။ နွေးထွေးသည့် နေရောင်ခြည်သည် ပြတင်းတံခါးအား ဖြတ်ကာဖြင့် သူ့မျက်နှာပေါ် ကျဆင်း နေလေသည်။
ပြတင်းဘောင်တွင် ပန်းနီနီလေး ရှောင်းဟုန်အား စိုက်ပျိုးထားသော ပန်းအိုး တစ်လုံးရှိသည်။
အန်လင်းသည် သူမအား နေရောင်ခြည် စုပ်ယူနိုင်ရန် အတွက် နေရောက်အောက်တွင် နေ့စဉ် ထားသော်လည်း နိုးထလာမည့် အရိပ်အယောင်မျှပင် မပြသေးချေ။
ရှောင်းဟုန်အား အိတ်ကပ်အတွင်း ထည့်လိုက်ပြီးနောက် တပိုင်နှင့် ရှောင်ချိုးတို့အား ခေါ်ဆောင်ကာ ရွှမ်ယွမ်ချန်အား နှုတ်ဆက်ရန် ထွက်ခွာ လာခဲ့သည်။
သူတို့ မထွက်ခွာမီတွင် တန်ရှီယွမ်သည် အန်လင်းအား အရုဏ်ဦး ကောင်းကင် တောင်ထိပ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သူမ၏ အသက်အား ကယ်တင်ပေးခဲ့သည့် အတွက် ကျောက်စိမ်းဖြူ လက်ပတ်တစ်ခုအား လက်ဆောင် ပေးလေသည်။
အန်လင်းသည် ထူးထူးထွေထွေ စဉ်းစား မနေတော့ဘဲနှင့် လက်ခံလိုက်သည်။
တန်ရှီယွမ်သည် တောင်ထိပ်တွင် တိတ်ဆိတ်စွာဖြင့် ရပ်နေလေသည်။ အန်လင်း ထွက်ခွာသွားသည်ကို ကြည့်နေရင်း သူမ၏ ပတ်လည်တွင် တိမ်မြူခိုးများ ရစ်ဝဲ လာသည်။ လေတိုက်ခတ်မှုကြောင့် သူမ၏ ဆံနွယ်များသည် လေထဲတွင် ဝဲလွင့်လျက် ရှိသည်။ သူမ၏ သွယ်လျသည့် လက်ဖြူဖြူတွင် အခြားသော ကျောက်စိမ်း လက်ပတ်တစ်ခု ရှိနေလေသည်။
***
ခရမ်းကြယ်စင် ပြည်နယ်သည် ကျောက်နဂါးပြည်နယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ခရမ်းကြယ်စင် ပြည်နယ်သည် ကိုးပြည်ထောင် နိုင်ငံတော်ရှိ ပြည်နယ်များထဲတွင် နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုအား ဖိနှိပ်ထားသည့် တစ်ခုတည်းသော ပြည်နယ် ဖြစ်သည်။
ကောင်းကင်ဘုံတစ်ခု၊ ဂိုဏ်းကြီး လေးဂိုဏ်း၊ အင်ပါယာကိုးခု တို့တွင် သစ်တောစိမ်း အင်ပါယာ မိသားစုသည် ကျင့်ကြံခြင်းနှင့် နည်းပညာကို ပေါင်းစပ် အသုံးပြုကြပြီး အားပေး ထောက်ခံ ကြလေသည်။
သစ်တောစိမ်း အင်ပါယာ ိသားစုသည် ကောင်းကင်ဘုံပိုင်နက်နှင့် သဘောတူညီမှု တစ်ခု ပြုလုပ်ထားသည့် အတွက် ကောင်းကင်ဘုံ ပိုင်နက်သည် ၎င်းတို့၏ သုတေသန လုပ်ငန်းများအား ဝင်ရောက်စွက်ဖက်ခြင်း မပြုကြချေ။ ထို့အပြင် လိုအပ်သည့် အရင်းအမြစ်များအား ထောက်ပံ့ခြင်းပင် ပြုလုပ်လေသည်။
ခရမ်းကြယ်စင်ပြည်နယ်နှင့် ကျောက်နဂါးပြည်နယ် တို့သည် နီးကပ်စွာ တည်ရှိကြသည်။ ထို့ကြောင့် အန်လင်းသည် တည်နေရာ ရွေ့ပြောင်းခြင်း ဝင်္ကပါအား အသုံးမပြုတော့ဘဲနှင့် ခွေးပျံစီးနင်းရန်သာ ရွေးချယ် လိုက်လေသည်။
ခရမ်းကြယ်စင်ပြည်နယ်၏ ပိုင်နက်အတွင်း ဝင်ရောက်လိုက်သည့် အခါတွင် ရုတ်တရက် ပြောင်းလဲသွားမှုအား ခံစားလိုက်ရသည်။
အဆောက်အဦများသည် ယခင်ကဲ့သို့ အုတ်ခဲနှင့် ရွံ့စေးကို အသုံးပြုကာ ဆောက်လုပ် ထားကြခြင်း မဟုတ်ချေ။ ဤနေရာရှိ အဆောက်အဦ များသည် ဘိလပ်မြေ၊ သဲ၊ ကျောက်တို့အား အသုံးပြုကာဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ရထားများကိုပင် မြင်လိုက် ရသေးသည်။ ရေနွေးငွေ့စွမ်းအင်သုံး ရထားများသာလျှင် ဖြစ်သော်လည်း အတော်အံ့အားသင့်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။
လမ်းများအား အလွန်သေသပ် ကောင်းမွန်စွာ ခင်းကျင်းထားပြီး ထူးဆန်းသည့် စက်တပ်ယာဉ် မျိုးစုံသည် ထိုလမ်းများပေါ်တွင် သွားလာ နေကြသည်။ အချို့သည် ကားပုံသဏ္ဌာန် ဘီးလေးဘီး ပါရှိပြီး ရှပ်ပြေးများကဲ့သို့ ကောင်းကင်တွင် ပျံသန်း နေကြလေသည်။
ကောင်းကင်တွင် ပျံသန်းနေသည့် စစ်သင်္ဘောကြီး များကိုပင် မြင်တွေ့ လိုက်ရသေးသည်။ ယင်းတို့သည် လျင်မြန်စွာ ပျံသန်းခြင်း မရှိကြချေ။ သို့သော်လည်း တစ်ကြိမ်တည်းမှာပင် လူထောင်ပေါင်း များစွာအား သယ်ဆောင် နိုင်လေသည်။
ခရမ်းကြယ်စင်ပြည်နယ်၏ နည်းပညာ အဆင့်အတန်းမှာ ကမ္ဘာပေါ်ရှိ ပထမစက်မှု တော်လှန်ရေးပြီးနောက် ဖြစ်ပေါ်လာသည့် အဆင့်အတန်းနှင့် တူညီပေသည်။ သို့သော်လည်း ဤနေရာတွင် ကမ္ဘာပေါ်တွင် မရှိသေးသည့် တီထွင်မှု အသစ်များလည်း ရှိနေပေသည်။ အန်လင်းသည် သူ၏ အရှေ့တွင် ရှိနေသည့် ခေတ်ဟောင်းနှင့် ခေတ်သစ် ပေါင်းစပ်ထားသည့် မြင်ကွင်းအား ကြည့်ကာ အံ့ဩ၍သာ နေမိတော့သည်။
သစ်တောစိမ်း အင်ပါယာနန်းတော်သို့ သွားရာ လမ်းတစ်လျှောက်တွင် များပြား လှစွာသော အံ့အားသင့်ဖွယ်များအား ရင်ဆိုင်ကြုံတွေ့ ရလေသည်။ အန်လင်း စိုးရိမ်မိသည်မှာ အင်ပါယာ မိသားစု၏ နန်းတော်သည် ဧရာမ မိုးမျှော်တိုက်ကြီး ဖြစ်နေမည်ကိုပင်။
နောက်ဆုံးတွင် သူတို့၏ ဦးတည်ရာအား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အန်လင်းမှာ ပင့်သက်သာ ရှိုက်မိတော့သည်။ အကြောင်းမှာ သစ်တောစိမ်း အင်ပါယာ နန်းတော်သည် သူ၏စိတ်ထဲတွင် ရှိနေသည့်ပုံနှင့် အလွန်တူ လှပေသည်။
လှပစွာ ဆောက်လုပ် ထားသည့် နန်းတော်များ အတန်းလိုက်အား ကြီးမားသည့် အစုအဖွဲ့အသွင် ချိတ်ဆက်ထားကာ ခမ်းနားကြီးကျယ်မှုများ ဖော်ထုတ် နေလေသည်။ အမိုးအား ရွှေရည်စိမ် အုတ်ကြွပ်များဖြင့် မိုးထားသည့်ကြောင့် နေရောင်အောက်တွင် ကြီးကျယ်ခံ့ညားစွာ တောက်ပလျက် ရှိနေသည်။
အင်ပါယာနန်းတော်၏ တံခါးဝတွင် သံချပ်ကာဝတ် စစ်သည်တော်များ ရှိကြပြီး ယင်းတို့သည် လွန်စွာ အားကောင်းသည့် အော်ရာများကို ဖော်ထုတ်ကာဖြင့် နန်းတော် ဝင်ပေါက်အား စောင့်ကြပ်လျက် ရှိကြသည်။
နန်းတော်သို့ လာရောက်ရသည့် အကြီးအကဲအား အသိပေးပြီးသည့် နောက်တွင် တံခါးဝအား စောင့်ကြပ်ရသည့် တာဝန်ရှိသူ တံခါးမှူးသည် လူတစ်ဦးအား လွှတ်ကာဖြင့် အသိပေး အအကြောင်းကြားစေသည်။
“ဟုတ်ကဲ့ပါ။ ဧည့်သည်ကို ဝင်ခိုင်း လိုက်ပါ့မယ်။ ဘာ … မင်းသမီးက လူကိုယ်တိုင် လာကြိုမယ်တဲ့လား။ အာ … ကောင်းပါပြီ။”
တံခါးမှူးသည် အသံလွှင့် အဆောင်လက်ဖွဲ့အား ပိတ်လိုက်ပြီး နောက်တွင် အလွန်ရိုသေ လေးစားသည့် အမူအရာဖြင့် အန်လင်းအား ပြောလာသည်။ “ယွင်လဲ့ မင်းသမီးလေးက ဒီနေရာကို လာနေပါပြီ။ စိတ်ရှည်စွာ စောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။”
အန်လင်းသည် ခေါင်းညိတ် လိုက်ပြီးနောက် တပိုင်၏ ကျောပေါ်တွင် ပျင်းရိစွာ လဲလျောင်း နေလေသည်။
မကြာမီတွင် ခြေသံများအား ကြားလိုက်ရသည်။
“အတန်းဖော် အန်လင်းရေ” နူးညံ့သိမ်မွေ့သည့် အသံလေးသည် အဝေးမှ ထွက်ပေါ်လာသည်။
အန်လင်း မော့ကြည့်လိုက်သည့် အခါတွင် ပေနှစ်ဆယ်မျှမြင့်မည့် ကြီးမားလှသော အပြာရောင် ဝံပုလွေကြီးပေါ်တွင် ထိုင်နေသည့် စုချန်းရန်အား တွေ့လိုက်ရသည်။ သူမသည် သူ့ထံသို့ လာနေခြင်း ဖြစ်သည်။
အနီနှင့်အဖြူ စပ်ထားသည့် နန်းတွင်းဝတ်စုံအား ဝတ်ဆင်ထားပြီး သူမ၏ ကြွေရုပ်နှင့် တူသည့် မျက်နှာလေးသည် တစ်လက်လက် တောက်ပလျက် ရှိသည်။ သူမ၏လက်ကို ဝှေ့ယမ်းကာဖြင့် ပျော်ရွှင်စွာ ပြုံးနေလေသည်။
“ဟေး စုချန်းရန်ရေ” အန်လင်းသည် ပြုံးကာဖြင့် လက်ပြလိုက်သည်။
“နင်လာလည်မယ်လို့ ငါမထင်ထားဘူးရယ်။ တကယ်ကို အံ့ဩစရာပဲ။”
စုချန်းရန်သည် ပျော်ရွှင် ဝမ်းမြောက်နေသည်မှာ သိသိသာသာပင် ဖြစ်သည်။ သူမသည် အလွန်ချိုသာကာ ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခု ချိတ်ဆွဲ ထားသည်။ အန်လင်း အနေဖြင့် အကြည့်မလွှဲနိုင်အောင် ဖြစ်ရသည်။
“အိုး ဟုတ်သားပဲ။ ဒါက ငါ့ရဲ့သားရဲလေ။ ကောင်းကင်မြစ်ဝံပုလွေ လို့ခေါ်တယ်။ သူ့နာမည်က ရှောင်းမန်တဲ့။” ထို့နောက်တွင် စုချန်းရန်သည် သူမ၏ အပြာရောင် ဝံပုလွေကြီးအား စီးနင်းကာဖြင့် နန်းတော်ထဲသို့ ဦးဆောင် သွားလေသည်။
ကောင်းကင်မြစ် ဝံပုလွေသည် တပိုင်ထက် အဆပေါင်းများစွာ ကြီးမားပြီး လွန်စွာ ခံ့ညားကာ ကြောက်မက်ဖွယ်လည်း ကောင်းလှသည်။ ၎င်းထုတ်လွတ်နေသည့် အော်ရာသည် အလွန် စွမ်းအားကြီးပြီး ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ သားရဲဖြစ်သည်မှာ ထင်ရှား လှပေသည်။
စုချန်းရန်၏ မိတ်ဆက်ပေးမှုကြောင့် အန်လင်းသည် ကောင်းကင်မြစ် ဝံပုလွေအား နှုတ်ဆက် လိုက်သည်။
ထို့နောက်တွင် ကောင်းကင်မြစ်ဝံပုလွေနှင့် တပိုင်အား တလှည့်စီ ကြည့်လိုက်ပြီးနောက် အတွေးထဲ နစ်မျော သွားလေသည်။
ယင်းတို့သည် သူတို့နှစ်ဦး၏ စီးနင်းနိုင်သည့် သားရဲများ ဖြစ်ကြသည်။ သို့သော်လည်း အနည်းငယ် စိတ်ကသိကအောက် ဖြစ်ရပေသည်။
ပြောရမည်ဆိုလျှင် စုချန်းရန်သည် Ferrari စီးနင်းနေသည့် အချိန်၌ အန်လင်းသည် သူမ၏ ဘေးတွင် Chery QQ စီးကာဖြင့် လိုက်ပါ နေသကဲ့သို့ပင်။ ကွာခြားချက်မှာ မိုးနှင့်မြေပင်။
ယင်းတို့ကြားရှိ အရပ်အမြင့်မှာလည်း အတော်လေး ကွာခြား လွန်းလှသည်။ အန်လင်းသည် စုချန်းရန်အား စကားပြော မည်ဆိုပါက လည်ဆန့်ကာဖြင့် ပြောနေရလေသည်။
စုချန်းရန်သည် စကတ်တိုတို ဝတ်ဆင်ထားခြင်း မရှိ၍သာ တော်သေးသည်။ သို့မဟုတ်လျှင် အန်လင်းသည် ခေါင်းမော့ရန်ပင် အခွင့်အရေး ရလိုက်မည် မဟုတ်ချေ။
ထိုသည်ကို တွေးမိသည့်အခါတွင် အန်လင်းသည် တပိုင်အား ပုတ်လာပြီးနောက် မျှော်လင့်တကြီးဖြင့် နူးညံ့စွာ မေးလိုက်သည်။ “တပိုင်လေးရေ … မင်းက ဘယ်အချိန်ကျမှ ရှောင်းမန်လို့ ကြီးထွား လာမှာလဲဟင်။”
တပိုင်သည် မျက်စိ ကစားလိုက်ပြီးနောက် ပြတ်ပြတ်သားသား ပြန်ဖြေလေသည်။ “ဖြစ်လာမှာ မဟုတ်ဘူး။ အခုက ကျွန်တော့် ကြီးထွားနှုန်း အကုန်ပဲ။ စီးချင်စီး မစီးချင်နေ။”
တပိုင်၏ အဖြေကြောင့် အန်လင်းသည် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချ လိုက်မိသည်။
စုချန်းရန်သည် အန်လင်း၏ နှလုံးကြေကွဲသည့် အမူအရာအား မြင်လိုက်သည့်အခါ ချက်ချင်း ဆိုသလို တစ်စုံတစ်ခုအား နားလည် သွားလေသည်။ အန်လင်း၏ ခံစားချက်အား ထည့်သွင်း စဉ်းစားပေးခြင်း မရှိခဲ့သည့်အတွက် သူမကိုယ်သူမ အပြစ်တင် လိုက်မိသည်။ ထို့နောက်တွင် ရှောင်းမန်၏ ခေါင်းအား ပုတ်လိုက်သည်။
ကောင်းကင်မြစ် ဝံပုလွေသည် သူမ၏ သဘောထားကို နားလည်သည့် အတွက် ချက်ချင်း ဆိုသလိုပင် တပိုင်၏ အရွယ်အစားသို့ ပြောင်းလဲ လိုက်လေသည်။
ထိုသို့ဖြင့် စုချန်းရန်နှင့် အန်လင်းတို့သည် ပခုံးချင်းယှဉ်၍ လျှောက်လှမ်းနိုင်သွားပြီ ဖြစ်သည်။
ထိုအခြင်းအရာအား မြင်သည့်အခါတွင် အန်လင်းသည် အနည်းငယ် အံ့အားသင့် သွားလေသည်။ ထို့နောက်တွင် သဘောကျစွာဖြင့် တပိုင်၏ ဦးခေါင်းအား ပုတ်လိုက် ပြန်သည်။ “ရှောင်းမန်ကို ကြည့်ပါဦး။ သူ့ရဲ့အရွယ်အစားကို ထိန်းချုပ်နိုင်တယ်ကွ။”
တပိုင်၏ အမွေးများ ထောင်လာပြီး နောက်တွင် အထင်အမြင်သေးသည့် လေသံဖြင့် “ကျွန်တော်လည်းပဲ အရွယ်အစား ပြောင်းနိုင်ပါတယ်နော်။ ဝုတ် … အခုပဲ ပြောင်းပြမယ်။”
“တကယ်လား။” အန်လင်း၏ မျက်လုံးများ အရောင်တောက် သွားပြီးနောက်တွင် သူ၏ နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုများ မြင့်တက် လာလေသည်။
အဖြူရောင် အလင်းတစ်ချက် လက်သွားပြီး နောက်တွင် အန်လင်းသည် မြေပြင်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျ သွားတော့သည်။
သားရဲအမြုတေ ဖြစ်တည်ခြင်း မရှိသေးသည့် အချိန်က ကဲ့သို့သော တပိုင် ပေါက်စလေးသည် အန်လင်း၏ အရှေ့တွင် ပေါ်လာသည်။
“တွေ့လား။ ကျွန်တော်လည်း အရွယ်အစား ပြောင်းနိုင်ပါတယ်ဗျ။ သဘောကျရဲ့လား။ ဝုတ်” တပိုင်သည် အော်ဟစ်ကာ ရယ်မော နေလေသည်။
အန်လင်းသည် မြေပြင်မှ ပြန်ထလာပြီးနောက် ဒေါသတကြီးဖြင့် “တပိုင် ဆော့နေတာကို ရပ်လိုက်စမ်း။ မင်းကို အခုလိုမျိုး အရွယ်ပြောင်းခိုင်းတာ မဟုတ်ဘူးကွ။ အရင်ပုံစံကို ပြန်ပြောင်းလိုက်။”
“အခုမှ လာမချော့နဲ့။ သိပ်နောက်ကျ သွားပြီ။ ဝုတ်” တပိုင်သည် တစ်ဖက်သို့ လှည့်လိုက် ပြီးနောက်တွင် တပိုင်ပေါက်စလေး အသွင်ဖြင့်ပင် ရင်ကော့ ခေါင်းမော့ကာ လျှောက်သွားတော့သည်။
“အန်လင်း : …”
လူသားများသည် ဆုံးရှုံးလိုက်ရသည့် အခါမှသာလျှင် နောင်တ ရတတ်ကြသည်။
သိပ်ကောင်းလွန်းသည်။ ယခုအခါတွင် သူ၏ Chery QQ လေးကိုပါ ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်ကြောင့် ၉၆၉၃ ရပေတော့မည်။
စုချန်းရန်သည် အတော်ကြာ စဉ်းစားပြီးသည့် နောက်မှသာ အန်လင်း၏ သနားစဖွယ် အနေအထားအား သိရှိရသဖြင့် ရှောင်းမန်၏ ဦးခေါင်းအား ပုတ်လိုက် ပြန်သည်။
ထိုသို့ဖြင့် ရှောင်းမန်သည် တပိုင်၏ အရွယ်အစားအတိုင်း ပြောင်းလဲ လိုက်ပြန်သည်။
ထိုမြင်ကွင်းမှဦ ခွေးပေါက်လေး နှစ်ကောင် ဘေးချင်း ယှဉ်ကာဖြင့် လမ်းလျှောက် နေသည်နှင့် တူနေပေသည်။
စုချန်းရန်သည် အန်လင်း၏ ဘေးသို့ လျှောက်လှမ်းလာပြီး သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲ ထားလေသည်။
အန်လင်းသည် သူမ၏ အပြုအမူကြောင့် ရင်ထဲသို့ ထိသွားရပြီ ဖြစ်သည်။ အတန်းဖော်စုက အရမ်းကြင်နာတတ်ပြီး သူများအတွက် တွေးပေး တတ်လိုက်တာ။
အန်လင်းသည် စုချန်းရန်အား တရုတ်စကားဖြင့် ပြောလိုက်သည်။ “အတန်းဖော်စုက ပြုံးလိုက်တဲ့အခါ တကယ်ကို လှလွန်းတာပဲ။”
စုချန်းရန်၏ အပြာရောင် မျက်လုံးလေးများသည် နားမလည်သည် အတွက် တဖျက်ဖျက်ခတ် နေလေသည်။
အန်လင်းအား နှစ်လိုဖွယ်ကောင်းစွာ ကြည့်လိုက်ပြီးနောက်တွင် သာယာချိုမြိန်သည့် အသံဖြင့် မေးလာသည်။ “နင်အခု ဘာပြောလိုက်တာလဲဟင်”
“အန်လင်း : …”
သူ၏ သင်ကြားပေးမှုသည် အချည်းအနှီး ဖြစ်ခဲ့ရလေပြီ။
***